← Chapters

အခန်း (၂၆၉၄)

Vol. 115 Ch. 2694

အခန်း (၂၆၉၄)

Vol. 115 Ch. 2694

“အခု ဒီသခင်လေး ဘယ်လောက်တော်လဲ ခင်ဗျားသိသွားပြီမလား… အဲ့ဒါဆို သူ့ကိုလွှတ်ပေးလိုက်တော့… မဟုတ်ရင် ခင်ဗျားရဲ့ ဦးခေါင်းခွံကို အရေခွံဆုတ်၊ အသားနွှင်ပြီး အိမ်သာခွက် လုပ်ပစ်မှာ…” ရန်ကိုင်က အံကြိတ်၍ အော်ပြောလိုက်သည်။

တန်ကျွင်းဟောင်ကမူ ခေါင်းသာခါပြနေခဲ့သည်။

သူ့ဆရာမှ သူ့အား ကာကွယ်ပေးနေသည်ကိုညမြင်သော် ဝူမင်မှာ အနည်းငယ်မှပင် ကြောက်ရွံ့နေခြင်းမရှိတော့ဘဲ ရန်ကိုင်ကိုပင် ပြန်လည်၍ လှောင်ပြောင်ပြောဆို လိုက်လေသေးသည်။ “ခွေးကောင်လေး… မင်းအရမ်း အားကောင်းတယ်မဟုတ်ဘူးလား… အခု ငါ့ကို ထုတ်ပြပါဦး… ဘယ်မှာလဲ၊ မင်းရဲ့ ကောင်းလှပါတယ်ဆိုတဲ့အားတွေ”

ထိုသို့ပြောပြီးသည့်နောက်တွင် ချီယွဲ့၏ဆံထုံးကို ကိုင်လျက် နောက်သို့ ဆွဲဆောင့်ချလိုက်လေသည်။ ချီယွဲ့၏ခါးမှာ လန်တက်သွားခဲ့ပြီး သူမ၏ရင်ဘတ်ကို ကော့ပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။

ထို့နောက်တွင် ဝူမင်သည် သူ၏လက်ချောင်းထိပ်တွင် ဧကရာဇ်ချီကို ရစ်သိုင်းလျက် ချီယွဲ့၏ ရင်ဘတ်နေရာဆီသို့ လက်ညှိုးထိုးပြရင်းမှ ပြုံးဖြီးဖြီးဖြင့် ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။ “ဒါ မင်းရဲ့ ယောက္ခမကြီးမလား… ကဲ… အခု မင်းယောက္ခမကြီးရဲ့ ခန္ဓာကိုယ်ကို ငါတို့ အတူကြည့်ကြတာပေါ့ ဟုတ်ပြီလား…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်လေ၏။

တစ်ခုခု စုတ်ပြဲသွားသံနှင့်အတူ ချီယွဲ့၏ရင်ဘတ်နေရာ အနည်းငယ် ပွင့်ထွက်သွားခဲ့လေသည်။ အင်္ကျီဖြဲခံလိုက်ရပြီးသည့်နောက် လက်သုံးချောင်းစာမျှ အကျယ်ရှိသည့် အဖြူရောင်အသားတို့ ပေါ်လာခဲ့လေ၏။ သို့သော်ငြား ထိုအသားအရေမှာတော့ ရှက်ရွံ့မှုတို့ကြောင့် နီမြန်းနေခဲ့လေသည်။

ရန်ကိုင်သည် ရှန်ချင်းလော့၏ ယောက်ျား ဖြစ်လေရာ သူမသည် ရှန်ချင်းလော့၏ မွေးစားအမေ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏ယောက္ခမကြီးဖြစ်ပေသည်။ ယခု သူမ၏ခန္ဓာကိုယ်ကို ဝူမင်သာလျှင်မဟုတ်ဘဲ ရန်ကိုင်သည်လည်း မြင်တွေ့နေရလေသည်။ ချီယွဲ့သည် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည့်တိုင် သူမ၏သားမက်ရှေ့၌ ဤကဲ့သို့ အရှက်ခွဲခံရသည်ကို မရှက်ဘဲ နေနိုင်လောက်သည်အထိတော့ အရှက် မမဲ့ချေ။

ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။

ဝူမင်သည် ချီယွဲ့၏ ခန္ဓာကိုယ်ကို အစုံအဆန် စိုက်ကြည့်လေ၏။ သို့သော်ငြား အဝတ်အချို့မှာ ပြဲနေသည့်တိုင် သူမြင်ချင်နေသည့်နေရာကို မမြင်ရသေးပေ။

ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် ချီယွဲ့၏အင်္ကျီကို ထပ်မံဆုတ်ဖြဲရန် လုပ်လိုက်လေသည်။

“တော်လောက်ပြီ…” ရန်ကိုင်က ထအော်လေသည်။

ဝူမင်ကမူ ရန်ကိုင်အား မသိချင်ယောင်သာ ဆောင်နေခဲ့လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “မင်း သူ့ကို နောက်တစ်ကြိမ် ထပ်ထိရဲထိကြည့်… မင်းတို့လိုချင်နေတဲ့ဟာ လုံးဝ မရစေရဘူး…”

ထိုအချင်းအရာကို မြင်သော် အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေသော တန်ကျွင်းဟောင်လည်း မတတ်သာတော့ဘဲ ဝင်တားရတော့လေ၏။

ဝူမင်ကမူ သူလုပ်ချင်နေသည်ကို မလုပ်လိုက်ရသည့်အတွက်ကြောင့် စိတ်ပျက်သွားခဲ့ရလေသည်။

ထိုအခါမှသာလျှင် ချီယွဲ့ သက်ပြင်းချနိုင်သွားသည်။ ဝူမင်သာ သူမ၏အင်္ကျီအားလုံးကို ဆုတ်ဖြဲပစ်မည်ဆိုပါက သူမအနေဖြင့် ရှက်လွန်းသဖြင့် ရန်ကိုင်နှင့် ရှန်ချင်းလော့တို့ရှေ့၌ မျက်နှာပြရဲတော့လိမ့်မည် မဟုတ်ချေ။

လက်ရှိအချိန်တွင် သူမ၏အဝတ်အစားမှာ စုတ်ပြဲနေပါသော်ငြား သူမ၏အသား တစ်ပိုင်းတစ်စလေးသာ ပေါ်နေသည့်အတွက်ကြောင့် အရမ်းကြီးတော့ ကိစ္စမရှိသေးပေ။

“အခု မိတ်ဆွေလေးရန်… ကိုယ့်အခြေအနေကိုယ် သိပြီလား…” တန်ကျွင်းဟောင်သည် ရန်ကိုင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လျက် ပြောလိုက်လေသည်။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံးလျက် “ကြယ်ဝိဉာဉ်နန်းတော်က အကြီးအကဲတစ်ယောက် ဒီလိုလုပ်ရဲတယ်ဆိုတာကို ကျုပ် တကယ်ကို မယုံနိုင်ဘူး… တကယ်ကို မျက်စိပွင့်နားပွင့်ဖြစ်သွားရတာပဲ…”

တန်ကျွင်းဟောင်က ပြန်၍ပြောလိုက်သည်။ “မိတ်ဆွေလေး အခုလိုမျိုး ချိုးချိုးဖဲ့ဖဲ့‌ ပြောနေစရာ မလိုပါဘူး… ရည်မှန်းချက်ကြီးမားတဲ့လူတစ်ယောက်က ဒီလိုကိစ္စမျိုးတွေကို ဂရုစိုက်နေမှာမဟုတ်ဘူး… မိတ်ဆွေလေးရန် ဒါမျိုးကို နားလည်သင့်တာပေါ့…”

“ကျုပ်ကတော့ ကူကယ်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ကို ခွေးနှစ်ကောင်က အနိုင်ကျင့်နေတာပဲ မြင်တယ်… ဒါနဲ့များ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ယောက်ျားလို့ ခေါ်ရဲသေးတာ တကယ်ဩချစရာပဲ…”

တန်ကျွင်းဟောင်က ရယ်သွမ်းသွေးလျက် “ဘာမှမဖြစ်ပါဘူး… မိတ်ဆွေလေးသာ နဂါးကျွန်းတံဆိပ်ပြားကို ပေးမယ်ဆိုရင် ကျန်တာအားလုံး ဆွေးနွေးလို့ရသွားပြီ…”

ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကို ရန်ကိုင်ဆီသို့ ဆန့်ထုတ်ပေးလိုက်လေ၏။

ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်၍ နှာခေါင်းရှုံ့ရင်း ဧကရာဇ်ချီကို နဂါးကျွန်းတံဆိပ်ပြားထဲသို့ ထည့်သွင်းကာ တန်ကျွင်းဟောင်ဆီသို့ လှမ်းပစ်လိုက်လေသည်။

ဤအခြေအနေထိ ရောက်လာပြီးမှဖြင့် သူ့တွင် ရွေးချယ်စရာမရှိတော့ချေ။ သူသာ တစ်ဖက်လူပြောသည့်အတိုင်း မလုပ်ပေးပါက ချီယွဲ့ အဝတ်ဗလာ ဖြစ်သွားရပေလိမ့်မည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက ယခုကိစ္စကို ရှန်ချင်းလော့အား မည်ကဲ့သို့ ပြန်ရှင်းပြရမှန်း သိတော့လိမ့်မည် မဟုတ်ချေ။

နဂါးကျွန်းတံဆိပ်ပြားတစ်ခုလောက်ကိုတော့ ရန်ကိုင် ထိုမျှ ဂရုမစိုက်။ ဟွာချင်းစီသာ အစောကြီးကတည်းက ကြိုသတိမပေးခဲ့ပါက ရန်ကိုင်သည် ထိုတံဆိပ်ပြားအကြောင်းကိုပင်လျှင် မေ့နေလောက်ပေပြီ။ နဂါးကျွန်းတံဆိပ်ပြားကို ပြန်ပေးရန် ငြင်းဆန်ခဲ့ရသည်မှာ ချီယွဲ့အား အရင်ကယ်လိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

နဂါးကျွန်းတံဆိပ်ပြားသည် ပြင်းထန်သည့် စွမ်းအားကို သယ်ဆောင်လျက် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ထိုးထွက်သွားလေ၏။ သို့သော်ငြား တန်ကျွင်းဟောင်ကမူ ထိုနဂါးကျွန်းတံဆိပ်ပြားကို အသာအယာသာ ဖမ်းယူလိုက်ပြီး ခေါင်းညိတ်၍ “ဟုတ်တယ်… ဒီတံဆိပ်ပြားပဲ…”

ရန်ကိုင်က ဆက်ပြောလိုက်သည်။ “အခု ခင်ဗျားလိုချင်တဲ့ နဂါးကျွန်းတံဆိပ်ပြားကို ရသွားပြီဆိုတော့ သူ့ကိုလွှတ်ပေးလိုက်ပေတော့…”

တန်ကျွင်းဟောင်က ပြုံးဖြီးလျက် “အလျင်မလိုပါနဲ့ဦး…”

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ချက်ချင်းပြန်ပြောလိုက်လေသည်။ “ခွေးအိုကြီး… ခင်ဗျားစကား ခင်ဗျား ပြန်ရုတ်သိမ်းချင်နေတာလား…”

ဝူမင်က ရယ်ပြုံးလျက် “နဂါးကျွန်းတံဆိပ်ပြားကိုရရင် သူ့ကိုလွှတ်ပေးမယ်လို့ ဆရာပြောခဲ့လို့လား… နဂါးကျွန်းတံဆိပ်ပြားကိုရရင် ကျန်တာ ဆက်ပြီးဆွေးနွေးလို့ရတယ်လို့ပဲ ပြောခဲ့တာလေ… အခု ငါတို့ ဆွေးနွေးရသေးတာမှမဟုတ်တာ ဘယ်လိုလုပ်ပြီး ဆရာက ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းတာ ဖြစ်ရမှာလဲ…”

ရန်ကိုင် တစ်ခွန်းမှပြန်မပြောနိုင်သည်ကိုကြည့်ရင်း ဝူမင်မှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။

ထိုစကားကိုကြားသော် ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ သူ့စိတ်ထဲ တစ်ပတ်ရိုက်ခံလိုက်ရသလို ခံစားနေခဲ့ရလေသည်။

“ဟား ဟား ဟား…” ဝူမင်မှာ ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့လေ၏။

“ခွေးအိုကြီး… ခင်ဗျား အခြား ဘာလိုချင်နေသေးတာလဲ… ခင်ဗျားလိုချင်နေတဲ့ နဂါးကျွန်းတံဆိပ်ပြားကိုလည်း ပေးပြီးသွားပြီလေ… ဒီသခင်လေးကို သိပ်ပြီး တွန်းအားပေးမလာနဲ့နော်… ဘာမှသာမရလို့ရှိရင် ကျုပ်လည်း ခင်ဗျားတို့နဲ့ သူသေကိုယ်သေ တိုက်ပစ်မှာ…” ရန်ကိုင်က အံကြိတ်၍ ပြောလိုက်သည်။

တန်ကျွင်းဟောင်က ပြန်ပြောလိုက်လေသည်။ “ဒီလူအိုကြီး မိတ်ဆွေလေးကို ကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီး မေးချင်တာ… စိတ်မပူနဲ့… မိတ်ဆွေလေးသာ ဒီလူအိုကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုလို့ရှိရင် ငါ သူ့ကို ချက်ချင်း ပြန်လွှတ်ပေးလိုက်မယ်…”

“ပြော…” ရန်ကိုင်က ပြောလိုက်သည်။

တန်ကျွင်းဟောင်သည် ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်လေသည်။ “ဓာတ်လုံးတစ်လုံး… အဲ့ဓာတ်လုံးထဲမှာ ကိုယ်ပိုင်ကမ္ဘာလေး ရှိနေတယ်ဆိုတဲ့ ဓာတ်လုံးတစ်လုံး…”

သူထင်ထားသည့်အတိုင်းပင် အစ်မဟွာသည် ကမ္ဘာငယ်လေးအကြောင်းကို ထုတ်ပြောလိုက်လေသည်။ သို့သော်ငြား တန်ကျွင်းဟောင်၏လုပ်ပုံကို ကြည့်ရသလောက် သူသည် ထိုအကြောင်းအား ဝူမင်ကို မသိစေချင်သည့်ပုံပင်။

ကမ္ဘာငယ်လေးပါဝင်နေသော ဓာတ်လုံးသည် အလွန်တရာကိုမှ အဖိုးတန်လှသည့် မှော်ရတနာတစ်ခုဖြစ်သည်။ သို့သော်ငြား ပို၍အဖိုးတန်သည်မှာ ထိုဓာတ်လုံးထဲတွင် ရှိနေသည့် အင်မော်တယ်သစ်ပင်ပင် ဖြစ်လေသည်။ တန်ကျွင်းဟောင်နှင့် ဝူမင်တို့မှာ ဆရာတပည့်ဖြစ်ပါသော်ငြား တန်ကျွင်းဟောင်အနေဖြင့် အင်မော်တယ်သစ်ပင်အကြောင်းကို ဝူမင်အား ပေးမသိသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။

“ခင်ဗျားဘာပြောနေလဲ ကျုပ်နားမလည်ဘူး…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်သည်။

တန်ကျွင်းဟောင်က ဆက်၍ပြောလိုက်လေသည်။ “ငါ့ရဲ့တပည့်မိုက်က အဲ့အကြောင်းတွေအကုန်လုံးကို ဒီလူအိုကြီးကို ပြောပြပြီးသွားပြီ… မိတ်ဆွေလေး ထပ်ပြီးတော့ ဖုံးကွယ်နေစရာမလိုတော့ဘူး… ဒီနေ့အတွက် ဒီလူအိုကြီး အကုန်လုံးကို သေသေချာချာ ပြင်ဆင်ထားခဲ့တာ… နဂါးကျွန်းတံဆိပ်ပြားက ငါ့ရဲ့ အဓိကပစ်မှတ်မဟုတ်ဘူး… ငါလိုချင်တာ အဲ့ဓာတ်လုံးပဲ… မိတ်ဆွေလေးသာ ဒီလူအိုကြီးတောင်းဆိုတာကို ဖြည့်ဆည်းပေးမယ်ဆိုရင် အရမ်းကျေးဇူးတင်မိမှာ… နောက်ပိုင်း မိတ်ဆွေလေး တစ်ခုခုလိုတာရှိရင်လည်း ဒီလူအိုကြီးဆီကနေ လာအကူအညီတောင်းလို့ရသေးတယ်… တကယ်တော့ ဒီလူအိုကြီးက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်လေ… တောင်ဘက်နယ်မြေထဲမှာ ဒီလူအိုကြီးမဖြေရှင်းပေးနိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး…”

ရန်ကိုင်က ခေါင်းခါလျက် “ကျုပ်မှာ အဲ့လိုဟာမျိုး တကယ်မရှိတာ…”

တန်ကျွင်းဟောင်၏မျက်နှာ သုန်မှုန်သွားခဲ့လေ၏။ “မိတ်ဆွေလေး… ငါအကောင်းပြောနေတုန်း ပေးလိုက်နော်၊ တော်ကြာ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်မယ်”

တန်ကျွင်းဟောင်သည် အစကတည်းက ယဉ်ယဉ်ကျေးကျေးပြောခဲ့သည်။ သို့သော်ငြား ရန်ကိုင်မှ သူတောင်းဆိုနေသည်အား မဖြည့်ဆည်းပေးသည်ကိုမြင်သော် တန်ကျွင်းဟောင် စတင်၍ ဒေါသထွက်လာတော့လေသည်။

သူ့ဆရာမှ ရန်ကိုင်နှင့် ကောင်းကင်စိတ်အာရုံဖြင့် ဆက်သွယ်နေသည်ကိုမြင်သော် ဝူမင်စိတ်ထဲ သံသယမကင်း ဖြစ်သွားခဲ့လေသည်။ သူ့ဆရာသည် မည်သို့သောလျှို့ဝှက်ချက်ကိုများ ထိုလူငယ်လေးနှင့် ဆွေးနွေးနေ၍ သူ့ကိုပင် ပေးမသိရလေသနည်း။

ထိုသို့ပင် ဖြစ်လင့်ကစား သူ့မျက်နှာထက် မည်သည့်အမူအယာအကိုမှ ထုတ်မပြရဲခဲ့ပေ။ သူ့စိတ်ထဲ ခံစားနေရသည့်အကြောင်းအရာများကို မြိုသိပ်ထားရုံသာ တတ်နိုင်လေ၏။ ရန်ကိုင်အား ရှင်းထုတ်ပြီးသည့်အခါမှသာ သူသိချင်နေသည့်အရာများကို သွားမေးရမည်ဟု ကြိတ်ကာ စဉ်းစားနေခဲ့လေသည်။

ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားပြောနေတဲ့ဟာ ကျုပ်မှာမှမရှိတာ… ဘယ်လိုလုပ်ပြီး ခင်ဗျားကို ပေးလို့ရမှာလဲ…”

တန်ကျွင်းဟောင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဝူမင်အား မျက်စပစ်ပြလိုက်လေသည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “မိတ်ဆွေလေးရန်က မလိုက်လျောပေးချင်မှတော့လည်း… ဝူမင် အဲ့အမျိုးသမီးကို မင်းကြိုက်တာသာ လုပ်ပေတော့…”

ဝူမင်၏မျက်လုံးများ ဝင်းပသွားခဲ့ပြီး ဝမ်းသာအားရဖြင့် ကျေးဇူးတင်လိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ…”

ထိုသို့ပြောပြီးသည့်နောက် ချီယွဲ့၏ရင်ဘတ်အား လှမ်းကိုင်ရန် လုပ်လိုက်လေသည်။

“နေဦး နေဦး…” ရန်ကိုင်က အလျင်စလို လှမ်းအော်ခေါ်လိုက်သည်။

တန်ကျွင်းဟောင်သည် သူ့လက်ကိုထောင်၍ ဝူမင်အား လှမ်းတားလိုက်လေသည်။ ထို့အတွက်ကြောင့် ဝူမင်မှာ စိတ်ပျက်သွားခဲ့ရပါသော်ငြား သူ့ဆရာ၏အမိန့်ကို မလွန်ဆန်ရဲခဲ့ပေ။

“မိတ်ဆွေလေး… မင်း စဉ်းစားပြီးသွားပြီလား…” တန်ကျွင်းဟောင်သည် ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်သည် အသာအယာချောင်းဟန့်လျက် “အခုမှပဲ ကျုပ်မှာ အဲ့လိုပစ္စည်းတစ်ခုရှိတာကို မှတ်မိသွားတယ်…”

တန်ကျွင်းဟောင်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး အားတက်သရောဖြင့် ဆက်ပြောလိုက်သည်။ “မှတ်မိတယ်ဆိုရင် ဒီလူအိုကြီးကို ပေးလိုက်တော့လေ…” သူသာ ကမ္ဘာငယ်လေးကို ရလိုက်မည်ဆိုပါက အထဲတွင်ရှိနေသော အင်မော်တယ်သစ်ပင်ကိုလည်း ရနိုင်ပေလိမ့်မည်။ အင်မော်တယ်သစ်ပင်နှင့်ယှဉ်လိုက်သော် နဂါးကျွန်းတံဆိပ်ပြားမှာ ဘာမှကို အရေးမပါတော့ပေ။

အင်မော်တယ်သစ်ပင်ကို သန့်စင်နိုင်မည်ဆိုပါက မဖျက်ဆီးနိုင်သော အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိလိမ့်မည်ဟု ကောလဟာလများ ရှိကြလေသည်။ ထိုသို့သာဖြစ်သွားမည်ဆိုပါက သူ့အနေဖြင့် မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ဒီသခင်လေး ခင်ဗျားကို မယုံဘူး…”

တန်ကျွင်းဟောင်က ပြန်ပြောလိုက်သည်။ “စိတ်ချထားလိုက်… မင်းသာ အဲ့ဒါကို ပေးမယ်ဆိုရင် ဒီလူအိုကြီး ဒီအမျိုးသမီးကို ချက်ချင်း လွှတ်ပေးလိုက်မယ်…”

“တကယ်လား…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ မေးလိုက်သည်။

တန်ကျွင်းဟောင်က လက်မြှောက်၍ “ငါ့စကားငါမတည်ဘူးဆိုရင် မိုးကြိုးပစ်ခံရပြီး နှစ်ပိုင်းပြတ်ပြီး သေပါစေကွာ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျမ်းကျိန်တာတွေသာ အသုံးဝင်မယ်ဆိုရင် ဘာလို့ ကျင့်ကြံနေရဦးမှာလဲ… ဒါပေမယ့် ခင်ဗျားက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ဆိုမှတော့ ဒီသခင်လေး ခင်ဗျားကို တစ်ကြိမ်ထပ်ယုံလိုက်ပါမယ်…”

တန်ကျွင်းဟောင်၏မျက်လုံး‌များ တောက်ပသွားခဲ့လေသည်။ “မိတ်ဆွေလေးရန်က တည့်တိုးဆန်တဲ့လူပဲ… ဒီလူအိုကြီး ကိုယ့်စကားကိုယ် ကျိန်းသေ မရုတ်သိမ်းဘူး…”

ရန်ကိုင်က သက်ပြင်းချလျက် သူ့လက်ကိုဆန့်ထုတ်ကာ တောကြက်မောက်အရွယ် ဓာတ်လုံးလေးတစ်လုံးကို ဆင့်ခေါ်လိုက်လေသည်။ ပုံမှန်အပေါ်ယံသာကြည့်မည်ဆိုလျှင် ထိုဓာတ်လုံးသည် သာမန်ဓာတ်လုံးတစ်လုံးနှင့်သာ တူပါသော်ငြား သေချာစစ်ဆေးကြည့်မည်ဆိုပါက ထိုဓာတ်လုံးတစ်ဝိုက်တွင် လေဟာနယ်နိယာမစွမ်းအားတို့ ရစ်သိုင်းနေကြောင်းကို ခံစားမိနိုင်ပေသည်။

ထိုဓာတ်လုံးကိုမြင်သော် တန်ကျွင်းဟောင်၏မျက်လုံးများ ဖြိုးဖြိုးဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ဓာတ်လုံးအား ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာကို စစ်ဆေးကြည့်လိုက်လေ၏။

သူ့ကျင့်ကြံခြင်းနှင့် အတွေ့အကြုံအရ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဓာတ်လုံး၏ထူးခြားမှုကို မြင်တွေ့နိုင်ခဲ့သည်။ ထိုဓာတ်လုံးသည် အထဲတွင် ကမ္ဘာငယ်လေးတစ်ခုရှိနေသည့် ဓာတ်လုံးမှန်း ချက်ချင်း သိသွားခဲ့လေ၏။ ထိုဓာတ်လုံးသည် ထူးခြားသည့် သိုလှောင်ရေးမှော်ရတနာတစ်ခုသာ ဖြစ်ပါသော်ငြား ပို၍ အရေးကြီးသည်မှာ ဓာတ်လုံးထဲတွင်ရှိနေသည့်အရာများ ဖြစ်ပေသည်။

လူတိုင်း ထိုကဲ့သို့သော သိုလှောင်ရတနာမျိုးကို သန့်စင်နိုင်သည်တော့မဟုတ်။ သို့သော်ငြား သူ့ကျင့်ကြံခြင်းကြောင့် ထိုဓာတ်လုံးထဲတွင် ရှိနေသော အင်မော်တယ်သစ်ပင်ကို ဆွဲထုတ်ယူဖို့ရာ ပြဿနာမရှိလှဟု တန်ကျွင်းဟောင် ယုံကြည်နေပေသည်။

ဝူမင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့သည်။ သူ့ဆရာသည် ထိုဓာတ်လုံးအား နဂါးကျွန်းတံဆိပ်ပြားထက်ပင် ဘာကြောင့် ပို၍ တပ်မက်နေရသလဲဆိုသည်ကို သူလုံးဝနားမလည်နိုင်ချေ။ ယခုတစ်ကြိမ် သူ့ဆရာ ယခုကဲ့သို့ အပြင်အဆင်များစွာ ချထားရခြင်းမှာ နဂါးကျွန်းတံဆိပ်ပြားကြောင့်မဟုတ်ဘဲ ထိုဓာတ်လုံးကြောင့်ဖြစ်သည်ဟုပင် သူ့စိတ်ထဲ ခံစားနေခဲ့ရသည်။

“ဒီဟာကို ဒီသခင်လေး ဟိုးနှစ်တွေတုန်းက ရခဲ့တာ… ရှင်းရှင်းပြောရရင် ဒါကို မိတ်ဆွေတစ်ယောက်က ပေးခဲ့တာ… အခု ဒီသခင်လေး ဒါကို အကြီးအကဲတန်ဆီ ပေးလိုက်တော့မယ်… အကြီးအကဲ ဒါကို ကောင်းကောင်းထိန်းသိမ်းပေးဖို့ မျှော်လင့်ပါတယ်…”

ရန်ကိုင်သည် သူ့ကံတရားကို လက်လွှတ်လိုက်သည့်အလား သူ့လက်ထဲရှိ ကမ္ဘာငယ်လေးပါဝင်နေသော ဓာတ်လုံးအား မခွဲခွာချင်ဟန်ဖြင့် ကြည့်လိုက်လေသည်။ တန်ကျွင်းဟောင်အား သူခေါ်ဝေါ်နေသည့် ပုံစံသည်ပင်လျှင် မသိလိုက်မသိဘာသာဖြင့် ပြောင်းလဲသွားခဲ့လေ၏။

တန်ကျွင်းဟောင်က ချက်ချင်း ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… လူအိုကြီး ဒီရတနာကို ကောင်းကောင်းသိမ်းထားပေးမယ်… အခုကနေစပြီး မိတ်ဆွေလေးရန်က ဒီလူအိုကြီးရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်သွားပြီလို့ ပြောလို့ရတယ်…”

ရန်ကိုင်သည် လက်သီးကိုတင်းတင်းဆုပ်၍ ဆက်ပြောလိုက်သည်။ “ဒါမတိုင်ခင် ကျုပ် တောင်းဆိုချင်တာတစ်ခု ရှိတယ်…”

တန်ကျွင်းဟောင် မျက်မှောင်ကြုတ်သွားခဲ့သည်။ “ဘာလဲ…”

ရန်ကိုင်က ပြောလိုက်သည်။ “ဟွာချင်းစီကို အကြီးအကဲတန်လက်အောက်ကနေ လွှတ်ပေးစေချင်တယ်…”

ဝူမင်က နှာခေါင်းရှုံ့လိုက်သည်။ “အိပ်မက်သာမက်နေလိုက်… အဲ့ခွေးမက ဆရာ့ကို မလေးမစားလုပ်ခဲ့တာ များနေပြီ… အဲ့အတွက် သူ့ကို တစ်ခါတည်း တန်းသတ်ပစ်လိုက်လို့ရတယ်… အခုချိန်ထိ အသက်ရှင်ခွင့်ပေးထားတာကိုတောင် ကျေးဇူးတင်… အပိုတွေလာတောင်းဆိုမနေနဲ့…”

ရန်ကိုင်က ဝူမင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် “မင်းက အကြီးအကဲတန်လား…”

ဝူမင်၏အမူအယာ ချက်ချင်းပြောင်းလဲသွားခဲ့ပြီး တန်ကျွင်းဟောင်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ “ဆရာ… တပည့် အဲ့လိုမျိုး ပြောချင်တာ မဟုတ်ပါဘူး…”

တန်ကျွင်းဟောင်က လက်ဝှေ့ယမ်းလျက် “ငါသိတယ်…”

တကယ်ဆိုလျှင် ရန်ကိုင်မှ ထိုကဲ့သို့ တောင်းဆိုလာသည်ကို ကြားပြီးသည့်နောက် တန်ကျွင်းဟောင်စိတ်ထဲ အမှန်တကယ်ကို စိတ်သက်သာရာ ရသွားခဲ့လေသည်။ ရန်ကိုင်မှ သူ့အပေါ် တစ်ခုခု ထပ်တောင်းမဆိုလာဘဲ ထိုဓာတ်လုံးအား အသာတကြည်ပေးလိုက်မှသာလျှင် တန်ကျွင်းဟောင်စိတ်ထဲ မယုံသင်္ကာဖြစ်မိမည်သာ။ ရန်ကိုင်နှင့် ခဏတာမျှ ဆက်ဆံမိစဉ်အတောအတွင်း ရန်ကိုင်သည် ဆက်ဆံရေးကို တန်ဖိုးထားသည့် လူတစ်ဦးမှန်း တန်ကျွင်းဟောင်မြင်နိုင်ပေသည်။ ထို့ကြောင့်သာမဟုတ်ပါက မတိုက်ခိုက်ဘဲနှင့် ချီယွဲ့ကို ဓါးစာခံထား၍ ရန်ကိုင်အား လက်လျှော့သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်တောင်းဆိုသည်မှာ တန်ကျွင်းဟောင်အတွက်မူ ဘာမျှမပြောပလောက်ပေ။ ရန်ကိုင်၏ သဘောထား၊ စရိုက်အရ သူ့အနေဖြင့် ထိုကဲ့သို့ တောင်းဆိုလာသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။ “မင်းတောင်းဆိုတာကို ဒီလူအိုကြီး သဘောတူတယ်… အခုကနေစပြီး ဟွာချင်းစီက ဒီလူအိုကြီးနဲ့ ဘာမှမပတ်သက်တော့ဘူး…”

All Chapters