← Chapters

အခန်း (၂၆၉၉)

Vol. 115 Ch. 2699

အခန်း (၂၆၉၉)

Vol. 115 Ch. 2699

တန်ကျွင်းဟောင်က အော်ရယ်မောလျက် “ဘာမဟုတ်တဲ့ လေဟာနယ်ပညာရပ်လေးတစ်ခုကို မင်းတို့ ဘာ‌တွေ ဒီလောက်တောင် ကြောက်နေရတာလဲ… ဘာမှကြောက်နေစရာမရှိဘူး… မြန်မြန် သူ့ကို သွားရှင်းပစ်လိုက်တော့…”

ထိုစကားကိုကြားသော် မျိုးရိုးနာမည်ရှနှင့် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်က သူ့လက်ကိုဝှေ့ယမ်းလျက် အော်ပြောလိုက်လေသည်။ “ဒီကောင့်ကို အသက်ရှူဖို့ အခွင့်အရေးမပေးကြနဲ့…”

အကုန်လုံး စိတ်အားတက်ကြွသွားခဲ့ကြပြီး လက်ကွက်အသီးသီးကို ဖော်ဆောင်လျက် သူတို့၏သိုင်းပညာရပ်များ၊ ဧကရာဇ်အဆင့်မှော်ရတနာများကို ထုတ်သုံးကာ တိုက်ခိုက်လိုက်ကြလေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏အမူအယာ အေးစက်သွားခဲ့လေ၏။ တန်ကျွင်းဟောင်ကိုကြည့်ရင်းမှ အဖြေတစ်ခုကို စတင်ရှာဖွေရတော့သည်။ လက်ရှိအခြေအနေအရ တန်ကျွင်းဟောင်ကိုသာ ရှင်းပစ်လိုက်မည်ဆိုပါက ကျန်သည့်လူများကို စိတ်ပူစရာမလိုတော့ချေ။ ထိုလူအားလုံးသည် သူတို့ကိုယ်ထဲတွင်ရှိနေသော နှလုံးချုပ်အင်းစက်ကြောင့်သာ ရန်ကိုင်အား တိုက်ခိုက်နေရခြင်း ဖြစ်လေသည်။ တန်ကျွင်းဟောင်သာ သေသွားမည်ဆိုပါက နှလုံးချုပ်အင်းစက်များကို စိတ်ပူစရာမလိုတော့သည့်အတွက်ကြောင့် ရန်ကိုင်ကိုလည်း တိုက်ခိုက်ကြတော့လိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်သည် တန်ကျွင်းဟောင်ကိုကြည့်၍ ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေ၏။ “ခွေးအိုကြီးတန်…”

ထိုသို့ အော်ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် တန်ကျွင်းဟောင်ဆီသို့ ပြေးဝင်သွားလေ၏။ လေမိုးကြိုးတောင်ပံတို့မှာ သူ့ကျောပြင်မှ ပြန့်ကားထွက်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် တန်ကျွင်းဟောင်ရှေ့သို့ တမုဟုတ်ချည်း ပြေးဝင်သွားလေ၏။

ထိုအချင်းအရာကိုမြင်သော် တန်ကျွင်းဟောင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။

ဤကဲ့သို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည့်တိုင် အကြမ်းပတမ်းတိုက်ခိုက်နေသည့် ရန်ကိုင်ကိုကြည့်ရင်း တန်ကျွင်းဟောင် အံ့အားသင့်သွားခဲ့ရသည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာနှင့် တစ်ပြိုင်တည်း ရင်ဆိုင်နေရသည့်တိုင် ထိုကောင်လေးသည် ကြောက်ရွံ့သွားခြင်းမရှိရုံမက ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။ သူ၏သတ္တိနှင့် စိတ်ဓာတ်မှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ တန်ကျွင်းဟောင်သည် သူ့လက်ကို ကမန်းကတန်းမြှောက်၍ ငါးရောင်ခြယ်အလင်းများကို သူ့ရှေ့တွင် စုဝေးစေလိုက်သည်။ ထို့နောက်တွင် ထိုငါးရောင်ခြယ်အလင်းတို့သည် ငါးရောင်ခြယ်ဓါးသွားများအဖြစ်သို့ သိပ်သည်းသွားခဲ့ပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားကြလေ၏။

ဤသည်မှာ ဓာတ်ကြီးငါးပါး ပိတ်လှောင်ခြင်းအစီအရင်သာ ဖြစ်လေသည်။ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော တန်ကျွင်းဟောင်ကိုယ်တိုင်မှ ထိန်းချုပ်နေသည့်အတွက်ကြောင့် ငါးရောင်ခြယ်အလင်းဓါးသွားများမှ ထုတ်ဖော်နိုင်သည့် စွမ်းအားသည် ထိပ်တန်းဧကရာဇ်အဆင့်ပညာရှင်များမှ ထုတ်ဖော်နိုင်သည့်စွမ်းအားနှင့် ညီမျှနေခဲ့သည်။

“ရွှစ် ရွှစ် ရွှစ်…”

ငါးရောင်ခြယ်အလင်းဓါးသွားများ သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်သည့်တိုင် ရန်ကိုင်သည် တစ်ချက်ကလေးမှပင် နောက်တွန့်သွားခဲ့ခြင်းမရှိဘဲ ရှေ့သို့သာ ဆက်လက်ပြေးဝင်သွားသည်။ ထိုသို့ပြေးဝင်သွားရင်းမှ သူ့လက်ကိုဝှေ့ယမ်းလျက် ဧရာမလဓါးသွားတစ်စင်းကို ဖန်တီးကာ ငါးရောင်ခြယ်ဓါးသွားများဆီသို့ ပစ်လွှတ်လိုက်လေ၏။ ဧရာမလဓါးသွားကြီးသည် ပိန်းပိန်းပိတ်အောင် မည်းမှောင်နေပြီး ရှေးဟောင်းသားရဲတစ်ကောင်၏ ပါးစပ်ပေါက်ကြီးနှယ် တိုးဝင်လာသော အရာမှန်သမျှကို ဝါးမျိုပစ်တော့မည့်အလား။

လဓါးသွားနှင့် ထိမှန်သွားသည်နှင့်တစ်ပြိုင်နက် ငါးရောင်ခြယ်အလင်းဓါးသွားတို့မှာ ပါးလျသည့် ကြေးမုံများနှယ် တစ်ခုပြီးတစ်ခု ပျက်စီးကွဲကြေကုန်သွားကာ အလင်းစက်များအဖြစ်သို့ ပြောင်း၍ လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကိုကြည့်ရင်း တန်ကျွင်းဟောင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။ “တိုက်ခိုက်ရေးအမျိုးအစား လေဟာနယ်ပညာရပ်လား…”

ဤသည်မှာ တန်ကျွင်းဟောင်အဖို့ ရန်ကိုင်မှ လေဟာနယ်နိယာမစွမ်းအားကိုအသုံးပြု၍ တိုက်ခိုက်သည်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်လေသည်။ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အတွက်ကြောင့်သာ မဟုတ်ပါက လေဟာနယ်ပညာရပ်တစ်ခု ဤမျှကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားအား ပိုင်ဆိုင်ထားသည်ဟူသော အချက်ကို လုံးဝ ယုံကြည်နိုင်လိမ့်မည်မဟုတ်ချေ။ သူ၏ငါးရောင်ခြယ်ဓါးသွားအားလုံးမှာ လဓါးသွားတစ်စင်းတည်းကြောင့် တစ်စစီ ပျက်စီးသွားကုန်ကြရလေသည်။

ရန်ကိုင်က ပြုံးလျက် “ဘာမဟုတ်တဲ့လေဟာနယ်ပညာရပ်လေးကြောင့် ဒုက္ခလှလှ တွေ့နေရပါလား… အခု သေလိုက်ပေတော့…”

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်အား အဆက်မပြတ် ဝှေ့ယမ်းလျက် ယခင်တစ်ကြိမ်ကထက် သေးငယ်ခြင်းမရှိသော လဓါးသွားများကို တစ်စင်းပြီးတစ်စင်း တရစပ် ပစ်လွှတ်လိုက်လေသည်။

တန်ကျွင်းဟောင်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အလျင်အမြန် လက်ကွက်တစ်ခုကို ထုတ်ဖော်လျက် အော်ပြောလိုက်လေ၏။ “ဓာတ်ကြီးငါးပါးစွမ်းအား… စုစည်းစမ်း…”

ဓာတ်ကြီးငါးပါးစွမ်းအားတို့ တန်ကျွင်းဟောင်ရှေ့၌ ထွက်ပေါ်လာကြလေသည်။ သတ္တုဓာတ်၊ သစ်သားဓာတ်၊ ရေဓာတ်၊ မီးဓာတ်နှင့် မြေဓာတ်တို့မှာ တစ်ခုကိုတစ်ခု အပြန်အလှန် အားဖြည့်ပေးရင်း အတူယှဉ်တွဲကာ တည်ရှိနေကြသည်။ ထိုဓာတ်ကြီးငါးပါးစွမ်းအားများသည် အတူတကွ စုဝေးသွားခဲ့ကြပြီး ငါးရောင်ခြယ်အလင်းအကာအရံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။

တန်ကျွင်းဟောင်သည် ထိုမျှနှင့်ပင် မရပ်တန့်သေး။ သူ့လက်ကိုဝှေ့ယမ်း၍ ဒိုင်းငယ်လေးတစ်ခုကိုပါ ထုတ်ယူလိုက်လေသည်။ ဒိုင်းငယ်လေးထဲသို့ ဧကရာဇ်ချီများ ထည့်သွင်းလိုက်လေရာ ဒိုင်းငယ်လေး၏ အရွယ်အစားမှာ ရုတ်ချည်းဆိုလို အဆများစွာ ကြီးမားလာခဲ့လေ၏။

ထိုဒိုင်းငယ်လေးဆီမှ ဧကရာဇ်ဖိအားတို့ ဖြာထွက်နေခဲ့လေရာ ထိုဒိုင်းငယ်လေးမှာ အကာအကွယ်အမျိုးအစား ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်သည်မှာ ယုံမှားသံသယ ရှိစရာမလိုချေ။

ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင်၏တိုက်ကွက်အပေါ် တန်ကျွင်းဟောင် မည်မျှ ထိတ်လန့်နေကြောင်းကို အထင်းသား မြင်တွေ့နိုင်လေ၏။

“ဘုန်း ဘုန်း ဘုန်း…”

လဓါးသွားများမှာ ငါးရောင်ခြယ်အလင်းအကာအရံအား တဘုန်းဘုန်းနှင့် လာရောက်ထိမှန်လေ၏။ ထို့အတွက်ကြောင့် ငါးရောင်ခြယ်အလင်းအကာအရံမှာ တောက်လျှောက်ကို မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့ပြီး တဖြည်းဖြည်းနှင့် မှိန်ကျလာခဲ့ရလေသည်။ အသက်တစ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် လဓါးသွားများ၏စွမ်းအားအောက်၌ ငါးရောင်ခြယ်အလင်းအကာအရံမှာ အပြီးတိုင် ဖျက်ဆီးခံလိုက်ရလေသည်။ သို့သော်ငြား လက်ကျန်လဓါးသွားများမှာတော့ ဧကရာဇ်အဆင့်အကာအကွယ်ဒိုင်းကာ၏ တားဆီးခြင်း ခံလိုက်ရလေသည်။ ထို့အတွက်ကြောင့် တန်ကျွင်းဟောင်မှာ မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ပေ။

ရန်ကိုင် ထပ်မံ၍ တိုက်ခိုက်တော့မည်အပြု သူ့နောက်ဘက်ဆီမှ စွမ်းအင်လှိုင်းလုံးများ တဟုန်ထိုး တိုးဝင်လာနေသည်ကို ခံစားမိလိုက်သည်။ အခြားသော ဧကရာဇ်အဆင့်ပညာရှင်များ သူ့အား တိုက်ခိုက်လာနေကြသည့်ပုံပင်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ အံကိုတင်းတင်းကြိတ်၍ လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်ကာ နောက်တစ်ကြိမ် တည်နေရာကူးပြောင်းလိုက်ရလေသည်။

သို့သော်ငြား တန်ကျွင်းဟောင်မှ အစီအရင်အလံတိုင်တစ်ခုကို ရုတ်တရက် ကောက်ဝှေ့ယမ်းချလိုက်ရာ ရန်ကိုင်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ မတည်မငြိမ် ဖြစ်သွားခဲ့သဖြင့် ရန်ကိုင်လည်း တည်နေရာခုန်ကူး၍မရနိုင် ဖြစ်သွားခဲ့ရလေသည်။

“အဲ့ကောင်ကို မြန်မြန်သတ်…” တန်ကျွင်းဟောင်က အရူးတစ်ပိုင်း ဖြစ်နေသည့် လေသံဖြင့် အော်ပြောလိုက်လေသည်။

သူ့အစီအစဉ်မှာ လုံးဝကို ဟာကွက်မရှိဟု ထင်ထားခဲ့ကာ ထိုမျှစီစဉ်ထားသဖြင့် ဘာမှမဟုတ်သည့် ဧကရာဇ်ပထမအဆင့် ပညာရှင်လေးတစ်ယောက်ကိုတော့ အလွယ်တကူ ဖမ်းဆီးနိုင်မည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် သူထင်ထားသည်ထက် အများကြီး ပိုမိုအားကောင်းနေပြီး ရင်ဆိုင်ရမလွယ်ကူသည့် လူတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တန်ကျွင်းဟောင်သည် အချိန်တိုအတွင်း ရန်ကိုင်အား မဖမ်းဆီးနိုင်ခဲ့ရုံမက ရန်ကိုင်ကြောင့်ပင်လျှင် ဖိအားဝင်နေခဲ့ရကာ ယခုဆိုလျှင် သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် သူ၏ အကာအကွယ်အမျိုးအစား ဧကရာဇ်အဆင့်မှော်ရတနာကိုပါ ထုတ်သုံးရသည်အထိ ဖြစ်သွားခဲ့ရသည်။

ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော သူ့ကဲ့သို့လူတစ်ဦးသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံခြင်းသာ ရှိသေးသော လူငယ်လေးတစ်ယောက်နှင့် ရင်ဆိုင်နေရချိန် ယခုလိုမျိုး ဖြစ်ပျက်နေသည်မှာ အမှန်တကယ်ကို အရှက်ရဖွယ် ကောင်းလွန်းလှသည်။

သို့သော်ငြား ရန်ကိုင်နှင့် ထိပ်တိုက်မရင်ဆိုင်ရဲတော့သည့် အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်များကို အမိန့်ပေး၍သာ ရန်ကိုင်ကို တိုက်ခိုက်ခိုင်းရတော့လေသည်။

တန်ကျွင်းဟောင်ကြောင့် ရန်ကိုင်မှာ နောက်တစ်ကြိမ် တည်နေရာ မကူးပြောင်းနိုင် ဖြစ်သွားခဲ့ရသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ပျာယာခတ်နေခြင်းမရှိတော့ချေ။ သူ့ကိုယ်သူ သေချာပြင်ဆင်ပြီးသွားခဲ့လေပြီ။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရပါသော်ငြား ရန်ကိုင်သည် ပျာယာခတ်နေခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် အတတ်နိုင်ဆုံး ရှောင်ရှားလိုက်သည်။

သို့တိုင် တိုက်ခိုက်မှုအနည်းငယ်ကိုသာ ရှောင်ရှားနိုင်ခဲ့ပြီး လက်ကျန်တိုက်ခိုက်မှုများမှာတော့ သူ့ခန္ဓာကိုယ်အား လာရောက်ထိမှန်လေသည်။ သူ့အသားများ စုတ်ပြဲထွက်ကုန်ပြီး အရေပြားများ အက်ကွဲကုန်ကာ သွေးများ စီးထွက်လာကုန်ကြရလေ၏။ နဂါးအသွင်ပြောင်းလဲခြင်းကြောင့်သာ မဟုတ်ပါက ထိုတိုက်ခိုက်မှုများအောက်ဝယ် ရန်ကိုင် အသက်ပင် ရှင်နိုင်လိမ့်မည်မဟုတ်ချေ‌။

နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးပြီးသည့်နောက်တွင် ရန်ကိုင်၏ ခန္ဓာကိုယ်စွမ်းရည်မှာ အကြီးအကျယ် မြင့်တက်လာခဲ့ရသည်။ ယခုကဲ့သို့ တိုက်ခိုက်မှုပေါင်းစုံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရပြီးသည့်တိုင် အသက်ရှင်နေနိုင်ရခြင်းမှာ သူ့ကိုယ်ထက်တွင်ရှိနေသော နဂါးအကြေးခွံများကြောင့်သာ ဖြစ်လေသည်။

“သူ မသေသေးဘူးဟ…”

အကုန်လုံး ကြောင်သွားခဲ့လေသည်။

ပထမတစ်ကြိမ်က ရန်ကိုင်အား တိုက်ခိုက်ရာတွင် သူတို့၏ခွန်အား သုံးဆယ်ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုခဲ့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ သူတို့ခွန်အား၏ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ သို့တိုင် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်မှာတော့ ထိုတိုက်ခိုက်မှုအားလုံးကို ရင်ဆိုင်ရပြီးသည့်တိုင် မသေသေးပေ။

တစ်ခဏတာဆိုသလို ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှာ အံ့ဩတကြီး ဖြစ်ကုန်ကြတော့လေသည်။

သိုင်းလောကကြီးတွင် အားကောင်းသူများသည်သာ လေးစားခံရလေရာ ရန်ကိုင်၏စွမ်းဆောင်ရည်သည် ထိုဧကရာဇ်အဆင့် ပညာရှင်များ၏ လေးစားမှုကို ရရှိသွားခဲ့လေသည်။ သူတို့ကိုယ်သူတို့လည်း အတော်လေး ရှက်ရွံ့နေမိကြလေ၏။ တန်ကျွင်းဟောင်နှင့် သူ၏နှလုံးချုပ်အင်းစက်များကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ရန် အတတ်နိုင်ဆုံး ကျိန်းသေ ကြိုးစားကြပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်၌ သူတို့၏အသက်များမှာ သူတို့အပိုင်မဟုတ်တော့လေရာ တန်ကျွင်းဟောင်ပြောသည့်အတိုင်း လုပ်ရုံသာ ရှိတော့သည်။

ယခုတစ်ကြိမ် ကိစ္စပြီးသည့်နောက်တွင် ရန်ကိုင်သည် ဧကရာဇ်အဆင့်လူအုပ်ကြီးအား သတ်ဖြတ်လိုစိတ်တို့ တထောင်းထောင်း ဖြာထွက်နေသည့် သွေးနီရောင်မျက်ဝန်းအစုံဖြင့် ဝေ့ကြည့်လိုက်လေသည်။

အစကမူ တစ်ဖက်ရန်သူတစ်ဖွဲ့လုံး၏ ခေါင်းဆောင်ဖြစ်သော တန်ကျွင်းဟောင်ကို အရင်ရှင်းပစ်လိုက်လျှင် ကိစ္စတစ်ခုလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမည်ဟု ထင်ခဲ့လေသည်။ ကံမကောင်းစွာဖြင့် သူ့အကြံအစည်မှာ အလုပ်မဖြစ်တော့သည့်ပုံပင်။ တန်ကျွင်းဟောင်ကိုယ်တိုင်က အားမနည်းရုံမက သူ့တွင် ငါးရောင်ခြယ်ပိတ်လှောင်ခြင်းအစီအရင်၏ အကူအညီလည်း ရှိနေပေသေးသဖြင့် ရန်ကိုင်အဖို့ တန်ကျွင်းဟောင်ကို သတ်ပစ်နိုင်ရန်အတွက် အလွန်ကိုမှ အားစိုက်ရပေလိမ့်မည်။

ထို့အပြင် ရန်ကိုင်သည် တန်ကျွင်းဟောင်တစ်ယောက်တည်းနှင့် တိုက်ခိုက်နေရခြင်းမဟုတ်။ ထိုဧကရာဇ်အဆင့်ပညာရှင်များကလည်း ရန်ကိုင်အား တိုက်ခိုက်နေကြသေးသည်။ ထို့အတွက်ကြောင့် ထိုဧကရာဇ်အဆင့်ပညာရှင်များ၏ တိုက်ခိုက်မှုများကို လျစ်လျူရှု၍ တန်ကျွင်းဟောင်တစ်ဦးတည်းကို တိုက်ခိုက်ဖို့ရာ မဖြစ်နိုင်ပေ။ ရန်ကိုင်သာ တန်ကျွင်းဟောင်ကိုတိုက်ခိုက်ရန် အာရုံစိုက်နေပါက ထိုဧကရာဇ်အဆင့်ပညာရှင်များ၏ တိုက်ခိုက်မှုကြောင့် သူလည်း လုံးဝ လုံးလည်ချာလည်လိုက်သွားရပေလိမ့်မည်။

“အဲ့လိုဆိုမှတော့လည်း ဒီသခင်လေး မင်းတို့ကိုပဲ အရင် ရှင်းပစ်ရတော့မှာပေါ့…” ထိုသို့အော်ဟစ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူအား စိုက်ကြည့်လိုက်လေသည်။ သူရင်ဆိုင်နေရသည့် ဧကရာဇ်အဆင့်ပညာရှင်များထဲတွင် ဤမျိုးရိုးနာမည်ရှနှင့်လူသည် သူ့အပေါ် အတော်လေး ရက်စက်သည့်လူတစ်ဦး ဖြစ်သည်။ အစောပိုင်းက သူ၏တိုက်ခိုက်မှုနှစ်ခုစလုံးမှာ အတော်လေးကိုမှ အားကောင်းကြပြီး ရန်ကိုင်ရထားသည့် ဒဏ်ရာအများစုမှာ သူ့ကြောင့်ချည်းသာ ဖြစ်လေသည်။ အခြားသူများသည် တန်ကျွင်းဟောင်၏အမိန့်ကြောင့် မတတ်သာဘဲ လိုက်လုပ်နေရခြင်း ဖြစ်ပါသော်ငြား ဤမျိုးရိုးနာမည်ရှနှင့်လူမှာတော့ ရန်ကိုင်အား အားတက်သရောဖြင့် တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ ဤလူသည် တန်ကျွင်းဟောင်၏ သူ့အပေါ် အထင်ကြီးခြင်းကို ခံလိုနေသူတစ်ဦး ဖြစ်သည်။

ရန်ကိုင်နှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူမှာ အလွန်တရာကိုမှ ကြောက်လန့်သွားခဲ့ပြီး အလျင်စလို နောက်သို့ ခုန်ဆုတ်ရင်း လူအုပ်ကြီးထဲ ဝင်ပုန်းနေလိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းလျက် အသံကုန်အော်ဟစ်လိုက်လေ၏။ “ဒီကောင် ဆိုးဆိုးရွားရွား ဒဏ်ရာရနေပြီ… အဲ့ကောင်ကို မြန်မြန်အဆုံးသတ်ပစ်လိုက်တော့…”

ရန်ကိုင်က ဒေါမာန်တကြီးဖြင့် အော်ဟစ်ရင်း သတိပေးလိုက်လေ၏။ “ငါ့ကိုတိုက်ခိုက်ရဲတဲ့ ဘယ်ကောင်မဆို အသေပဲ…”

တစ်ချိန်တည်းတွင် ရန်ကိုင်၏လက်များမှာ သိမ်မွေ့စွာ လှုပ်ရှားသွားခဲ့ပြီး လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်လေ၏။ “အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”

ထူးဆန်းသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့ပြီး အချိန်ကိုယ်တိုင်သည် နှေးကျသွားသည့်အလား။ ထိုထူးဆန်းသည့် ခံစားချက်ကို လူတိုင်း ခံစားလိုက်ရလေသည်။

သူတို့အားလုံး ယာယီမိန်းမောနေရာမှ အသိပြန်ဝင်လာချိန် ရန်ကိုင်သည် မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်နေပြီးခဲ့လေပြီ။

ခြောက်ခြားဖွယ်ရာ စွမ်းအားတစ်ရပ်ကို သယ်ဆောင်လာသည့် စည်းတံဆိပ်တစ်ခုသည် မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူဆီသို့ တည့်တည့် တိုးဝင်သွားခဲ့လေသည်။ မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူမှာလည်း အချိန်နှေးကွေးမှုကြောင့် မရှောင်ရှားနိုင်ခဲ့လေရာ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ ထိမှန်ခြင်း ခံလိုက်ရပြီး သွေးအပွက်ပွက် ထိုးအန်တော့လေ၏။

မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူသည် ကြောက်ကြောက်လန့်လန့်ဖြင့် လူအုပ်ကြီးထဲတွင် ပုန်းနေသည့်အတွက်ကြောင့် ရန်ကိုင်၏လက်ဝါးချက်သည် သူ့ကိုသာလျှင်မဟုတ် သူ့အနီးအနားတွင်ရှိနေသည့် ကျင့်ကြံသူများကိုပါ သွားရောက်ထိမှန်လေသည်။ ရန်ကိုင်ကတော့ ဘယ်နှစ်ယောက်ကိုထိထိ ဂရုစိုက်မနေခဲ့ချေ။ ထိုလူအားလုံးသည် အတူပူးပေါင်း၍ သူ့အား တိုက်ခိုက်နေကြခြင်း မဟုတ်ပေလော။ ထို့အတွက်ကြောင့် တစ်ဖက်တစ်ဖွဲ့လုံးမှာ ရန်ကိုင်၏ ရန်သူများသာ ဖြစ်ကြလေသည်။

“ဒါက…” ရန်ကိုင်ထုတ်လွှတ်လိုက်သည့် ချိတ်စည်းကိုကြည့်ရင်း တန်ကျွင်းဟောင်သည် တစ်ခုခုအား ပြန်သတိရသွားသည့်အလား သူ၏မျက်လုံးများ တဖြည်းဖြည်းချင်း ပြူးကျယ်လာခဲ့လေသည်။ ထို့နောက် မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူအား သေသေချာချာကို ဂရုစိုက်လေ့လာကြည့်လေ၏။

မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူမှာ မတ်တပ်ရပ်ဖို့ရာပင် အနိုင်နိုင် ဖြစ်နေခဲ့လေသည်။ သူ့ပုံစံကို ကြည့်ရသလောက် သူ့ကိုယ်ထက် မည်သည့်ဒဏ်ရာမှ ရရှိထားခြင်း မရှိပါသော်ငြား သူ့တစ်ကိုယ်လုံးကို လှုပ်ရှားဖို့ရာ အတော်လေးကိုမှ ခက်ခဲနေသည့်ပုံပင်။

ထို့နောက် ခက်ခက်ခဲခဲဖြင့် သူ့လက်ကို ရှေ့သို့ မြှောက်ကြည့်လိုက်သည့်နောက်တွင် သူ့လက်တစ်ချောင်းလုံးမှာ တဖြည်းဖြည်းနှင့် ညှိုးရော်ကျနေသည်ကို တွေ့ရှိလိုက်ရလေသည်။ သူ့ကိုယ်ထဲတွင် ရှိနေသော အားကောင်းလှသည့် အသက်စွမ်းအင်တို့မှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေခဲ့လေရာ မျက်တောင်တစ်ခတ်အတွင်း သူ့ခမျာ နှစ်ထောင်ပေါင်းများစွာကို တမုဟုတ်ချည်း ကုန်ဆုံးလိုက်ရသည့်အလား။

“ဂလု…”

တံတွေးမျိုချသံများ ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာကြလေ၏။ အကုန်လုံးမှာ သူတို့မြင်နေရသည့် အရာနှင့် ပတ်သက်၍ အလွန်တရာကိုမှ ကြောက်ရွံ့နေကြလေသည်။ မည်ကဲ့သို့သော ပညာရပ်မျိုးဖြစ်၍များ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော လူတစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း လူအိုကြီးတစ်ဦးအသွင်သို့ ဖြစ်သွားစေရလေသနည်း။

ရန်ကိုင်၏ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ် ထိမှန်ခြင်း ခံလိုက်ရသည့် အခြားသော ဧကရာဇ်အဆင့်ပညာရှင်များဘက်သို့ပါ လှည့်ကြည့်လိုက်လေရာ ထိုဧကရာဇ်အဆင့်ပညာရှင်အားလုံးမှာလည်း မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူနည်းတူ တဖြည်းဖြည်း အိုမင်းလာနေကြောင်း တွေ့လိုက်ရလေသည်။ သူတို့၏ဆံပင်များမှာ အနက်ရောင်မှ အဖြူရောင်သို့ လျင်မြန်စွာ ပြောင်းလဲနေခဲ့လေ၏။ မျက်နှာထက် အရေးအကြောင်းများမှာလည်း သိသာထင်ရှားစွာ ထွက်ပေါ်လာနေခဲ့ပြီး မျက်လုံးများမှာလည်း တဖြည်းဖြည်းနှင့် ဟောက်ဟောက်ပက်ပက် ဖြစ်လာခဲ့သည်။ ယခင်က သူတို့ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်နေသော အင်္ကျီများမှာ အရိုးပေါ်အရေတင် ဖြစ်လာသော သူတို့၏ခန္ဓာကိုယ်များ‌ကြောင့် လျော့တိလျော့ရဲ ဖြစ်လာကုန်ကြသည်။

“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်… အချိန်မြစ်မဟာဧကရာဇ်ရဲ့ ပညာရပ်…” တန်ကျွင်းဟောင်က ကြောက်လန့်တကြားဖြင့် ထအော်လေ၏။ သူ့ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ်ကို တုန်ရီနေလေသည်။

ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ခု ဖြစ်သည့်အတွက်ကြောင့် တန်ကျွင်းဟောင်သည် သာမန် ဧကရာဇ်အဆင့်ပညာရှင်များထက် ပို၍ ဗဟုသုတကြွယ်ဝသည်။ အစပိုင်းတွင် သိပ်၍ မယုံချင် ဖြစ်နေပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ပျက်သွားသည့်ပုံကို မြင်ပြီးသည့်နောက် ရန်ကိုင်ထုတ်သုံးလိုက်သည်မှာ အချိန်မြစ်မဟာဧကရာဇ်၏ ပညာရပ်တစ်ခုဖြစ်သော အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်မှန်း သေချာသွားတော့သည်။

အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်သည် အချိန်နိယာမစွမ်းအားများကို အသုံးပြုထားသည်ဟု ပြောကြလေသည်။ အချိန်နိယာမစွမ်းအားသည် လေဟာနယ်နိယာမစွမ်းအားထက်ပင် ပို၍ နားလည်ရခက်ခဲသည့် နိယာမတစ်မျိုး ဖြစ်လေ၏။

ယခု သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် ထိုကောင်လေးသည် ဥတုလေးမျိုးနယ်မြေထဲသို့ ရောက်ခဲ့ဖူး‌ကြောင်း သိလိုက်ရလေသည်။ ထိုနေရာတွင်ပင် သူသည် အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့ခြင်း ဖြစ်လောက်၏။

သို့သော်ငြား လူတစ်ဦးသည် အချိန်တာအိုနှင့် လေဟာနယ်တာအို နှစ်ခုလုံးကို တစ်ပြိုင်တည်း မည်ကဲ့သို့များ နားလည်နိုင်ပါမည်နည်း။ ရန်ကိုင်ရရှိခဲ့သော အခွင့်အလမ်းများနှင့် သူ၏ မွေးရာပါ ထိုးထွင်းနားလည်နိုင်စွမ်းမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ မည်ကဲ့သို့သော မွန်းစတားကောင်ကိုများ သူ သွားရန်စမိလိုက်သလဲဟုပင် တန်ကျွင်းဟောင် အတွေးများမိသွားရလေသည်။

သူ့စိတ်ထဲ ကြောက်လန့်နေလင့်ကစား ရန်ကိုင်အား သတ်ဖြတ်ချင်စိတ်မှာတော့ ပိုပို၍ အားကောင်းလာခဲ့ရလေသည်။ ဤကဲ့သို့သော မွန်းစတားတစ်ကောင်ကို အားကောင်းလာရန် အချိန်ထပ်ပေး၍ မဖြစ်ပေ။

လေဟာနယ်ပညာရပ်တစ်ခု၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အသက်ရှင်နိုင်ခြေ ရှိပါသေးသော်ငြား အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ ထိမှန်ခြင်း ခံလိုက်ရမည်ဆိုလျှင်တော့ ချက်ချင်း မသေလျှင်ပင် အသက်စွမ်းအင်မှာ တဖြည်းဖြည်းနှင့် ယုတ်လျော့လာမည်ဖြစ်ကာ မိမိ၏သက်တမ်းသည် အကြီးအကျယ်ကို လျော့ကျသွားနိုင်ပေသည်။

သူ့ခေတ်သူ့အခါတွင် အချိန်မြစ်မဟာဧကရာဇ်သည် ဤလောကကြီးတစ်ခုလုံး၏ အထွဋ်အထိပ်တွင် ရပ်တည်ခဲ့သည်။ သူသည် ပြိုင်ဘက်ကင်းပညာရှင်တစ်ဦး ဖြစ်ခဲ့လေရာ သူ၏နာမည်ကို မကြားဖူးသည့် မည်သူမှ မရှိကြချေ။ အချိန်မြစ်မဟာဧကရာဇ်သည် ထိုမျှကျော်ကြားသူတစ်ဦး ဖြစ်ပေသည်။

All Chapters