← Chapters

အခန်း (၂၆၈၁)

Vol. 115 Ch. 2681

အခန်း (၂၆၈၁)

Vol. 115 Ch. 2681

ယခု ကျုချင်းကိုယ်တိုင် ဝန်ခံလာသည်ကိုကြားသော် သူ့စိတ်ထဲ ကြိုတင်ပြင်ဆင်ထားသည့်တိုင် ရန်ကိုင်စိတ်ထဲ ထိတ်လန့်မိသွားသေး၏။

နဂါးကလန်သည် သက်ရှိအားလုံး၏ အုပ်ချုပ်သူ ဖြစ်သည်။ ထိုစကားမှာ သူတို့ကိုယ်သူတို့ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောသည့်စကား ဖြစ်ပါသော်ငြား အမှန်တရားနှင့်တော့ သိပ်မကွာပေ။

ရှေးခေတ်အချိန်များတွင် နဂါးနှင့်ဖီးနစ်တို့သည် နတ်သားရဲများအနက် အားအကောင်းဆုံး ဖြစ်ကြသည်။ ယခု နတ်သားရဲအတော်များများ မျိုးတုန်ပျောက်ကွယ်သွားသည့် ခေတ်၌ပင် နဂါးကလန်သည် အရှေ့ဘက်နယ်မြေတွင် နေထိုင်နေပေသေးသည်။

ထိုအားကောင်းလှသည့် မျိုးနွယ်စုသည် သမိုင်းမတင်မီ ခေတ်ကာလမှအစပြု၍ ယနေ့ခေတ်ထိ ရှည်ညောင်းလှသော အချိန်ကာလာကို ဖြတ်သန်းတည်ရှိလာသည့် မျိုးနွယ်စု တစ်ခု ဖြစ်သည့်အတွက်ကြောင့် နဂါးကလန်သည် နာမည်သက်သက်သာလျှင် မဟုတ်၊ အမွေအနှစ်နှင့် စွမ်းအားကိုလည်း ကိုယ်စားပြုနေသည့် ကလန်တစ်ခု ဖြစ်သည်။

ရန်ကိုင်သည် ရွှေနဂါးအမြူကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ကျုချင်းနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့ခြင်း အနည်းငယ်မျှကိုပင် မခံစားရဘဲ သူမအပေါ် တပ်မက်လိုစိတ်များပင် ပိုဖြစ်လာရသည်။

ထိုတပ်မက်လိုစိတ်သည် သူ့ရှေ့တွင် ရှိနေသော နဂါးမလေးအား သူ့အောက် ငြိမ်ဝမ်သွားအောင် လုပ်ပစ်လိုသည့်စိတ်များ၊ ထိုနဂါးမလေးကို သူ့အပိုင် အမျိုးသမီး လုပ်ပစ်ချင်စိတ်များ သူ့စိတ်ထဲ ထွက်ပေါ်လာစေခဲ့လေ၏။

“နင်ဘယ်လိုသိတာလဲ” ကျုချင်းက ထပ်မေးလိုက်သည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်၏ “ဒီသခင်လေးက ရှေ့ဖြစ်ဟောတဲ့ နေရာမှာ ဆရာတစ်ဆူလေ။ တစ်ချက်ကြည့်ရုံနဲ့တင် ပြောနိုင်တယ်”

ကျုချင်း ရန်ကိုင်အား မျက်နှာကြီးမဲ့ကာ ကြည့်လိုက်သည်။ သူပြောသည့်စကားကို အရူးပင် ယုံလိမ့်မည်မဟုတ်လေရာ သူမကဲ့သို့ စဉ်းစားတတ်သည့် လူသာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။ သို့သော်ငြား ရန်ကိုင်နှင့် တိုက်ခိုက်နေစဉ်အတာအတွင်း သူမဘက်မှ သဲလွန်စများစွာကို ထုတ်ပြခဲ့သည့်အတွက်ကြောင့် သူမ မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို ရန်ကိုင်မှ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့သည်မှာ အထူးအဆန်း မဟုတ်ချေ။

“နင်သိလည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် နင်သိထားရင် နင်ပဲသိထားပြီး အခြားလူတွေကို လျှောက်မပြောတာကောင်းလိမ့်မယ်။ နဂါးကလန်သား တစ်ယောက် လူကြားထဲ ထွက်ပေါ်လာတဲ့အကြောင်း ပြန့်သွားရင် လူတွေ အထိတ်တလန့် ဖြစ်ကုန်နိုင်တယ်” ကျုချင်းက ရန်ကိုင်ကို ကြည့်ရင်းမှ ပြောလိုက်သည်။

နဂါးကလန်သည် အရှေ့ဘက်နယ်မြေထဲရှိ အရှေ့ပင်လယ်၌ရှိသည်ဟု ပြောကြပါသော်ငြား ထိုအရာများသည် ကောလာဟလများသာ ဖြစ်ကြလေရာ နဂါးမလေးတစ်ကောင်သာ လူကြားသူကြားထဲ ရုတ်တရက်ကြီး ပေါ်လာပါက လူအများ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။

“ကိစ္စမရှိဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည် “ငါက ပါးစပ်ဖွာတဲ့လူမဟုတ်ဘူး”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်သည် နှာထရုံမှလွဲ၍ ပြောရဆိုရလွယ်ကူသည့် လူကောင်းတစ်ဦး ဖြစ်သည်ဟု ကျုချင်း စဉ်းစားမိသွားလေသည်။

“ဒါပေမယ့် နင်ငါ့ကို ဘာပြန်ပေးမှာလဲ” ရန်ကိုင်သည် ကျုချင်း၏ လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကို အစုံအဆန် စိုက်ကြည့်ရင်းမှ ဆက်၍ မေးလိုက်၏။

ကျုချင်း၏ တွေးလက်စအတွေးတို့ ရပ်တန့်သွားခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်သည်ပင် အနည်းငယ် တုန်ရီနေခဲ့လေသည်။ နောက်ဆုံး မျက်လုံးကို ပိတ်ချလိုက်လေ၏။

(သူ့လိုလူတစ်ယောက်ကို လူကောင်းလို့ ထင်မိတာ ငါဘယ်လောက်တောင် ရူးမိုက်တာလဲ)

“ဒါဆို... နင်... ဘာ… လို... ချင်...လဲ” ကျုချင်း မျက်လုံးပြန်ဖွင့်လာခဲ့ပြီး ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်ရင်း အံကိုတင်းတင်းကြိတ်၍ တစ်ခွန်းချင်း မေးလိုက်သည်။

“နင်ဘာပေးနိုင်လဲဆိုတဲ့အပေါ်မှာ မူတည်မှာပေါ့” ရန်ကိုင်က သူ့လက်ပေါ် မေးထောက်ရင်းမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။

ယနေ့တွင် သူနှင့်ပက်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ရန်ကိုင် ခံစားနေခဲ့ရသည်။ ကျုချင်းနှင့် စတွေ့သည့်အချိန်မှစ၍ သူဖိနှိပ်ထားခဲ့ရသော စိတ်ဆန္ဒရိုင်းများမှာ ထိန်းမနိုင်သိမ်းမရ ရုန်းကြွလာခဲ့သည်။ ကျုချင်းနှင့် လမ်းခွဲသွားပြီးနောက်ပိုင်း ထိုခံစားချက်များမှာ ယာယီ ပျောက်ကွယ်သွားခဲ့ပါသော်ငြား ယခု ကျုချင်းနှင့် တစ်ခန်းထဲ အတူရှိနေပြီးနောက် ထိုခံစားချက်များမှာ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။ ဤနဂါးမလေးကို သွားရန်မစရန် သူ့မသိစိတ်က သတိပေးနေသည့်တိုင် ရန်ကိုင်စိတ်ထဲ မီးနှင့်သာ ဆော့ကစားချင်နေမိသည်။

ကျုချင်းသည် ရန်ကိုင်အား အချိန်အတော်ကြာသည်အထိ မမှိတ်မသုံ စိုက်ကြည့်နေပြီးနောက် ပြောလိုက်လေ၏ “မိတ်ဆွေ...”

“အန်” ရန်ကိုင် ကြောင်သွားခဲ့၏။

ကျုချင်းသည် သက်ပြင်းဖွဖွ တစ်ချက်ချလျက် ပြန်ပြောလိုက်၏ “ငါနင်နဲ့ မိတ်ဆွေ ဖြစ်ပေးနိုင်တယ်လို့ ပြောတာ”

ရန်ကိုင်သည် အာစေးမိထားသည့်အလား ကျုချင်းကိုသာ ကြောင်ကြည့်နေမိလေသည်။

ကျုချင်းသည် ရန်ကိုင်၏ အကြည့်ကို ရှောင်ဖွယ်သွားခြင်း မပြုဘဲ ရန်ကိုင်ကိုသာ ပြန်စိုက်ကြည့်နေခဲ့သည်။ သို့သော်ငြား အတော်ကြာလာပြီးသည့်တိုင် ရန်ကိုင် ဘာမှ ပြန်မပြောသည်ကိုမြင်သော် မေးလိုက်လေ၏ “ငါပြောတာကို နင်...”

“ဟားဟားဟားဟား...” ရန်ကိုင် ဝါးလုံးကွဲ ထရယ်တော့လေသည်။

ရန်ကိုင်၏ အော်ရယ်ပုံကြောင့် ကျုချင်း ဒေါသထွက်သွားခဲ့လေသည် “နင်ဘာရယ်နေတာလဲ”

ရန်ကိုင် အရယ်ရပ်သွားခဲ့ပြီး ကျုချင်းအား လှောင်ပြောင်ပြောဆိုလိုက်လေသည် “နဂါးကလန်ဆိုတဲ့အတိုင်း တကယ်ကို မောက်မာကြတာပဲ”

ကျုချင်းက ပြန်၍ လှောင်ပြောင်လိုက်လေ၏ “နင်တို့လူသားတွေလိုတော့ ကောက်ကျစ်ဥာဏ်မများဘူး”

ရန်ကိုင်သည် တစ်ချက်မျှ စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်၍ “နင်ပြောတာ အမှန်ပဲ။ လူသားတွေက တကယ် ကောက်ကျစ်ဥာဏ်များပေသည်။ အဲ့နေရာမှာတော့ လူသားတွေကို ဘယ်သူမှမမှီဘူး။ ငါနဲ့ မိတ်ဆွေဖြစ်ပေးမယ်လို့သာ ပြောနေတာ၊ မိတ်ဆွေဆိုတာ ဘာလဲဆိုတာကိုကော နင်သိလို့လား”

ကျုချင်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလေ၏ “သိစရာမလိုဘူး”

ရန်ကိုင်သည် ဖြည်းဖြည်းချင်း ခေါင်းခါလျက် သူမကိုကြည့်ကာ ခန့်မှန်းလိုက်၏ “နင့်မှာ မိတ်ဆွေမရှိဘူးမလား”

(နဂါးတစ်ကောင်က ဘာမိတ်ဆွေလိုမှာ မို့လို့လဲ) ကျုချင်းက စိတ်ထဲမှနေ၍ တွေးလိုက်၏။ သို့သော်ငြား ရန်ကိုင်မှ သူမအား ဂရုဏာသက်နေသည့် အကြည့်ဖြင့် ကြည့်နေသည်ကိုမြင်သော် သူမစိတ်ထဲ ညစ်တစ်တစ် ဖြစ်သွားရ၏။ လူသား တစ်ဦးသည် သူမအား မည်သို့များ ထိုကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်ရဲရလေသနည်း။ ထိုမျက်လုံးများကို ဖောက်ထုတ်ပစ်ချင်နေသည့်အလား သူမ၏ လက်ချောင်းများမှာ ရွစိရွစိ ဖြစ်နေခဲ့သည်။

(အကြီးအကဲရေ၊ အကြီးအကဲပေးတဲ့ တာဝန်က အရမ်းခက်လွန်းတယ်။ ချင်းအာ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး၊ ကလန်ကများ ငါ့ကို စမ်းသပ်နေတာလား)

“နင်ဘာလို့ ငါနဲ့ မိတ်ဆွေ ဖြစ်ချင်တာလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

(အကြီးအကဲအမိန့်နဲ့ ဘိုးဘေးနဂါးအမြူတေကြာင့်ပေါ့) ကျုချင်း သူမစိတ်ထဲမှနေ၍ ရေရွတ်လိုက်၏။ သို့သော် ထုတ်တော့ မပြောခဲ့ချေ “အကြောင်းပြချက် လိုတာပေါ့”

“ဘာလို့မလိုရမှာလဲ” ရန်ကိုင် အံ့အားသင့်နေသည်။

ကျုချင်းမှာ စိတ်မရှည်ဟန်ဖြင့် အံကြိတ်၍ ပြန်ပြောလိုက်လေသည် “နင်သဘောတူလား၊ မတူဘူးလား ဆိုတာပဲပြော”

နဂါးတစ်ကောင်နှင့်သာ မိတ်ဆွေဖွဲ့ရလျှင် အခြားသူများဆိုပါက ပျော်လွန်းသဖြင့် ထခုန်နေလောက်ပေပြီ။ သို့သော်ငြား ဤကောင်ကမူ သူမအား အခက် မတွေ့တွေ့အောင်ကို လုပ်နေခဲ့သည်။

“သဘောတူရင် ဘာဖြစ်မှာလဲ၊ သဘောမတူရင်ကော ဘာဖြစ်မှာလဲ” ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။ ထို့နောက် သူ့အမူအရာ ရုတ်တရက် ခက်ထန်သွားခဲ့ပြီး “မိတ်ဆွေဆိုတာ ဖြစ်ချင်တယ်လို့ ပြောလိုက်ရုံနဲ့ ဖြစ်လို့ရတဲ့အရာ မဟုတ်ဘူး”

ကျုချင်းသည် အခြားသူများနှင့် ထိတွေ့ဆက်ဆံလေ့မရှိဟု ရန်ကိုင် ခန့်မှန်းမိသွားခဲ့သည်။ သူနှင့်မိတ်ဆွေဖွဲ့လိုပြီး ‘နင်ငါနဲ့မိတ်ဆွေဖွဲ့ခွင့်ရတာ ကံကောင်းတယ်မှတ်’ ဟူသော မျက်နှာထားမျိုး လုပ်ပြသည့် လူမျိုးနှင့် ရန်ကိုင် တစ်ခါမှ မတွေ့ဖူးချေ။

“ဒါဆို ငါဘာလုပ်ရမှာလဲ” ကျုချင်းသည် မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်၏။

ရန်ကိုင်သည် ကျုချင်းကို ကြည့်နေရင်းမှ လက်ဝှေ့ရမ်း၍ အလျင်အမြန် ရှင်းပြလိုက်လေသည် “မိတ်ဆွေတွေဆိုတာ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီရတယ်။ တစ်ယောက် ဒုက္ခရောက်နေချိန်မှာ တစ်ယောက်က ဝင်ဖေးမပေးရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရိုးသားပွင့်လင်းပြီး ဝေဒနာတွေကိုအချင်းချင်း မျှဝေပေးရတယ်။ မိတ်ဆွေဆိုတာ...”

“လိုရင်းကိုပြော” ကျုချင်းက စိတ်မရှည်ဟန်ဖြင့် ဖြတ်ပြောလိုက်သည် “နင်နဲ့မိတ်ဆွေ မဖြစ်ခင် ငါ့ကို ဘာလုပ်စေချင်နေတာလဲ”

ရန်ကိုင်သည် သူမအား အပြုံးကြီးပြုံးကာ ကြည့်လျက် သူ့ဘေးရှိ ကုတင်းကို ပုတ်ရင်းမှ ပြောလိုက်၏ “ငါ့ကုတင်ကို နွေးအောင် လုပ်ပေးမယ့်လူ မရှိဘူးဆိုတော့ နင်ဒီတစ်ည ငါ့ကို အဖော်ပြုပေးမယ်ဆိုရင် ငါစဉ်းစားပေးမယ်”

“မဆိုင်တာတွေ မပြောနဲ့” ကျုချင်း ထအော်လေသည်။ ဤခွေးကောင်သည် အလွန်ကို နှာထလွန်းသည်။ အတူအိပ်သည့် ကိစ္စသည် မိတ်ဆွေများ လုပ်သည့် အရာမျိုး မဟုတ်ချေ။ ကျုချင်းတွင် မိတ်ဆွေ မရှိသေးသော်ငြား ထိုမျှလောက်ကိုတော့ သူမ နားလည်ပေသေးသည်။

ရန်ကိုင်ကမူ မတတ်နိုင်သည့်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။

“အဲ့ဒါဆို ငါသဘောမတူဘူး” ရန်ကိုင်က ပြန်ပြောလိုက်၏။

“နင်ဘာလိုချင်နေတာလဲ” ကျုချင်းသည် ဒေါသထွက်ထွက်နှင့် ထပ်မေးလေ၏။

ရန်ကိုင်သည် သူ့ရှေ့ရှိ စားပွဲခုံကို တစ်စစီဖြစ်အောင် ရိုက်ပစ်လိုက်ရင်းမှ ပြန်အော်မေးလိုက်လေသည် “ဒီသခင်လေးကလည်း နင့်ကို မေးချင်နေတာ။ နင်ဘာလိုချင်နေတာလဲ”

တကယ်ကို စိတ်ပျက်စရာကောင်းလှပေသည်။ သူ့ဘဝတွင် သူနှင့် မိတ်ဆွေဖြစ်ရန် တောင်းဆိုလာသည့် လူတစ်ဦးတစ်ယောက်နှင့်မှ တစ်ခါမှ မတွေ့ဖူးချေ။ မိတ်ဆွေ ဖြစ်ချင်သည်ဟု ပြောလိုက်ရုံဖြင့် မိတ်ဆွေ ဖြစ်နိုင်သည်လား။

ကျုချင်းက မျက်နှာသေဖြင့် ပြန်ပြောလေ၏ “ငါနင်နဲ့ မိတ်ဆွေပဲ ဖြစ်ချင်တာ”

ရန်ကိုင်သည် ဤမိန်းကလေး ရူးများ ရူးနေသလားအထင်ဖြင့် သေချာကြည့်လိုက်၏။ နောက်ဆုံးတွင် ပြန်၍ အော်ပြောလိုက်လေသည် “ကောင်းပြီလေ။ အနောက်ဘက်နယ်မြေမှာ ဓါးစံအိမ်ဆိုတဲ့ အင်အားစုတစ်ခုရှိတယ်။ အဲ့စံအိမ်က ချက်လုပ်တဲ့ ဓါးဝိုင်က ဒီလောကကြီးတစ်ခုလုံးမှာ အကောင်းဆုံးပဲ။ မဟာဧကရာဇ်တွေတောင် အဲ့ဓါးဝိုင်ကို အကျယ်တဝင့် ချီးကျူးကြတယ်။ နင်သာငါ့ကို အဲ့ဒါရအောင် ယူပေးမယ်ဆိုရင်...”

ကျုချင်း၏ မျက်လုံးများ တောက်ပသွားလေ၏ “နင်ငါနဲ့ မိတ်ဆွေလုပ်မယ်ပေါ့”

ရန်ကိုင်က သူ့မေးစေ့ကိုပွတ်လျက် “စဉ်းစားပေးမယ်”

“နင်...” ကျုချင်း ဒေါသပုန်ထသွားလေ၏ “နင်လွန်လွန်းနေပြီ”

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလေ၏ “နင်မကြိုက်ရင် ထွက်သွားလိုက်”

“ကောင်းပြီ။ ဘယ်သူမှ ငါ့ကို အခုလို မဆက်ဆံဖူးဘူး။ နင်ကျိန်းသေ နောင်တရမယ်” ကျုချင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ပြီးနောက် ထွက်သွားလေသည်။

ရန်ကိုင်က နောက်သို့ပြန်လှည့်၍ ပြုံးကာ ပြောလိုက်၏ “ချင်းအာ၊ အပြင်မှာ မှောင်နေပြီ။ ဘာလို့ တစ်ညလောက် အိပ်မသွားတာလဲ”

တံခါးနားသို့ရောက်နေသည့် ကျုချင်းမှာ တံခါးကို ဖွင့်တော့မည်အပြု၊ ရန်ကိုင်၏ စကားကိုကြားပြီးနောက် တံခါးတည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်ရာ တံခါးပေါ်၌ အပေါက်တစ်ပေါက် ဖြစ်လာပြီး သစ်သားစများ အဘက်ဘက်သို့ လွင့်စင်ထွက်ကုန်လေသည်။ ထို့နောက်တွင် ကျုချင်းသည် ရန်ကိုင်အား နောက်ဆုံး အကြိမ်အဖြစ် စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းသွားလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း အခန်းအပြင်ဘက်၌ ရှိနေသည့် ယင်ဖေးမှာတော့ ဇောချွေး ပျံနေခဲ့လေသည်။ ကျုချင်း ထွက်သွားပြီးသည့်နောက် အခန့်ထဲသို့ ချောင်းကြည့်လိုက်၏။ ရန်ကိုင် အကောင်းအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရသည့် အခါမှသာလျှင် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး မေးလိုက်လေ၏ “သခင်လေးရန်၊ သူဘာဖြစ်သွားတာလဲ”

“မသိဘူး” ရန်ကိုင်က ပျော်ရွှင်စွာ ရယ်မောရင်းမှ ပြန်ပြောလိုက်သည်။

ယခုတစ်ကြိမ် ပြီးသွားသည့်နောက် ကျုချင်း သူ့အား နောက်တစ်ကြိမ် ထပ်လာပြဿနာ မရှာလောက်တော့ချေ။

နဂါးမလေး သူ့အား တွယ်ကပ်နေပြီး သူနှင့် မိတ်ဆွေဖြစ်ချင်သည်မှာ ကောင်းသည့်ကိစ္စ ဖြစ်ပါသော်ငြား ရန်ကိုင်သည် သူမနှင့်အတူ ရှိနေစဉ်အတောအတွင် သူ၏ ရမ္မက်ကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ပေ။ သူမနားတွင်သာ နေပါက တစ်ချိန်ချိန်တွင် သူ့စိတ်ရိုင်းများကို မထိန်းချုပ်နိုင်တော့ဘဲ သူမအပေါ်သို့ ခုန်အုပ်မိပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ နဂါးကလန်တစ်ခုလုံးကို ရန်စမိလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ကျုချင်းသည် အန္တရာယ်များသည့်ပုံ မပေါက်သော်ငြား သူမ၏ တည်ရှိမှုသည် သူ့အတွက် အလွန်ကိုမှ အန္တရာယ်များလွန်းလှပေသည်။

ရန်ကိုင်ကိုယ်တိုင်မှာလည်း ဇဝေဇဝါ ဖြစ်နေရသည်။ ကျုချင်းသည် မည်သည့် ညို့ဓါတ်ကျင့်စဉ်ကိုမှ မကျင့်ကြံထားသလို သူ့စိတ်ဆန္ဒများကို မထိန်းချုပ်နိုင်တော့လောက်အောင် ဖြစ်သွားစေသည်အထိ လှပသူတစ်ဦးလည်း မဟုတ်လေရာ သူမ၏ ကိုယ်သင်းရနံ့လေးကိုရလိုက်တိုင်း သူ့ကိုယ်သူ ဘာကြောင့်များ မထိန်းချုပ်နိုင်ရတော့သနည်း။

“ဒါ၊ ဒါက...” ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦး အပေါ်သို့ ပြေးတက်လာခဲ့ပြီး ရန်ကိုင်၏ ပျက်စီးနေသော တံခါးပေါက်ကို မြင်ပြီးနောက် အထိတ်တလန့် ဖြစ်သွားလေ၏။

အခန်းတိုင်းကို အားကောင်းလှသည့် အစီအရင်ဖြင့် အားဖြည့်ပေးထားလေရာ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် ထိုအစီအရင်များကို အလွယ်တကူ မဖျက်စီးနိုင်ချေ။ ထိုသို့ဖြစ်လေရာ မည်သို့သော မွန်းစတားကောင်ကများ တံခါးတစ်ခုလုံးကို ရစရာမရှိအောင် ဖျက်စီးသွားလေသနည်း။

“ခင်ဗျား ဘယ်သူလဲ” ယင်ဖေးသည် ထိုလူကိုကြည့်၍ မေးလိုက်၏။

ထိုလူမှာတော့ ယင်ဖေး မည်သူလဲဆိုသည်ကို သိထားသည့်အလား တလေးတစား ဦးညွှတ်၍ ပြန်ပြောလိုက်၏ “ကျုပ်က ဒီတည်းခိုခန်းပိုင်ရှင်ပါဆရာ၊ အခု ဒီမှာ …”

“မမေးသင့်တာတွေ လာမမေးနဲ့” ယင်ဖေးသည် အရင်းအမြစ်ကျောက်အချို့ ထုတ်ပေးလိုက်ပြီးနောက် ပြောလိုက်လေ၏ “ဒီမှာလျော်ကြေး၊ ကျုပ်သခင်လေးအတွက် အခန်းသစ်တစ်ခန်း ပြင်ပေး”

“ဟုတ်ကဲ့၊ဟုတ်ကဲ့” ဆိုင်ပိုင်ရှင် အမြန် ခေါင်းညိတ်လိုက်လေ၏။ အခြားတစ်ယောက်သာ လာပြဿနာ ရှာလျှင်တော့ သူ့အနေဖြင့် အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ သူသည် ဆိုင်ပိုင်ရှင်တစ်ဦးသာ ဖြစ်ပါသော်ငြား ဤတည်းခိုခန်းသည် အရိပ်ဓါးပျံဂိုဏ်း၏ အပိုင် ဖြစ်သည် မဟုတ်ပေလော။

သို့သော်ငြား ယင်ဖေးမှာ အားကောင်းလှသည့် မွန်းစတားဘုရင်တစ်ပါး ဖြစ်လေရာ အရိပ်ဓါးပျံဂိုဏ်းသည် သူ့အတွက် ဘာဆိုဘာမှ မဟုတ်တော့ပေ။

ထို့အတွက်ကြောင့် ဆိုင်ပိုင်ရှင်မှာ တစ်ခွန်းပင် အထွန့်တက်မနေဘဲ ပြောသည့်အတိုင်း ရန်ကိုင်အတွက် အခန်းသစ်တစ်ခန်း အမြန် ပြင်ပေးလိုက်လေသည်။

All Chapters