အခန်း (၂၆၈၃)
Vol. 115 Ch. 2683
ပို၍ စိတ်ညစ်ဖွယ်ရာကောင်းသည်မှာ ရန်ကိုင်နှင့် အမြဲလိုလို ရှိနေသော မွန်းစတားဘုရင်သည် လက်ရှိအချိန်တွင် ဧကရာဇ်တတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော ဖိအားကို သူ့အပေါ်သို့ ထုတ်လွှတ်နေခဲ့ခြင်း ဖြစ်လေရာ ဝူမင်မှာ သူ့အပေါ်သို့ တောင်တစ်လုံး ပိကျလာနေသလို ခံစားနေခဲ့ရသည်။ ထိုဖိအားအောက်ဝယ် ဝူမင်တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်နေခဲ့ပြီး သူ၏ဧကရာဇ်ချီကိုပင်လျှင် ကောင်းကောင်း မလှည့်ပတ်နိုင်တော့ပေ။
“ဖြန်း” ခနဲဟူသောမြည်သံနှင့်အတူ ဝူမင်၏ခေါင်း စောင်းထွက်သွားခဲ့သည်။ သူ၏ပါးတစ်ခြမ်းလုံး ဖူးယောင်တက်လာခဲ့ပြီ သွေးများ ထိုးအန်လေသည်။
လေလံပွဲသို့ ရောက်ရှိလာကြသော ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာသည် ထိုမြင်ကွင်းအား အံ့ဩတကြီးဖြင့် ကြည့်နေကြသည်။
ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ဝူမင်သည် လူရှေ့သူရှေ့တွင် ပါးရိုက်ခံခဲ့ရသည်။ ရန်ကိုင်ဟူသော ဤလူငယ်လေးမှာ မည်သို့များ ဤမျှ မောက်မာဝံ့ကြွားရလေသနည်း။ မွန်းစတားဘုရင်တစ်ပါး၏နောက်ခံ ရှိနေရုံဖြင့် သူ့စိတ်ကြိုက် သောင်းကျန်းလို့ရပြီဟု ထင်နေလေသလော။
“မင်း ဘယ်လိုတောင်…” ဝူမင်သည် လက်သီးကိုတင်းတင်းဆုပ်၍ အံကိုတင်းတင်းကြိတ်ကာ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ လှမ်းအော်ပြောလိုက်သည်။
သို့သော်ငြား သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် နောက်ထပ်လက်ဝါးတစ်ချက် သူ့မြင်ကွင်းထဲ တိုးဝင်လာခဲ့သည်။ ထို့နောက်တွင် ဖြန်းဟူသော မြည်သံနှင့်အတူ ဝူမင်၏သွားများစွာ ကျွတ်ထွက်သွားကုန်လေ၏။
ထိုရိုက်ချက်ပြီးသည့်နောက် ဝူမင်၏ခေါင်းတစ်ခုလုံး ချာချာလည်ထွက်သွားခဲ့ပြီး တစ်ခဏတာမျှ ဇဝေဇဝါ ဖြစ်သွားရလေသည်။ ပါးရိုက်ခံလိုက်ရသည့် အတွက်ကြောင့်သက်သက်သာ ဤကဲ့သို့ဖြစ်သွားရခြင်းမဟုတ်။ ယခုကဲ့သို့ လူမြင်ကွင်း၌ ပါးရိုက်ခံနေရသည်ဟူသော အမှန်တရားကို လက်မခံနိုင်သည့်အတွက်ကြောင့်လည်း ပါပေသည်။ သူ့ကဲ့သို့သော ကြယ်ဝိဉာဉ်နန်းတော်၏ စံအိမ်မှူးတစ်ယောက်ဖြစ်သည့် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသည် အရိပ်ဓါးပျံမြို့ကဲ့သို့သော မြို့လေးတစ်မြို့၌ မည်ကဲ့သို့များ ဤကဲ့သို့ အရှက်ခွဲခံနေရလေသနည်း။
ဒေါသထွက်ထွက်နှင့် ဝူမင်မှာ သူ၏ဧကရာဇ်ချီကို အရူးအမူး အစွမ်းကုန်လှည့်ပတ်လိုက်လေရာ ယင်ဖေး၏ဖိနှိပ်အောက်မှုမှ ယာယီမျှ ရုန်းထွက်နိုင်ခဲ့လေသည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်ရင်းမှ အော်ပြောလိုက်သည်။ “တော်လောက်ပြီ…”
“မင်းက ဘယ်လိုတောင် လာအော်ပြောရဲတာလဲ… လာစမ်း…” ရန်ကိုင်သည် ခက်ထန်သည့် အမူအယာဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။ လေဟာနယ်နိယာမစွမ်းအားတို့ အသက်ဝင်လာခဲ့ပြီး ထွက်ပြေးရန် ကြိုးစားနေသော ဝူမင်၏ ခန္ဓာကိုယ်မှာ ရန်ကိုင်ရှေ့သို့ သူ့အလိုလို ပျံသန်းသွားလေ၏။
ရန်ကိုင်သည် သူ့လက်သီးကို တင်းတင်းဆုပ်ထားခဲ့ပြီး ဝူမင် သူ့အနားသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝူမင်၏မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်လေသည်။ ဝူမင်၏ မျက်နှာတစ်ပြင်လုံး သွေးချင်းနီသွားခဲ့လေ၏။ သို့သော်ငြား ရန်ကိုင်မှာ ထိုမျှနှင့်ပင် မပြီးသေးချေ။ လေပေါ်သို့ခုန်တက်၍ တံတောင်ဖြင့် ဝူမင်၏ ကျောပြင်ကိုပါ ထပ်မံထောင်းချလိုက်လေရာ ဝူမင်မှာ သွေးအပွက်ပွက်အန်ထွက်ရင်း မြေပြင်နှင့် မျက်နှာချင်းဆိုင်သွားခဲ့ရလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ဝူမင်အား တရစပ် ထိုးနှက် ကန်ကျောက်တော့လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း အနီးအနားတွင်ရှိနေကြသော ကျင့်ကြံသူများမှာတော့ မင်တက်နေကုန်ကြလေသည်။
ရန်ကိုင်ဟူသော လူငယ်လေးသည် လမ်းဘေးတွင် တွေ့ရသည့် လူမိုက်လူရမ်းကားတစ်ယောက်နှယ် ဝူမင်အား အဆက်မပြတ် အော်ဟစ်ဆဲဆိုရင်း ကန်ကျောက်ထိုးနှက်နေခဲ့သည်။ သူ့လုပ်ရပ်များသည် အလွန်ကိုမှ ကြမ်းတမ်းခက်ထန်ပေသည်။ ဝူမင်မှာတော့ အစပိုင်းတွင် ခုခံရန် ကြိုးစားခဲ့ပါသော်ငြား သူ့ခွန်အားကို ကောင်းကောင်းမလှည့်ပတ်နိုင်သေးခင်မှာပင် ရန်ကိုင်၏ ထိုးနှက်ချက်များကြောင့် ခွန်အားမဲ့သွားခဲ့ရသည်။ အကြိမ်အနည်းငယ် ကြိုးစားနေပြီးသည့်နောက် မအောင်မြင်သည့်အဆုံး ကျားသနားမှ နွားချမ်းသာရာရမည့်အဖြစ်ကို နားလည်သွားခဲ့ပြီး ခုခံရန် ကြိုးစားမနေတော့ဘဲ ခေါင်းကို လက်ဖြင့်အုပ်၍ ခွေခွေလေးကွေးရင်း ရန်ကိုင်ထိုးနှက်သည်ကိုသာ ကြိတ်၍ တောင့်ခံနေတော့လေသည်။
ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဤကဲ့သို့တိုက်ခိုက်သည်ကို မည်သူမျှမမြင်ခဲ့ကြဖူးချေ။ သို့သော်ငြား ယနေ့အဖြစ်အပျက်သည် ဤနေရာတွင်ရှိနေသည့်လူများအတွက် မျက်စိပွင့်နားပွင့် ဖြစ်စရာ ဖြစ်သွားခဲ့ရလေသည်။
အချိန်တိုအတွင်း ဝူမင်မှာ တစ်ကိုယ်လုံး ဖူးယောင်ကိုင်းအောင် ထိုးကြိတ်ခံလိုက်ရသည်။ ယခုဆိုလျှင် သူ့မျက်နှာတစ်ပြင်လုံး ဖောင်းကားနေခဲ့လေရာ လူရုပ်ပင်မပေါက်တော့ချေ။ သူ၏မြင့်မားလှသော ကျင့်ကြံခြင်းကြောင့်သာ မဟုတ်ပါက ရန်ကိုင်၏ ထိုးနှက်ချက်များကြောင့် အသက်ထွက်သွားသည်မှာ ကြာလောက်ပေသည်။
အမောတကောဖြင့် အသက်ရှူနေပြီးသည့်နောက် ရန်ကိုင်သည် ဝူမင်အား အကြိမ်အနည်းငယ် ထပ်ကန်လိုက်ပြီး ရီဟန်နှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “မင်းတို့ရော အကြွေးဆပ်ချင်သေးလား…”
ရီဟန်က မဲ့ပြုံးပြုံးလျက် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “သခင်လေးရန်ပဲ လုပ်လိုက်ပါ…”
ရန်ကိုင် ရွက်တစ်ထောင်ဂိုဏ်းအား သူတို့၏ဒေါသကို ဖွင့်ထုတ်လို့ ရစေရန် ကူညီပေးနေခြင်းမှန်း သူသိပေသည်။ လက်ရှိတွင် ဝူမင်မှာ လူရုပ်ပင်မပေါက်တော့အောင် ရိုက်နှက်ခံထားရကာ မြေပြင်ပေါ်တွင် ခွေခွေလေး လဲနေလေ၏။ ထို့အတွက်ကြောင့် ရီဟန်အနေဖြင့် ဆန္ဒသာရှိလျှင် ဝူမင်ဆီမှ အတိုးသွားတောင်းနိုင်ပေသည်။ သို့သော်ငြား အခြားသူ၏စွမ်းအားဖြင့် မောက်မာဝံ့ကြွားရသည်မှာ ကောင်းမွန်လှသည့် အရာတစ်ခုတော့မဟုတ်။
ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ဆက်၍ပြောမနေခဲ့ပေ။ ထို့အစား ဝူမင်အား ဆံပင်မှ ဆောင့်ဆွဲလျက် ဆွဲထူလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်ကြည့်ကာ ခြိမ်းခြောက်လိုက်လေ၏။ “မင်းနောက်မှာ အခြားတစ်ယောက်ရှိမှန်း ငါသိတယ်… ဒီတော့ မင်း ပြန်သွားရင် အဲ့လူကိုပြောလိုက်… ဒီသခင်လေးရဲ့ မိတ်ဆွေတစ်ယောက်ယောက်ရဲ့ ဆံပင်တစ်ချောင်းကိုတောင် ထိခိုက်အောင် လုပ်ရဲတယ်ဆိုရင် ငါ သူ့ကို အမဲဖျက်မှာလို့ပါပြောခဲ့…”
ထိုစကားကိုကြားသော် ဝူမင်သည် ဝါးလုံးကွဲအော်ရယ်မောလျက် ရူးသွပ်နေသည့်အမူအယာဖြင့် ပြန်ပြောလေ၏။ “အဲ့ဒါတော့ မင်းမှာ အရည်အချင်းရှိမရှိပေါ်မှာ မူတည်မှာပေါ့ကွာ… ဟား ဟား ဟား…”
ရန်ကိုင်သည် ဝူမင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်း နှာခေါင်းရှုံ့လျက် “ကြည့်ရတာ မင်းက သေချင်နေတဲ့ပုံပဲကွ…”
ဝူမင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့ပြီး ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့လေသည်။ သူ့ဘက်တွင် ဓါးစာခံများ ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်သည် သူ့လုပ်ရပ်များကို ထိန်းလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုကဲ့သို့ ဖြစ်လာရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရန်ကိုင်မှာ ဝူမင်အား အလွန်ကိုမှ သတ်ချင်နေမိပေသည်။ သတ်ချင်လွန်းသဖြင့် သူ၏သတ်ဖြတ်လိုစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ပါသည့်တိုင် သတ်ဖြတ်လိုစိတ်အချို့မှာတော့ ဝူမင်အား ထက်ရှသည့် ဓါးသွားတစ်ချောင်းနှယ် သွားရောက် ဖြတ်တောက်ပစ်နေခဲ့လေသည်။
သူသာ ရန်ကိုင်အား ဒေါသထွက်အောင် ဆက်လုပ်နေပါက ကျိန်းသေ သေရလိမ့်မည်မှန်း ဝူမင် မုချသိနေခဲ့သည်။
“ခင်ဗျားဖြစ်စေချင်ရင် ကျုပ် ဖျက်ဆီးပေးလို့ရတယ်နော်…” ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ်က အရမ်းကို ကြင်နာတတ်ပြီးသား… ခင်ဗျား မြန်မြန်သေချင်တယ်ဆိုရင် ပြောသာပြောလိုက်… ကျုပ် ခင်ဗျားအသက်ကို တစ်ခါတည်း နိဂုံးချုပ်ပေးလိုက်မယ်…”
ဝူမင်သည် တိတ်သာတိတ်နေခဲ့ပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဝူမင်အား အမှိုက်ထုပ်တစ်ထုပ်နှယ် လွှင့်ပစ်လိုက်လေ၏။
မြေပြင်ပေါ်တွင် ခွေးလေခွေးလွင့်တစ်ကောင်နှယ် လဲနေရင်းမှ ဝူမင်သည် ရန်ကိုင်တို့အဖွဲ့ လေလံစံအိမ်ထဲဆီသို့ ဝင်သွားသည်ကို ကြည့်နေခဲ့လေ၏။
(ခွေးကောင်လေး… ငါ့ကိုစောင့်နေစမ်းပေါ့ကွာ… မွန်းစတားဘုရင်တစ်ကောင်ရှိနေလို့ မင်း လုပ်ချင်တိုင်း လုပ်ရဲနေတယ်ပေါ့… ကြည့်ထား… ဒီနေ့အကြွေးကို ငါ ဆယ်ဆ အဆတစ်ရာမက ပြန်ဆပ်ပြမယ်…)
ရန်ကိုင် သူ့ရှေ့တွင် ဒူးထောက်ရင်း တောင်းပန်နေသည့် မြင်ကွင်းကို မြင်ယောင်ရင်းမှ ဝူမင် ရုတ်တရက် အေးစက်စက်လေသံဖြင့် ရယ်သွမ်းသွေးလိုက်လေသည်။ ဝူမင်၏ရယ်သံကြောင့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ သူ့အား လှည့်ကြည့်လာခဲ့လေ၏။ ရန်ကိုင်၏ ထိုးချက်ကြောင့်များ ဝူမင် ခေါင်းထိသွားလေသလားဟုပင် အကုန်လုံး တွေးမိသွားကြလေသည်။
လေလံစံအိမ်သည် အောက်ဘက်တွင်ကျဉ်းပြီး အပေါ်ဘက်တွင် ကျယ်သွားခဲ့လေသည်။ လက်ရှိ လေလံစံအိမ်၏အရွယ်အစားမှာ လူပေါင်းထောင်နှင့်ချီကို အသာလေးဝင်ဆံ့နိုင်၏။ အပေါ်သို့ မော့ကြည့်မည်ဆိုလျှင် ဘဲဥပုံစံမျက်နှာကျက်ပေါ်၌ အမျိုးမျိုးသော သားရဲပုံရိပ်များ ရေးဆွဲထားသည်ကို မြင်တွေ့နိုင်ပေသည်။
ရန်ကိုင်တို့အဖွဲ့သည် ဝန်ထမ်းမလေးတစ်ဦး၏ အကူအညီဖြင့် တစ်ခုသောအခန်းဆီသို့ လျှောက်လာလေ၏။ ထိုအခန်းသည် လေလံစံအိမ်၏ ထိပ်ဆုံးနေရာအပေါ်ပိုင်းတွင် တည်ရှိနေခြင်းဖြစ်ပြီး ထိုနေရာမှ လှမ်းကြည့်မည်ဆိုပါက အောက်ဘက်ရှိ မြင်ကွင်းကို အရှင်းသား မြင်တွေ့နိုင်ပေသည်။
လေလံစံအိမ်ပေါက်ဝ၌ ရန်ကိုင် မည်ကဲ့သို့ သောင်းကျန်းခဲ့သလဲ သူမည်မျှအားကောင်းသလဲ ဆိုသည်ကို ဝန်ထမ်းမလေး မြင်တွေ့ခဲ့ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့အား ခေါ်ဆောင်လာပေးစဉ်အတောအတွင်း ဝန်ထမ်းမလေးမှာ အသက်ပင် ရဲရဲ မရှူဝံ့ပဲ တုန်တုန်ရီရီ ဖြစ်နေခဲ့ရသည်။ ရန်ကိုင်တို့အဖွဲ့အား သူတို့နေရမည့်အခန်းဆီသို့ ခေါ်ဆောင်လာပြီးသည့်နောက် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အလျင်စလို ပြောလိုက်လေ၏။ “ကျေးဇူပြုပြီး ဒီမှာ ခဏလောက် စောင့်ပေးပါနော်… လေလံပွဲက မကြာခင် စပါတော့မယ်ရှင့်…”
သူမသည် ဝန်ထမ်းမလေးတစ်ဦးသာ ဖြစ်ပါသော်ငြား ရန်ကိုင်တို့ ဤနေရာသို့ ရောက်လာရခြင်းမှာ ပြဿနာရှာရန်အတွက် ဖြစ်သည်ဟု ခံစားနေခဲ့ရသည်။ ထို့အတွက်ကြောင့် သူမလုပ်ရမည့်တာဝန်အား ပြီးအောင်လုပ်ပြီးသည့်နောက်တွင် အခန်းထဲမှ ချက်ချင်း ထွက်ပြေးလာခဲ့လေသည်။
ဧကရာဇ်အဆင့် ပညာရှင်အားလုံးကို သူတို့နေရမည့် သီးသန့်ခန်းအသီးသီးဆီသို့ ဝန်ထမ်းမလေးအသီးသီးမှ လိုက်ပို့ပေးကြလေ၏။ မကြာမီ လေလံစံအိမ်တစ်ခုလုံးမှာ လူများဖြင့် ပြည့်နှက်လာတော့လေသည်။
ဤနေရာသို့ ရောက်လာကြသည့် လူအများစုမှာ လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ငွေကြေးအလုံအလောက် ပိုင်ဆိုင်ထားကြခြင်း မရှိပါသော်ငြား လူပိုများလေ လေလံပွဲအတွက် ပိုကောင်းလေပင်။
ရန်ကိုင်သည် အဆီးအတားမရှိ သူ့ကောင်းကင်စိတ်အာရုံအား ဖြန့်ကျက်ချလိုက်သည်။ ရန်ကိုင်၏ကောင်းကင်စိတ်အာရုံ ပြန့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဆူညံနေသော ခန်းမတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့လေသည်။
ရန်ကိုင်သာလျှင်မဟုတ် ယင်ဖေးသည်လည်း သူ၏ကောင်းကင်စိတ်အာရုံဖြင့် ခန်းမတစ်ခုလုံးကို စစ်ဆေးကြည့်နေခြင်း ဖြစ်လေသည်။
တစ်ခဏကြာပြီးသည့်နောက် နှစ်ဦးစလုံး သူတို့၏ ကောင်းကင်စိတ်အာရုံအသီးသီးကို ပြန်လည်ရုတ်သိမ်းလိုက်ကြလေသည်။
“သခင်လေးရန် ဘာတွေ့လဲ…” ယင်ဖေးက မေးလိုက်သည်။
ရန်ကိုင်သည် ထိုင်ခုံပေါ်တွင်ထိုင်ရင်းမှ ခေါင်းခါလျက် ပြန်ပြောလိုက်၏။ “ဘာမှမတွေ့ဘူး… ခင်ဗျားရော…”
ယင်ဖေးကလည်း ဘာမှမတွေ့ကြောင်း ပုခုံးတွန့်ပြလိုက်လေ၏။ ထို့နောက် မျက်မှောင်ကျုံ့၍ ပြောလိုက်လေ၏။ “ဒါပေမယ့် ဒါက ထောင်ချောက်တစ်ခုမှန်း သေချာနေမှတော့ သခင်လေးရန် သတိထားသင့်တယ်နော်… ဒီလိုမျိုး ဘာဟာကွက်မှရှာမတွေ့တဲ့ ထောင်ချောက်မျိုးက ပိုပြီး အန္တရာယ်များတယ်…”
ရန်ကိုင်ခေါင်းညိတ်လိုက်သည်။
ရီကျင်းဟန်မှာ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ရေနွေးကြမ်းကို ဖျော်စပ်ပေးနေခဲ့သည်။ သို့သော်ငြား စိုးရိမ်မှုတို့သည်တော့ သူမမျက်နှာထက် အထင်းသား။ တုရှန်းနှင့် ရီဟန်တို့၏ မျက်နှာများမှာလည်း စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။
“ဆရာ… အားလုံးအဆင်သင့်ဖြစ်ပါပြီ…” ရန်ကိုင်၏ ဖူးယောင်ကိုင်းအောင် ရိုက်နှက်ခြင်း ခံလိုက်ရသော ဝူမင်သည် လက်ရှိအချိန်တွင် လူအိုကြီးတစ်ဦး၏ အရှေ့၌ မတ်တပ်ရပ်ကာ တလေးတစားဖြင့် အစီရင်ခံနေလေ၏။
မည်ကဲ့သို့သော ဆေးလုံးများအား သောက်လိုက်လဲမသိရ သူရထားသည့် ဒဏ်ရာအားလုံးမှာ အတော်လေးကိုမှ ပြန်လည်ကောင်းမွန်နေခဲ့လေသည်။ သို့သော်ငြား ဒဏ်ရာဒဏ်ချက်အားလုံးမှာတော့ အရှင်းပျောက်ကင်းသွားခဲ့ခြင်း မရှိသေးပေ။ အပြင်ဘက်ဒဏ်ရာမှာ ကုသ၍ လွယ်ပါသော်ငြား သူ့ကိုယ်တွင်းဒဏ်ရာမှာတော့ ကုသရန် မလွယ်ကူလှ။ ဧကရာဇ်ချီကို လှည့်ပတ်ရန် ကြိုးစားလိုက်တိုင်း သူ့ခန္ဓာကိုယ်အတွင်းပိုင်း နာကျင်လာသည်ကို ခံစားရလေသည်။
(ဟိုခွေးကောင်က ငါ့ကို တကယ်ကြီး သမသွားတာပဲကွ…)
လူအိုကြီးက အသာအယာ ခေါင်းညိတ်လျက် ပြန်မေးလိုက်သည်။ “ဧကရာဇ်အဆင့်ပညာရှင် ဘယ်လောက်ရောက်လာလဲ…”
ဝူမင်က ပြန်ပြောလိုက်၏။ “အယောက်သုံးဆယ်ကျော်ပါတယ် ဆရာ…”
လူအိုကြီးက ကျေနပ်သွားဟန်ဖြင့် “အဲ့လောက်ဆိုလုံလောက်ပြီ…” ထို့နောက် တစ်ချက်ရပ်ပြီးသည့်နောက် လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။ “ဧည့်သည်တွေအားလုံး ရောက်လာပြီဆိုမှတော့ စကြတာပေါ့…”
ဝူမင်က တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။ “ဟုတ်ကဲ့ပါ…”
ထို့နောက်တွင် ဘေးဘက်သို့လှည့်၍ ဝူမင်က သူ့လက်အား ဆန့်ထုတ်လိုက်ရင်းမှ ပြောလိုက်၏။ “ဂျူနီယာညီမ… ကျေးဇူးပြုပြီးတော့…”
ဟွာချင်းစီသည် ဖြည်းဖြည်းချင်းထရပ်၍ လူအိုကြီးအား မျက်နှာသေဖြင့် စိုက်ကြည့်ရင်းမှ တလေးတစားဖြင့် ပြောလိုက်လေသည်။ “ဆရာ… တပည့် အခုသွားပါတော့မယ်…”
“သွား…” လူအိုကြီးက သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ဟွာချင်းစီသည် တံခါးဆီသို့ လျှောက်သွားလေသည်။ ထို့နောက် လူအိုကြီးဘက်သို့လှည့်၍ ရုတ်တရက် ဒူးထောက်ချကာ သူ့အား ဦးညွှတ်ကန်တော့လိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လူအိုကြီး၏မျက်လုံးများ တဖျတ်ဖျတ်လက်သွားခဲ့သည်။ ဟွာချင်းစီ ဘာကြောင့် ထိုကဲ့သို့ လုပ်ရသလဲဆိုသည်ကို နားလည်နေသည့်အလား။ သို့သော်ငြား သွားတော့မတားခဲ့ဘဲ မျက်လုံးပိတ်၍ ထိုင်နေခဲ့လေသည်။
(နင့်သမိုင်းကိုနင်ရေးတာပဲ… ငါ့ရန်သူကို နင်က ရွေးလိုက်တယ်ဆိုမှတော့ အခုကစပြီး ငါတို့နှစ်ယောက် ဆရာတပည့် မဟုတ်တော့ဘူး…)
ထိုမြင်ကွင်းကိုကြည့်ရင်း ဘေးမှရပ်နေသည့် ဝူမင်က လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “တကယ်ကို မသိတတ်တာပဲ…”
ဟွာချင်းစီကမူ ဝူမင်၏စကားကြောင့် အနည်းငယ်မျှပင် ဒေါသအလျဉ်းထွက်သွားခြင်းမရှိဘဲ ဆက်၍သာ ဦးညွှတ်နေခဲ့သည်။ အသက်တစ်ရှိုက်စာခန့် ကြာပြီးသည့်နောက်တွင် သူမထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသည့်အလား စိတ်ရောကိုယ်ပါ အတော်လေးကိုမှ ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရလေသည်။ ထို့နောက် တံခါးပေါက်ဆီသို့ လျှောက်သွားလေ၏။ ဝူမင်နားမှ ဖြတ်သွားစဉ် ဟွာချင်းစီက ရပ်၍ သတိပေးလိုက်လေသည်။ “ဝူမင်… နင်က ရန်မစသင့်တဲ့လူကို သွားရန်စမှတော့ နင့်အဆုံးသတ်က ကောင်းတော့မှာမဟုတ်ဘူး…”
“ဒီခွေးမကတော့…” ဝူမင်လည်း ဒေါသထွက်ထွက်ဖြင့် ဟွာချင်းစီ၏မျက်နှာကို ကောက်ရိုက်ချလိုက်လေရာ ဟွာချင်းစီ၏ ဖြူဖတ်ဖြူလျော်မျက်နှာထက် လက်ဝါးရာကြီးတစ်ခု ပေါ်လာခဲ့လေသည်။
ဟွာချင်းစီကမူ အရေးမစိုက်ဟန်ဖြင့် သူမ၏ပါးပြင်ကို အသာအယာပွတ်ရင်းမှ ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေ၏။ “ဘာလဲ… လူတစ်ယောက်ကို မနိုင်တော့ နိုင်တဲ့ငါ့ကို လာအနိုင်ကျင့်နေတာပေါ့ ဟုတ်လား… နင် ဒီလောက်ပဲ လုပ်တတ်လိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားဘူး…”
ဟွာချင်းစီ၏စကားမှာ ချက်ကောင်းကို ထိသွားသည့်အလား ဝူမင်မှာ ယမ်းမီးပုံကျ ဒေါသထွက်သွားခဲ့ပြီး ဒေါသကို မထိန်းနိုင်တော့ဘဲ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လျက် လက်ကိုမြှောက်ကာ ဟွာချင်းစီ၏ခေါင်းကို ရိုက်ချရန် ပြင်လိုက်လေသည်။ ဟွာချင်းစီကမူ ရှောင်မည့်အရိပ်အယောင်မပြဘဲ ဝူမင်ရိုက်လို့ရစေရန် ခေါင်းမော့ရင်ကော့ ပေးလိုက်လေ၏။
“တော်လောက်ပြီ…” တစ်ချိန်လုံး မျက်လုံးပိတ်နေသော လူအိုကြီးသည် ရုတ်တရက် ဝင်တားလိုက်လေသည်။
ဝူမင်၏လက် လေထဲတွင် တန့်သွားခဲ့လေ၏။ ထို့နောက် ဟွာချင်းစီအား အစုံအဆန်ကြည့်လိုက်ပြီးသည့်နောက် ပြုံးဖြီးလျက် “ဂျူနီယာညီမက သေချင်နေတာကို စီနီယာအစ်ကိုက ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးလို့ ဖြစ်ပါ့မလဲ… ဂျူနီယာညီမက ငါတို့ရဲ့ အဖိုးတန်ပွန်းရုပ်လေးပဲကို…”
ဟွာချင်းစီက အံကြိတ်၍ ပြန်ပြောလိုက်လေ၏။ “သောက်ကျင့်မကောင်းလိုက်တာ…”
ဝူမင်က လှောင်ပြုံးပြုံးလျက် “နင် ဘယ်လိုပဲပြောနေပြောနေ ဒီကိစ္စပြီးသွားတာနဲ့ ဆရာက နင့်ကို ငါ့ဆီပေးဖို့ သဘောတူပြီးသွားပြီ… စိတ်မပူနဲ့ ဒီကိစ္စပြီးသွားရင် စီနီယာအစ်ကို နင့်ကို ကောင်းကောင်းချစ်ပေးမယ်…”
ဝူမင်သည် ချစ်ပေးမယ်ဟူသောစကားကို အဓိပ္ပာယ်ပါပါ အမူအယာဖြင့် ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် ဟွာချင်းစီ၏အမူအယာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး လူအိုကြီးအား မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ လူအိုကြီးမှာ သူမအား အရေးပင်မစိုက်ဘဲ မျက်လုံးမှိတ်၍သာ လျစ်လျူရှုထားကြောင်း တွေ့လိုက်ရလေ၏။ ဝူမင်လိမ်ညာနေခြင်းမဟုတ်မှန်း သိလိုက်သော် သူမရင်ထဲ နာကျင်သွားခဲ့ရလေသည်။
သူမ၏ဆရာသည် သူမအပေါ် ဤမျှပင် ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့။ သူမဆရာတွင် ဤမျှ ရက်စက်ကြမ်းကြုတ်သည့် ပုံစံမျိုး ရှိနေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။ ယခုမှသာလျှင် သူမ၏ခွန်အား အတော်အတန် မြင့်မားလာသည့်အတွက်ကြောင့် သူမ၏ဆရာသည် တကယ့်ပုံစံကို မြင်တွေ့ရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော်ငြား မည်သို့ပင်ဖြစ်နေစေကာမူ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်လာပြီးသည့်နောက်တွင် သူမအတွက် အရာအားလုံးမှာ တဖြည်းဖြည်းချင်း ရှင်းလင်းလာတော့လေသည်။
“သွားတော့… ငါတို့ဧည့်သည်တွေကို ဆက်စောင့်ခိုင်းမနေနဲ့…” လူအိုကြီးက ပြောလိုက်လေသည်။
“ဟုတ်ကဲ့…” ဝူမင်သည် တလေးတစားဖြင့် ပြန်ပြောလိုက်ပြီး ဟွာချင်းစီအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီးသည့်နောက် အခန်းထဲမှ သူမနှင့်အတူ ထွက်သွားလေ၏။