← Chapters

အခန်း (၂၇၀၀)

Vol. 115 Ch. 2700

အခန်း (၂၇၀၀)

Vol. 115 Ch. 2700

အကုန်လုံး မှင်တက်နေစဉ်မှာပင် ရန်ကိုင်သည် သူ၏ လေမိုးကြိုးတောင်ပံများကို တဖျတ်ဖျတ် ခတ်၍ လူအုပ်ကြီးထဲသို့ ပြေးဝင်သွားလေ၏။

ရန်ကိုင် သူတို့ဆီသို့ ပြေးဝင်လာနေသည်ကိုမြင်သော် ဧကရာဇ်အဆင့်ပညာရှင်များ ကြောက်ကြောက်လန့်လန့် ဖြစ်ကုန်ကြပြီး တစ်ယောက်တစ်ပေါက် ထွက်ပြေးကုန်ကြလေသည်။ မည်သူမျှ ရန်ကိုင်နှင့် ထိပ်တိုက်မရင်ဆိုင်ရဲကြချေ။

ရန်ကိုင်သည် သိုးအုပ်ထဲသို့ ရောက်သွားသည့် ကျားတစ်ကောင်နှယ် မည်သည့်အတားအဆီးနှင့်မှ ကြုံတွေ့ခဲ့ရခြင်းမရှိ။ မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူဆီသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ပြီး သူ့ကိုယ်သူ ဓါးအလင်းတန်းဖြင့် လွှမ်းခြုံစေလျက် မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူအား ခုတ်ချလိုက်လေသည်။

မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူမှာ အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်ကြောင့် သူ့အသက်စွမ်းအင်မှာ အကြီးအကျယ် လျော့ကျနေခဲ့ရသလို ယခင်ကကဲ့သို့ သွက်သွက်လက်လက် မလှုပ်ရှားနိုင်တော့ပါသော်ငြား သက်တမ်းရင့်သည့်ဂျင်းက ပိုစပ်သည်ဟု ဆိုသည့်အတိုင်း တိုးဝင်လာနေသည့် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သော် သူ့လက်ကိုမြှောက်၍ ချက်ချင်း ခုခံလိုက်သည်။ ဧကရာဇ်ချီတို့ ဖြာထွက်လာခဲ့ပြီး ဧကရာဇ်အဆင့်ဓါးတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာကာ အလင်းတန်းအသွင်သို့ ပြောင်းလျက် ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူမှာတော့ ထိုကဲ့သို့ တန်ပြန်တိုက်ခိုက်ပြီးသည့်နောက် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ခုန်ဆုတ်သွားလေ၏။

သို့သော်ငြား သူ အထွဋ်အထိပ်အခြေအနေတွင် ရှိနေစဉ်ကပင် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့လေရာ ယခုကဲ့သို့ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့် အခြေအနေမျိုးတွင်တော့ ပြောနေစရာပင် မလိုတော့ချေ။ သူပစ်လွှတ်လိုက်သည့် ဓါးပျံမှာ ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအားကို သယ်ဆောင်ထားသည့်ပုံမျိုး ပေါက်နေပါသော်ငြား ရန်ကိုင်အား သွားရောက်ထိမှန်ချိန် ရန်ကိုင်၏အရေပြားထက် ခြစ်ရာလေးတစ်ခုကိုပင် မဖြစ်ပေါ်စေခဲ့ပေ။

ရန်ကိုင်သည် ထိုဓါးပျံကို လွယ်လင့်တကူ ဖြတ်ကျော်လျက် မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူအား သူ့ဓါးဖြင့် ထိုးချလိုက်လေသည်။

“ဘုန်း…”

မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူမှာတော့ ရန်ကိုင်၏ဓါးထဲတွင် ကိန်းအောင်းနေသည့် အဖျက်စွမ်းအားကို မခံစားနိုင်ခဲ့ဘဲ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။ သူ၏ အရိုးများပင်လျှင် မကျန်ခဲ့ဘဲ သိုလှောင်လက်စွပ်တစ်ကွင်းသည်သာ လွင့်စင်ထွက်လာခဲ့ပြီး အနားတစ်နေရာတွင် ပြုတ်ကျသွားလေ၏။

လူအုပ်ကြီးမှ လှမ်းကြည့်လိုက်လေရာ ရန်ကိုင်သည် တစ်ကိုယ်လုံး သွေးချင်းနီလျက် ဟင်းလင်းပြင်ထဲတွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင်တစ်ကိုယ်လုံးကို သွေးနီရောင်မိုးစက်များမှ လွှမ်းခြုံထားခဲ့ပြီး ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ သတ်ဖြတ်လိုစိတ်အပြည့်ကို ထုတ်လွှတ်လျက် အေးစက်စက်မျက်နှာထားဖြင့် ရပ်နေခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏နှုတ်ခမ်းအစုံမှာ ကွေးတက်နေလေရာ သူ့ပုံစံမှာ ငရဲကိုးထပ်မှ တက်လာသည့် သေမင်းတစ်ပါး၏ ပုံစံနှင့်ပင် တူနေပေသေးသည်။

(ငါတို့ ဒီလိုကောင်ကြီးကို ဘယ်လိုမှ မတိုက်နိုင်ဘူး… ငါတို့ သူ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး…)

ထိုကဲ့သို့သောအတွေးမျိုး လူတိုင်း၏စိတ်ထဲတွင် တစ်ပြိုင်တည်း ထွက်ပေါ်လာကြသည်။ ရန်ကိုင်နှင့်သာ ဆက်၍ တိုက်ခိုက်နေမည်ဆိုလျှင် သူတို့အားလုံး သေရလိမ့်မည်မှန်း သိနေကြသည်။

အစောပိုင်းက ရန်ကိုင် လူများစွာကို သတ်ခဲ့ပါသော်ငြား သူတို့သိပ်၍ ကြောက်လန့်သွားခြင်းမရှိခဲ့။ အကြောင်းမှာ ရန်ကိုင်သတ်လိုက်သည့်လူများသည် ဧကရာဇ်ပထမအဆင့်သာ ရှိနေသေးသည့်အတွက်ကြောင့်ပင်။ သို့သော်ငြား မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ရန်ကိုင်ရှေ့၌ သုံးနှစ်သားကလေးသဖွယ် အားနည်းနေလွန်းခဲ့လေရာ သူတို့အနေဖြင့် ရန်ကိုင်၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါမည်နည်း။

သူတို့စိတ်ထဲ ခံစားနေရသည့် ကြောက်စိတ်မှာ ပိုပို၍ ကြီးထွားလာခဲ့လေရာ မည်သူမှ ရန်ကိုင်အား ထပ်မံ၍ သွားရောက်မတိုက်ခိုက်ရဲတော့ဘဲ ကြောက်ကြောက်လန့်လန့်ဖြင့်သာ ငေးကြောင် ရပ်ကြည့်နေမိကြလေသည်။

ရန်ကိုင်မှ သူ့ဓါးအား ရေပြင်ညီအတိုင်း ထပ်မံ၍ ဝှေ့ယမ်းချလိုက်ရာ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ ထိမှန်ခြင်း ခံထားရသော ဧကရာဇ်အဆင့်ပညာရှင်များ၏ ကိုယ်ထက် မရေမတွက်နိုင်သော အပေါက်များ ထွက်ပေါ်လာခဲ့ပြီး ပွဲချင်းပြီး သေသွားကုန်ကြလေသည်။ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ် ထိမှန်ခြင်း ခံလိုက်ရသည့်နောက်တွင် ထိုဧကရာဇ်အဆင့် ပညာရှင်များမှာ သူတို့၏ တိုက်ခိုက်နိုင်စွမ်းအများစုကို ဆုံးရှုံးသွားခဲ့လေရာ ရန်ကိုင်မှ တိုက်ခိုက်လာချိန် အနည်းငယ်မျှပင် ခုခံနိုင်ခြင်းမရှိတော့ဘဲ မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူ၏ လမ်းစဉ်နောက်သို့ လိုက်သွားခဲ့ရတော့လေ၏။

“ခင်ဗျားတို့ သေချင်လား အသက်ရှင်ချင်လား…” ရန်ကိုင်သည် အသက်ရှင်ကျန်ရစ်နေသည့် ဧကရာဇ်အဆင့်ပညာရှင်များဘက်သို့ ဓါးဖြင့်ချိန်ရွယ်ရင်းမှ မေးလိုက်သည်။

ရန်ကိုင်၏အမေးကိုကြားသော် လူတိုင်း စစချင်း ထိတ်လန့်သွားခဲ့ကြသည်။ သို့သော်ငြား မကြာမီ အကုန်လုံး ဝမ်းသာသွားကုန်ကြလေသည်။

သူတို့သည် အစကတည်းက ရန်ကိုင်နှင့် မတိုက်ခိုက်လိုခြင်း ဖြစ်ပေသည်။ သို့သော်ငြား နှလုံးချုပ်အင်းစက်များကြောင့် မတတ်သာဘဲ တိုက်ခိုက်ခဲ့ရသည်။ သူတို့သာ တန်ကျွင်းဟောင်၏အမိန့်ကို မနာခံပါက တန်ကျွင်းဟောင်သည် သူတို့အားလုံးကို ကောင်းကောင်းသင်ခန်းစာ ပေးပေလိမ့်မည်။ သို့သော်ငြား တန်ကျွင်းဟောင်ပြောသည့်အတိုင်း လုပ်ပါကလည်း ရန်ကိုင်လက်ချက်ကြောင့် သူတို့ထဲရှိ ပညာရှင်အတော်တော်များများ သေကုန်ကြရပေလိမ့်မည်။

သို့သော်ငြား လက်ရှိ ရန်ကိုင်မှ ဤကဲ့သို့ မေးခွန်းမျိုး မေးလာသည်မှာ သူတို့အား အသက်ရှင်ခွင့် ပေးလိုသည့် ပုံပင်။

လူပေါင်းများစွာမှာ အားတက်သရောဖြင့် ခေါင်းညိတ်ကာ ပြန်ပြောလိုက်ကြလေ၏။ “အသက်ရှင်ချင်ပါတယ်… ကျုပ်တို့ အသက်ရှင်ချင်ပါတယ်…”

သူတို့အဖို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာဖို့ရာ ခက်ခက်ခဲခဲ ကြိုးစားရသည်။ ယခု ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လာပြီးသည့်နောက်မှသာ သန်းနှင့်ချီသော ကျင့်ကြံသူများ၏ လေးစားမှုကို ရရှိနိုင်ခဲ့လေသည်။ မိန်းမလှလေးများ၊ စွမ်းအား၊ ကြွယ်ဝချမ်းသာမှုအားလုံးတို့သည် သူတို့လိုချင်လျှင် ရနိုင်ပေသည်။ သူတို့၏ နေ့ရက်ကောင်းများမှာ ယခုမှသာ စတင်လာခဲ့ခြင်း ဖြစ်လေရာ မည်သူကများ သေချင်ပါဦးမည်နည်း။

“အသက်ရှင်ချင်တယ်ဆိုရင် အဲ့မှာရပ်နေ…” ရန်ကိုင်သည် သူ့ဓါးကို ချိန်ရွယ်ရင်းမှ တစ်ခုသောနေရာဆီသို့ ညွှန်ပြလိုက်သည်။

လူပေါင်းများစွာမှာ ရန်ကိုင်ညွှန်ပြသည့် နေရာဆီသို့ လှမ်းကြည့်ရင်းမှ တုံ့ဆိုင်းသွားခဲ့ကြလေသည်။ သူတို့သည်သာ ရန်ကိုင်ပြောသည့်အတိုင်း ထိုနေရာတွင် ရပ်နေလိုက်ရုံဖြင့် အသက်ရှင်နိုင်မည်ဆိုပါက ဘာကြောင့်များ တုံ့ဆိုင်းနေရပါမည်နည်း။ ပြဿနာမှာ တန်ကျွင်းဟောင်မှ သူတို့အား အလွတ်ပေးမည်လား ဆိုသည်ကိုပင်။

သူတို့ထင်နေသည့်အတိုင်းပင် ရန်ကိုင်၏လုပ်ရပ်ကို မြင်သော် တန်ကျွင်းဟောင်က ချက်ချင်း ခြိမ်းခြောက်လိုက်လေ၏။ “မင်းတို့ သူပြောတာကို နားထောင်မယ်ဆိုရင် ငါ မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူးနော်…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် တန်ကျွင်းဟောင်အား အထင်အမြင်တသေးဖြင့် လှမ်း၍ ကြည့်လိုက်သည်။ ထို့နောက် လူအုပ်ကြီးဘက်သို့လှည့်၍ ပြန်ပြောလိုက်လေ၏။ “ကျုပ်ကိုယုံတယ်ဆိုရင် အဲ့မှာ သွားရပ်နေလိုက်… ဒီသခင်လေး ခင်ဗျားတို့ကို ကာကွယ်ပေးမယ်… ကျုပ်ကိုမယုံဘူးဆိုရင်တော့ ဒီသခင်လေးကို လာသတ်ဖို့ ကြိုးစားကြည့်လိုက်… ခင်ဗျားတို့ကျုပ်လက်ချက်နဲ့ အသက်ရှင်နိုင်မလား ကြည့်ရသေးတာပေါ့…”

“ဟေ့ကောင် ကောင်လေး… မင်း လျှာရိုးမရှိတိုင်း လိုက်ကြွားမနေနဲ့ကွ… ငါ့လက်ကနေ မင်း သူတို့ကို တကယ်ကြီး ကာကွယ်ပေးနိုင်မှာလား…” တန်ကျွင်းဟောင်က လှောင်ပြုံးပြုံးလိုက်လေသည်။ ဤနေရာတစ်ခုလုံးကို ဓာတ်ကြီးငါးပါးပိတ်လှောင်ခြင်းအစီအရင်မှ လွှမ်းခြုံထားခဲ့ပြီး ထိုလူအားလုံး၏ ခန္ဓာကိုယ်ထဲတွင် နှလုံးချုပ်အင်းစက်များ ရှိနေလေရာ ထိုလူအားလုံး၏ အသက်နှင့် လွတ်လပ်ခွင့်မှာ သူ့ထိန်းချုပ်မှုအောက်တွင်သာ ရှိနေပေတော့သည်။ ရန်ကိုင်၏စွမ်းအားမှာ အမှန်တကယ်ကိုမှ အထင်ကြီးစရာ ကောင်းလှပါသော်ငြား ဤနေရာတွင် သူ့အား မည်ကဲ့သို့များ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

“ဒါဆိုရင် ခင်ဗျားရဲ့ ခွေးမျက်လုံးတွေကို ပြူးနေအောင်ဖွင့်ပြီးတော့ သေချာကြည့်ထား…” ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ ထို့နောက် လူအုပ်ကြီးဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “အသက်ဆယ်ရှိုက်စာအချိန်ရမယ်… အဲ့အချိန်တွင်းမှာ အဲ့နေရာမှာ သွားရပ်မနေဘူးဆိုရင် ကျုပ် ညှာနေတော့မှာမဟုတ်ဘူး…”

ထိုစကားကိုကြားသော် လူတိုင်း၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ သူတို့ခဗျာ အလွန်ကိုမှ အကြပ်ရိုက်နေကြရတော့သည်။

တန်ကျွင်းဟောင်နှင့် ရန်ကိုင်တို့နှစ်ဦးစလုံးသည် သူတို့ အလွယ်တကူ ရန်စနိုင်သည့် လူများ မဟုတ်ကြ။ ထို့အတွက်ကြောင့် ယခုကဲ့သို့ ကျဉ်းထဲကြပ်ထဲ အခြေအနေထဲသို့ တွန်းပို့ခံရသည့်အပေါ် အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြလေသည်။

သို့သော်ငြား စဉ်းစားစရာရှိသည်မှာ တန်ကျွင်းဟောင်၏အမိန့်ကို နာခံပါသော်ငြား သူတို့တွင် အသက်ရှင်နိုင်ချေမရှိချေ။ ရန်ကိုင်နှင့် တိုက်ခိုက်ရမည်ဖြစ်လေရာ သူတို့အနေဖြင့် ထိုမွန်းစတားကောင်လက်မှ မည်ကဲ့သို့များ အသက်ရှင်ကျန်ရစ်နိုင်ပါမည်နည်း။ သို့သော်ငြား ရန်ကိုင်သည်သာ သူတို့အား တကယ်ကြီး လုံခြုံအောင် ထားနိုင်သည်ဆိုပါ စွန့်စားရထိုက်တန်ပေသည်။ အရေးကြီးဆုံးအချက်မှာ တန်ကျွင်းဟောင်နှင့်ယှဉ်လိုက်သော် ရန်ကိုင်သည် ထိုမျှ မုန်းစရာကောင်းမနေခြင်းပင်။ ရန်ကိုင်မောက်မာဝံ့ကြွားသည်မှာ မှန်ပါသော်ငြား သူ့တွင် ထိုကဲ့သို့ မောက်မာဝံ့ကြွားရမည့် အရည်အချင်းမျိုးရှိသည်။ ထို့အပြင် သူ့တွင် အနည်းဆုံးတော့ လူစိတ်ရှိနေပေသေးသည်။ ရန်ကိုင်သည် အစကတည်းက သူတို့အား တိုက်ခိုက်လိုခဲ့ခြင်း မဟုတ်ဘဲ မတတ်သာ၍သာ ပြန်လည်တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။ တန်ကျွင်းဟောင်မှာတော့ ဉာဏ်နီဉာဏ်နက်သုံး၍ အောက်တန်းကျသည့်နည်းလမ်းဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ နှလုံးချုပ်အင်းစက်များကို ထည့်သွင်းကာ လူတိုင်းအား သူပြဿနာထဲ အတင်းအကြပ် ဆွဲခေါ်ခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက်ဆိုသလို လူတိုင်းသည် ကောင်းကျိုးနှင့် ဆိုးကျိုးကို စတင် တွက်ဆတော့လေ၏။ ရန်ကိုင်နှင့် တန်ကျွင်းဟောင်တို့မှာလည်း ထိုလူများကို သွားရောက်ဖိအားပေးခြင်း မလုပ်ခဲ့ဘဲ မတ်တပ်ရပ်၍သာ စောင့်ကြည့်နေကြလေသည်။

တကယ်တော့ ရန်ကိုင်သည် ထိုလူများကို ဂရုမစိုက်ချေ။ တကယ်တော့ ရန်ကိုင်သည် ထိုလူများကို သိသည်မှမဟုတ်လေပဲ။ တစ်ဖက်လူက သူ့အား လာရန်ရှာနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် ထိုလူအားလုံးကို သတ်ပစ်ဖို့ရာ ဝန်လေးနေလိမ့်မည်မဟုတ်။ သို့သော်ငြား ထိုလူများကိုသာ မသတ်ပစ်ဘဲ ထားရမည်ဆိုလျှင်တော့ သူ့အနေဖြင့် စွမ်းအင်ချွေတာနိုင်ပေသည်။ တကယ်တော့ ထိုလူအားလုံးကို သတ်ပစ်ဖို့ရာ သူ့အနေဖြင့် တန်ရာတန်ကြေးတစ်ခုကိုတော့ ပေးဆပ်ရလိမ့်မည် မဟုတ်ပေလော။ ထို့အပြင် တန်ကျွင်းဟောင်သည် သူ့အား မျက်စိဒေါက်ထောက် ကြည့်နေခဲ့လေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည် ရင်ဆိုင်ရလွယ်ကူသည့် လူတစ်ဦးမဟုတ်ချေ။

“သခင်လေးရန်… ကျွန်မ ရှင့်ကို ယုံလိုက်မယ်…” လူအုပ်ကြီးထဲမှ အမျိုးသမီးတစ်ဦးက ရုတ်တရက် အော်ပြောလိုက်ပြီး ရန်ကိုင်ညွှန်ပြသည့်နေရာဆီသို့ ပျံသန်းသွားလေ၏။

ရန်ကိုင်သည် ထိုအမျိုးသမီးကိုကြည့်၍ ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။

ရန်ကိုင်လည်း ထိုအမျိုးသမီးအား အနည်းငယ်တော့ သတိထားမိပေသည်။ အစောပိုင်းက သူ့အား လာတိုက်ခိုက်သည့်လူများအနက် ထိုအမျိုးသမီးသည် သူ့ခွန်အားများများစားစားကို ထုတ်သုံးခဲ့ခြင်းမရှိချေ။ မသိလျှင် သူ့အား ရန်မစလိုသည့်အလား။

ရန်ကိုင်မှ သူမအား စိုက်ကြည့်နေသည်ကိုမြင်သော် အမျိုးသမီးက ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြန်ပြောလိုက်လေ၏။ “ကျွန်မက ရှရှန်းရဲ့မိတ်ဆွေပဲ…”

ရန်ကိုင်မျက်ခုံးပင့်သွားခဲ့ပြီး ထိုအမျိုးသမီးအား နောက်တစ်ကြိမ် ထပ်ကြည့်မိလိုက်သည်။ ယခုမှသာလျှင် အမျိုးသမီး သူ့အပေါ် ယုံကြည်ရန် ဆုံးဖြတ်လိုက်ရခြင်းမှာ သူပြောလိုက်သည့်စကားကြောင့် မဟုတ်ဘဲ ရှရှန်းကြောင့်မှန်း နားလည်သွားရတော့သည်။ သူမသည် ရန်ကိုင်၏နာမည်ကို ရှရှန်းမှတစ်ဆင့် ကြားဖူးဟန်တူပေသည်။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်သည်ဆိုသော အချက်ကိုလည်း သိထားသည့်ပုံပင်။

ရန်ကိုင်က မျက်ခုံးပင့်လျက် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြန်ပြောလိုက်လေ၏။ “ရှရှန်းရဲ့မိတ်ဆွေက ကျုပ်မိတ်ဆွေပဲ… ကျုပ် ခင်ဗျားကို ကာကွယ်ပေးမယ်လို့ ပြောပြီးသွားပြီဆိုမှတော့ ခင်ဗျားရဲ့လုံခြုံရေးကို ကျုပ် လုံးဝ တာဝန်ယူတယ်…”

ရန်ကိုင်၏ ယုံကြည်ချက်ရှိသည့်လေသံကို ကြားလိုက်ရသော် အမျိုးသမီး ဝမ်းသာသွားခဲ့ပြီး ယခုကဲ့သို့ ဆုံးဖြတ်လိုက်သည်မှာ မှန်ကန်သွားသည်ဟု တွေးမိသွားလေသည်။ ရန်ကိုင်တွင် မည်ကဲ့သို့သော ဝှက်ဖဲမျိုး ရှိနေ၍များ သူမတို့အား လုံခြုံအောင် ထားနိုင်မည်ဟု ပြောခဲ့ရသလဲဆိုသည်ကို နားမလည်ပါသော်ငြား ရန်ကိုင်သည် ဤကဲ့သို့ ရဲရဲတင်းတင်း ကတိပေးလာသည့်အတွက်ကြောင့် သူ့တွင် သူ့နည်းသူ့ဟန်ဖြင့် ရှိနေရပေလိမ့်မည်။

ထိုသို့စဉ်းစားမိလိုက်သည့်နောက်တွင် အမျိုးသမီးက အော်ပြောလိုက်လေ၏။ “ရှင်တို့အားလုံးမသိသေးလို့ ကျွန်မပြောလိုက်ရဦးမယ်… ဒီသခင်လေးရန်က နေမင်းပြာကျောင်းတော်ရဲ့ ပင်မတပည့်တစ်ယောက်ပဲ… ဆရာဝမ်ကျိရှန်းက သူ့ကို အရမ်းတန်ဖိုးထားတာ… ဒီနေ့အကြောင်းသာ သတင်းပြန့်သွားမယ်ဆိုရင်တော့ တောင်ဘက်နယ်မြေမှာ ရှင်တို့အတွက် နေစရာနေရာ ရှိတော့မှာမဟုတ်ဘူး…”

“နေမင်းပြာကျောင်းတော်…”

လူတိုင်း အံ့အားသင့်သွားကုန်ကြလေသည်။ ယခုမှသာလျှင် ဤအကြောင်းကို သူတို့ ပထမဦးဆုံးအကြိမ်အဖြစ် ကြားလိုက်ရခြင်းဖြစ်ကာ လူတိုင်းမှာ စတင်၍ စဉ်းစားကြတော့လေသည်။ (ဒီအသက်အရွယ်လေးနဲ့ ဒီကောင် ဒီလောက်တောင် အားကောင်းနေတာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… လက်စသတ်တော့ သူက နေမင်းပြာကျောင်းတော်ရဲ့ ပင်မတပည့်တစ်ယောက် ဖြစ်နေတာကိုး..)

နေမင်းပြာကျောင်းတော်သည် ကြယ်ဝိဉာဉ်နန်းတော်အောက် နိမ့်ကျပါသော်ငြား တောင်ဘက်နယ်မြေတွင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတော့ ဖြစ်နေဆဲ။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ ပင်မတပည့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် ရန်ကိုင်အပေါ် ယုံကြည်ကောင်း ယုံကြည်လို့ ရနိုင်ပေသည်။

သူတို့အနေဖြင့် သေသွားရမည်ဆိုလျှင်ပင် တန်ကျွင်းဟောင်ကြိုးဆွဲရာအတိုင်း လိုက်ကပြီး သေသွားရသည်ထက်တော့ ပိုသာပေသေးသည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် လူပေါင်းများစွာသည် အမျိုးသမီးအတိုင်း ရန်ကိုင်ညွှန်ပြသည့်နေရာဆီသို့ ပျံသန်းသွားကြလေ၏။

လက်ကျန်လူများမှာ တုံ့ဆိုင်းနေခဲ့ကြပါသော်ငြား နောက်ဆုံးတွင်တော့ ရန်ကိုင်ညွှန်ပြသည့်နေရာဆီသို့ ပျံသန်းသွားကုန်ကြလေသည်။

ရန်ကိုင်စကားကို ယုံသည့်အတွက်ကြောင့် ဤကဲ့သို့ ရွေးချယ်လိုက်ရခြင်းမဟုတ်။ သူတို့ဘက်မှ လူအရေအတွက် များနေသည့်တိုင် ရန်ကိုင်အား အနိုင်မယူနိုင်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ ရန်ကိုင်တစ်ယောက်တည်းနှင့် သူတို့အားလုံးကို ပြန်၍ သတ်ပစ်နိုင်လေရာ သူတို့အနေဖြင့် တန်ကျွင်းဟောင်၏အမိန့်ကို နာခံ၍ ရန်ကိုင်အား တိုက်ခိုက်နေလျှင်ကော ဘာအကျိုးများ ရှိပါဦးမည်နည်း။ တန်ကျွင်းဟောင်၏အမိန့်ကိုနာခံ၍ သေရမည့်အတူတူ ရန်ကိုင်ပြောသည့်စကားကို ယုံစား၍ စွန့်စားလိုက်သည်မှာ အကျိုးမယုတ်ချေ။

ထိုအချင်းအရာကိုမြင်သော် တန်ကျွင်းဟောင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “မင်းတို့ ဒီလိုလုပ်ချင်တာ သေချာလား…”

မည်သူမျှ ပြန်မဖြေခဲ့ကြ။ ရန်ကိုင်ကိုသာ ကြည့်နေကြလေသည်။ (မင်းမှာ ဝှက်ဖဲရှိရင်လည်း မြန်မြန်ထုတ်သုံးတော့လေကွာ… မဟုတ်ရင် ဟိုတန်ကျွင်းဟောင်က ငါတို့အားလုံးကို သတ်ပစ်တော့မှာကွ…)

ရန်ကိုင်က အော်ရယ်မောလျက် “ခွေးအိုကြီးတန်… ကြည့်ရတာ ဒီသခင်လေးရန်က အားလုံးရဲ့ ထောက်ခံမှုကို ရရှိသွားပြီနဲ့တူတယ်… ခင်ဗျားလိုတော့ အောက်တန်းကျတဲ့နည်းလမ်းတွေကို မသုံးဘူးပေါ့…”

တန်ကျွင်းဟောင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ်ပင် ဖြစ်နေခဲ့လေသည်။ ထို့နောက် အံကိုတင်းတင်းကြိတ်၍ ပြောလိုက်လေ၏။ “ကောင်းပြီလေ… မင်းတို့က ဒီလိုမျိုး ဆုံးဖြတ်ခဲ့တယ်ဆိုမှတော့ အကုန်လုံး သေလိုက်ပေတော့ပေါ့ကွာ…”

တန်ကျွင်းဟောင်သည် ပထမဦးဆုံး လှုပ်ရှားခဲ့သည့် အမျိုးသမီးကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ သူမကို ပထမဦးစွာ သတ်ပစ်၍ အခြားလူများကို သတိပေးချင်နေသည့်အလား။

ထိုအချင်းအရာကိုမြင်သော် အကုန်လုံး၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ဘက်သို့ကြည့်၍ အထိတ်တလန့်ဖြင့် အော်ပြောလိုက်ကြလေ၏။ “သခင်လေးရန်…”

“စိတ်မပူနဲ့…” ရန်ကိုင်သည် ဟင်းလင်းပြင်ထဲရှိ တစ်ခုခုအား လှမ်းယူရန် ကြိုးစားနေသည့်အလား သူ့လက်ကို ဝှေ့ယမ်းလိုက်လေ၏။ ရုတ်တရက် ခေါင်းလောင်းလေးတစ်လုံး သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုခေါင်းလောင်းသည် အလွန်တရာကိုမှ ရှေးကျကာ ခေါင်းလောင်းမျက်နှာထက်တွင်တော့ အမျိုးမျိုးသော ပန်းပုံရိပ်များ၊ ငှက်ပုံရိပ်များ၊ ငါးများ၊ အင်းစက်များ၊ တောင်တန်းများ၊ မြစ်များကို ထိုးထွင်းထားခဲ့လေသည်။ ထိုခေါင်းလောင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် အလွန်တရာကိုမှ ရှေးကျသည့် စွမ်းအားတစ်ရပ်မှာလည်း လေထဲ ပျံ့နှံ့လာခဲ့ပြီး အကုန်လုံးမှာ သူတို့ကိုယ်သူတို့ ရှေးခေတ်အချိန်အခါသို့ပင်လျှင် ရောက်ရှိသွားသလားဟု ထင်မှတ်သွားရလေသည်။

“အဲ့ဒါ… အဲ့ဒါ ဘာကြီးလဲ…” တန်ကျွင်းဟောင်၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်ရှေ့တွင်ပေါ်လာသည့် တောင်နဲ့မြစ်ခေါင်းလောင်းအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့လေသည်။ သူ့ရင်မှာလည်း တဒုန်းဒုန်း ခုန်လာခဲ့လေသည်။ ထိုခေါင်းလောင်းဆီမှ ကြောက်မက်ဖွယ်ရာ အန္တရာယ်အငွေ့အသက်တို့ကို သူ့စိတ်ထဲ အလိုလိုခံစားနေခဲ့ရသည်။

“အရူးကောင်…” ရန်ကိုင်သည် တန်ကျွင်းဟောင်အား အထင်အမြင်တသေးဖြင့် ကြည့်လိုက်ပြီးသည့်နောက် တောင်နဲ့မြစ်ခေါင်းလောင်းအား လူအုပ်ကြီးဆီသို့ ပျံသန်းသွားစေလိုက်လေ၏။

ရုတ်ချည်းဆိုသလို တောင်နဲ့မြစ်ခေါင်းလောင်း၏ အရွယ်အစားမှာ ကြီးမားလာခဲ့ပြီး အိမ်တစ်လုံးအရွယ်အစားသို့ ရောက်ရှိသွားသည့်နောက် ဧကရာဇ်အဆင့်ပညာရှင်အားလုံးအား အပေါ်စီးမှ အုပ်ချလိုက်လေသည်။

“ငါ့ကိုသစ္စာဖောက်တဲ့ကောင်မှန်သမျှ သေရမယ်ကွ…” အရူးကောင်ဟူသော ရန်ကိုင်၏စကားသည် တန်ကျွင်းဟောင်အား အမှန်တကယ်ကိုမှ ဒေါသထွက်သွားစေသည့်အလား တန်ကျွင်းဟောင်သည် ဘာကိုမှ ဂရုစိုက်မနေတော့ဘဲ နှလုံးချုပ်အင်းစက်များကို ထိန်းချုပ်၍ ဧကရာဇ်အဆင့်ပညာရှင်များအားလုံးကို သတ်ပစ်ရန်အတွက် လက်ကွက်တစ်ခုကို အလျင်အမြန် ဖော်ဆောင်လိုက်သည်။

ရန်ကိုင်ကမူ တန်ကျွင်းဟောင်လုပ်နေသည်ကို လှောင်ပြုံးပြုံးရင်းဖြင့်သာ လက်ပိုက်၍ ကြည့်နေခဲ့လေသည်။

သူ့စိတ်ထဲတွင်တော့ အနည်းငယ်တော့ စိုးရိမ်နေမိပေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် ကမ္ဘာလောကကြီးတစ်ခုလုံးအား ဖိနှိပ်ပစ်နိုင်မှန်းတော့ သိပေသည်။ သို့သော်ငြား နှလုံးချုပ်အင်းစက်များကို တန်ကျွင်းဟောင်၏ထိန်းချုပ်မှုအောက်မှ ခွဲထုတ်ပစ်နိုင်မလားဆိုသည်ကိုတော့ မသေချာပေ။ ထိုနည်းလမ်း အလုပ်ဖြစ်နိုင်မည်ဟု သူ့စိတ်ထဲ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ယုံကြည်မိသည်။

သူ့အစီအစဉ်သာ မအောင်မြင်သွားခဲ့မည်ဆိုပါက တောင်နဲ့မြစ်ခေါင်းလောင်းထဲတွင် ရှိနေ‌သော ဧကရာဇ်အဆင့်ပညာရှင်အားလုံး သေသွားကြရပေလိမ့်မည်။

သို့သော်ငြား မကြာခင်တွင် တန်ကျွင်းဟောင်၏မျက်နှာ ဇဝေဇဝါဖြစ်နေသည်ကို ရန်ကိုင် သတိပြုမိသွားခဲ့သည်။

သူ့အစီအစဉ် အလုပ်ဖြစ်သွားပြီမှန်း နားလည်လိုက်သည့်နောက် ရန်ကိုင် လှောင်ပြုံးပြုံးလိုက်လေ၏။ တောင်နဲ့မြစ်ခေါင်းလောင်းသည် နှလုံးချုပ်အင်းစက်များအား တန်ကျွင်းဟောင်ထိန်းချုပ်၍ မရတော့အောင် လုပ်ပစ်နိုင်ပေသည်။

“ဒါက… ဒါက… တောင်နဲ့မြစ်ခေါင်းလောင်းလား…” တန်ကျွင်းဟောင်က အလန့်တကြား ရေရွတ်လိုက်သည်။

ရန်ကိုင်က လက်ခုပ်တီးရင်းမှ ချီးကျူးလိုက်လေသည်။ “ခွေးအိုကြီးတန်… ခင်ဗျားက တကယ်ကို အမြင်စူးရှတာပဲ…”

ယခုကဲ့သို့ အချိန်မျိုးတွင်တော့ ရန်ကိုင်သည် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့သည့် ဤကဲ့သို့သော မွန်းစတားအိုကြီးများ၏ အမြင်စူးရှမှု၊ ဗဟုသုတကြွယ်ဝမှုတို့ကို အမှန်တကယ် လေးစားမိပေသည်။ ရှားပါးသောမှော်ရတနာများကို တစ်ချက်မြင်လိုက်ရုံဖြင့် မည်ကဲ့သို့သော မှော်ရတနာဖြစ်မှန်းကို ထိုမွန်းစတားအိုကြီးများ တစ်ချက်တည်းဖြင့် တန်းပြောနိုင်သည်။ ဤသည်မှာ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခြင်း၏ အကျိုးကျေးဇူး ဖြစ်သည့်ပုံပင်။

All Chapters