အခန်း (၂၆၈၀)
Vol. 115 Ch. 2680
တစ်ဖက်လူသည် ယင်ဖေးကိုပါ ထည့်တွက်ထားသည့်အတွက်ကြောင့် သေချာ စီစဉ်ထားလောက်ပေသည်။ သို့သော်ငြား သူတို့ မည်သို့ပင် ထည့်စဉ်းစားစေကာမူ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့ကိုတော့ လုံးဝ စဉ်းစားမိလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်အနေဖြင့် ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းလိုက်ရုံသာ။ ထိုသိုဆိုလျှင် တောင်ဘက်နယ်မြေတွင် ရှိနေသော ရှီလဲ့နှင့် ရှဲ့ဝူဝေတို့ကို လှမ်းခေါ်နိုင်လေပြီ။ အကြွင်းမဲ့ စွမ်းအားရှေ့မှောက်တွင် လှည့်ကွက်အားလုံးသည် အချည်းနှီးသာ မဟုတ်လော။
ထို့အပြင် ရန်ကိုင်တွင် ထိုကဲ့သို့ လုပ်နိုင်သည့်စွမ်းရည် ရှိပေသည်။ လေလံပွဲစရန် အချိန် လိုသေးသည့်အတွက်ကြောင့် ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ဟင်းလင်းပြင် အစီအရင်တစ်ခု ခင်းကျင်းကာ မွန်းစတားဘုရင်နှစ်ပါးကို လှမ်းခေါ်နိုင်ပေသည်။
သေချာထိုင်စဉ်းစားနေပြီးနောက် ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်လေ၏ “မလိုဘူး”
သူ့တွင် လေဟာနယ်ဝိဥာဉ်သလင်းကျောက်များနှင့် လေဟာနယ်ကျောက်စိမ်းတို့ များများစားစား ရှိလှသည်မဟုတ်လေရာ ထိုမရှိမဲ့ရှိမဲ့လေးများကို အလွယ်တကူ ဖြုန်းမပစ်ချင်ချေ။ ထို့အပြင် သူသာ မွန်းစတားဘုရင်နှစ်ပါးကို ထပ်ခေါ်လိုက်ပါက ရန်သူအား နိုးနိုးကြားကြားဖြစ်သွားအောင် လုပ်မိပေလိမ့်မည်။ တကယ်တော့ သူတို့ မြို့ထဲသို့ ဝင်လာစဉ်က သူနှင့်အတု၊ ရီကျင်းဟန်၊ တုရှန်းနှင့် ယင်ဖေးတို့သာ ပါလာခဲ့ကြသည် မဟုတ်ပေလော။ လူအရေအတွက်သာ ထပ်တိုးလာပါက ရန်သူအား မယုံသင်္ကာ ဖြစ်သွားစေပေလိမ့်မည်။
ရှီလဲ့နှင့် ရှဲ့ဝူဝေတို့အား ကမ္ဘာငယ်လေးထဲ ခေါ်ထည့်သွားလျှင် ကောင်းမည်လားဟု စဉ်းစားမိပါသော်ငြား ကမ္ဘာငယ်လေးအကြောင်းကို လူသိမခံသည်မှာ ပို၍ ကောင်းသဖြင့် ထိုသို့မလုပ်ရန်သာ ဆုံးဖြတ်လိုက်၏။
ရန်ကိုင်က ထိုသို့ ဆုံးဖြတ်ထားသည့်အတွက် ယင်ဖေးလည်း ဘာမှ ထပ်မပြောတော့ချေ။ မည်သို့ပင် ဖြစ်စေကာမူ ရန်ကိုင်အား သူတတ်စွမ်းသမျှ ကာကွယ်ရမည်ဟုသာ ယင်ဖေး ကြိတ်၍ ဆုံးဖြတ်ထားလိုက်လေ၏။
“လာခဲ့၊ တစ်ချက်လောက် လမ်းလျှောက်ထွက်ရအောင်” ရန်ကိုင်သည် စားသောက်စရာများအတွက် အရင်းအမြစ်ကျောက်အချို့ကို စားပွဲခုံပေါ်တွင် ချထားပေးလိုက်သည်။ ထို့နောက် တည်းခိုခန်းထဲမှ ယင်ဖေးနှင့်အတူ ထွက်လာခဲ့၏။
အရိပ်ဓါးပျံမြို့သို့ မလာခင်ကတည်းက လေလံပွဲသည် ထောင်ချောက်တစ်ခုမှန်း ကြိုတင်ခန့်မှန်းထားပြီးသားပင်။ တစ်ယောက်ယောက်သည် ငါးစာလာဟပ်မည်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်လေသည်။ အရိပ်ဓါးပျံမြို့သို့ရောက်၍ အရိပ်ဓါးပျံဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်တွေ့ပြီးနောက် သူ့အထင် ပို၍ သေချာသွားခဲ့ရသည်။
ယခု ရုတ်တရက် လေလံပွဲတက်ရောက်ပေးရန် ဖိတ်စာတစ်စောင် ရောက်လာခဲ့သည်။ ထို့အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးရသည်မှစသည့် ကိစ္စရပ်အားလုံးသည် သူ့ကြောင့်များလားဟုပင် ရန်ကိုင် တွေးမိသွားခဲ့ရလေသည်။
ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲဆိုသည်ကို သူနားမလည်ပါသော်ငြား တစ်ဖက်လူ ကြိုးဆွဲရာအတိုင်း လိုက်ကဖို့ရာတော့ မစီစဉ်ထားခဲ့ချေ။
လေလံပွဲကို အရိပ်ဓါးပျံမြို့တွင် ကျင်းပမည် ဖြစ်သည့်အတွက်ကြောင့် လေလံတင်မည့် ပစ္စည်းများသည်လည်း အရိပ်ဓါးပျံမြို့တွင်သာ ရှိနေရပေလိမ့်မည်။ ထို့ကြောင့် အိုင်းအောင်နှင့် အခြားသူများ လေလံတင်မည့်စာရင်းတွင် ရှိမရှိ စစ်ဆေးကြည့်ရပေမည်။ ရှိလျှင်တော့ လုယူလိုက်ရုံပင်။
အပြင်ထွက် လမ်းလျှောက်နေစဉ်အတောအတွင်း ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် ဖြန့်ကျက်ထားခဲ့သည်။
အိုင်းအောင်နှင့် အခြားသူများ၏ အရှိန်အဝါကို သေချာ သိနေသည့်အတွက်ကြောင့် သူတို့သည်သာ အရိပ်ဓါးပျံမြို့ထဲတွင် ရှိနေပါက ရန်ကိုင် သူတို့အား ကျိန်းသေ သတိထားမိပေလိမ့်မည်။
နေ့တစ်ဝက်ကြာအောင် လမ်းလျှောက်နေပြီးသည့်နောက် ရန်ကိုင် သက်ပြင်းချလိုက်၏။ သူ့ရန်သူသည် ဓါးစာခံများကို မြို့ထဲတွင် ထားရလောက်သည်အထိ မတုံးအသည့်ပုံပင်။
ရန်ကိုင်သည် ယင်ဖေးနှင့်အတူ တည်းခိုခန်းဆီသို့ ပြန်လာခဲ့သည်။
ရန်ကိုင်တို့ ပြန်ရောက်လာသည်နှင့် ဆိုင်ဝန်ထမ်းလေသည် သူ့အား ချက်ချင်း သတင်းလာပို့လေသည် “ဆရာ၊ ဧည့်သည့်တစ်ယောက် ရောက်နေပါတယ်”
“ဘယ်သူလဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ အရိပ်ဓါးပျံမြို့ထဲတွင် သူသိသည့်လူ တစ်ဦးမှမရှိသဖြင့် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။
“မိန်းကလေးတစ်ယောက်ပါ” ဆိုင်ဝန်ထမ်းလေးက ပြုံးဖြီးဖြီးဖြင့် “သူအခု ဆရာ့အခန်းရှေ့မှာ စောင့်နေပါတယ်”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူ့အား စောင့်နေသည့်လူမှာ မည်သူဖြစ်ကြောင်း ချက်ချင်း သတိသွားခဲ့ရလေသည်။ မည်သူမှန်း သိသွားသည့်နောက် ရန်ကိုင်က အထိတ်တလန့်ဖြင့် ရေရွတ်လိုက်လေ၏ “ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ”
ယင်ဖေးက တိုးတိုးလေး ကပ်ပြောလိုက်၏ “သခင်လေးရန် သတိထားနော်။ အဲ့မိန်းကလေးက လွယ်တာမဟုတ်ဘူး”
“ကျုပ်သိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ယခင်ကတော့ သူမဇာစ်မြစ် မသိခဲ့ဖြင့် စည်းလွတ်ဝါးလွတ် ပြုမူခဲ့ပါသော်ငြား ယခု သူမ မည်သူမည်ဝါဖြစ်ကြောင်း သိသွားသည့်နောက် ရန်ကိုင်လည်း သူမအား ထပ်၍ အထင်မသေးရဲတော့ချေ။
ဆိုင်ဝန်ထမ်းလေးအား အရင်းအမြစ်ကျောက်အချို့ ပေးပြီးနောက် ရန်ကိုင် အပေါ်ထပ်သို့ တက်လာခဲ့သည်။
သွယ်သွယ်၊ ကျစ်ကျစ်၊ မိန်းကလေးတစ်ဦးသည် ဘာမှန်းမသိသော စကားများကို ရေရွတ်ရင်း စိတ်မရှည်ဟန်ဖြင့် အခန်းတစ်ခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ သူမ ကြည့်ရသည်မှာ ကိစ္စတစ်ခုခု၌ အလွန်ကိုမှ စိတ်နစ်နေသည့် အတွက်ကြောင့်လားမသိရာ၊ ရန်ကိုင်နှင့် ယင်ဖေးတို့၏ ကောင်းကင်စိတ်အာရုံ သူမအား လွှမ်းခြုံသွားသည်ကိုပင် သတိမထားမိခဲ့ချေ။
ခြေသံများကို ကြားလိုက်ရသည့်အခါမှသာ မိန်းကလေး၏ ခြေလှမ်းတို့ တုံ့ခနဲ ရပ်သွားခဲ့ပြီး ခေါင်းမော့ကြည့်လာခဲ့သည်။ ထို့နောက်တွင် သူမ၏ မျက်လုံးထဲ ဖုံးဖိမရသည့် အမုန်းတရားတို့ ဟုန်းခနဲ ထွက်ပေါ်လာခဲ့လေသည်။
“ချင်းအာ၊ နင်ငါ့ကို လာရှာတာလား” ရန်ကိုင်က ပြုံးစိစိဖြင့် မေးလိုက်သည်။
ကျုချင်းမျက်နှာ သုန်မှုန်သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်၏ “နင်ငါ့ကို ဘယ်လိုခေါ်လိုက်တာ”
(ခွေးကောင်ကများ ရာရာစစ ငါ့ကို...)
ယင်ဖေး ဆွံ့အနေလေသည်။ သူ့စိတ်ထဲတွင်တော့ ကျုချင်းသည် နဂါးကလန်ကမှန်း သိပြီးသည့်တိုင် သွားရန်စရဲသည့် ရန်ကိုင်၏ သတ္တိကို လေးစားနေလေ၏။ မည်သို့ပင် ဖြစ်နေစေကာမူ၊ ကျုချင်း တိုက်ခိုက်လာခဲ့သည်ရှိသော် အချိန်မရွေး ခုခံနိုင်ရန်အတွက် မွန်းစတားချီကို ကြိတ်၍ လှည့်ပတ်ထားလိုက်လေသည်။ နဂါးကလန်သားတစ်ဦးနှင့် ရန်သူမဖြစ်ပါသော်ငြား ရန်ကိုင်၏ လုံခြုံရေးမှာ ပို၍ အရေးကြီးပေသည်။
“အဲ့လိုအေးစက်စက် ပုံစံကြီး မလုပ်စမ်းပါနဲ့လား။ အရင်ပုံစံလေးကတောင် ပိုပြီး ကြည့်လို့ကောင်းသေးတယ်” ရန်ကိုင်သည် ပြုံးဖြီးလျက် ကျုချင်းရှေ့တွင်ရှေ့ကာ သူမ ခန္ဓာကိုယ်ပေါ်ရှိ စနေနှစ်ခိုင်ကို သေချာစိုက်ကြည့်ရင်းမှ ပြောလိုက်သည်။
ရန်ကိုင်၏ ညစ်တီးညစ်ပတ်အကြည့်ကြောင့် ကျုချင်း၏ ခန္ဓာကိုယ် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ ချက်ချင်းပဲ သူမ အသားယူခံခဲ့ရသည့် အဖြစ်အပျက် သူမခေါင်းထဲ ပြန်ပေါ်လာလေ၏။ ကျုရှင်းမှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်ထွက်နှင့် ရန်ကိုင်၏ မျက်နှာကို ကောက်ထိုးချလိုက်လေသည်။
သို့သော်ငြား ထိုသို့ထိုးလိုက်မိသည်ကို ချက်ချင်း နောင်တရသွားခဲ့လေသည်။ သူမ၏ အကြီးအကဲသည် သူမအား ရန်ကိုင်နှင့် ရင်းနှီးအောင်လုပ်၍ ကျွန်းဆီသို့ ခေါ်လာခဲ့ရန် အမိန့်ပေးထားခဲ့သည် မဟုတ်ပေလော။ သူမကိုယ်တိုင်သည်လည်း ရန်ကိုင်နှင့် ရင်းနှီးအောင် လုပ်လိုသည့်အတွက်ကြောင့် သူဆီသို့ ထပ်လာခဲ့ခြင်း မဟုတ်လေလော။ ဘာကြောင့်များ ရန်ကိုင်အား မြင်လိုက်သည်နှင့် လာရင်းကိစ္စကို မေ့သွားပြီး မဆင်မခြင် လုပ်လိုက်ရလေသနည်း။
လွန်လွန်ကျူးကျူး မဖြစ်သွားစေရန်အလို့ငှာ ကျုချင်းသည် သူမ၏ ခွန်အားကို ချက်ချင်း လျှော့ချလိုက်လေသည်။ သူမ၏လက်သီးကို လက်တစ်ဖက်မှ ဖမ်းကိုင်လိုက်၏။ ထို့နောက် သူမ၏ လက်ချောင်းလေးများကို အသာအယာ ပွတ်သပ်တော့လေသည်။
ထိုယားကျိကျိ ခံစားချက်ကြောင့် ကျုချင်း အလန့်တကြား ထအော်လျက် ရှက်ရှက်ဖြင့် ပြောလိုက်လေ၏ “ငါ့ကိုလွှတ်”
(အကြီးအကဲ အမိန့်ကြောင့်မို့လို့ပေါ့... မဟုတ်ရင် ဒီခွေးကောင်မျက်နှာကို သူ့အမေ မမှတ်မိလောက်အောင် ထိုးကြိတ်ပစ်လိုက်ပြီ၊ ငါ့နှယ်နော်...) သူမစိတ်ထဲ ထိုကဲ့သို့ ကြုံးဝါးနေရင်းမှ ကျုချင်းသည် ရန်ကိုင်ဆီသို့ နောက်ထပ်လက်သီးတစ်လုံး ထပ်မံ ပစ်သွင်းရန် လုပ်လိုက်လေသည်။
“ကောင်းပြီ၊ ကောင်းပြီ။ ငါနင့်ကို လွှတ်ပေးမယ်၊ ဟုတ်ပြီလား” ထိုသို့ပြောနေသည့်တိုင် ရန်ကိုင်သည် ကျုချင်း၏လက်ကို ချက်ချင်း မလွှတ်သေးဘဲ နည်းနည်းကြာအောင် ဆက်ပွတ်သပ်နေပြီးသည့်နောက်မှသာ လွှတ်ပေးလိုက်လေသည်။
ကျုချင်းမှာ ချက်ချင်းပဲ အလျင်စလို နောက်သို့ ခုန်ဆုတ်သွားခဲ့သည်။ သူမ၏ စနေနှစ်ခိုင်မှာလည်း လှိုင်းလုံးပမာ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်မှ ပွတ်သပ်သွားသော သူမလက်မှ အညစ်အကြေးများကို ဖယ်ပစ်ချင်နေသည့် အလား ကျန်လက်တစ်ဖြင့် ထိုလက်ကို ပွတ်ချလိုက်လေ၏။
ရန်ကိုင်၏ ဘေးနားတွင်ရပ်နေသည့် ယင်ဖေးမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ဇောချွေးပျံနေခဲ့သည်။ ကျုချင်း တိုက်ခိုက်လိုက်ချိန် အလျင်စလို ဝင်တားခါနီးပင် ဖြစ်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် ကျုချင်းမှာ သူမ၏ခွန်အားကို အချိန်မှီ ပြန်လျှော့ချလိုက်သည့်အတွက်ကြောင့် သူလည်း ရပ်ကြည့်နေလိုက်ခြင်း ဖြစ်သည်။ သို့ပင် ယင်ဖေးမှာတော့ ကျုချင်း၏ လုပ်ရပ်နှင့်ပက်သက်၍ နားမလည်နိုင် ဖြစ်သွားရလေသည်။
(သူဘာလုပ်ချင်နေတာလဲ)
(သခင်လေးရန် ကြိုက်သွားတာလား... မဟုတ်ရင် ဒီလောက် ဒေါသထွက်နေတာတောင် ဘာလို့ သခင်လေးရန်ကို မထိုးရက်ရတာလဲ။ ဒါပေမယ့် သူ့ပုံစံက သခင်လေးရန်ကို ကြိုက်နေတဲ့ပုံ လုံးဝ မပေါက်ဘူး။ သခင်လေးကို အသေအလဲ သတ်ပစ်ချင်နေတဲ့ ပုံတောင် ပေါက်နေသေးတယ်) ယင်ဖေး နားမလည်နိုင် ဖြစ်နေခဲ့သည်။
ရန်ကိုင်ကမူ ညစ်ကျယ်ကျယ် ရယ်မောနေခဲ့လေသည်။ တံဆိပ်ပြားကိုထုတ်၍ အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် တံခါးဘောင်ကိုမှီလျက် “ပြောစရာရှိရင် အထဲဝင်လာပြီးပြော”
ကျုချင်း ဘာကြောင့်ရောက်လာမှန်း မသိပါသော်ငြား အရေးကြီးသည့် ကိစ္စတစ်ခုခု မရှိဘဲ သူ့ဆီသို့ လာလိမ့်မည်တော့မဟုတ်၊ ကျုချင်းသည် ရန်ကိုင်အား အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်ချင်နေသည့်အကြည့်ဖြင့် တုတ်တုတ်မျှမလှုပ်ဘဲ မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။ ရန်ကိုင်ကမူ အပြုံးကြီးပြုံး၍သာ သူမအား ကြည့်နေ၏။
ရန်ကိုင်၏ လှောင်ပြုံးကိုကြည့်ရင်း ကျုချင်းမှာ ပို၍ ဒေါသထွက်လာခဲ့ရသည်။ ထို့နောက် အံကြိတ်၍ အခန်းထဲသို့ ဝင်သွားလေ၏။
“တကယ်ကို ရဲတာပဲ” ရန်ကိုင်က ပြုံးလိုက်သည်။ တစ်ဖက်လူသည် သူ့ဘာသာ သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာသဖြင့် ရန်ကိုင်မှ တစ်ခုခုလုပ်ပါက သူမအနေဖြင့် သူ့အား လာအပြစ်တင်မနေသင့်ပေ။
ထို့နောက်တွင် ရန်ကိုင်သည် အခန်းတံခါးကို ပိတ်ရင် လုပ်လိုက်လေသည်။
ယင်ဖေးကမူ သူလည်း အခန်းထဲသို့ ဝင်ချင်နေဟန်ဖြင့် အခန်းတံခါးကို လက်ဖြင့်တားလျက် ပြောလိုက်၏ “သခင်လေးရန်၊ ကျုပ်...”
“ထွက်သွား” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အခန်းတံခါးကို ပိတ်ချလိုက်သည်။
“သခင်လေးရန်၊ သခင်လေးရန်...” ယင်ဖေးမှာ အလွန်ကိုမှ စိုးရိမ်နေလေ၏ “တဏှာကြီးတာ ကောင်းတာမဟုတ်ဘူးနော် သခင်လေးရန်၊ အလှအောက်မှာ နစ်မြောသွားတာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲနော် သခင်လေးရန်”
သို့သော် မည်သည့်စကားမှ ပြန်ထွက်မလာခဲ့သဖြင့် ယင်ဖေးမှ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်နှယ် ဂနာမငြိမ် ဖြ်စနေတော့လေသည်။ အပြင်ဘက်မှ အသံဗလံများကြောင့် တုရှန်း သူ့အခန်းထဲမှ ခေါင်းပြူထွက်လာပြီး မေးလိုက်လေ၏ “ဆရာ၊ ဘာတွေဖြစ်နေတာလဲ”
“ဘာမှမဖြစ်ဘူး” ယင်ဖေးက ဒေါသတကြီးဖြင့် ပြန်ပြောလိုက်၏။ သူ့စိတ်ထဲ စိုးရိမ်နေပါသော်ငြား အထဲသို့တော့ ဝင်မသွားရဲခဲ့ပေ။
သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်အခါ၊ ရန်ကိုင်သည် ယခင်တစ်ကြိမ်က ကျုချင်းအား အညံ့ခံအောင် လုပ်နိုင်ခဲ့လေရာ ယခုတစ်ကြိမ်တွင်လည်း လုပ်နိုင်လောက်ပေသည်။ ထို့အပြင် ကျုချင်းသည် ဤနေရာသို့ သူတို့ ရောက်လာကတည်းက မည်သည့် သတ်ဖြတ်လိုစိတ်ကိုမှ ထုတ်လွှတ်ထားခြင်း မရှိသဖြင့် ယင်ဖေးလည်း စဉ်းစားရ အကြပ်တွေ့သွားတော့လေ၏။
အခန်းထဲသို့ ရောက်သည်နှင့် ရန်ကိုင်သည် ကျုချင်း၏ ခါးကို နောက်မှနေ၍ သိုင်းဖက်လျက် သူမ၏ ပခုံးပေါ် သူ့ခေါင်းကို တင်လိုက်သည်။ ထို့နောက် သူမ၏ လည်ဂုတ်သားလေးအား နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်းမှ တိုးတိုးလေး ပြောလိုက်လေ၏ “ချင်းအာ၊ ငါ့ကို ဒီလောက်တောင် လွမ်းနေတာလား”
ကျုချင်း၏ ခန္ဓာကိုယ်လေးမှာတော့ ရေခဲကန်ထဲသို့ ကျသွားသည့်အလား တောင့်တောင့်ကြီးကို ဖြစ်နေခဲ့လေသည်။ အခန်းထဲသို့ ရောက်ပြီး သူမတို့ နှစ်ဦးတည်း ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင် သူမအပေါ် ဤကဲ့သို့ အသားယူလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားသဖြင့် ကျုချင်းမှာ အလစ်အငိုက် မိသွားခဲ့ရလေသည်။ ထို့နောက် ဒေါမာန်တကြီးဖြင့် ထအော်လေ၏ “နင့်ရဲ့ လက်ညစ်ညစ်ပတ်ပတ်တွေကို ငါ့ပေါ်ကနေ ဖယ်လိုက်စမ်း”
ရန်ကိုင်ကမူ သူမပြောသည်ကို မသိချင်ယောင်ဆောင်လျက် သူမ၏ နားသီးလေးကိုသာ အသာအယာ ကိုက်ချလိုက်၏။ ကျုချင်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး ခေါင်းကို နောက်သို့ ဆောင့်တွန်းချလိုက်လေသည်။ ရန်ကိုင် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားကာ ကြယ်လများကို မြင်သွားရလေသည်။ ရွှေရောင်သွေးစီးကြောင်း နှစ်ကြောင်းသည်လည်း သူ့နှာခေါင်းမှ စီးကျလာခဲ့လေ၏။
ကျုချင်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် အခန်းထောင့်သို့ အမြန် ဆုတ်သွားလိုက်သည်။ ထို့နောက် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်၍ အံကြိတ်ကာ ပြောလိုက်လေသည် “ကိုယ့်ကိုယ်လည်း နည်းနည်း ထိန်းထိန်းသိမ်းသိမ်းနေဦး”
ရန်ကိုင်သည် နှာခေါင်းမှ စီးကျလာသော သွေးများကို သုတ်လိုက်သည်။ နာကျင်မှုကြောင့် ရုတ်တရက် လွတ်ချင်နေသလို ဖြစ်နေသော သူ့စိတ်၊ အနည်းငယ် တည်ငြိမ်သွားခဲ့ရသည်။ ထို့နောက် ကျုချင်းကိုကြည့်၍ ပြန်ပြောလိုက်လေသည် “နဂါးကလန်က လူတစ်ယောက်က ညို့ဓါတ်ကျင့်စဉ်ကို ကျင့်ကြံတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး”
ကျုချင်းက မျက်မှောင်ကြုတ်လျက် “နင်ဘာတွေ လာပြောနေတာလဲ။ ငါဘယ်တုန်းက ညို့ဓါတ်ကျင့်စဉ်ကို ကျင့်ကြံထားလို့လဲ”
ရန်ကိုင်က ပြန်၍ ပြောလေ၏ “နင်သာ ညို့ဓါတ်ကျင့်စဉ်ကို မကျင့်ကြံထားရင် ဒီသခင်လေး နင့်ကို မြင်တာနဲ့ ဘာလို့ အခုလိုဖြစ်ရမှာလဲ”
“အဲ့ဒါကတော့ နင့်ရဲ့ မွေးရာပါစရိုက်ကလို အဲ့လိုဖြစ်နေတာလေ။ ဘာတွေ ငါ့ကို လာအပြစ်တင်နေတာလဲ” ကျုချင်းက မျက်နှာကြီးမဲ့လျက် ပြန်ပြောလေ၏။
“မဟုတ်တုတ်ကတွေ လာမပြောနဲ့” ရန်ကိုင်က ပြန်၍ ချေပလေ၏ “ဒီသခင်လေးက လူကြီးလူကောင်းတစ်ယောက် မဟုတ်ပေမယ့် မိန်းမတစ်ယောက် ငါ့ပေါင်ပေါ်မှာ လာထိုင်နေမယ်ဆိုရင်တောင် တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့လူမျိုး။ ငါ့ဘဝမှာ တစ်ခါမှ အခုလိုမျိုး မဖြစ်ခဲ့ဖူးဘူး”
ထိုအခါ ကျုချင်းက ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေ၏ “နင်လုပ်ရပ်ကို ကြည့်ရုံနဲ့တင် နင်ဘယ်လောက် တဏှာထလဲ သိနေပြီ၊ မေးနေစရာတောင် မလိုဘူး”
ရန်ကိုင်သည် ကျုချင်းအား တခဏမျှကြာအောင် စိုက်ကြည့်နေပြီးနောက် သူ့လက်ကို ဝှေ့ရမ်းလျက် “ထားလိုက်တော့။ လူကြီးလူကောင်းတွေက မိန်းမတွေနဲ့ ပြိုင်မငြင်းဘူး”
ထို့နောက် အသက်ကိုပြင်းပြင်းရှူသွင်းလျက် ကျင့်စဉ်ကို လှည့်ပတ်ကာ ရုန်းကြွလာနေသော စိတ်ရိုင်းများကို ဖိနှိပ်လိုက်လေသည်။ ပြီးသည့်အခါမှသာ ကျုချင်းကိုကြည့်၍ မေးလိုက်လေ၏ “ကဲ၊ အခုငါ့ကိုပြောတော့၊ နင်ဘာလို့ ငါ့ကို လာရှာတာလဲ။ မြင်မြင်ချင်း ငါ့ကို ကြွေသွားတာကြောင့်လိုတော့ လာမပြောနဲ့နော်။ ဒီသခင်လေးက ခေါင်းရှောင်ပြေးတတ်တဲ့ လူတစ်ယောက် မဟုတ်ပေမယ့် နင်သာ ဆန္ဒမရှိရင် ငါနင့်ကို တွန်းအားပေးမှာမဟုတ်ဘူး”
ကျုချင်းက မျက်နှာကြီးမဲ့လျက် “နင့်ကိုယ်နင် အဲ့လောက်တောင် အထင်ကြီးနေတာလား”
ရန်ကိုင်က ပြန်၍ ပြောလိုက်၏ “အံမယ်၊ သူကပဲ ပြောရတယ်ရှိသေး။ ဟိုတစ်ခေါက်တုန်းက ဒီသခင်လေးကို အားပါးတရကြီး လာဖက်တဲ့လူက ဘယ်သူလဲ၊ ဖက်တာများ အားပါလိုက်တာ လက်သည်းတွေတောင် အသားထဲ ဖောက်ဝင်ကုန်တယ်။ အိုဟုတ်သားပဲ၊ နင်က နဂါးမယ်လေးတစ်ကောင်ကိုး...”
“နင့်ပါးစပ်ကို ပိတ်ထားစမ်း...” ကျုချင်းမှာ ရှက်ရှက်နှင့် ဒေါသထွက်လာတော့သည်။ ဒေါသထွက်ထွက်နှင့် ခြေကောင့်ဆောင့်လိုက်ရာ တည်းခိုခန်းတစ်ခုလုံး တသိမ့်သိမ့် လှုပ်ခါသွားခဲ့လေသည်။
ထိုအဖြစ်အပျက်သည် သူမဘဝ၌ ဖျောက်ဖျက်မရနိုင်သည့် အမည်းစက်ကြီး တစ်ခု ဖြစ်လေရာ ရန်ကိုင်သည် အနာပေါ် ဆားလာဖြူနေခဲ့လေသည်။
အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ကျုချင်းသည် သူမကိုယ်သူမ ပြောလိုက်လေ၏ (ဒေါသမထွက်နဲ့၊ ဒေါသမထွက်နဲ့၊ ရေရှည်ကိုတွေး၊ ငါ့ကလန်အတွက်၊ ငါစတေးရမယ် ဆိုရင်တောင် ကိစ္စမရှိဘူး၊ ဟုတ်ပြီ...)
တစ်ခဏကြာမှသာ ကျုချင်း စိတ်ငြိမ်သွားခဲ့ပြီး ရန်ကိုင်ကို ပြန်ကြည့်၍ “အခု ငါ့က နဂါးကလန်ကမှန်း သိသွားပြီပေါ့”
ရန်ကိုင်သည် ကျုချင်းအား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေခဲ့သည်။ သို့ပါသော်ငြား သူ့ရင်ထဲတွင်တော့ မုန်တိုင်းထန်နေခဲ့လေသည်။ အစောပိုင်းက ယင်ဖေးသည် ကျုချင်းသည် နဂါးကလန်မှ ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ထိုအရာမှ ယခုအချိန် မတိုင်ခင်အထိ ခန့်မှန်းချက် သက်သက်သာ ရှိပေသေးသည်။