အခန်း (၂၆၈၄)
Vol. 115 Ch. 2684
ဆိုင်းသံဗုံသံများနှင့်အတူ လေလံပွဲမှာ တရားဝင် စတင်ခဲ့လေသည်။
ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် စင်နောက်ဘက်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့သည်။ သူမ၏အလှသည် လေလံပွဲသို့ ရောက်ရှိနေကြသော ယောကျ်ားများ၏ အကြည့်ကို ဆွဲဆောင်သွားခဲ့လေသည်။
ပုံမှန်အားဖြင့် လေလံပွဲသို့ တက်ရောက်ကြသော လူအများစုမှာ ယောက်ျားများသာ ဖြစ်ကြပြီး အများစုမှာ အကြီးအကဲများ ဖြစ်ကြသည်။ အမျိုးသမီးများမှာတော့ ဤကဲ့သို့သော လေလံပွဲမျိုးကို တက်ရောက်လေ့ မရှိကြပေ။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော လှပသည့် အမျိုးသမီးတစ်ဦးသည် အလွန်ကိုမှ မျက်စိပသာဒ ဖြစ်လှကာ လူအုပ်ကြီးအား အကြီးအကျယ်ကို စိတ်ဝင်စားသွားစေခဲ့လေ၏။
“အစ်မဟွာလား…” အပေါ်ပိုင်းရှိ သီးသန့်ခန်းထဲ၌ ရှိနေသော ရန်ကိုင်သည် စင်နောက်ဘက်မှ လမ်းလျှောက်ထွက်လာသည့် အမျိုးသမီးကိုမြင်ပြီးသည့်နောက် မျက်လုံးအပြူးသားဖြင့် အံ့အားသင့်တကြီး ရေရွတ်လိုက်လေသည်။
“စီနီယာဟွာ…” ရီဟန်နှင့် အခြားသူများမှာလည်း နားမလည်နိုင် ဖြစ်နေကြသည်။
ဟွာချင်းစီသည် ရွက်တစ်ထောင်ဂိုဏ်းတွင် အတော်ကြာအောင် လာနေခဲ့သည့်အတွက်ကြောင့် သူတို့အားလုံး ဟွာချင်းစီကို သိနေကြလေသည်။ ဝူမင်မှ ဟွာချင်းစီအား လာရှာပြီးသည့်နောက် ရွက်တစ်ထောင်ဂိုဏ်းမှာ ကံဆိုးမိုးမှောင် ကျခဲ့ရသည်။ ယခင်က သူတို့ဂိုဏ်း ဒုက္ခရောက်ရသည့် အကြောင်းအရင်းမှာ ဟွာချင်းစီနှင့် ပတ်သက်နေရလိမ့်မည်ဟု ရီဟန်နှင့် အခြားသူများ တွေးခဲ့ကြလေသည်။
ထို့အတွက်ကြောင့် ဟွာချင်းစီမှာ လေလံပွဲကျင်းပသူအဖြစ် သူတို့ရှေ့၌ ပြန်ပေါ်လာသည်ကို မြင်သည့်အခါ အကုန်လုံး၏စိတ်ထဲ ဒွိဟဖြစ်နေသည့်ခံစားချက်များကို ခံစားလိုက်ရလေသည်။
“ဝှစ်” ဆိုသော အသံတစ်သံနှင့်အတူ လူတစ်ဦးသည် လေလံပွဲကျင်းပသည့် စင်မြင့်ပေါ်၌ ပေါ်လာခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ် ရန်ကိုင်သာ ဖြစ်လေ၏။
“အစ်မဟွာ…” ရန်ကိုင်သည် ဟွာချင်းစီရှေ့တွင်ရပ်၍ ပြုံးကာ နှုတ်ဆက်လိုက်သည်။
“ရန်ကိုင်…” ဟွာချင်းစီ ကြောင်သွားခဲ့လေသည်။ သူမ၏မျက်လုံးလေးများထဲ အံ့အားသင့်ရိပ်တို့ဖြင့် ပြည့်နေခဲ့လေ၏။ ရန်ကိုင် ဤနေရာသို့ ရောက်နေပြီမှန်း သိထားပြီး ဖြစ်ပါသော်ငြား ရန်ကိုင် သူမရှေ့၌ ပေါ်လာသည်ကို မြင်သည့်အခါ သူမစိတ်ထဲ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။
“မတွေ့ရတာကြာပြီနော်… ဘယ်လိုနေလဲ…” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
ဟွာချင်းစီက မဲ့ပြုံးပြုံးလျက် အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “နင် မလာခဲ့သင့်ဘူး…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်မလာလို့ရှိရင် အစ်မဟွာကို ဘယ်လိုပြန်ခေါ်ရမှာလဲ…”
“ဒါပေမယ့် နင်လာတယ်ဆိုရင်တောင် ထွက်သွားလို့မရတော့ဘူး…” ဟွာချင်းစီက ပြန်ပြောလိုက်သည်။
“ဒီတော့ ဒီကိစ္စက ကျုပ်ကို ဦးတည်နေတာပေါ့…” ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့သည်။
ဟွာချင်းစီက သက်ပြင်းချလျက် “နဂါးကျွန်းတံဆိပ်ပြားကို နင်မှတ်မိသေးလား…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ပြန်စဉ်းစားကြည့်လိုက်၏။ မကြာမီ မှတ်မိသွားခဲ့လေသည်။ “အင်း မှတ်မိတယ်လေ…”
တကယ်ဆိုလျှင် ဟွာချင်းစီသာ သတိမပေးပါက ထိုတံဆိပ်ပြားအကြောင်းကို သူ မေ့ပင် မေ့လျော့နေလောက်ပေပြီ။
ဟွာချင်းစီက မဲ့ပြုံးပြုံးလျက် “အရင်တစ်ခေါက်က ငါ မေပယ်မြို့ဆီ ထွက်လာခဲ့တာ ငါ့ဆရာက အဲ့နဂါးကျွန်းတံဆိပ်ပြားအကြောင်းကို စုံစမ်းခိုင်းလိုက်လို့ပဲ… နဂါးကျွန်းတံဆိပ်ပြားက ဘယ်လိုတောင်အဖိုးတန်လဲ နင်သိပါတယ်… အဲ့ဒါနဲ့ဆိုရင် နဂါးကျွန်းဆီသွားပြီး နဂါးကလန်ဆီကနေ တောင်းဆိုချက်တစ်ခုကို လုပ်လို့ရတယ်လေ…”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ မေ့လျော့ခါနီးဖြစ်နေသော မှတ်ဉာဏ်များ သူ့ခေါင်းထဲ တဖြည်းဖြည်းချင်း ပြန်ပေါ်လာလေ၏။
ရန်ကိုင်သည် နဂါးကျွန်းတံဆိပ်ပြားကို ဟန်းလန်ဆိုသည့် လူတစ်ဦးအား သတ်ပြီးသည့်နောက် သူ့သိုလှောင်လက်စွပ်ထဲမှ ရရှိခဲ့ဖြင်း ဖြစ်ပေသည်။
ဟန်းလန်သည် ကြယ်ဝိဉာဉ်နန်းတော်၏ အမောင်းထုတ်ခံတပည့်ဖြစ်ပြီး ဟွာချင်းစီ၏ စီနီယာအစ်ကိုတစ်ဦး ဖြစ်သည်ဟုပင် ပြော၍ရသည်။ ဟန်းလန် နဂါးကျွန်းတံဆိပ်ပြားကို မည်သူ့ဆီမှ ခိုးလာသလဲ ကြယ်ဝိဉာဉ်နန်းတော်မှ မည်ကဲ့သို့ ထွက်ပြေးလာသလဲဆိုသည်ကို မည်သူမျှမသိကြ။ သို့သော်ငြား ရန်ကိုင်၏လက်ချက်ကြောင့် သေသွားပြီးသည့်နောက် နဂါးကျွန်းတံဆိပ်ပြားသည် ရန်ကိုင်လက်ထဲသို့ ရောက်ရှိလာခဲ့ရသည်။
နောက်ပိုင်းတွင် ဟွာချင်းစီသည် နဂါးကျွန်းတံဆိပ်ပြားကို ရှာရန်အတွက် ကြယ်ဝိဉာဉ်နန်းတော်မှ ထွက်လာခဲ့ပြီး နဂါးကျွန်းတံဆိပ်ပြားနှင့် ပတ်သက်သည့် သဲလွန်စများကို ရန်ကိုင်ဆီ၌ ရှာတွေ့သွားခဲ့သည်။ သို့သော်ငြား ရန်ကိုင်၏ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။
ထို့နောက်တွင် ဟွာချင်းစီကိုယ်တိုင်ကပင် နဂါးကျွန်းတံဆိပ်ပြားအကြောင်းကို ရန်ကိုင်အား ရှင်းပြခဲ့လေ၏။
“နဂါးကျွန်းတံဆိပ်ပြားက ငါ့ဆရာရဲ့အပိုင်ပဲ… လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက စီနီယာအစ်ကိုဝူမင် ငါ့ကို ရှာတွေ့သွားပြီးတော့ ကြယ်ဝိဉာဉ်နန်းတော်ဆီ ပြန်ခေါ်သွားတယ်… ငါကိုယ်တိုင်က ဘာမှထုတ်မပြောခဲ့ပေမယ့် သူတို့ ငါ့ကို ကျင့်စဉ်တစ်ခုခု သုံးခဲ့တယ်… အဲ့ကျင့်စဉ် သုံးခံလိုက်ရပြီးတဲ့နောက်ပိုင်း ငါလည်း ဘာတွေမှန်းကိုမသိဘူး… ငါ့ပါးစပ်က အလိုလို ထွက်လာတော့တာပဲ… နောက်လည်း ဘာဆက်ဖြစ်သွားလဲ နင်သိမှာပေါ့… ငါ့ဆရာကို ဘာတွေပြောလိုက်မိလဲတော့ မသိဘူး… ဒါပေမယ့် နဂါးကျွန်းတံဆိပ်ပြားက နင့်ဆီမှာ ရှိနေတယ်ဆိုတာကို သူ ကျိန်းသေသိသွားတယ်… အဲ့ဒါကြောင့်ပဲ ချီယွဲ့နဲ့ အခြားသူတွေကို ဓါးစာခံလုပ်ဖို့အတွက် ရွက်တစ်ထောင်ဂိုဏ်းကို တိုက်ခိုက်ခဲ့တာ… အဓိကကတော့ နင် လူလုံးထွက်ပြလာအောင်လို့…”
ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့သည်။ “ဒီတော့ အစ်မဟွာရဲ့ဆရာက ကျုပ်ရဲ့ အခြားလျှို့ဝှက်ချက်တွေကိုလည်း သိတာပေါ့…”
ဟွာချင်းစီမျက်နှာ သုန်မှုန်သွားခဲ့သည်။ “ငါ တောင်းပန်ပါတယ်…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ရပါတယ်… အစ်မဟွာ တမင်တကာ လုပ်လိုက်တာမှမဟုတ်တာ…”
သူ့စိတ်ထဲ ဟွာချင်းစီအား တစ်ခါမှ မယုံသင်္ကာမဖြစ်ခဲ့ပါသော်ငြား ဟွာချင်းစီသည်သာ သူ့အား တကယ်ကြီး သစ္စာဖောက်ခဲ့မည်ဆိုပါက ရန်ကိုင်အနေဖြင့် သူမအား ခွင့်လွှတ်ပေးနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ဟွာချင်းစီရှင်းပြသည်ကို ကြားပြီးသည့်နောက် သူ့စိတ်ထဲ အတော်လေးကိုမှ စိတ်သက်သာရာ ရသွားခဲ့လေသည်။
“ကျုပ်ရဲ့မိတ်ဆွေတွေရော လုံခြုံကြလား…” ရန်ကိုင်က တိုးတိုးလေးမေးလိုက်သည်။
ဟွာချင်းစီက ပြန်ပြောလိုက်လေ၏။ “ဆရာ သူတို့ကို ထိခိုက်အောင် မလုပ်ထားဘူး… တကယ်တော့ သူ့ပစ်မှတ်က နင်ပဲလေ… နင့်ကို အနိုင်မယူနိုင်သေးခင်အထိ အဲ့လူတွေက သူ့ရဲ့ ဓါးစာခံတွေပဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဟွာချင်းစီသည် သူမဘာသာသူမ တွေးလိုက်လေ၏။ (ငါလည်း အတူတူပဲ မဟုတ်ဘူးလား… အကျိုးအမြတ်တွေနဲ့ ယှဉ်တွဲလာလို့ရှိရင် ငါတို့ကြားက နှစ်ပေါင်းများစွာကြာခဲ့တဲ့ ဆရာတပည့်ဆက်ဆံရေးက ဘာမှကို မဟုတ်တော့ပါလား…)
ရန်ကိုင်သည် ဟွာချင်းစီထွက်လာခဲ့သည့် နေရာဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ရေရွတ်လိုက်လေ၏။ “အဲ့ဒါသာ ဟင်းလင်းပြင်အစီအရင်တစ်ခုဆိုရင်…”
“မဆင်မခြင်မလုပ်နဲ့… သူတို့အကုန်လုံးရဲ့ ကိုယ်ထဲမှာ နှလုံးချုပ်အင်းစက်တွေရှိတယ်… နင် သူတို့ကို ရှာတွေ့မယ်ဆိုရင်တောင် ကယ်နိုင်မှာမဟုတ်ဘူး…” ဟွာချင်းစီက ဖြည်းဖြည်းချင်းခေါင်းခါလိုက်သည်။ “ဆရာရဲ့အတွေးတစ်ချက်နဲ့ သူတို့အကုန်လုံး သေသွားနိုင်တယ်…”
“နှလုံးချုပ်အင်းစက်...” ရန်ကိုင်မျက်လုံးမှေးစင်းသွားခဲ့လေသည်။ ထိုအင်းစက်များအကြောင်းကို ရှေးဟောင်းအင်းစက်များစာရင်းထဲတွင် သူ မြင်ခဲ့ဖူးပေသည်။ ထိုအင်းစက်သည် ဝိဉာဉ်ဝါးမျိုအင်းစက်လောက် ကြောက်မက်ဖွယ်မကောင်းပါသော်ငြား သူတို့တွင် ကိုယ်ပိုင်အသုံးဝင်ပုံများ ရှိပေသည်။
သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ဟွာချင်းစီ ရုတ်တရက် ငြီးတွားလိုက်လေ၏။ အလွန်တရာကိုမှ နာကျင်နေရသည့်အလား သူမမျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။
“အစ်မဟွာလည်း…” ရန်ကိုင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။
ဟွာချင်းစီသည် နာကျင်မှုကိုတောင့်ခံရင်း ဆက်ပြောလိုက်သည်။ “အခုသွားပေတော့… ဆရာ့ကြည့်ရတာ အရမ်းသတိထားလွန်းနေတယ်… လုံးဝမသေချာပဲနဲ့ သူ နင့်ကို ထိပ်တိုက်လာရင်ဆိုင်မှာမဟုတ်ဘူး…”
ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ဝူမင်သည် သူ့အား လှောင်ပြုံးပြုံးပြနေရင်းမှ လက်ကွက်တစ်ခုကို ဖော်ဆောင်နေကြောင်း တွေ့လိုက်ရလေသည်။
ကြည့်ရသလောက် ဟွာချင်းစီ၏ကိုယ်ထဲတွင် ရှိနေသည့် နှလုံးချုပ်အင်းစက်ကို ထိန်းချုပ်နေသည့်လူမှာ သူဖြစ်သည့်ပုံပင်။
“အစ်မဟွာ… ကျုပ် ခင်ဗျားကိုကယ်ပေးမယ်…” ရန်ကိုင်သည် ဟွာချင်းစီအား ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ဝူမင်ဘက်သို့လှည့်၍ လည်ပင်းအား လက်ဖြင့် တိခနဲ လုပ်သည့် ပုံစံမျိုး လုပ်ပြလိုက်သည်။ ထို့နောက် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
သူသာ ကြာကြာဆက်နေပါက ဟွာချင်းစီအား ဒုက္ခရောက်အောင် လုပ်နေသလိုသာ ဖြစ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ယခုအချိန်၌ ထွက်သွားခြင်းသည် အကောင်းဆုံးသောရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။
လေလံပွဲသို့ ရောက်လာသည့် လူများမှာတော့ ရန်ကိုင်နှင့် ဟွာချင်းစီတို့ မည်ကဲ့သို့များ ပတ်သက်နေသလဲ ဆိုသည်နှင့် ပတ်သက်၍ အတွေးများနေကြလေသည်။
ရန်ကိုင်ထွက်သွားပြီးသည့်နောက် ဝူမင်လည်း သူ့လက်ကွက်ဖော်ဆောင်နေခြင်းအား ရပ်တန့်လိုက်လေ၏။ တကယ်တော့ ဟွာချင်းစီ၏တာဝန်သည် လေလံပွဲကိုကျင်းပရန် မဟုတ်ပေလော။ သူ့အနေဖြင့် သူမအား အလွန်အကြူး နှိပ်စက်လွန်းနေလျှင် မကောင်းပေ။
ဝူမင်မှ သူ့လက်ကွက်အား ရပ်တန့်လိုက်သည့်နောက်တွင် ဟွာချင်းစီ၏ခန္ဓာကိုယ်ထဲရှိ နှလုံးချုပ်အင်းစက်မှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး သူမခံစားနေရသည့် နာကျင်မှုမှာလည်း ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။ သို့သော်ငြား ဟွာချင်းစီတစ်ကိုယ်လုံးမှာတော့ ချွေးအေးများဖြင့် စိုရွှဲနေခဲ့လေ၏။ သူမ၏ဟန်အမူအယာကို ပြန်ထိန်းလိုက်ပြီးသည့်နောက်တွင် ခေါင်းမော့၍ ဘာမှမဖြစ်သွားသည့်အလား ပြောလိုက်လေ၏။ “လေလံပွဲ အခု စတင်ပါတော့မယ်… ပထမဦးဆုံးပစ္စည်းကတော့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကောင်းကင်အဆင့်ရုပ်သေးရုပ် ကောင်းကင်လဝံပုလွေပါ… ကြမ်းခင်းက အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်သန်းပါ… အခု ဈေးစပေးလို့ရပါပြီ…”
ဟွာချင်းစီမှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့လေသည်။
ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို လေလံတင်လိမ့်မည်မှန်း ကြိုသိခဲ့ပါသော်ငြား ပထမဦးဆုံး လေလံတင်သည့်ပစ္စည်းသည် ကောင်းကင်အဆင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
တကယ်တော့ လေလံပွဲများကို ဤကဲ့သို့မှ ကျင်းပလေ့ မရှိလေပဲ။ ပုံမှန်အားဖြင့် တန်ဖိုးနည်းသည့် ပစ္စည်းများကိုသာ ပထမဦးစွာ လေလံတင်လေ့ရှိကြပြီး အလွန်တရာတန်ဖိုးကြီးသည့် ပစ္စည်းများကို နောက်ဆုံးကြမှသာ လေလံတင်လေ့ရှိပေသည်။ ရွက်တစ်ထောင်ဂိုဏ်း၏ ကောင်းကင်အဆင့် ရုပ်သေးရုပ်များသည် လေလံပွဲ၏ နောက်ဆုံးပစ္စည်းဖြစ်ဖို့ရာ ထိုက်တန်ပေသည်။ ထို့အတွက်ကြောင့် ထိုကဲ့သို့သော ပစ္စည်းတစ်မျိုးကို ပထမဦးဆုံးလေလံပစ္စည်းအဖြစ် ထားထားခြင်းသည် သိပ်၍ ယုတ္တိမရှိလှပေ။
သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်း၌ ကောင်းကင်အဆင့်ရုပ်သေးရုပ် တစ်ရုပ်မက ရှိနေကြောင်း ပြန်စဉ်းစားမိလိုက်သော် အကုန်လုံးမှာ တဖြည်းဖြည်းချင်း တည်ငြိမ်သွားတော့သည်။
အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်သန်းဆိုသော ပမာဏမှာ အတော်လေးကိုမှ များပြားလှပေသည်။ သာမန်ကျင့်ကြံသူတစ်ဦးသာဆိုလျှင်တော့ ထိုကဲ့သို့သောပမာဏကို လုံးဝ တတ်နိုင်လိမ့်မည်မဟုတ်။
သို့သော်ငြား ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ အားကောင်းလှသည့် ကောင်းကင်အဆင့်ရုပ်သေးရုပ်တစ်ရုပ်အတွက် အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်သန်း ပေးရသည်မှာ မဆိုးလှဟု ပြော၍ရသည်။ ကောင်းကင်အဆင့်ရုပ်သေးရုပ်သည် ကိုယ့်စိတ်ကြိုက်ထိန်းချုပ်နိုင်သည့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးနှင့် အလားသဏ္ဍာန်တူပေသည်။
ယခုလေလံပွဲသို့ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ တက်ရောက်လာကြလေ၏။ ထိုလူအားလုံးမှာ ပြင်ဆင်လာကြပြီးသားပင်။
ထိုအခိုက်အတန့်တွင် ကြမ်းခင်းဈေးကို ကြားလိုက်ပြီးသည့်နောက် လူအုပ်ကြီးတစ်ခုလုံးမှာ အမြန်ပြိုင်ပေးရန် ပြင်ဆင်ကြတော့လေ၏။
“ကျုပ် တစ်သန်းပေးမယ်… ကျေးဇူးပြုပြီး အကုန်လုံး ကျုပ်မျက်နှာကို ထောက်ထားပြီးတော့ ကျုပ်ကို ဒီပစ္စည်းပေးဖို့ မျှော်လင့်ပါတယ်…”
ဟွာချင်းစီပြောလို့ပြီးသွားသည်နှင့်တစ်ပြိုင်နက် အသံတစ်သံထွက်လာခဲ့သည်။ ထိုစကားကိုကြားသည့်အခါ အကုန်လုံး၏မျက်နှာ မဲ့သွားခဲ့ပြီး အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်ကြလေ၏။ (ဒီကောင်ဘာကောင်လဲဟ… ကြမ်းခင်းဈေးပေးပြီးတော့ ကောင်းကင်အဆင့်ရုပ်သေးရုပ်ကို လိုချင်နေတာလား… သူပြောတိုင်း ငါတို့က သူ့ကို မျက်နှာသာပေးရအောင် ဒီကောင်က ဘာမို့လို့လဲ…)
ထိုသို့ပြောပြီးသည့်နောက်တွင် လူတိုင်းသည် အသံကြားရာသို့ လှည့်ကြည့်လိုက်ရာ မည်သူမှန်း သိလိုက်သည့်နောက် အကုန်လုံး၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ အကြောင်းမှာ အစောပိုင်းက စကားပြောလိုက်သည့်လူသည် ရန်ကိုင်မှလွဲ၍ အခြားမဟုတ်သည့် အတွက်ကြောင့်ပင်လျှင်။ ရန်ကိုင်နှင့် ဖက်ပြိုင်ငြင်းရန် စီစဉ်နေကြသည့် လူများသည်ပင်လျှင် ပြောရန်ကြံနေသည့် စကားများကို ပြန်မျိုချလိုက်လေ၏။
ရန်ကိုင် အရိပ်ဓါးပျံမြို့သို့ ပထမဦးဆုံးအကြိမ် ရောက်လာစဉ်က ကိုယ့်အဖွဲ့ကိုယ်ဦးဆောင်၍ အရိပ်ဓါးပျံဂိုဏ်းမှ တပည့်များကို သတ်ပစ်ခဲ့သည်။ သို့သော်ငြား ယခုအချိန်ထိတိုင် အရိပ်ဓါးပျံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော လီချင်းယွင်သည် သူ့အား လက်စားလာမချေသေးချေ။ ထို့အစား သူတို့ဖမ်းဆီးထားသော ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကိုပင်လျှင် သူ့ဆီသို့ ပြန်ပို့ပေးခဲ့လေသည်။
ထို့အပြင် ရန်ကိုင်သည် လေလံပွဲ၏အပြင်ဘက်၌ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ဝူမင်အား သင်ခန်းစာကောင်းကောင်းပေးခဲ့သည်။ ရန်ကိုင်၏ရဲတင်းမှုသည် လူတိုင်းကို ကြောက်ရွံ့သွားစေခဲ့လေသည်။ ထို့အပြင် သူနှင့်အတူ မွန်းစတားဘုရင်တစ်ဦးလည်း ပါလာနေသေး၏။
ကြည့်ရသလောက် သူတို့အနေဖြင့် ရန်ကိုင်ကို မျက်နှာသာပေးရတော့မည့်ပုံပင်။
လေလံပွဲတစ်ခုလုံးမှာ ထူးထူးဆန်းဆန်းကို တိတ်ဆိတ်သွားခဲ့လေသည်။
ရန်ကိုင် မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်း သိထားသည့် လူများမှာ ရန်ကိုင်နှင့် ရန်သူမလုပ်လိုကြပေ။ ရန်ကိုင်အကြောင်း မသိသေးသည့်လူများမှာလည်း အခြားလူများ၏ ထူးဆန်းသော အမူအယာများကို သတိပြုမိသွားပြီးသည့်နောက် တစ်ခုခုအား ခန့်မှန်းမိသွားကြလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား ပြောင်ပြောင်တင်းတင်း သွားရောက် မဆန့်ကျင်ရဲကြပေ။
ထို့အတွက်ကြောင့်ပင်လျှင် မည်သူမှ ရန်ကိုင်နှင့် ဈေးပြိုင်မပေးရဲခဲ့ကြ။
ဟွာချင်းစီသည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ဒီလိုဆိုမှတော့ ပထမဆုံး ကောင်းကင်အဆင့် ရုပ်သေးရုပ်က အခန်း(၁)မှာရှိနေတဲ့ ရောင်းရင်းရဲ့အပိုင် ဖြစ်သွားပါပြီ…”
ထိုစကားကိုကြားသည့်အခါ လူအုပ်ကြီး ကြောင်သွားခဲ့လေသည်။ ယခုတစ်ကြိမ် လေလံပွဲကို စီစဉ်ကျင်းပသည့်လူမှာလည်း အတော်လေးကိုမှ ထူးဆန်းသည်ဟု အကုန်လုံး ခံစားနေခဲ့ရသည်။ ပုံမှန်လေလံပွဲများသာဆိုလျှင် လေလံပွဲကိုကျင်းပသည့်လူသည် ပြိုင်ဆိုင်မည့်လူရှိသေးလား မရှိတော့ဘူးလားမေးရင်း တစ်မှသုံးအထိ အမှတ်စဉ်ရေတွက်ပေသည်။ သို့သော်ငြား ယခုတွင်မူ လေလံပွဲကျင်းပသည့်လူသည် အမှတ်စဉ်ပင် ရေတွက်နေခြင်းမရှိဘဲ တစ်ခါတည်းကို တန်းရောင်းချလိုက်သည်။
သို့သော်ငြား လေလံပွဲမကျင်းပခင် ရန်ကိုင်သည် စင်မြင့်ပေါ်သို့သွား၍ ထိုအမျိုးသမီးနှင့် စကားပြောနေသည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်သော် ထိုအမျိုးသမီးသည် ရန်ကိုင်နှင့်အတူ တိတ်တဆိတ်ပူးပေါင်းနေသည်ဟု အကုန်လုံး မှတ်ယူလိုက်ကြတော့လေ၏။
(ဒါ ဘာကြီးလဲ…)
(ဒါက လေလံပွဲရော ဟုတ်သေးရဲ့လား...)
ဤဧကရာဇ်အဆင့်ပညာရှင်များ လေလံပွဲသို့ တက်ရောက်ဖူးကြသည်မှာ တစ်ကြိမ်မကတော့ချေ။ သို့သော်ငြား ဤကဲ့သို့သော လေလံပွဲမျိုးကိုတော့ ပထမဦးဆုံးအကြိမ် တက်ရောက်ဖူးကြခြင်း ဖြစ်လေသည်။
ဟွာချင်းစီမှ ကြမ်းခင်းဈေးအား ကြေညာပြီးသည့်အချိန်မှ ကောင်းကင်အဆင့်ရုပ်သေးရုပ်ကို ရောင်းချလိုက်သည့်အချိန်ထိ အသက်ငါးရှိုက်စာသာ ကြာပေသေးသည်။ လက်ရှိအချိန်တွင် ဝန်ထမ်းမလေးတစ်ဦးသည် စင်နောက်ဘက်မှနေ၍ ပစ္စည်းတစ်ခုကို ယူဆောင်လာနေလေသည်။ သို့သော်ငြား ကောင်းကင်အဆင့်ရုပ်သေးရုပ်အား လူရှေ့သူရှေ့၌ ထုတ်မပြရသေးခင်မှာပင် ထိုကောင်းကင်အဆင့်ရုပ်သေးရုပ်အား ရောင်းလို့ပြီးသွားခဲ့လေပြီ။
ဝန်ထမ်းမလေးမှာ ထိုကိစ္စနှင့်ပတ်သက်၍ အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား သူမတာဝန်အရ ကောင်းကင်အဆင့်ရုပ်သေးရုပ်မှာ ရောင်းချပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အခန်း(၁)ဆီသို့ သွားပို့ပေးလိုက်လေသည်။
အခန်းရှေ့သို့ ရောက်လာသည့်အခါ အခန်းတံခါးမှာ သူ့အလိုလို ပွင့်လာခဲ့လေသည်။ ဝန်ထမ်းမလေးသည် တံခါးရှေ့တွင် ရပ်ရင်းမှ ပြောလိုက်လေ၏။ “ဧည့်သည်တို့… ဒီမှာ ဧည့်သည်တို့ လေလံဆွဲထားတဲ့ ပစ္စည်းပါ…. ကျေးဇူးပြုပြီး အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်သန်း အရင်ပေးပေးဖို့ တောင်းဆိုပါရစေ…”