← Chapters

အခန်း (၂၆၇၈)

Vol. 115 Ch. 2678

အခန်း (၂၆၇၈)

Vol. 115 Ch. 2678

“သခင်လေးရန် တစ်ခုခုဖြစ်သွားမှာလား… အဲ့အမျိုးသမီးကိုကြည့်ရတာ သွားရှုပ်သင့်တဲ့ လူတစ်ယောက်နဲ့ မတူဘူးနော်…” ရီကျင်းဟန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ မြို့သခင်စံအိမ်ရှေ့ဘက်ရှိ အဖြစ်အပျက်ကို ပြန်စဉ်းစားမိလိုက်သော် ရီကျင်းဟန် ရင်ခုန်သံ မြန်သွားခဲ့ရသည်။

“ရောင်းရင်းရန်က သူ့ကို အခြားတစ်နေရာဆီ ခေါ်သွားတယ်ဆိုမှတော့ သူ့မှာ ကျိန်းသေ အကြံအစည် ရှိနေလို့ပေါ့…” ပြောသာပြောလိုက်ပါသော်ငြား တုရှန်းကိုယ်တိုင်သည်လည်း သိပ်၍ မသေချာခဲ့။ ထို့ကြောင့် ယင်ဖေးအား လှမ်း၍သာ ကြည့်လိုက်လေသည်။

ယင်ဖေးကမူ ဘာမှပြန်မပြောခဲ့။ သို့သော်ငြား စိုးရိမ်နေသည့် အရိပ်အယောင်တို့ကို အေးစက်စက်သူ့မျက်နှာထက် အထင်းသား မြင်တွေ့နေရသည်။

ရီကျင်းဟန်နှင့် တုရှန်းတို့နှစ်ဦးစလုံးမှာ တာအိုသခင်တတိယအဆင့်များသာ ဖြစ်ကြသည့်အတွက်ကြောင့် ထိုမိန်းကလေး မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို မသိကြ။ သို့သော်ငြား မွန်းစတားဘုရင်တစ်ပါး ဖြစ်သည်နှင့်အညီ သူမပိုင်ဆိုင်ထားသည့် အံ့အားသင့်ဖွယ်ရာခွန်အားကို သူ ကောင်းကောင်းနားလည်ပေသည်။

မြို့သခင်ဂိတ်ပေါက်ရှေ့ရှိ သူမ၏ခွန်အားမှာ ထိုအမျိုးသမီး၏ ခွန်အားတစ်ပိုင်းတစ်စလောက်သာ ရှိပေသေးသည်။ သူမသာ အစွမ်းကုန်ထုတ်သုံးမည်ဆိုပါက ယင်ဖေးသည်ပင်လျှင် သူမအား အနိုင်ယူနိုင် မယူနိုင် သိပ်၍ မသေချာတော့ချေ။

ရန်ကိုင်အားကောင်းသည်မှာ မှန်ပါသော်ငြား သူသည် ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှ သူတို့အား လိုက်မလာရန် ပြောခဲ့ပါသော်ငြား ယင်ဖေးကမူ မတော်တဆ တစ်ခုခုဖြစ်လာခဲ့သည်ရှိသော် အဆင်သင့် ဝင်ကူညီနိုင်ရန်အတွက် လိုက်သွားရန်သာ ဆုံးဖြတ်လိုက်လေသည်။

ရန်ကိုင်၏အရှိန်အဝါအား ခြေရာခံရင်း ယင်ဖေးသည် ရန်ကိုင်ထွက်သွားသည့်နောက်ဆီသို့ တောက်လျှောက်လိုက်နေခဲ့လေသည်။ တောင်တန်းများကြားထဲသို့ ဝင်လာပြီးသည့်နောက် တိုက်ပွဲအရိပ်အယောင်များကို နေရာအနှံ့တွေ့လိုက်ရသည်။ ပျက်စီးကျိုးကြေနေသော သစ်ပင်များ၊ ပြိုကျနေသော တောင်များ၊ သွေးကွက်များသည် ဤနေရာ၌ တိုက်ပွဲမည်မျှပြင်းထန်ခဲ့ကြောင်းကို အထင်းသား ဖော်ပြနေခဲ့သည်။

ထိုအချင်းအရာကိုမြင်သော် ယင်ဖေး မျက်မှောင်ကျုံ့သွားခဲ့ပြီး ရန်ကိုင်အဆင်ပြေပါစေဟုသာ ကြိတ်၍ ဆုတောင်းနေရတော့လေသည်။

နှာခေါင်းတရှုံ့ရှုံ့ဖြင့် ရန်ကိုင်အနံ့ကို အာရုံခံပြီးသည့်နောက် ယင်ဖေးသည် ရီကျင်းဟန်နှင့် တုရှန်းတို့ကို မွန်းစတားချီဖြင့် ရစ်ပတ်၍ တစ်ခုသောဘက်ဆီသို့ ပြေးထွက်သွားလေသည်။

တစ်ခဏကြာသော် တုရှန်းသည် တစ်ခုသောဘက်ဆီသို့ ညွှန်ပြ၍ “အဲ့မှာ…”

မိုင်ပေါင်းများစွာဝေးကွာနေသည့်တိုင် မြေပြင်ပေါ်၌ လူနှစ်ဦးရှိနေသည်ကို တုရှန်း သေသေချာချာ မြင်နေရသည်။ လက်ရှိအချိန်တွင် ဘာတွေဖြစ်ပျက်နေသလဲ ဆိုသည်ကို သူမသိပါသော်ငြား တိုက်ပွဲမှာ အဆုံးသတ်နေသလို ရှိနေပြီး လူနှစ်ဦးမှာ နပန်းသတ်နေသည့်အလား တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြကြောင်း တွေ့လိုက်ရလေသည်။

ယင်ဖေး မျက်မှောင်ကျုံ့သွားခဲ့ပြီး ထိုအရပ်ဆီသို့ ချက်ချင်းပျံသန်းသွားလေ၏။

မိုင်ပေါင်းများစွာဝေးကွာပါသော်ငြား ယင်ဖေးအတွက်မူ ထိုနေရာသို့ရောက်ရန် မျက်တောင်တစ်ခတ်စာသာ ကြာလိုက်ပေသည်။

“သခင်လေးရန်…” ယင်ဖေးက လှမ်းအော်ခေါ်လိုက်သည်။ သို့သော်ငြား ထိုကဲ့သို့ အော်ခေါ်ခေါ်ပြီးချင်းမှာပင် မြေပြင်ပေါ်တွင် ဖြစ်နေသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။

ရီကျင်းဟန်နှင့် တုရှန်းတို့မှာလည်း မင်သက်နေခဲ့လေသည်။ တဖြည်းဖြည်းနှင့် သူတို့၏အမူအယာများမှာ ကသိကအောက် ဖြစ်လာကြတော့လေသည်။

လမ်းတစ်လျှောက်လုံး တိုက်ပွဲအရိပ်အယောင်များကို တွေ့ခဲ့ရသည့်အတွက်ကြောင့် သူတို့ကိုယ်တိုင် မတိုက်ခိုက်ခဲ့ရပါသော်ငြား ရန်ကိုင်နှင့် ထိုမိန်းကလေးကြားရှိ တိုက်ပွဲ မည်မျှပြင်းထန်ခဲ့မည်ဆိုသည်ကိုတော့ သူတို့ပြောနိုင်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်အတွက် ကြိတ်၍ စိတ်ပူခဲ့ရသည်။ သို့သော်ငြား လက်ရှိ သူတို့ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းသည် သူတို့အား လုံးဝကို နားမလည်နိုင် ဖြစ်သွားစေခဲ့လေသည်။

လက်ရှိတွင် ရန်ကိုင်နှင့် မိန်းမငယ်လေးသည် တစ်ဦးကိုတစ်ဦး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လျက် မြေပြင်ပေါ်တွင် လဲနေကြလေသည်။ ရန်ကိုင်၏အပေါ်ပိုင်းခန္ဓာကိုယ်မှာ ဗလာကျင်းနေခဲ့ပြီး သူ့လက်များသည် အမျိုးသမီး၏ခန္ဓာကိုယ်တစ်လျှောက် ပွတ်သပ်သွားလာ ဆော့ကစားနေခဲ့လေသည်။

အခြားတစ်ဖက်တွင်လည်း အမျိုးသမီးသည် ရန်ကိုင်အား ပြန်လည်ပွေ့ဖက်ထားခဲ့လေ၏။ သူမ၏လက်သည်းများမှာ ရန်ကိုင်၏ကျောပြင်ထဲသို့ပင် စိုက်ဝင်နေလေရာ ရန်ကိုင်၏ကျောပြင်မှ သွေးများပင် စီးကျနေခဲ့လေ၏။

ထိုကဲ့သို့ ဖြစ်ပျက်နေသည့်လူနှစ်ဦးမှာတော့ ရှက်ရကောင်းမှန်း မသိပါသော်ငြား ကြည့်နေသည့်လူသုံးဦးမှာတော့ ကြည့်ရင်းကြည့်ရင်း ရှက်ရွံ့လာကြတော့သည်။

“ဒါက…” ယင်ဖေး ဆွံ့အသွားခဲ့လေသည်။ သူ့စိတ်ထဲတွင်လည်း ကြိတ်၍ အော်ဟစ်နေလေ၏။ (ဘာတွေဖြစ်နေတာလဲ…)

“မကြည့်နဲ့ မကြည့်နဲ့…” တုရှန်းသည် ရီကျင်းဟန်၏မျက်လုံးများကို အလျင်စလို ကာလိုက်လေသည်။ သို့သော်ငြား သူကမူ မျက်တောင်မခတ်တမ်း မမှိတ်မသုန် စိုက်ကြည့်နေလေ၏။

ရီကျင်းဟန် ရှက်သွားခဲ့ပြီး တုရှန်း၏လက်ကို ဒေါသတကြီး ပုတ်ထုတ်လျက် တုရှန်းအား နားရွက်မှဆွဲကာ အခြားတစ်ဖက်သို့ အကြည့်လွှဲစေလိုက်လေ၏။

တုရှန်းမှာ ရှက်ရှက်ဖြင့် ပြုံးလိုက်လေသည်။

“သွားကြရအောင်…” မွန်းစတားဘုရင်ယင်ဖေးမှာ လက်ရှိအခြေအနေသည် သူတို့ ဤနေရာ၌ ရှိနေလို့ သင့်တော်လိမ့်မည်မဟုတ်မှန်း သိနေခဲ့သည်။ ထို့အတွက်ကြောင့် တုရှန်းနှင့် ရီကျင်းဟန်တို့အားခေါ်၍ လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်လာခဲ့လိုက်လေသည်။

ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူတို့မသိပါသော်ငြား ရန်ကိုင် အသက်အန္တရာယ်မရှိတော့သည်မှာတော့ သေချာပေသည်။ ထို့အစား ရန်ကိုင်သည် ထို ရိုင်းစိုင်းသည့်အမျိုးသမီးအား လုံးဝကို ဖိနှိပ်ထားသည့်ပုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင်၏ကိစ္စထဲ သွားဝင်ပတ်သက်၍ မကောင်းလှဟု ယင်ဖေး ခံစားရပေသည်။ ကံမကောင်းစွာဖြင့် ယင်ဖေးတို့သုံးဦး ရောက်လာသည့်အတွက်ကြောင့် ရန်ကိုင်နှင့် ကျုချင်းတို့နှစ်ဦးမှာလည်း အသိပြန်ဝင်လာကြလေသည်။

ဆေးမိထားသည့်အလား ယစ်မူးသလို ဖြစ်နေသော ကျုချင်းသည် ယင်ဖေး၏အော်သံကြောင့် အသိပြန်ဝင်လာခဲ့ပြီး ရုတ်တရက် ရန်ကိုင်၏လျှာကို ကိုက်ချလိုက်လေသည်။

ရန်ကိုင်လည်း မျက်လုံးအပြူးသားဖြင့် သူ့လျှာကို အလျင်စလို ပြန်ဆွဲယူလိုက်ရလေ၏။ ကံကောင်းစွာဖြင့် သူ့လျှာမှာ အကိုက်မခံလိုက်ရချေ။

ကျုချင်းသည် ရန်ကိုင်ဆီမှ ခပ်ခွာခွာနေနိုင်ရန်အတွက် သူမ၏လက်နှစ်ဖက်ကို သူမ၏ရင်ဘတ်ရှေ့တည့်တည့်နေရာတွင် ကောက်ကာလိုက်လေသည်။ ထို့နောက် အမောတကော အသက်ရှူ၍ နီမြန်းမြန်းမျက်နှာဖြင့် ပြောလိုက်လေ၏။ “တော်လောက်ပြီ…”

သူမ၏ပုံစံကိုကြည့်ရင်း ရန်ကိုင်မှာ ရယ်ချင်ပတ်ကျိဖြင့် ပြုံးကာ ပြန်ပြောလိုက်လေ၏။ “မတော်သေးဘူး…”

ကျုချင်းမှာ အတော်လေးကိုမှ ဒေါသထွက်နေခဲ့လေသည်။ “နင်စိတ်ထင်တိုင်း လုပ်လို့ရမယ် ထင်နေတာလား…” ထို့နောက် ခေါင်းငုံ့လျက် သူမ၏ရင်ဘတ်အား စိတ်ရှိတိုင်း ပွတ်သပ်ဆုပ်နယ်နေသည့် ရန်ကိုင်၏လက်ကို ငုံ့ကြည့်ရင်းမှ ထပ်ပြောလိုက်သည်။ “နင့်ရဲ့ညစ်တီးညစ်ပတ်လက်တွေကို ငါ့ဆီကနေ ဖယ်လိုက်စမ်း…”

ရန်ကိုင်ကမူ မဖယ်ပေးသည့်အပြင်ကိုမှ ပုခုံးတွန့်ပြလျက် အားပြင်းပြင်းဖြင့် ထပ်ညှစ်လိုက်ရာ ကျုချင်းမှာ နာကျင်မှုကြောင့် မျက်မှောင်ကျုံ့သွားခဲ့ရလေသည်။ ထိုသို့လုပ်ပြီးသည့်အခါမှသာ ရန်ကိုင်လည်း သူမဆီမှ ဖယ်ပေးလိုက်တော့သည်။

ယင်ဖေးနှင့် အခြားသူများ မြင်သွားပြီးသည့်တိုင် ယခုကဲ့သို့ ဆက်လုပ်နေရလောက်သည်အထိ ရန်ကိုင်သည် အရှက်မမဲ့ပေ။ သို့သော်ငြား ထိုကဲ့သို့လုပ်ပြီးသည့်နောက်တွင် သူ့ရင်ထဲ ခံစားနေခဲ့ရသည့် မီးတောက်တို့ကို အတိုင်းအတာတစ်ခုအထိ ဖွင့်ထုတ်သွားနိုင်ခဲ့လေသည်။ ထိုကဲ့သို့ ချုပ်တည်းထားလိုက်ရသည့်အတွက်ကြောင့် သူ့စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်နေသလို ခံစားခဲ့ရပါသော်ငြား မလုပ်ချင်တော့သည့်ကျုချင်းအား ဆက်၍ တွန်းအားမပေးချင်တော့ချေ။

ရန်ကိုင်၏ထိန်းချုပ်မှ လွတ်သွားသည့်နောက် ကျုချင်းသည် အလျင်စလို နောက်သို့ ခုန်ဆုတ်၍ ရန်ကိုင်နှင့် မီတာတစ်ထောင်ခြားလိုက်လေ၏။ ထို့နောက် ရန်ကိုင်အား ရှုပ်ထွေးသည့် ခံစားချက်များဖြင့် စိုက်ကြည့်နေတော့လေသည်။

ရန်ကိုင်သည် သူ မသန့်စင်သင့်သည့် ပစ္စည်းများကို သန့်စင်ထားမှန်း အာရုံခံမိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်အား ပြဿနာလာရှာခဲ့ပါသော်ငြား တကယ်တမ်း ပြဿနာတက်သွားသည့်လူမှာ သူမသာ ဖြစ်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရန်ကိုင်မှ သူမခန္ဓာကိုယ်အား စိတ်ကြိုက်ဆော့ကစားသွားသည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်ရုံဖြင့် သူမစိတ်ထဲ အလွန်ကိုမှ မသက်မသာ ဖြစ်ရသည်။

“ပထမဦးဆုံးအကြိမ်လား…” ရန်ကိုင်သည် ခေါင်းပင်မမော့ဘဲ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားအပြဲများကို ဆုတ်ဖြဲပစ်၍ အဝတ်အစားအသစ်တစ်စုံ ထုတ်ဝတ်ရင်းမှ မေးလိုက်သည်။

သူကိုယ်တိုင်သည်လည်း အမှန်တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ကျုချင်းသည် ညှို့ဓာတ်ကျင့်စဉ်တစ်မျိုးမျိုးကိုသာ ကျင့်ကြံထားမည်ဆိုပါက ယခုအချိန်သည် သူမ၏ပထမဦးဆုံးအကြိမ် မဖြစ်သင့်ပေ။ သို့သော်ငြား လက်ရှိသူမပုံစံအရ ကျုချင်းသည် ယခုကဲ့သို့သော ကိစ္စမျိုး၌ အတွေ့အကြုံရှိသည့်ပုံ လုံးဝမပေါ်ချေ။

ကျုချင်းသည် ညှို့ဓာတ်ကျင့်စဉ်တစ်မျိုးမျိုးအား ကျင့်ကြံမထားဟုပင် ရန်ကိုင် စတင်၍ စဉ်းစားမိလာလေသည်။ အစောပိုင်းက ထိန်းမရသိမ်းမရ ဖြစ်လာခဲ့သော ခံစားချက်များကို ပြန်စဉ်းစားမိလိုက်သော် ထိုခံစားချက်သည် ကျုချင်းအသုံးပြုလိုက်သည့်ပညာရပ်ကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ ထို့အစား သူ့ကိုယ်ထဲတွင် ကိန်းအောင်းနေသည့် စိတ်ခံစားချက်တစ်မျိုးသာ ဖြစ်သည်ဟု ခံစားလာရလေသည်။

(ငါ ဒီလောက်တောင် ရမ္မက်ကြီးတာလား… အဲ့လိုလည်း မဟုတ်သေးပါဘူး…)

“ဘာ…” ကျုချင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သို့သော်ငြား မကြာမီ ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သွားသည့်အလား မျက်နှာနီနီဖြင့် ပြန်၍ပြောလိုက်လေ၏။ “နင့်ကိစ္စမဟုတ်ဘူး…”

“ဒါဆို ငါ့ကို တာဝန်ယူစေချင်လား…” ရန်ကိုင်သည် ကျုချင်းအား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ တစ်ချိန်တည်းတွင်လည်း ဧကရာဇ်ချီကိုလှည့်ပတ်၍ နိုးကြွနေသည့် သူ၏စိတ်ဆန္ဒရိုင်းများကို ငြိမ်သက်အောင် ကြိုးစားလိုက်လေ၏။

“ထွက်သွားစမ်း…” ကျုချင်းက ဒေါသူပုန်ထနေခဲ့လေသည်။ “ဒီကိစ္စမပြီးသေးဘူး… နင်စောင့်နေ…” ထို့နောက် အခြားတစ်ဖက်သို့ လှည့်ထွက်ကာ ပျံသန်းသွားလေ၏။

“အခုလို ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးပဲနော်… နောက်လည်း လာလည်ချင်ရင် ထပ်လာလည်လို့ ရသေးတယ်နော်…” ရန်ကိုင်၏စကားကြောင့် ကျုချင်း ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျခါနီးပင် ဖြစ်သွားခဲ့ရလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ အားပါးတရ ဝါးလုံးကွဲ အော်ရယ်မောလိုက်လေ၏။

ခဏမျှကြာအောင် ပျံသန်းလာပြီးသည့်နောက် အားနည်းသည့်လူသားနှစ်ဦးနှင့် မတ်တပ်ရပ်နေသော မွန်းစတားဘုရင်ကို မြင်လိုက်ရလေသည်။ ထိုမွန်းစတားဘုရင်သည် သူမအား မြင်လိုက်သည့်အခါ သူမနှင့်ရင်းနှီးကျွမ်းဝင်နေသည့်အလား သူမအား ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။

ယခင်ကသာဆိုလျှင်တော့ သူမအား ဤကဲ့သို့ ပြုံးဖြီးဖြီးမျက်နှာဖြင့် လာကြည့်နေသည့်လူအား တစ်ခါတည်း လက်သီးဖြင့် ထိုးမိပေလိမ့်မည်။ သို့သော်ငြား အစောပိုင်းက သူမတို့၏ ရှက်စရာကိစ္စကို လူတွေ့သွားသည့်အတွက်ကြောင့် ကျုချင်းမှာ ခေါင်းမဖော်ချင်လောက်အောင် ရှက်နေလေရာ ယင်ဖေးအား ဒေါသထွက်လိုစိတ်ပင် မရှိတော့ဘဲ ထိုနေရာမှသာ မြန်နိုင်သမျှမြန်အောင် ထွက်ပြေးသွားလေ၏။

“သခင်လေးရန်က တကယ်ကိုကံကောင်းတာပဲ…” ယင်ဖေးသည် ကျုချင်း၏ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရင်းမှ ပြောလိုက်လေသည်။

ထိုအမျိုးသမီးသည် အတော်လေးကိုမှ ရိုင်းလှပါသော်ငြား အလွန်ကိုမှလည်း အားကောင်းသလို စွဲမက်ဖွယ်ကောင်းလှသော ကိုယ်လုံးကိုယ်ပေါက်ကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ ရန်ကိုင်သည် မည်ကဲ့သို့သောနည်းလမ်းများကို သုံး၍ ထိုအမျိုးသမီးအား အညံ့ခံအောင် လုပ်နိုင်ရသလဲဆိုသည်ကို ယင်ဖေး သိချင်နေမိလေသည်။ ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့်နိမ့်လျက်နှင့်ပင် ထိုကဲ့သို့လုပ်နိုင်သည့် ရန်ကိုင်အပေါ်လည်း ယင်ဖေး လေးစားမိလေ၏။

“အင်း…” တုရှန်းက ခေါင်းညိတ်လိုက်သည်။

ရီကျင်းဟန်သည် ချက်ချင်းပဲ တုရှန်းဘက်သို့ကြည့်လိုက်ရင်း နှာခေါင်းရှုံ့လျက် “နင့်ဆီကနေ ချဉ်စုတ်စုတ်အနံ့တွေကို ငါ ဘာလို့ ရနေရတာလဲ…”

တုရှန်းမှာ ချက်ချင်းပဲ ပျာယီးပျာယာဖြင့် ပြုံး၍ ပြန်ပြောလိုက်လေ၏။ “မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး… အဲ့အမျိုးသမီးက ဂျူနီယာညီမရဲ့ ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန်ဘူး… စီနီယာအစ်ကိုရဲ့မျက်လုံးထဲမှာ ဂျူနီယာညီမက ဒီလောကကြီးထဲမှာ အလှဆုံးပဲ…”

ရီကျင်းဟန်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “တော်ပြီ တော်ပြီ… အဲ့လိုကြီး မပြောစမ်းပါနဲ့ဟာ… နင့်စကားတွေကြားရတာ ကြက်သီးမွှေးညှင်းထတယ်…”

တုရှန်း၏နှုတ်ခမ်း ကွေးတက်သွားခဲ့ပြီး ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်လေသည်။

“မလာခဲ့ဖို့ ငါမပြောခဲ့ဘူးလား…” ရန်ကိုင်သည် ယင်ဖေးဆီသို့ ပျံသန်းလာရင်းမှ မေးလိုက်လေသည်။

ယင်ဖေးက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေ၏။ “ပြောခဲ့တယ်ဆိုပေမယ့် သခင်လေးရန် တစ်ခုခုဖြစ်နေမှာစိုးလို့ အချိန်မရွေးကူညီလို့ရအောင် ကျုပ်လည်း လိုက်လာခဲ့လိုက်တာ… အခုလိုမျိုးတွေ ဖြစ်နေမယ်မှန်း သိခဲ့ရင်တော့ လာကိုမလာခဲ့ပါဘူး… သခင်လေးရန် ကျုပ်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်…”

သူသာ ရီကျင်းဟန်နှင့် တုရှန်းတို့ကိုခေါ်၍ ရောက်လာသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်နှင့် ကျုချင်းတို့ကိစ္စမှာ အချိန်တိုအတွင်း ပြီးလိမ့်ဦးမည်ပုံမပေါ်။ အချိန်သာ နည်းနည်းထပ်ကြာသွားလျှင် စပါးစေ့ အခွံကျွတ်ကာ ထမင်းပင် ချက်လို့ရလောက်ပေပြီ။

ထို့အတွက်ကြောင့် ယင်ဖေးစိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။

“ဘာမှမဖြစ်ဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်း၍ မိုးကုပ်စက်ဝိုင်းအောက်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။

ယနေ့အဖြစ်အပျက်သည် အမှန်တကယ်ကို ထူးဆန်းလွန်းလှပေသည်။ ကျုချင်းသည် သူ့အား အကြောင်းအရင်းမရှိ ပြဿနာရှာရန် ရောက်လာခဲ့ပါသော်ငြား သူကိုယ်တိုင်သည် ကျုချင်းနှင့် မြေပြင်ပေါ်တွင် နပန်းဖက်လုံးပြီး ပွဲကြီးပွဲကောင်းတစ်ခုကို ဆင်နွှဲမိခဲ့လေသည်။ ဤသည်မှာ လာချင်သလိုလာ၍ ပျောက်ချင်သလိုပျောက်သွားသော အကောင်အထည်မရှိသည့် အိပ်မက်တစ်ခုပမာ။

ထိုအဖြစ်အပျက်သည် ပုံရိပ်ယောင်တစ်ခုဖြစ်သည်ဟု ထင်မှတ်ချင်စရာကောင်းလောက်အောင်ကို မယုံကြည်နိုင်စရာကောင်းသည့်တိုင် သူ့နှုတ်ခမ်းဝယ် စွဲကပ်ညိနေသော မွှေးပျံ့ပျံ့သင်းရနံ့လေးသည် သူကြုံခဲ့ရသည်မှာ ပုံရိပ်ယောင်တစ်ခုမဟုတ်မှန်း မီးမောင်းထိုးပြနေခဲ့လေသည်။

“သခင်လေးရန်… အဲ့အမျိုးသမီး ဘယ်ကလာခဲ့တာလဲ…” ယင်ဖေးက စကားကို သတိထားလျက် မေးလိုက်လေသည်။

ထိုကဲ့သို့သော အားကောင်းလှသည့် အမျိုးသမီးတစ်ဦး၏ နောက်ခံမှာ ကျိန်းသေကို ကြောက်မက်ဖွယ် ကောင်းရပေလိမ့်မည်။ ရန်ကိုင်သည်သာ သူမအား ရနိုင်မည်ဆိုပါက သူ့အပေါ် ကြီးကြီးမားမား အကျိုးပြုနိုင်လိမ့်မည်။

“ကျုပ်လည်းမသိဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။ ရန်ကိုင်သည် ကျုချင်းနှင့် ခန္ဓာကိုယ်ချင်း နှီးနှောဖလှယ်ခဲ့ပါသော်ငြား သူမ၏နာမည်ကိုသာ သိခဲ့ရပြီး သူမ မည်သည့်နေရာကလာသလဲ ဆိုသည်ကိုတော့ မသိခဲ့ပေ။

“သခင်လေးရန်က တကယ်ကို အထင်ကြီးစရာပဲနော်…” ယင်ဖေးသည် ထိုအမျိုးသမီး၏နောက်ခံ မည်ကဲ့သို့ဖြစ်သလဲဆိုသည်ကိုပင် မသိပဲ ထိုအမျိုးသမီးနှင့် ခန္ဓာကိုယ်ချင်း ဖလှယ်ခဲ့သော ရန်ကိုင်ကိုကြည့်ရင်း ယင်ဖေးစိတ်ထဲ လေးစားစိတ်များ ပိုပို၍ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ယောကျ်ားသားများအတွက်တော့ တကယ့်ကို စံထိပ်ထားစရာ နမူနာတစ်ဦးပင်။

“ဟင်း ဟင်း… သူက ဒီလောက် ရုပ်ချောနေမှတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေ၏။

ထိုစကားကိုကြားသော် ရီကျင်းဟန်သည် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် စောင်း၍ ကြည့်လာခဲ့လေသည်။

အရိပ်ဓါးပျံမြို့ထဲရှိ တည်းခိုခန်းတစ်ခန်းတွင်…

ကျုချင်းသည် သူမ၏အခန်းထဲသို့ အမြန်ဝင်လာခဲ့ပြီး အမျိုးမျိုးသော အစီအရင်များကို အသက်သွင်းလျက် ကုတင်ပေါ်တွင် ငေးကြောင်ကြောင်ဖြင့် ထိုင်ချလိုက်သည်။ ယနေ့တွင် သူမအဖြစ်အပျက်သည် ဖွတ်မရ ဓါးမ ဆုံး သလိုပင် ဖြစ်နေခဲ့သည်။ ဤသည်မှာ ဘဝတစ်လျှောက် ဖျက်ပစ်လို့ မရတော့မည့် အမည်းစက်ကြီးတစ်ခုလည်း ဖြစ်သေး၏။ သို့သော်ငြား ရန်ကိုင်၏ကိုယ်ထဲတွင် ရှိနေသော ဘိုးဘေးနဂါးအမြုတေအကြောင်း ပြန်စဉ်းစားမိလိုက်သော် သူမစိတ်ထဲ အတော်လေးသက်သွားသလို ခံစားလိုက်ရလေသည်။

ထိုကဲ့သို့သော ဖိနှိပ်မျိုးသည် သူမတောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

ကံကောင်းစွာဖြင့် ထိုအရာ၏လွှမ်းမိုးမှုအောက် အပြည့်အဝရောက်ရှိသွားခဲ့ခြင်း မရှိဘဲ အဆုံးတွင် ရုန်းထွက်လာနိုင်ခဲ့သည်။

လက်ရှိကိစ္စသည် အလွန်ကိုမှ ရှုပ်ထွေးသည့် ကိစ္စရပ်ပေါင်းများစွာ ရောပါဝင်နေသည့် ကိစ္စတစ်ရပ် ဖြစ်လေရာ သူမ စိတ်ရှိတိုင်း ကိုင်တွယ်နိုင်သည့် ကိစ္စတစ်ခု မဟုတ်တော့ချေ။

တစ်ခဏတာမျှ စဉ်းစားနေပြီးသည့်နောက်တွင် ကျုချင်းသည် ဗရမ်းဗတာဖြစ်နေသာ သူမစိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုတံဆိပ်ပြားပေါ်တွင် အလွန်တရာကိုမှ အသက်ဝင်လှသော နဂါးပုံရိပ်တစ်ခု ထိုးထွင်းထားခဲ့လေသည်။ ထိုနဂါးပုံရိပ်သည် ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်ပါသော်ငြား အချိန်မရွေး အသက်ဝင်လာပြီး အပြင်သို့ ခုန်ထွက်လာတော့မည့်အလား။

ကျုချင်းသည် သူမလက်ကိုကိုက်၍ ထိုတံဆိပ်ပြားပေါ်သို့ သွေးတစ်စက်ချလိုက်သည်။ သို့သော်ငြား ထူးဆန်းစွာပင် သူမ၏သွေးမှာ မီးတောက်တစ်ခုနှယ် လောင်မြိုက်နေခဲ့သည်။

ထိုလောင်ကျွမ်းနေသော သွေးစက်မှာ တံဆိပ်ပြားပေါ်သို့ ကျသွားသည်နှင့်တစ်ပြိုင်နက် တံဆိပ်ပြားတစ်ခုလုံး ဝင်းလက်တောက်ပလာခဲ့သည်။

တစ်ချိန်တည်းတွင် တံဆိပ်ပြားပေါ်ရှိ နဂါးမျက်လုံးများ ရုတ်တရက် တုန်ခါလာခဲ့ပြီး ပင်လယ်တမျှ နက်ရှိုင်းလှသော အရှိန်အဝါတစ်ရပ်သည်လည်း အခန်းတစ်လုံးအနှံ့ ပျံ့နှံ့လာခဲ့လေသည်။

“အကြီးအကဲ…” ကျုချင်းသည် တံဆိပ်ပြားအား အလေးအနက်အမူအယာဖြင့် နှုတ်ဆက်လိုက်လေ၏။

“ဘာသတင်းထူးလဲ…” တံဆိပ်ပြားထဲမှ လူအိုကြီးတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့သည်။

“ဘာသတင်းမှမထူးပါဘူး…” ကျုချင်းမှ အလျင်အမြန် ပြန်ဖြေလိုက်သည်။

“အဲ့ဒါဆိုလို့ရှိရင် ဘာဖြစ်လို့ ဒီနဂါးအဆောင်ကို ထုတ်သုံးတာလဲ…”

ကျုချင်းက ပြန်ပြောလိုက်၏။ “ကျွန်မ ဘိုးဘေးနဂါးအမြုတေကို တွေ့ခဲ့လို့ပါ…”

ကျုချင်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် နဂါးအဆောင်မှ ထွက်ပေါ်နေသည့် အလင်းမှာ ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ပြီး အိုမင်းရှေးကျသည့်အသံမှာ အလျင်စလို ပြန်၍မေးလာလေသည်။ “နင်ဘာပြောလိုက်တာလဲ…”

All Chapters