အခန်း (၂၆၈၂)
Vol. 115 Ch. 2682
နောက်တစ်နေ့မနက်... ရန်ကိုင် တင်ပျဉ်ခွေထိုင် ကျင့်ကြံနေစဉ် တံခါးခေါက်သံကို ကြားလိုက်ရ၏။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ရီကျင်းဟန်နှင့် တုရှန်းတို့ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင် အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး ထိုနှစ်ယောက်ကိုကြည့်ကာ မေးလိုက်၏ “ဘာဖြစ်လို့လဲ”
ရီကျင်းဟန်က ကတုန်ကရင်လေသံဖြင့် ပြန်ပြောလိုက်သည် “သခင်လေးရန်၊ အရိပ်ဓါးပျံဂိုဏ်းက ကျွန်မအဖေကို ပြန်ပို့လိုက်တယ်။ သူအခု တည်းခိုခန်းအပြင်မှာ ရှိနေတယ်”
“ဂိုဏ်းချုပ်ရီလား” ရန်ကိုင် က ခေါင်းညိတ်လျက် “ကြည့်ရတာ သူဘာလုပ်သင့်လဲ ဆိုတာကို လီချင်းယွင် သိတယ်နဲ့တူတယ်။ သူက ပြန်ပို့ပေးတယ်ဆိုမှတော့ ငါတို့က လက်ခံထားရတာပေါ့”
“ဆရာကို လီချင်းယွင်ကိုယ်တိုင် ပြန်လာပို့ပေးတာ” တုရှန်းက ရှက်ရှက်ဖြင့် ပြောလိုက်သည်။
လီချွင်းယွမ်သည် ပထမအဆင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေသည့်အတွက် တာအိုသခင်အဆင့်သာ ရှိသေးသော ရီကျင်းဟန်နှင့်တုရှန်းတို့မှာ သူနှင့် မျက်နှာချင်းဆိုင် စကားပြောဖို့ရာ သိပ်၍ အဆင်မပြေလှချေ။ ထို့အပြင် အရိပ်ဓါးပျံဂိုဏ်း ဘာကြံနေလဲ ဆိုသည်ကို မသိကြသဖြင့် ရန်ကိုင်၏ အကူအညီကိုသာ လာတောင်းရတော့လေသည်။
တုရှန်းပြောသည်ကို ကြားသည့်အခါ ရန်ကိုင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လျက် “ကောင်းပြီလေ။ အဲ့ဒါဆို ကျုပ်ခင်ဗျားတို့နဲ့ လိုက်ခဲ့ပေးမယ်”
“ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းရန်” တုရှန်းက ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုလိုက်လေ၏။
“ဘာမှမဖြစ်ပါဘူး” ရန်ကိုင်က ပြုံးလိုက်၏။ သို့သော် သူ့စိတ်ထဲတွင်တော့ ကြိတ်၍ သက်ပြင်းချနေခဲ့လေသည်။ သူ့အထင်သာမှန်လျှင် ယခုတစ်ကြိမ် ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးခံရခြင်းသည် သူနှင့် ပက်သက်နေပေလိမ့်မည်။
ရန်ကိုင်တို့သုံးဦး အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။ ယင်ဖေးသည် ဘယ်ကမှန်းမသိ ပေါ်လာပြီး ရန်ကိုင်တို့နောက်သို့ လိုက်လာခဲ့၏။
တည်းခိုခန်း အပြင်ဘက်သို့ ရောက်လာသည့်အခါ လီချွင်းယွင် အပြင်ဘက်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူ့ရှေ့တွင်တော့ ရီဟန် ရှိနေခဲ့သည်။ ရီဟန် ပုံစံမှာ အနည်းငယ် ညိုးညိုးမှိုင်မှိုင် ဖြစ်နေသည်မှလွဲ၍ နှိပ်စက်ခံထားရသည့်ပုံမပေါ်ချေ။ သူ့ဂိုဏ်း ဖျက်စီးခံလိုက်ရပြီး ဂိုဏ်းသားများစွာ သေဆုံးသွားခဲ့ရသည့်အတွက်ကြောင့် စိတ်ဓါတ်ကျနေသည့်ပုံပင်။
“အဖေ”
“ဆရာ” ရီဟန်ကို မြင်သည့်အခါ ရီကျင်းဟန်နှင့် တုရှန်းတို့ နှစ်ဦးစလုံး ပြိုင်တူ လှမ်းအော်ခေါ်လိုက်ကြသည်။ ရီဟန်က ခေါင်းမော့လျက် မဲ့ပြုံးပြုံးပြလိုက်သည်။
နှစ်ပေါင်းသောင်းနှင့်ချီကြာအောင် တည်တံ့လာခဲ့သည့် ရွက်တစ်ထောင်ဂိုဏ်းသည် သူ့လက်ထက်ရောက်မှ ဖျက်စီးခံခဲ့ရသည်။ ကိုယ့်တာဝန် ကိုယ်မကျေပွန်ခဲ့သည့် သူ့ကိုယ်သူ အမှန်တကယ်ကို ရှက်မိပေသည်။ သို့သော်ငြား သူ့သမီးနှင့် သူ၏ အကြီးဆုံး တပည့်အား ပြန်မြင်လိုက်ရသည့်အခါ ညိုးမှိုင်နေသော သူ့စိတ်မှာ အနည်းငယ် ပြန်လည် ဝင်းပလာရတော့သည်။
လီချင်းယွင်ကမူ ဘာမှမပြောဘဲ ရန်ကိုင်ကိုသာ လက်သီးဆုပ်ပြလိုက်ပြီးနောက် နောက်သို့ တစ်ချက်ပြန် မကြည့်ဘဲ လှည့်ထွက်သွားလေသည်။ သူလိုက်လာသည်မှာ ရီဟန်ကို ပြန်ပို့ပေးရန်အတွက်သက်သက် ဖြစ်သည့်ပုံပင်။
ယခုကိစ္စတစ်ခုလုံးကို နောက်ကွယ်မှ ကြိုးဆွဲနေသည့်လူသည် သူလိုချင်သည့်အရာကို ရပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရီဟန်ကို အလိုမရှိတော့ချေ။ ထို့ကြောင့်ပင်လျှင် အရိပ်ဓါးပျံဂိုဏ်း၏ ဖမ်းဆီးသွားခြင်း ခံရသည့်တိုင် ရီဟန် အသက်ရှင်နေခြင်းပင်။
“အဖေ” ရီကျင်းဟန်သည် ရီဟန်ဆီသို့ ပြေးသွားပြီး သူမအဖေ၏ အခြေအနေကို သေချာ စစ်ဆေးကြည့်သည်။ ရီဟန် ကောင်းကောင်းမွန်မွန် ရှိနေကြောင်း အတည်ပြုပြီးသည့် အခါမှသာ သက်ပြင်းချလိုက်နိုင်လေသည်။
“ဂိုဏ်းချုပ်ရီ” ရန်ကိုင်က သွားရောက်နှုတ်ဆက်လိုက်သည်။
“သခင်လေးရန်” ရီဟန်နှင့် ရန်ကိုင်တို့မှာ အသိအကျွမ်းများ ဖြစ်ကြသည်။ ယခု သူ့သမီး၊ သူ၏အကြီးဆုံးတပည့်နှင့် ရန်ကိုင်ကို အတူတကွ မြင်လိုက်ရသော် သူပြန်လွတ်လာရခြင်းမှာ ရန်ကိုင်ကြောင့်မှန်း ရီဟန် ချက်ချင်း စဉ်းစားမိသွဦးလေ၏။
“အထဲမှာပြောကြရအောင်” ရန်ကိုင်က ပြောလိုက်သည်။
ရီဟန် ခေါင်းညိတ်လိုက်ပြီး ရီကျင်းဟန်၊ တုရှန်းတို့၏ အကူအညီနှင့်အတူ တည်းခိုခန်းထဲသို့ တစ်လှမ်းချင်းတစ်လှမ်း ဝင်သွားလေ၏။
အခန်းထဲသို့ ဝင်လာပြီးနောက်တွင် ရန်ကိုင်သည် စားသောက်ပွဲတစ်ခု ပြင်ဆင်လျက် စကားတပြောပြောနှင့် စားသောက်ကြလေသည်။
ရီကျင်းဟန်မှာ ရီဟန်အား အဖမ်းခံရပြီးသည့်နောက်ပိုင်း မည်ကဲ့သို့ ဆက်ဖြစ်သလဲ မေးမြန်းလေ၏။ ရီဟန်ကမူ သူသည် အဖမ်းသာ ခံထားရပြီး မည်သည့် နှိပ်စက်မှုမှ မခံစားခဲ့ရကြောင်း ပြန်ပြောလေသည်။ ထိုစကားကိုကြားပြီးနောက် အရိပ်ဓါးပျံဂိုဏ်းအပေါ် ရီကျင်းဟန်၏ မုန်းတီမှုမှာ အတော်လေး လျော့ကျသွားခဲ့၏။
သို့သော်ငြား ယခုအဖြစ်အပျက်ကြောင့် ရီဟန်မှာ အတော်လေးကိုမှ အိုစားကျသွားခဲ့သည်။ အတော်လေးကိုမှ စိတ်ဓါတ်ကျနေသည့်အလား အရက်များကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေခဲ့လေသည်။
သူတာအိုသခင်တတိယအဆင့်၌ တစ်နေခဲ့သည်မှာ အတော်ကြာနေလေပြီ။ ကံကောင်းထောက်မစွာြဖင့် ရန်ကိုင်မှ ဧကရာဇ်တောင်ကြားနှင့် ဆက်သွယ်ပေးထားသည့် ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးပြီးသည့်နောက်ပိုင်း ဧကရာဇ်အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အရေးကို ရခဲ့သည်။ သို့သော်ငြား သူ့ရည်ရွယ်ချက်များကို အကောင်အထည် မဖော်ရသေးခင်မှာပင် သူ့ဂိုဏ်းသည် အားကောင်းသော ရန်သူများကြောင့် ဖျက်စီးခံခဲ့ရ၏။
ကံကြမ္မာဆိုသည်မှာ တကယ်ကို ခန့်မှန်းရခက်လှသည် ဆိုသည်မှာ မှန်လှလေတကား။
ထိုအဖြစ်အပျက်များနှင့် ကြံရပြီးသည့်နောက်ပိုင်း ရီဟန်မှာ သူ့အနေဖြင့် ဧကရာဇ်အဆင့်သို့ ရောက်များ ရောက်နိုင်ပါ့မလား ဆိုသည်ကိုပင် မသေချာတော့ချေ။
ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ရီ၊ ဒီတစ်ကြိမ် ရွက်တစ်ထောင်ဂိုဏ်း ဖျက်စီးခံရတာ ကျုပ်နဲ့ ပက်သက်နေလောက်တယ်”
ရန်ကိုင်များ နားလည်မှုလွဲသွားလေသလားဟု အထင်ရောက်လျက် ရီဟန် ပျာယာခတ်သွားခဲ့သည်။ တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရီဟန်က မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်သည် “ဒီကိစ္စက သခင်လေးရန်နဲ့ မဆိုင်ဘူး။ စီနီယာဟွာနဲ့ပဲ ဆိုင်တာ”
ရန်ကိုင်က ခေါင်းခါလိုက်၏ “စီနီယာဟွာက အပေါ်ယံပဲ။ သူတို့ရဲ့ တကယ့်ပစ်မှတ်က ချီယွဲ့၊ အိုင်းအောင်နဲ့ ကျုပ်ရဲ့ အခြားစီနီယာတွေပဲ”
ရီဟန် အံ့အားသင့်သွားလေ၏ “သခင်လေးရန် ဘာလို့ အဲ့လိုပြောတာလဲ”
ရီဟန်နှင့် တုရှန်းတို့လည်း ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်နေကြသည်။
ရန်ကိုင်သည် သူ့အတွေးများကို စုစည်းလိုက်ပြီးနောက် ဆက်ပြောလိုက်လေ၏ “အကြောင်းအရင်းအမှန်ကိုတော့ မသိသေးဘူး။ ကျုပ်ခန့်မှန်းချက်သက်သက်ပဲ။ အခုကိစ္စက ကျုပ်ကို ပစ်မှတ်ထားနေတာလို့ထင်တယ်။ ရွက်တစ်ထောင်ဂိုဏ်းက ပြဿနာထဲ အဆစ်ပါသွားတာ။ သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်က ကျုပ်ကို အရိပ်ဓါးပျံမြို့ဆီ ရောက်လာအောင်လုပ်ဖို့ပဲ”
ရီဟန် မှင်တက်သွားခဲ့လေသည်။ ရန်ကိုင် ပြောသလိုသာဆိုလျှင်တော့ ရွက်တစ်ထောင်ဂိုဏ်းမှာ အမှန်တကယ်ကို ကံမကောင်းသည့်ပုံပင်။
“ကျုပ်ကို ခွင့်လွှတ်ပေးပါ” ရန်ကိုင်က ရီဟန်အား တောင်းပန်လိုက်လေသည်။
ရီဟန်က မဲ့ရယ်ရယ်လျက် “သခင်လေးရန် အခုလိုတွေ လုပ်နေစရာမလိုပါဘူး။ ကျုပ်တို့ ရွက်တစ်ထောင်ဂိုဏ်း အခုလိုဖြစ်ရတယ်ဆိုတာ ကံကြမ္မာအလိုကျမို့လို့ပဲ။ သခင်လေးရန် ကျုပ်တို့ကို ကူညီပေးခဲ့တာကို ဒီရီလုံးဝ မေ့မှာမဟုတ်ဘူး။ ဒီကိစ္စက သခင်လေးရန်ကြောင့် ဖြစ်ရတယ်ဆိုရင်တောင် သခင်လေးရန်ကို ဒီရီ ပြစ်တင်စကား တစ်ခွန်းတောင် ပြောမှာမဟုတ်ဘူး။ အပြစ်တင်မယ့်တင် ရန်သူတွေကို ရင်မဆိုင်နိုင်တဲ့ အားနည်းလွန်းတဲ့ ရွက်တစ်ထောင်ဂိုဏ်းကိုပဲ အပြစ်တင်ရမှာ”
ရန်ကိုင်က ဆက်ပြောလိုက်သည် “ဂိုဏ်းချုပ်ရီ စိတ်မပူနဲ့။ ဒီကိစ္စကို ကြိုးကိုင်နေတာ ဘယ်သူဖြစ်ဖြစ်၊ ရွက်တစ်ထောင်ဂိုဏ်းအတွက် တရားမျှတမှုရအောင် ကျုပ်ကျိန်းသေ ပြန်ကူညီပေးမယ်”
ရီဟန်က ယဲ့ယဲ့လေးပြုံးလျက် “သခင်လေးရန်ရဲ့ စကားကိုတော့ ဒီရီ ယုံပါတယ်။ ဒါပေမယ့်... ရန်သူက အမှောင်ထဲမှာ ပုန်းနေတာနော် သခင်လေးရန်၊ သခင်လေးရန် ကိုယ့်ကိုယ်ကို ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလား”
ရီကျင်းဟန်သည် ယင်ဖေးကိုကြည့်ရင်း ရီဟန်အား တိုးတိုးလေး ပြောလိုက်လေ၏။
ရီကျင်းဟန် ပြောသည့်စကားကို ကြားပြီးသည့်နောက် ရီဟန်သည် အံ့အားသင့်နေသည့် အမူအရာဖြင့် ယင်ဖေးဘက်သို့လှည့်၍ ပြောလိုက်၏ “ဒီတော့ ဆရာက မွန်းစတားဘုရင်ပေါ့။ မလေးစားသလို ဖြစ်သွားခဲ့ရင် ဒီရီ တောင်းပန်ပါတယ်”
ရီကျင်းဟန် ပြောသည်ကိုကြားလိုက်ချိန် ရီဟန် ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်။ ရန်ကိုင်နှင့် မွန်းစတားဘုရင်တို့သာ အတူပူးပေါင်းမည်ဆိုလျှင် သူတို့ စိတ်ပူနေစရာ ဘာမှမရှိတော့ချေ။ ယင်ဖေးက ပြုံး၍သာ လက်ဝှေ့ရမ်းပြလိုက်၏။
ရန်ကိုင်က ပြောလိုက်သည် “လေလံပွဲကျရင် အားလုံး အဖြေပေါ်လာလိမ့်မယ်။ အဲ့အချိန်ကျရင် နောက်ကွယ်ကလူလည်း သူ့အစွယ်တွေကို ထုတ်ပြလာလိမ့်မယ်။ အဲ့ကျတော့မှ ကျုပ်သူ့ကိုသတ်မယ်”
ရီဟန်က ခါးကိုမတ်၍ အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “သခင်လေးရန်၊ ကျေးဇူးပြုပြီး ကျုပ်ဦးညွှတ်တာကို လက်ခံပေးပါ”
ရွက်တစ်ထောင်ဂိုဏ်းတွင် သူတို့ဘာသာ ပြန်လက်စားချေနိုင်သည့် အရည်အချင်းမရှိချေ။ ရန်ကိုင်သာ ရွက်တစ်ထောင်ဂိုဏ်းအတွက် လက်စားချေပေးမည်ဆိုပါက သူတို့၏ ကျေးဇူးရှင် ဖြစ်သွားပေပြီ။
ရန်ကိုင်က ခေါင်းခါလျက် ရီဟန်အား လက်ဖြင့် ထူမပေးရင်းမှ ပြောလိုက်၏ “ဂိုဏ်းချုပ်ရီ အခုလိုတွေ လုပ်နေစရာမလိုဘူး။ ဒီအချိန်ရောက်မှတော့ ကျုပ်လည်း ဘာမှ မပြောနိုင်တော့ဘူး။ အခုကြည့်ဖို့လိုတာက ဘယ်သူပိုအားကောင်းလဲ ဆိုတာပဲ”
ထို့နောက် တစ်ခဏကြာသည်အထိ ရန်ကိုင်တို့ ဆက်၍ သောက်စားနေခဲ့ပြီး နောက်မှသာ ရန်ကိုင်သည် နှုတ်ဆက်စကားဆို၍ သူ့အခန်းသို့ ပြန်လာခဲ့၏။ နောက်လဝက်အတွင်း အကုန်လုံးမှာ အေးချမ်းနေခဲ့လေသည်။
သူထင်ထားသည့်အတိုင်း ကျုချင်းမှာ လောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားသည့် အလား သူ့အား လုံးဝ လာမနှောင့်ယှတ်တော့ချေ။
ထိုအမျိုးသမီးသည် အတော်လေးကိုမှ လှပသလို သူမနှင့် ပျော်မွေ့ရမည်မှာ အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းပါသော်ငြား သူမသည် နဂါးတစ်ကော်ငဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် ရန်ကိုင်သည် သူမနှင့် မပက်သက်ချင်ချေ။
ထိုအချိန်အတောအတွင်း ကောင်းကင်အဆင့်ရုပ်သေးရုပ်များ သတင်းကြောင့် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ရွက်တစ်ထောင်ဂိုဏ်းသို့ ရောက်လာကြ၏။ အိုင်အောင်၏ ကြယ်အမြူတေမှာလည်း လူအတော်များများအတွက် စိတ်ဝင်စားစရာ ဖြစ်လေသည်။
ရန်ကိုင်သည် အရိပ်ဓါးပျံမြို့ကို ကြိမ်ဖန်များစွာ စစ်ဆေးခဲ့ပါသော်ငြား ချီယွဲ့၊ အိုင်းအောင်နှင့် အခြားသူများ၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့သဖြင့် ထိုနည်းလမ်းကို လက်လျှော့ရုံသာ တတ်နိုင်ခဲ့လေသည်။
သို့သော်ငြား ရန်သူမှာ ရန်ကိုင်အား အခွင့်အရေးမပေးလိုသည်မှာ သိသာလှသည်။ လေလံပွဲမစခင်အထိ သူ့ရန်သူသာ ဓါးစားခံများကို ထုတ်ပြလာမည့်ပုံမပေါ်။
ယနေ့တွင် အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သော အရိပ်ဓါးပျံမြို့မှာ စတင်၍ စည်ကားသက်ဝင်လာခဲ့သည်။ အထူးသဖြင့် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖြွ့အစည်း၏ ဝင်ပေါက်တွင် လူများဖြင့် ပြည့်ကြပ်နေခဲ့လေသည်။
တောင်ဘက်နယ်မြေ၏ ထိပ်တန်း စီးပွားရေးအဖွဲ့အစည်းနှစ်ခုအနက် တစ်ခု ဖြစ်သည်နှင့်အညီ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းသည် အရိပ်ဓါးပျံမြို့ထဲ လေလံစံအိမ်တစ်ခု ဖွင့်လှစ်ထားခဲ့လေသည်။
ဧကရာဇ်အဆင့်ပညာရှင်များသည် ဖိတ်စာရက်အတိုင်း လေလံပွဲသို့ တက်ရောက်လာကြ၏။
စံအိမ်၏ ရှေ့ပေါက်တွင် တန်းစီရပ်စောင့်ဆိုင်းနေသည့် မိန်းကလေးအတန်း နှစ်တန်းရှိနေခဲ့သည်။ ဧည့်သည်တစ်ဦး ရောက်လာသည်နှင့် ထိုမိန်းကလေးများမှာ ချိုသာစွာပြုံးလျက် ဆီးကြိုနှုတ်ဆက်ကြပြီး လေလံစံအိမ်ထဲသို့ ခေါ်ဆောင်ပေးသွားကြလေသည်။ ထိုမိန်းကလေးများမှာ ပန်းလေးများသဖွယ် လှပလှပြီး ဝတ်ထားသည့် အဝတ်အစားနှင့် အလွန်ကိုမှ ပနံ့သင့်နေခဲ့သည်။
အရိပ်ဓါးပျံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော လီချင်းယွင်သည် လေလံစံအိမ်၏ အပြင်ဘက်တွင် ရပ်နေခဲ့သည်။ ဓါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်လုံးပိတ်ကာ ရပ်နေသည့် သူ့ပုံစံမှာ ကျောက်ရုပ်ကြီးတစ်ခုနှယ် ဖြစ်နေ၏။ သူ့ပုံစံမှာ သာမန်လူတစ်ဦးပုံစံ ပေါက်နေသော်ငြား သိသူများကတော့ သူသည် ရန်စလို့ကောင်းသည့် လူတစ်ဦးမဟုတ်မှန်း သိကြလေသည်။ လက်ရှိအချိန်တွင် လီချင်းယွင်သည် ဓါးအိမ်ထဲမှ မထုတ်ရသေးသည့် ဓါးတစ်ချောင်းပမာ၊ ထိုဓါးကိုသာ ဆွဲထုတ်လိုက်ပါက လောကကြီး တစ်ခုလုံး သူ၏ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားပေလိမ့်မည်။
ရုတ်တရက် လီချင်းယွင် မျက်လုံးဖွင့်လာခဲ့ပြီး ရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။ သူ့မျက်လုံးထဲ ကြောက်ရွံ့သည့်၊ ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေသည်။
သူကြည့်နေသည့်နေရာတွင် လူငါးယောက်အဖွဲ့သည် ဤနေရာတစ်ခုလုံးအား သူတို့ ပိုင်သည့် ပုံစံမျိုးဖြင့် လူအုပ်ကြီးကို တိုးလျက် လျှောက်လာနေကြသည်။ အတိုးခံရသည့် လူများမှာ ထိုလူအုပ်အား မကျေမနပ်ဖြင့် ကြည့်လိုက်ကြပါသော်ငြား မည်သူမှန်း သိလိုက်သည့်နောက် အကုန်လုံးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ချက်ချင်း ဘေးသို့ ရှောင်ပေးလိုက်ကြလေသည်။
ထိုငါးယောက်အဖွဲ့ကို လူငယ်လေးတစ်ဦးမှ ဦးဆောင်လာခဲ့သည်။ ထိုလူအုပ်ထဲ စုံတွဲတစ်တွဲ၊ အဖိုကြီးနှင့် သက်လတ်ပိုင်းလူကြီးတစ်ဦးလည်း ပါပေသေးသည်။
ထိုလူအုပ်မှာ ရန်ကိုင်တို့အဖွဲ့သာ ဖြစ်လေသည်။
လေလံစံအိမ် ဝင်ပေါက်သို့ ရောက်လာသည့်အခါ ရန်ကိုင်သည် လီချင်းယွင်အား ပြုံးကြည့်လျက် “ဂိုဏ်းချုပ်ကိုယ်တိုင် ဧည့်သည်တွေကို ကြိုဆိုနေတာလား”
လီချင်းယွင်မျက်နှာထက်ရှိ ကူကယ်ရာမဲ့မှုတို့မှာ အထင်းသားပင်။
“ဟားဟားဟား၊ သခင်လေးရန်ပါလား။ သခင်လေးရန်တို့ ရောက်လာတာ ကျုပ်အတွက် တကယ်ကို ဂုဏ်ရှိစရာပါပဲ။ ကျေးဇူးပြုပြီး အထဲကို ကြွလှည့်ပါ သခင်လေးရန်” သည်းလှိုက်အူလှိုက် အော်ရယ်မောသံတစ်သံ ဘေးတစ်ဖက်ဆီမှ ထွက်လာခဲ့သည်။
အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ရာ သာမန်ရုပ်ရည်နှင့် သက်လတ်ပိုင်လူကြီးတစ်ဦး ဘေးမှထွက်လာပြီး သူ့အား ပြုံးကာ ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူ၏ အပြုံးကို မြင်လိုက်သည့်အခိုက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။
“ရှင်ပဲ” ရီကျင်းဟန်နှင့် တုရှန်းတို့ နှစ်ဦးစလုံး ထိုသက်လတ်ပိုင်းလူကြီးအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လာခဲ့သည်။
ရီဟန်၏ခန္ဓာကိုယ် တုန်ရီလာပြီး သူ့မျက်လုံးထဲ ဒေါသမီးတောက်တို့ လောင်မြိုက်လာခဲ့လေသည်။
“နင်တို့သူ့ကို သိတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
ရီကျင်းဟန်က အံကြိတ်၍ ပြန်ပြောလေ၏ “ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကောင်းကင်အဆင့်ရုပ်သေးရုပ်တွေကို လှုပ်မရအောင်လုပ်သွားတာ သူပဲ။ စီနီယာဟွာကို လာရှာတာလည်း သူပဲ”
“ငါက ဝူမင်ပဲ” သက်လတ်ပိုင်းလူကြီးက ပြုံးရင်းမှ ပြောလိုက်သည်။ သူသည် ရန်ကိုင် တစ်ဦးတည်ကိုသာ ကြည့်နေပြီး ရွက်တစ်ထောင်ဂိုဏ်းမှ လူများကို အရှင်း ဂရုမစိုက်ခဲ့ပေ။
ရန်ကိုင်၏ မျက်လုံးများ အေးစက်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏ “ဒီတော့ ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်က တရားခံက ခင်ဗျားပေါ့”
ဝူမင်က ပြုံးဖြီးလျက် “သခင်လေးရန်က နောက်တတ်တာပဲနော်။ ကျုပ်က ဘယ်လိုလုပ်ပြီး... မင်းဘာလုပ်နေတာလဲ”
သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်မှ သူ့အား ရုတ်တရက် ပါးရိုက်လာသည့်အတွက်ကြောင့် ဝူမင် ကြောင်သွားခဲ့ရလေသည်။ ဧကရာဇ်ချီတို့ ဝုန်းခနဲ ထွက်ပေါ်လာပြီး မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်သွားခဲ့သည်။ သူသည် ရန်ကိုင်ထက် အဆင့်တစ်ဆင့် ပိုမြင့်ပါသော်ငြား ရန်ကိုင်၏ ရိုက်ချက်ကို မည်သို့မှ မရှောင်တိမ်းနိုင်ကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင်သည် သူ့အား မြင်သည်နှင့် ယခုကဲ့သို့ ပြေးဝင်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ဝူမင်မှာ ရန်ကိုင်နှင့် ရင်ဆိုင်ရာတွင် လုံးဝ သတိမထားခဲ့။ ထို့ကြောင့် ရန်ကိုင်၏ လှုပ်ရှားမှုကို သတိပြုမိလိုက်ချိန် နောက်ကျသွားခဲ့ရလေသည်။