အခန်း (၂၆၈၅)
Vol. 115 Ch. 2685
ရန်ကိုင်သည် ဝန်ထမ်းမလေး ယူလာသည့် လင်ဗန်းအား အုပ်ထားသော အနီရောင်ပိတ်စကို မကြည့်လိုက်ရာ လက်မောင်းတစ်ချောင်းစာ အလျားရှိသော ဝံပုလွေရုပ်သေးရုပ်တစ်ကောင်ကို တွေ့လိုက်ရလေသည်။
“ဒါအစစ်လား”
ရန်ကိုင်က ရီဟန်ဘက်သို့လှည့်၍ မေးလိုက်၏။
ရီဟန်က စိတ်လှုပ်ရှားတကြီး ပြန်ပြောလိုက်သည် “ဟုတ်တယ်။ ငါတို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကောင်းကင်လဝံပုလွေပဲ’
ဆုံးရှုံးလိုက်ရသည့် အဖိုးတန်ရတနာကို ပြန်ရရှိလိုက်သည့်အတွက် ရီဟန်မှာ ပျော်လွန်းသဖြင့် ငိုခါနီးပင် ဖြစ်နေခဲ့သည်။
ရန်ကိုင်သည် ကောင်းကင်အဆင့် ရုပ်သေးရုပ်ကို ရီဟန်ဆီသို့ ပစ်ပေး၍ ပြောလိုက်၏ “သိမ်းထားလိုက်”
ရန်ကိုင် အနည်းငယ် အံ့အားသင့်နေခဲ့သည်။ သူသိသလောက် ကောင်းကင်အဆင့် ရုပ်သေးရုပ်များသည် တောင်တစ်လံငးနှယ် ကြီးမားလှလေရာ မည်ကဲ့သို့များ ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ရွက်တစ်ထောင်ဂိုဏ်း၏ ရုပ်သေးရုပ်တာအိုမှာ အမှန်တကယ်ကို နက်နဲလှပါလားဟုလည်း တွေးမိသွားရသည်။
ရီဟန် မှင်တက်နေခဲ့လေသည် “သခင်လေးရန် ဝယ်ထားတာလေ၊ ဒီရီ… ဒါကို မယူနိုင်ပါဘူး”
ဤရုပ်သေးရုပ်သည် အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်သန်းတန်လေရာ ရီဟန်မှာ မျက်နှာပြောင်တိုက်ပြီး ဤရုပ်သေးရုပ်ကို အလကား မယူရဲပါချေ။
“ခင်ဗျားတို့ လက်ထဲမှာပဲ ဒီရုပ်သေးရုပ်ရဲ့ တကယ့်အစွမ်းကို ထုတ်ဖော်နိုင်မှာ။ ယူသာယူထားလိုက်၊ မကြာခင် တိုက်ပွဲကြီးတစ်ခုကို တိုက်ရနိုင်တယ်” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။
ရွက်တစ်ထောင်ဂိုဏ်း၏ ရုပ်သေးရုပ်များကို အထူးနည်းလမ်းများဖြင့် ဖန်တီးထားကြခြင်း ဖြစ်လေရာ ထိုရုပ်သေးရုပ်များကို ထိန်းချုပ်ရန်အတွက်လည်း သီးသန့်နည်းလမ်းများကို အသုံးပြုရသည်။ ထိုနှစ်ခုမှာ အပြန်အလှန် ဆက်စပ်နေလေရာ အခြားသူများအနေဖြင့် ရုပ်သေးရုပ်များကို အသုံးပြုနိုင်မည် ဆိုလျှင်ပင် ရုပ်သေးရုပ်၏ တကယ့်စွမ်းအားကိုတော့ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ.
ရန်ကိုင်၏ စကားကို နားထောင်ပြီးနောက် ရီဟန် တစ်ခုခုအား နားလည်သွားပြီး ချက်ချင်းပဲ ကောင်းကင်အဆင့်ရုပ်သေးရုပ်ကို သိမ်းလိုက်လေသည်။
ဝန်ထမ်းမလေးမှာတော့ အကြောငး်အရင်းတစ်ခုခုကြောင့် စိတ်တထင့်ထင့် ဖြစ်နေခဲ့လေသည်။ အားတင်းပြုံးရင်း ရန်ကိုင်အား ပြောလိုက်လေ၏ “ဆရာ၊ လေလံပစ္စည်းကို လာပို့ပေးပြီးသွားပြီဆိုတော့ ကျေးဇူးအများကြီး အရင်းအမြစ်ကျောက် ပေးချေပေးပါ”
ရန်ကိုင်က ပြန်ပြောလိုက်၏ “နောက်မှပေါ့။ ငါလေလံထပ်ဆွဲစရာတွေ ရှိသေးတယ်။ အကုန်လုံး လေလံဆွဲပြီးတော့မှပဲ တစ်ခါတည်း ပေါင်းပေးမယ်”
“အန်” ဝန်ထမ်းမလေး မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင်အား တောင်းတောင်းဆိုဆိုဖြင့် ကြည့်လျက် “ဒါပေမယ့်... ကျွန်မတို့မှာ အဲ့လို အစဉ်အလာမျိုး မရှိလို့ပါဆရာ။ ဒီကိစ္စကို ကျွန်မဘာသာ ကျွန်မ ဆုံးဖြတ်လို့မရပါဘူး”
ရန်ကိုင်က ဝန်ထမ်းမလေးကိုကြည့်၍ ပြောလိုက်လေ၏ “နင်မဆုံးဖြတ်နိုင်ရင် နင့်ထက် အာဏာရှိတဲ့ တစ်ယောက်ကို သွားမေးလိုက်”
ရန်ကိုင် သူမအား စိုက်ကြည့်လာသည်ကိုမြင်သော် အစေခံမလေး တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ထို့နောက် တစ်ခွန်းမှ ထပ်မပြောရဲတော့ဘဲ ကြောက်ကြောက်လန့်လန့်ဖြင့် အလျင်အမြန် ထွက်ပြေးသွားလေသည်။
ထိုအချိန်အတောအတွင်း အခြားသော ဝန်ထမ်းမလေးတစ်ဦးသည် လင်ဗန်းတစ်ချပ်ကို သယ်လျက် လေလံတင်သည့် စင်မြင့်ပေါ်သို့ တက်လာခဲ့လေသည်။ ထို့နောက်တွင် ဟွာချင်းစီက ကြေညာလိုက်လေ၏ “ဒုတိယလေလံပစ္စည်းကတော့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကောင်းကင်အဆင့်ရုပ်သေးရုပ်ပါ။ ကြမ်းခင်ဈေးက အဆင့်မြင့် အရင်းအမြစ်ကျောက် တစ်သန်းကျပါမယ်။ အားလုံး ဈေးစပေးလို့ရပါပြီ”
ပြောပြီးသည့်နောက်တွင် ဟွာချင်းစီသည် စင်ပေါ်၌ ငြိမ်သက်စွာ ရပ်နေလေ၏။
ရန်ကိုင်က ချက်ချင်း အော်ပြောလိုက်၏ “ကျုပ်ဒါကို တစ်သန်းနဲ့ လိုချင်တယ်။ အကုန်လုံး ကျုပ်ကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်”
ရန်ကိုင်မှ ထိုသို့ ပြောလိုက်သည်နှင့် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားကာ ဧကရာဇ်အဆင့် ပညာရှင်များမှာ အံတကြိတ်ကြိတ် ဖြစ်ကုန်ကြတော့လေသည်။
ရန်ကိုင်သည် ပထမလေလံပစ္စည်းကို ထိုနည်းလမ်းသုံး၍ ဝယ်သွားခဲ့သည်။ ထိုစဉ်က အခြားလူများမှာလည်း သူ့အား မျက်နှာသာပေးခဲ့လေသည်။ မည်သူမှ သူနှင့် သွှားယှဉ်ပြီး မလုခဲ့ချေ။ သို့သော်ငြား ဒုတိယ်လေလံပစ္စည်းကိုလည်း ထိုနည်းလမ်းသုံးပြီး ထပ်ဝယ်ချင်နေသည်မှာတော့ ရန်ကိုင် လွန်သွားပြီဟု ပြော၍ရသည်။
သို့သော်ငြား ရန်ကိုင်၏ ရက်စက်ကြမ်းကြုတ်ပုံနှင့် သူ့ဘက်တွင် မွန်းစတားဘုရင်တစ်ပါး ရှိနေကြောင်း စဉ်းစားမိလိုက်သော် ဧကရာဇ်အဆင့် ပညာရှင်အများစု ငြိမ်ငြိမ်လေးသာ တိတ်နေလိုက်ကြလေသည်။ ရန်ကိုင်အကြောင်း မသိကြသည့် ပညာရှင်များမှာတော့ ဈေးမခေါ်ကြပါသော်ငြား သူတို့အခန်းထဲမှနေ၍ ရန်ကိုင်အား ကြိတ်လှောင်ပြောင်နေ၏။
အကုန်လုံးမှာ တိုးတိုး တိုးတိုးနှင့် ပြောနေကြပါသော်ငြား အကြားအာရုံ မြင့်မားသည့် ဧကရာဇ်အဆင့် ပညာရှင်များမှာတော့ သူတို့ပြောနေသည်ကို အတိုင်းသာ ပြောနေကြသည်။
အကုန်လုံးမှာ ရန်ကိုင် ထပြဿနာရှာမည်ကို အတော်လေး လန့်နေကြသည်။ သို့သော် ထူးဆန်းစွာပင် ရန်ကိုင်၏ အခန်းမှာ တိတ်ဆိတ်နေခဲ့လေသည်။
ထိုစဉ် အစောပိုင်းက ရန်ကိုင်ဆီသို့ လေလံပစ္စည်း လာပို့ပေးခဲ့သော ဝန်ထမ်းမလေးသည် ဖြစ်ကြောင်းကုန်စင်ကို ဝူမင်အား ပြန်လည်အစီအရင်ခံ တင်ပြနေခဲ့သည်။
ဝန်ထမ်းမလေးပြောသည်ကို ကြားပြီးသည့်နောက် ဝူမင် ဒေါသပုန်ထသွားလေသည် “ခွေးကောင်က ငါတို့ကို လာဓါးပြတိုက်နေတာပဲ”
အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်သန်းသည် သူ့အတွက်ပင် အတော့်ကိုမှ များပြားသည့် ပမာဏတစ်ခု ဖြစ်နေဆဲ။ ယခု ရန်ကိုင်၏ လုပ်ပုံကို ကြည့်ရသလောက် ရန်ကိုင်သည် လေလံပစ္စည်းအတွက် လုံးဝ ပိုက်ဆံမပေးချင်သည်မှာ သေချာပေသည်။
လေလံပွဲပြီးသွားလျှင်ပင် ရန်ကိုင် အရင်းအမြစ်ကျောက်တစ်တုံးပင် ပေးလိမ့်မည် မဟုတ်မှန်း ဝူမင် သိနေခဲ့သည်။
“ဆရာ၊ ကျွန်မတို့ ဒါနဲ့ပက်သက်ပြီး ဘယ်လိုလုပ်ရမလဲ” ဝန်ထမ်းမလေး ထိတ်လန့်လာခဲ့သည်။ လေလံစံအိမ်တွင် ပစ္စည်းများကို လေလံတင်ရောင်းခဲ့သော်ငြား တစ်ပြားတစ်ချပ်ပင် မရခဲ့သည့်အကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက သူမတို့ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဂုဏ်သတင်း အကြီးအကျယ် ကျဆင်းသွားရပေလိမ့်မည်။ သို့သော်ငြား သူမသည် ဝန်ထမ်းမလေးတစ်ဦးသာ ဖြစ်သဖြင့် အရေးကြီးသော ဆုံးဖြတ်ချက်များကို ချပိုင်ခွင့်မရှိပေ။
ဝူမင်သည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် အေးစက်စက် လေသံဖြင့် “ထားလိုက်၊ သူ့ကို မသိချင်ယောင်ဆောင်နေလိုက်”
မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင်သည် ယနေ့ သေရမည်ဖြစ်သဖြင့် သူ့တွင် ပစ္စည်းကောင်း မည်မျှပင် ရှိနေစေကာမူ ထိုပစ္စည်းအားလုံးသည် သူတို့၏အပိုင်သာ ဖြစ်လာပေလိမ့်မည် (ခွေးကောင်လေး၊ မင်းလုပ်ထားနှင့်ဦးပေါ့ကွာ။ နောက်ဆုံးကျမှ ဘယ်သူရယ်နိုင်မလဲ ကြည့်ရသေးတာပေါ့)
ဝန်ထမ်းမလေး ထိတ်လန့်သွားခဲ့ပြီး ထပ်ပြောလိုက်လေ၏ “ဒါပေမယ့်ဆရာ၊ သူနောက်ထပ် ပစ္စည်းတစ်ခုကို လေလံထပ်ဆွဲနေပြန်ပြီ။ သူဒီတစ်ကြိမ် လေလံ ထပ်နိုင်သွားရင်ကော”
ဝူမင်က သူ့လက်ကို ဝှေ့ရမ်း၍ “လွှတ်ထားပေးလိုက်”
“အန်” အစေခံမလေး ကြောင်သွားခဲ့သည်။ ဝူမင် ယခုကဲ့သို့ ပြန်ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်ငြား ယနေ့ လေလံပွဲစတင်သည့်အချိန်မှစ၍ သူမတို့အနေဖြင့် ဝူမင်၏ အမိန့်ကို နာခံရမည်ဟု သတင်း ရရှိထားခဲ့သည်။ ထို့ကြောင့် ပြန်မပြောရဲ့ပေ။ သို့သော် သူမစိတ်ထဲ ယနေ့ကိစ္စနှင့် ပက်သက်၍ ထူးဆန်းနေသလို ခံစားနေခဲ့ရသည်။
ဝူမင်သည်း ရန်ကိုင်ရှိနေရာ သီးသန့်အခန်းဆီသို့ကြည့်ရင်း ကြိတ်၍ တွေးနေ၏ (ပျော်လို့ရတုန်းတော့ ပျော်ထားဦးပေါ့ကွာ။ ပြီးတော့ကျမှ မငိုနဲ့ပေါ့။ မင်းဘာလုပ်မလဲ ဆိုတာကို ဆရာအကုန် ထည့်စဉ်းစားပြီးသွားပြီ။ မင်းဒီနေ့ ဘယ်လိုမှ ပြေးလွတ်မှာ မဟုတ်ဘူး)
လေလံပွဲတစ်ခုလုံးသည် ရန်ကိုင် ထွက်လာအောင် လုပ်ရန်ဖြစ်သလို အချိန်ဆွဲရန် အတွက်လည်း ဖြစ်ပေသည်။ လေလံပွဲစတင်ကတည်းက သူ့ဆရာသည် လိုအပ်သည့် အရာများကို စတင် ပြင်ဆင်နေခဲ့လေပြီ။ အကုန်လုံး ပြင်ဆင်ပြီးသွားသည်နှင့် တစ်ပြိုင်နက် မည်သူမှ ဤနေရာမှ လွတ်မြောက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
ဒုတိယပစ္စည်းကိုလည်း မည်သူမှ ဝင်မလုကြသဖြင့် ရန်ကိုင်ဆီသို့သာ ရောက်သွားခဲ့သည်။ မကြာမီ ထိုပစ္စည်းကို အခြားဝန်ထမ်းမလေးတစ်ဦးမှ ရန်ကိုင်ဆီသို့ လာပို့လေ၏။
အမိန့်အရ၊ ထိုဝန်ထမ်းမလေးသည် ရန်ကိုင်ဆီမှ မည်သည့် အခကြေးငွေကိုမှ မတောင်းဆိုခဲ့ဘဲ ပစ္စည်းကို လာပို့ပြီး ပြန်ထွက်သွားလေ၏။
ရန်ကိုင်သည် ထိုပစ္စည်းကို ရီဟန်ဆီသို့ ပစ်ပေးလိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရီကျင်းဟန်နှင့် တုရှန်းတို့ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြသည်။ ဤနှုန်းအတိုင်းသာဆိုပါက သူတို့ ဆုံးရှုံးလိုက်ရသော ကောင်းကင်အဆင့် ရုပ်သေးရုပ် အားလုံးကို ပြန်လည် ရရှိနိုင်ပေလိမ့်မည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်း တစ်ဖန်ပြန်လည် ဦးမော့လာနိုင်ပေလိမ့်မည်။
“တတိယလေလံပစ္စည်းကတော့” စင်မြင့်ပေါ်တွင် ရှိနေသော ဟွာချင်းစီသည် ထူးမခြားနားဟန်ဖြင့် နောက်ထပ်ပစ္စည်းတစ်ခုကို လေလံထပ်တင်ရန် ပြင်လိုက်သည်။
သို့သော်ငြား သူမစကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ထပ်အော်ပြောလိုက်လေ၏ “ကျုပ်အဲ့ဒါကို တစ်သန်းနဲ့ လိုချင်တယ်”
လေလံထပ်တင်မည့်ပစ္စည်းသည် ကောင်းကင်အဆင့် ရုပ်သေးရုပ်သာ ဖြစ်လေသည်။
ရွက်တစ်ထောင်ဂိုဏ်းတွင် မူလက ကောင်းကင်အဆင့်ရုပ်သေးရုပ် ဆယ်ရုပ်ရှိခဲ့သည်။ လျို့ယန်မှ နှစ်ရုပ်ယူသွားသည့်နောက် ရှစ်ရုပ်ကျန်ခဲ့လေသည်။ လက်ကျန် ကိုးရုပ်ကို တစ်ရုပ်ချင်းစီ ဝယ်နေဖို့ရာ အတော်လေးတော့ အချိန်ယူရပေလိမ့်မည်။
ထိုစဉ် အခန်းခုနှစ်ဆီမှ မကျေနပ်ချက်တို့ ပြည့်နေသည့် အသံတစ်သံ ထွက်လာခဲ့၏ “ရောင်းရင်း၊ ဒီတစ်ကြိမ်ကော မင်းကို မျက်နှာသာပေးစေချင်နေသေးတာလား”
ရန်ကိုင်က ပြုံးလျက် “ပေးနိုင်ရင်တော့ ကောင်းတာပေါ့”
အခန်းခုနှစ်ထဲတွင် ရှိနေသော လူအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မင်းကို မျက်နှာသာပေးစေချင်ရင် မျက်နှာသာပေးစေချင်အောင်လုပ်လေ”
“ဟုတ်တယ်။ တစ်ကြိမ်နှစ်ကြိမ်ကတော့ ရသေးတယ်။ သုံးကြိမ်ကတော့ လုံးဝ မရတော့ဘူး” အခန်းဆယ့်သုံးဆီမှ လူတစ်ယောက်က ဝင်ရောက်ထောက်ခံလိုက်၏ “ဒီဟာက လေလံပွဲ၊ လေလံပွဲမှာ ဈေးများများ ပေးနိုင်တဲ့လူက ပစ္စည်း ရကြစတမ်းပဲ။ မျက်နှသာပေးတာတွေ၊ မပေးတာတွေ လုပ်နေရတဲ့နေရာ မဟုတ်ဘူး။ အခု ရောင်းရင်းရဲ့ လုပ်ရပ်က လူတိုင်းကို မလေးမစား လုပ်နေသလိုပဲ”
“ကောင်လေး၊ ကောင်းကင်အဆင့်ရုပ်သေးရုပ် နှစ်ရုပ်ကို ရပြီးတာတောင် မင်းမကျေနပ်နိုင်သေးဘူးလား”
“ဟုတ်တယ်။ ငါတို့ ဒီရုပ်သေးရုပ်တွေကိုရဖို့အတွက် ဟိုးအဝေကြီးကနေ လာခဲ့ရတာ။ မင်းကို နှစ်ရုပ်တောင် ပေးပြီးသွားပြီ။ ကျန်တဲ့အရုပ်တွေကိုပါ ဘာလို့ ထပ်လိုချင်နေသေးတာလဲ။ ငါ့တို့ကိုလည်း နည်းနည်းပါးပါး အားနာပါဦးဟ”
တစ်ယောက်က စပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခြားသူများလည်း လိုက်ပြောကြတော့သည်။
အဖိုးတန်ရတနာများကို မလိုချင်သည့်လူ မည်သူများ ရှိမည်နည်း။ ရန်ကိုင်၏ ပုံစံအရ လေလံတင်သမျှ ကောင်းကင်အဆင့်ရုပ်သေးရုပ်တိုင်းကို လေလံပြိုင်မဆွဲဘဲ အာဏာသုံး၍ သူချည်းယူမည့်ပုံပင်။ တစ်ရုပ်နှစ်ရုပ်ယူလျှင် လက်ခံနိုင်သေးသော်ငြား အကုန်လုံးကို ယူရန် ကြံနေသည့်အခါ မည်သူကများ သည်းခံနိုင်ပါတော့မည်နည်း။
လူတော်တော်များများ ကြိတ်၍ နောင်တရနေကြသည်။ ဤကောင်လေး ကြွားလုံး ထုတ်နေခြင်းသက်သက်မှန်းသာ သိခဲ့လျှင် ငြိမ်မနေပေးခဲ့ဘဲ ပထမဆုံးလေလံတင်သည့် ရုပ်သေးရုပ်နှစ်ရုပ်ကိုပါ သွားလေလံဆြွခဲ့ပေသည်။ ပုံမှန်အားဖြင့် ပထမဆုံး လေလံတင်သည့် ပစ္စည်းများ၏ တန်ကြေးမှာ နိမ့်ကျလေ့ရှိကာ နောက်ဆုံးရောက်လာလေ၊ ပစ္စည်းတန်ကြေးမှာ ပိုပို မြင့်လာလေပင်။
ရန်ကိုင်အနားတွင် မွန်းစတားဘုရင်တစ်ပါးရှိနေသည်ကို သိထားပြီး ရန်ကိုင်မှ ဝူမင်အား အမှောက်သိပ်ခဲ့သည်ကို သိထားသည့် လူများသည်လည်း ငြိမ်နေကြလေသည်။ သူတို့ စိတ်ထဲတွင်လည်း လေလံထွက်လာသည့် ဧကရာဇ်အဆင့် ပညာရှင်များ မည်သို့သော အဖြစ်မျိုးနှင့် ကြုံရတော့မလဲဆိုသည်ကို တွေးကာ ပြုံးပျော်နေကြလေ၏။
ဝူမင်ကိုပင် စံအိမ်ပေါက်ဝ၌ ရစရာမရှိအောင် ထိုးကြိတ်ရဲသည်ကိုကြည့်လျှင် ရန်ကိုင်သည် တဇွတ်ထိုးလုပ်တတ်ပြီး လက်ရဲဇက်ရဲ လူတစ်ဦးမှန်း သိသာလှသည်။ ဝူမင်လောက်ပင် အားကောင်းခြင်းမရှိဘဲ ရန်ကိုင်အား သွားပြဿနာရှာခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်ပေသည်။ ဤကိစ္စသည် သူတို့နှင့် မဆိုင်သဖြင့် ထိုလူအားလုံးမှာ အခြားလူများကို တစ်ချက်ကလေးမှ သွားသတိမပေးဘဲ ပွဲကြီးပွဲကောင်းကိုသာ ရပ်စောင့်ကြည့်နေကြလေသည်။
သို့သော်ငြား သူတို့ အံ့အားသင့်သွားရသည်မှာတော့၊ ထိုလူများ ကန့်ကွက်နေကြပါသော်ငြား ရန်ကိုင် တိတ်နေခြင်းပင်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်လေ၏ “ခင်ဗျားတို့က ကျုပ်ကို မျက်နှာသာမပေးချင်မှတော့ လေလံဆွဲကြပေါ့။ ဘာလို့ ဒီလောက်တောင် လျှာရှည်နေရတာလဲ”
ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် လူပေါင်းများစွာ ထိတ်လန့်သွားကြလေသည်။ သူတို့စိတ်ထဲတွင်လည်း တွေးနေကြလေ၏ (ဘာတွေဖြစ်နေတာလဲ။ ဒီကောင့်မှာ စိတ်နှစ်ခွ ရှိတာလား... မဖြစ်နိုင်ဘူး။ လူတွေများလွန်းလို့ ကြောက်သွားတာများလား)
တကယ်တော့ လူထု၏ ဘုံရန်သူဖြစ်လာခြင်းသည် ကောင်းသည့်အရာတစ်ခုမှ မဟုတ်လေဘဲ။ ထို့ကြောင့် ရန်ကိုင် ဝူမင်ကို ဖူးရောင်ကိုင်းနေအောင် ထိုးကြိတ်ခဲ့ပါစေ၊ ကိစ္စမရှိ။ ဤနေရာရှိ လူအားလုံးကိုသာ ထီမထင်ဟန်ဖြင့် ဆက်ဆံနေဦးမည် ဆိုလျှင်တော့ သူသည် လူတိုင်း၏ ဘုံရန်သူ ဖြစ်လာရပေလိမ့်မည်။
ထိုသို့ စဉ်းစားမိလိုက်သော် တစ်ချိန်ကုန် တိတ်ဆိတ်နေခဲ့သော ဧကရာဇ်အဆင့် ပညာရှင်များ စိတ်အားထက်သန်လာကြတော့သည်။
ရန်ကိုင်သာ မတားပါက သူတို့အနေဖြင့် မည်သူ့ကိုမှ ကြောက်နေလိမ့်မည် မဟုတ်ချေ။ ဓနအင်အား ပိုသာသည့်လူသည်သာ ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ ထိုသို့ စဉ်းစားမိလိုက်သော် ဧကရာဇ်အဆင့် ပညာရှင်များမှာ ခါးကိုမတ်လျက် လာမည့်ပြိုင်ပွဲအတွက် ပြင်ဆင်နေကြသည့်အလား အင်္ကျီလက်ကို လိပ်တင်လိုက်ကြလေသည်။
အခန်းခုနှစ်တွင် ရှိနေသော လူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် စီနီယာပုံစံဖြင့် “လေလံပွဲဆိုတာ ဒီလိုမျိုး ဖြစ်နေသင့်တာ။ ကဲ၊ အခြေအနေလည်း အဆင်ပြေသွားပြီ ဆိုတော့ ဒီလူအိုကြီးလည်း အပိုတွေ ပြောမနေတော့ဘူး။ (၁၁)သိန်း”
“(၁၂)သိန်း”
“(၁၅)သိန်း”
“နှစ်သန်း”
ဘက်ပေါင်းစုံမှ အော်ဟစ်သံများနှင့်အတူ သီးသန့်ခန်းများထဲတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်များ လေလံပွဲတွင် ဝင်ရောက်ဆင်နွှဲကြတော့လေသည်။ အသက်ဆယ်ရှိုက်စာအတွင်း ကောင်းကင်အဆင့်ရုပ်သေးရုပ်၏ တန်ကြေးသည် တစ်သန်းမှ သုံးသန်းအထိသို့ မြင့်တက်လာခဲ့ပြီး ဆက်၍ မြင့်တက်နေလေ၏။