အခန်း (၂၆၈၆)
Vol. 115 Ch. 2686
“ဆယ်သန်း” ရုတ်တရက် အသံတစ်သံ ထွက်လာခဲ့သည်။
ဆူညံပွတ်လောရိုက်နေသော ခန်းမတစ်ခုလုံး တိတ်ကျသွားခဲ့ပြီး လူတိုင်းသည် မျက်နှာကြီးမဲ့လျက် အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
အကြောင်းမှာ ဆယ်သန်း ဈေးခေါ်လိုက်သည့် အသံပိုင်ရှင်သည် အခြားမဟုတ်ဘဲ ရန်ကိုင် ဖြစ်နေသည့်အတွက်ကြောင်ပင်။ ရန်ကိုင်သည် ဈေးနှုန်းကို သုံးသန်းမှ ဆယ်သန်းအထိ သုံးဆမက တစ်ချက်တည်း တန်းမြှင့်ပစ်လိုက်သည်။ ထိုကဲ့သို့ ဈေးခေါ်သည့်ပုံသည် ဧကရာဇ်အဆင့် ပညာရှင်များအားလုံးကို သက်ပြင်းရှိုက်သွားစေခဲ့လေသည်။
သို့သော်ငြား သေချာပြန်စဉ်းစားကြည့်မည်ဆိုပါကလည်း ထိုဈေးနှုန်းသည် ကောင်းကင်အဆင့်ရုပ်သေးရုပ်တစ်ရုပ်၏ ဈေးနှုန်းသာ ဖြစ်လေသည်။ အဆင့်မြင့် အရင်းအမြစ်ကျောက် ဆယ်သန်းသည် မနည်းလှပါသော်ငြား ကောင်းကင်အဆင့် ရုပ်သေးရုပ်တစ်ရုပ် အတွက်တော့ တကယ်ကို တန်ပေသည်။ ထိုကောင်လေသည် အခြားသူများ သူနှင့် ပြိုင်ဆိုင်မလာနိုင်စေရန်အတွက် ဈေးနှုန်းကို တစ်ချက်တည်း တန်းမြှင့်ပစ်လိုက်ခြင်း ဖြစ်သည်ဟုသာ ပြော၍ရပေမည်။
လေလံပွဲများသည် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိသည်။ ဈေးနှုန်းကိုသာ တတိတိနှင့် တင်နေမည်ဆိုပါက အခြားသူများသည် ကိုယ်နှင့် အပြိုင် ဈေးလိုက်ပေးနိုင်သော်ငြား ဈေးနှုန်းကို တစ်ဟုန်ထိုး တန်းမြှင့်လိုက်မည် ဆိုလျှင်တော့ ကိုယ်နှင့် ပြိုင်ဆိုင်နိုင်သူ နည်းပါးသွားပေလိမ့်မည်။
“ဒီခွေးကောင်ကတော့” စင်မြင့်နောက်တွင် ရှိနေသော ဝူမင်သည် ဒေါသတကြီးဖြင့် အံကြိတ်နေခဲ့သည်။
ရန်ကိုင်ဘာကြောင့် ဤမျှ ဈေးမြင့်မြင့်ပေးနေသလဲ ဆိုသည်ကို အခြားသူများ သိလိမ့်မည် မဟုတ်သော်ငြား သူကတော့ သိပေသည်။ လေလံဈေးသည် ရန်ကိုင်အတွက်တော့ ကိန်းဂဏန်းတစ်ခုသာ ဖြစ်သည်။ ရန်ကိုင်သည် ဈေးခေါ်နေသော်ငြား တကယ်ကြီး ပေးရန် မစဉ်းစားထားချေ။ ဆယ်သန်းမဆိုထားနှင့်၊ ရန်ကိုင်သည် ရုပ်သေးရုပ်တစ်ရုပ်ကို သန်းတစ်ရာပင် ပေးဝယ်နိုင်သည်။
ထိုသို့ စဉ်းစားမိလိုက်သော် ဝူမန်စိတ်ထဲ ကြိတ်မနိုင်ခဲမရ ဖြစ်သွားလေ၏။
(ဒီခွေးကောင်လေး တကယ်ကြီး သန်းတစ်ရာ ဈေးခေါ်ချင်နေတာလား)
“ဒီခွေးကော်ငကတော့ကွာ” အခန်းခုနှစ်တွင် ရှိနေသော လူအိုကြီးက ဒေါသထွက်ထွက်နှင့် ထအော်လေသည်။ ဘာကိုမှနားမလည်သည့် ရန်ကိုင်ကိုလည်း စိတ်ထဲကြိတ်၍ ဆဲရေးတိုင်းထွာနေမိလေသည်။ လေလံပွဲတွင် မည်သူမှ ဤကဲ့သို့ ဈေးအမြင့်ကြီး တင်လေ့မရှိချေ။ ဈေးအမြင့်ကြီးတင်ခြင်းသည် သူတို့အတွက် အကျိုးမရှိ၊ ပွဲစီစဉ်သူနှင့် ရောင်းချသူကိုသာ အကျိုးရှိစေပေသည်။ ရန်ကိုင်သာ အစောပိုင်းက ရုပ်သေးရုပ်နှစ်ရုပ်ကို ဝယ်မသွားခဲ့ပါက ရန်ကိုင်သည် လေလံစံအိမ်မှ အတို့အထောင် လုပ်ရန် ထည့်ထားသည့် သူလျှိုတစ်ယောက်ဖြစ်သည်ဟုပင် သူထင်မိသွားနိုင်ပေသည်။
“ကောင်းကင်အဆင့်ရုပ်သေးရုပ် တစ်ရုပ်အတွက် ဆယ်သန်းဆိုတာ တကယ်မဆိုးဘူး။ ဒါပေမယ့် ဒီလောက်လေးနဲ့ ဒီလူအိုကြီးလက်က လာလုချင်တယ်ဆိုရင်တော့ ကြိုးစားလိုက်ဦးကွ” လူအိုကြီးက လှောင်ပြုံးပြုံးလိုက်လေသည် “ဆယ့်တစ်သန်း”
လက်ရှိ ပမာဏသည် သူ့အကန့်အသတ်သို့ ရောက်ခါနီးနေလေပြီ။ သို့သော်ငြား ရန်ကိုင်၏ လုပ်ပုံကို ကြည့်မရသည့်အတွက်ကြောင့် ရန်ကိုင်နှင့် အဆုံးထိ လိုက်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သက်တမ်းရင့်သည့်ချင်းက ပိုစပ်သည်ကို ထိုလူငယ်လေး သိသွားအောင် ကောင်းကောင်း သင်ပြပေးရပေမည်။
“သန်းတစ်ရာ”
ရန်ကိုင်သည် ထိုင်ခုံပေါ်တွင် ဇိမ်ပြေနပြေထိုင်လျက် ရေးနွေးကြမ်းကို အသာအယာ သောက်နေရင်းမှ ဈေးခေါ်လိုက်သည်။
ရီကျင်းဟန် ထအော်ရယ်လုမတတ် ဖြစ်သွားခဲ့လေသည်။
ဤအခြေအနေထိ ဖြစ်လာမှဖြင့် ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို သူမ နားမလည်ဘဲ နေတော့မည်လား။ လေလံပွဲသည် ရန်ကိုင်အတွက် ဟာသတစ်ခုထက်မပိုချေ။ ရန်ကိုင်သည် ဈေးနှုန်းများကို ဤအတိုင်း ထိုင်ခေါ်နေခြင်းသာဖြစ်ပြီး ပိုက်ဆံပေးရန် မစီစဉ်ထားခဲ့။ ထို့ကြောင့် ဆယ်သန်းဖြစ်ဖြစ်၊ သန်းတစ်ရာဖြစ်ဖြစ်၊ သန်းတစ်ထောင်ဖြစ်ဖြစ် သူ့အတွက် အရေးမကြီးချေ။ ထိုအရာများသည် သူ့အတွက် ကိန်းဂဏန်းသာသာမျှသာဖြစ်သည်။
ရီဟန်နှင့် တုရှန်းတို့မှာတော့ နဖူးထက်ရှိ ချွေးများကို တိုးတိုးတိတ်တိတ်ဖြင့်သုတ်ရင်း ထူးထူးဆန်းဆန်း အမူအရာများဖြင့် ရှိနေကြလေသည်။
စင်နောက်ဘက်တွင် ရှိနေသည့် ဝူမင်၏ မျက်နှာမှာတော့ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့သည်။ သူထင်ထားသည့်အတိုင်းပင် ထိုကောင်လေးသည် တကယ်ကြီး သန်းတစ်ရာ ဈေးခေါ်လာခဲ့လေသည်။
သက်ပြင်းရှိုက်သံများဟာလည်း သီးသန့်ခန်းများဆီမှ အစီအရင် ထွက်ပေါ်လာကြပြီး အကြည့်ပေါင်း မြောက်များစွာသည် ရန်ကိုင် ရှိနေသည့် သီးသန့်ခန်းဆီသို့ စုပြုံရောက်ရှိလာကြသည်။
“ငါနားကြားမှားသွားတာလား။ အဲ့ကောင်တကယ်ကြီး သန်းတစ်ရာလို့ ဈေးခေါ်လိုက်တာလား”
“ငါအိမ်မက်များမက်နေတာလား”
“ဒီကောင်ရူးနေပြီ၊ မရတော့ဘူး... အဲ့ကောင်သာ ရူးမနေရင် ဒီလောက်အများကြီး ဈေးခေါ်စရာအကြောင်းမရှိဘူး”
…
ခန်းမတစ်ခုလုံး ရုတ်ချည်း ဆူညံလာခဲ့သည်။ ရန်ကိုင်၏ ခေါ်လိုက်သည့် သန်းတစ်ရာဟူသော ပမာဏသည် ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သည့်နှယ် ခန်းမတစ်ခုလုံးကို ဂယက် ရိုက်သွားစေခဲ့သည်။
“မင်း... မင်း... မင်း...” အခန်းခုနှစ်ထဲတွင် ရှိနေသော လူအိုကြီးမှတော့ ထိတ်လန့်နေရာမှ ပြန်အသိဝင်လာပြီးနောက် ဒေါသတကြီးဖြင့် သူ၏ ထိုင်ခုံလက်ရန်းကို ရိုက်ချလိုက်ရာ လက်ရန်းတစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့လေသည် “ကောင်လေး၊ မင်းလွန်မလာနဲ့နော်”
ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် အခန်းခုနှစ်ဆီသို့ လှမ်းကြည့်ရင်းမှ ပြန်ပြောလိုက်၏ “ခင်ဗျားပြောသလိုပဲ၊ ဒါက လေလံပွဲလေ။ ဒီတော့ ဈေးပိုပေးနိုင်တဲ့လူက လိုချင်တာ ရမှာပေါ့။ ဘာတွေ မကျေမနပ် လာဖြစ်နေတာလဲ”
“မင်း တမင်အကျင့်ယုတ်ပြီး ဈေးခေါ်နေတာ။ ဘာမှယုံချင်စရာမရှိဘူး” ကောင်းကင်အဆင့်ရုပ်သေးရုပ်တစ်ရုပ်အတွက် ရန်ကိုင်တကယ်ကြီး ထိုမျှ ပေးရဲလိမ့်မည်ဟု သူမထင်ချေ။ ကောင်းကင်အဆင့် ရုပ်သေးရုပ်တစ်ရုပ်မှာ အဖိုးတန်ပါသော်ငြား အများဆုံးမှ ဆယ်သန်း၊ သန်းနှစ်ဆယ်လောက်သာတန်သည်။ သန်းတစ်ရာဆိုသည်မှာ မဖြစ်နိုင်သည့် ပမာဏ ဖြစ်ပေသည်။ ပထမအဆင့် အင်အားစုများသည်ပင်လျှင် ထိုမျှ များပြားလှသော ပမာဏကို အလွယ်တကူ ထုတ်မပေးနိုင်ကြချေ။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်၏ “မပေးနိုင်ဘူးဆို မပေးနိုင်ဘူးပေါ့။ ဘာတွေ ရှက်ရမ်း လာရမ်းနေတာလဲ။ အသက်က ဖင်ဆောင့်နေပြီ၊ ကိုယ့်ဘာသာ အိမ်မှာမနေဘဲ အရူးလိုက်လုပ်နေတယ်။ သောက်ရှက်လည်းမရှိဘူး”
“မင်းငါ့ကို ဒေါသထွက်အောင် လုပ်နေတာလားကွ” လူအိုကြီးမှာ ဒေါသပုန်ထသွားပြီး ဟွာချင်းစီဘက်သို့လှည့်၍ “မိန်းကလေး၊ နင်တို့ လေလံစံအိမ်က ဒီကောင့်ကို လုပ်ချင်တိုင်း လုပ်ခွင့် ပေးလိုက်တော့မှာလဲ။ ဒီကောင် မပေးနိုင်ဘဲနဲ့ ဒီအတိုင်း မဟုတ်တရုတ် ဈေးခေါ်နေတာကို ဘယ်သူမှ မတားကြတော့ဘူးလား”
ဤလေလံစံအိမ်သည် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်း၏ အခွဲတစ်ခု ဖြစ်လေရာ ရန်ကိုင်၏ လုပ်ရပ်သည် သူတို့၏ ဂုဏ်သတင်းကို ကျိန်းသေ ထိခိုက်စေပေသည်။ ဟွာချင်းစီသည် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု တွေးလျက် လူအိုကြီးက မေးခါန်းထုတ်လိုက်ခြင်း ဖြစ်သည်။
ဟွာချင်းစီသည် အခန်းခုနှစ်ကိုကြည့်လျက် “သူဘယ်လောက်ပဲပေးပေး သူ့ကိစ္စလေ၊ သူဘာပြဿနာရှာနေလို့လဲ။ ကျွန်မ ကြည့်ရတာတော့ ပြဿနာရှာတာက သူမဟုတ်ဘဲ ရှင်တို့ ဖြစ်နေသလိုပဲနော်”
လူအိုကြီး ကြောင်သွားခဲ့လေ၏။ သို့သော်ငြား လေလံတင်သည့်လူသည် ထိုကောင်လေးနှင့် ရင်းနှီးကြောင်း ပြန်စဉ်းစားမိလိုက်သော် ဘာကြောင့် ယခုလို ဖြစ်ရလဲ နားလည်သွားခဲ့လေ၏။
“တစ်ကြိတ်တည်း တစ်ဥာဏ်တည်း ဆိုတဲ့အတိုင်းပါပဲလား” လူအိုကြီးသည် စိတ်ပျက်ပျက်ဖြင့် သူ့အင်္ကျီလက်စကို ဝှေ့ရမ်းလိုက်၏။ ထို့နောက် အော်၍ ရေရွတ်လိုက်၏ “သူ့မှာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာရှိတယ်လို့ ကျုပ်မထင်ဘူး”
ကြုံရာလူတစ်ယောက်သာ အရင်းအမြစ်ကျောက် သန်းတစ်ရာကို ထုတ်လာနိုင်ပါက ထိုအရာများသည် အဆင့်မြင့်အရင်းအမြစ်ကျောက်များ မဖြစ်နိုင်ချေ။ သူသည်ပင်လျှင် သူ့တစ်ဂိုဏ်းလုံးကို အပြောင်းရှင်းပြီးနောက် အများဆုံးမှ အဆင့်မြင့် အရင်းအမြစ်ကျောက် သန်းနှစ်ဆယ်လောက်ကိုသာ ထုတ်ယူနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ အသက်ငယ်ငယ်လေးသာ ရှိသေးပြီး ဧကရာဇ်ပထမအဆင့်သို့သာ ရောက်သေးသည့် ရန်ကိုင်သည် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာကို မည်ကဲ့သို့များ ထုတ်ပေးနိုင်ပါမည်နည်း။
“လူအိုကြီးကျို ပြောတာမှန်တယ်... ဒီကောင် တမင်သက်သက် လာပြဿနာရှာနေတာ။ သူ့လိုလူမျိုးကို မောင်းထုတ်သင့်တယ်” တစ်ယောက်ယောက်ကလည်း ထအော်လေ၏။ ထိုလူသည် အခန်း ဆယ့်သုံးမှ ဧကရာဇ်အဆင့် ပညာရှင်ဖြစ်ပေသည်။
“ဟုတ်တယ်။ သူ့ကို မောင်းထုတ်ပစ်လိုက်။ သူ့လိုလူမျိုးကို လေလံစံအိမ်ထဲ လုံးဝ ပေးမဝင်သင့်ဘူး။ ဒီကောင် ပစ္စည်းနှစ်ခုကို အလကားသက်သက် ယူသွားတာကို ခုနှစ်ရောင်စဉ်အဖွဲ့အစည်းက ဘာတွေ ရပ်ကြည့်နေကြတာလဲ”
ရုတ်တရက် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လာပြီဂ တစ်ယောက်တစ်ပေါက် ထအော်ကြတော့လေသည်။
သူတို့ ဆူပူရသည့် အဓိကအကြောင်းအရင်းမှ ရန်ကိုင် ပေးလာသည့်ဈေးမှာ အလွန်တရာကိုမှ မြင့်မားလွန်းနေသည့် အတွက်ကြောင့်ပင်။ လေလံပစ္စည်းမှာ သုံးခုမြောက်သို့သာ ရောက်သေးပြီး နောက်ထပ် ကောင်းကင်အဆင့် ရုပ်သေးရုပ်များစွာ ထပ်ရှိနေပေးသည်။ ရန်ကိုင်သည် ဈေးအား သူမြှင့်ချင်တိုင်း မြှင့်နေမည်ဆိုပါက မည်သူကများ သူနှင့်ပြိုင်ပြီး လေလံယှဉ်ဆွဲနိုင်ပါမည်နည်း။
ထို့အတွက်ကြောင့် သူတို့ကိုယ့်ကျိုးအတွက် ရန်ကိုင်အား ဆက်ရှိနေခွင့်ပေး၍ မဖြစ်ချေ။
ဧကရာဇ်အဆင့် ပညာရှင်အားလုံး ပြိုင်တူ အော်ဟစ်ကြတော့လေသည်။ သီးသန့်အခန်းများဆီမှ ဧကရာဇ်စိတ်ဆန္ဒတို့ ဖြာထွက်လာကုန်ကြလေ၏။
ထိုအခြင်းအရာကိုမြင်သော် စင်မြင့်ပေါ်တွင်ရှိနေသော ဟွာချင်းစီ မျက်မှောင်ကြုတ်လိုက်၏။ ဧကရာဇ်အဆင့် တစ်ယောက်၊ နှစ်ယောက်သာဆိုလျှင် ကိစ္စမရှိသော်ငြား ယခုကဲ့သို့ အများကြီး ဖြစ်လာသည့်အခါ သူမလည်း အကြပ်တွေ့ရတော့လေသည်။ သူမသာ ဤအခြေအနေကို ကောင်းကောင်း မကိုင်တွယ်ပါက ရန်ကိုင်အတွက် ပြဿနာ တက်နိုင်ပေသည်။
ထိုအဖြစ်အပျက်ကို စင်နောက်မှ ရပ်ကြည့်နေသည့် ဝူမင်မှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။ သူကိုယ်တိုင်လည်း သွားဝင်မတားချေ။ လူအုပ်ကြီး ရန်ကိုင်အား ပိုမုန်းလေ သူတို့၏ နောက်အစီအစဉ်ကို ပို၍ အကောင်အထည်ဖော်ရ လွယ်လေပင်။
“ခင်ဗျားတို့ရဲ့ သောက်ခွေးပါးစပ်တွေကို ပိတ်ထားလိုက်စမ်း” ရုတ်တရက် ရန်ကိုင်က ထအော်လေသည်။
“ခွေးကောင်လေး၊ မင်းဘာပြောလိုက်တာလဲကွ” အခန်းခုနှစ်တွင် ရှိနေသော လူအိုကြီးသည် ရန်ကိုင်နှင့် တိုက်ခိုက်ရန် မစောင့်နိုင်တော့သည့်အလား။ အခြေအနေမှာ သူတို့ဘက် အရေးသာနေသဖြင့် ရန်ကိုင်အား အရေးစိုက်မနေတော့ဘဲ ပြန်၍ ပြောလိုက်လေ၏ “ကိုယ့်အကြောင်းကိုယ်သိရင် ငါ့မျက်စိရှေ့ကနေ မြန်မြန် ထွက်သွားလိုက်တော့။ မဟုတ်ရင် နောက်ကျမှ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ မရဘဲ ဖြစ်နေလိမ့်မယ်”
သူပြောလို့ပြီးသွားသည်နှင့် လူတစ်ဦးသည် လေလံစံအိမ်၏ အထက်တွင် ရုတ်တရက် ပေါ်လာလေသည်။ ထိုလူမှာ ရန်ကိုင်သာ ဖြစ်လေသည်။
“မင်း... မင်းဘာလုပ်ချင်နေတာလဲ” လူအိုကြီး အံ့အားသင့်သွားခဲ့လေသည်။ သူ့သီးသန့်ခန်းထဲမှနေ၍ ရန်ကိုင်အား မျက်ခြေမပြတ် အာရုံစိုက်နေခဲ့ပါသော်ငြား ရန်ကိုင် မည်ကဲ့သို့ ပေါ်လာသလဲ ဆိုသည်ကို လုံးဝ သတိမပြုမိလိုက်ချေ။
လက်ရှိအချိန်တွင် အခန်းအကာအရံနှင့် နံရံများကို ထိုးဖောက်၍ စိုက်ကြည့်နေသည့် မျက်ဝန်းအစုံကြောင့် လူအိုကြီး ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။
ရန်ကိုင်သည် အခန်းခုနှစ်အား တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် ခန်းမတစ်ခုလုံးအား ဝေ့ကြည့်လျက် ပြောလိုက်လေ၏ “ခင်ဗျားတို့ အမှိုက်ကောင်တွေ လုပ်တတ်တာဆိုလို့ ဒီသခင်လေးကို စွပ်စွဲတာပဲရှိတယ်။ ကျုပ်အရငး်အမြစ်ကျောက် သန်းတစ်ရာ ထုတ်ပေးနိုင်တာကို မယုံတာနဲ့ ကျုပ်ကို တမင်သက်သက် ဈေးလိုက်တင်နေတယဆိုပြီး ပြောတယ်။ ဒါဆိုရင် ကျုပ်မေးပါဦး၊ ကျုပ်သာ တကယ် ထုတ်ပေးနိုင်ရင်ကော ခင်ဗျားတို့ ဘာလုပ်ပေးမှာလဲ”
“ဒီကောင်က သူ့ကိုယ်သူ ဘာမှတ်နေတာလဲကွ”
“ထင်ရာစိုင်းချက်ကတော့ကွာ”
“ဒီကောင်တမင်သက်သက် ငါတို့ကို လာအနိုင်ကျင့်နေတာကွ”
ဤနေရာတွင် ရှိနေကြသည့် ဧကရာဇ်အဆင့် ပညာရှင်များ၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်ပါသော်ငြား အကုန်လုံးသည် သူတို့ ဂိုဏ်းအသီးသီး ထောက်တိုင်များ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီသည် အလွန်ကိုမှ အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြလေရာ ရန်ကိုင်မှ သူတို့အား အမှိုက်ကောင်များဟု ခေါ်လာသည့်အခါ သူတို့အနေဖြင့် ဒေါသထွက်မိသည်မှာ သဘာဝသာ ဖြစ်လေသည်။
“မင်းထုတ်ပေးနိုင်ရင် ငါချီးသုံးကီလိုဂရမ်စားမယ်ကွာ”
အခန်းတစ်ခန်းဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။ သို့သော် အသံပိုင်ရှင် မည်သူမှ ဖြစ်သလဲဆိုသည်ကို ပြောရခက်လှပေသည်။ အသံပိုင်ရှင်သည် သူမည်သူမည်ဝါ ဖြစ်သလဲ ဆိုသည်ကို ထုတ်ဖော်မပြောချင်သည့်ပုံပင်။
သို့သော်ငြား ရန်ကိုင်ကမူ အခန်းဆယ့်သုံးကို မမှိတ်မသုံစိုက်ကြည့်၍ အံ့ဩတကြီးဖြင့် ပြောလိုက်လေ၏ “ရောင်းရင်းရဲ့ အကြိုက်က တကယ်ထူးဆန်းတာပဲ။ ဒီသခင်လေး တကယ် လေးစားမိသွားပြီ”
အခန်းဆယ့်သုံးထဲ၌ ရှိနေသော သက်လတ်ပိုင်းလူကြီး၏ အမူအရာ ဖြူလျော်သွား၏။ သူ့ကိုယ်သူ အတတ်နိုင်ဆုံး ဖုံးကွယ်ထားသည့်တိုင် ရန်ကိုင်မှ သူ့အား ရှာတွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယခု လျှာရှည်ပြီး ပြောလိုက်မိသည်ကိုပင် နောင်တရသွားခဲ့လေသည်။ ရန်ကိုင် သူ့အား ရှာတွေ့နိုင်မည်မှန်းသာ သိခဲ့လျှင် ထုတ်ပြီး မပြောလိုက်ပါချေ။ ရန်ကိုင်ကို ကြည့်မရ ဖြစ်လွန်းနေသည့် အတွက်ကြောင့်သာ ပြောလိုက်ခြင်း ဖြစ်ပေသည်။ အခြားသော သူများသည်လည်း အခန်းဆယ့်သုံးအား ထူးထူးဆန်းဆန်း အမူအရာများ ဖြစ်လာကြလေသည်။
“ရောင်းရင်းက ဒီလောက်တောင် ချီးစားချင်နေမှတော့ ဒီသခင်လေးကလည်း ရောင်းရင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့” ထို့နောက်တွင် ရန်ကိုင်သည် အခန်း ခုနှစ်ဘက်သို့လှည့်၍ မေးလိုက်၏ “သက်ကြားအိုကြီး၊ ခင်ဗျားကကော”
“မင်းက ထုတ်ပေးနိုင်မယ်ဟုတ်လား” လူအိုကြီးသည် အထင်အမြင်တသေးဖြင့် လှောင်ပြောင်လိုက်သည်။
“ဟုတ်တယ်၊ ကျုပ်ထုတ်ပေးမှာ။ ခင်ဗျားတကယ် ဘာမှမလုပ်ပေးနိုင်ဘူးလား။ ဘာလဲ၊ ကျုပ်ရှေ့မှာ အလကားသက်သက် လေလုံးလာထွားနေတာလား” ရန်ကိုင်က မေးလိုက်လေ၏။
သူယခုတစ်ကြိမ် ဤနေရာသို့ လာရခြင်းမှား ချီယွဲ့နှင့် အခြားသူများကို ကယ်ရန်ဖြစ်သလို ရွက်တစ်ထောင်ဂိုဏ်း၏ ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို ပြန်ယူရန်လည်း ဖြစ်ပေသည်။ သူ့လမ်းကို လာပိတ်ရန်ကြိုးစားသည့် မည်သူ့ကိုမဆို ရန်ကိုင် ညှာတာနေလိမ့်မည် မဟုတ်ချေ။
လူအိုကြီးက ပြန်ပြောလိုက်၏ “ကောင်းပြီလေ၊ မင်းတကယ် ထုတ်ပေးနိုင်မယ်ဆိုရင် မင်းဘောလုံးလို ကန်လို့ရအောင် ဒီလူအိုကြီးရဲ့ ခေါင်းကို ဖြတ်ပေးမယ်ကွာ”
သူ့အတွက်မူ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ ရန်ကိုင် အနေဖြင့် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းတစ်ရာကို ထုတ်ပေးနိုင်မည် ဆိုလျှင်ပင် သူကတော့ ရန်ကိုင်ကို ကြောက်နေလိမ့်မည် မဟုတ်ချေ။ ထိုအချိန်ကျ သူ့စကားသူမတည်လည်း ရန်ကိုင် ဘာလုပ်နိုင်မည်နည်း။
“ကောင်းတယ်” ရန်ကိုင်က ပြုံးလျက် “ဒီလိုဆိုမှတော့ ခင်ဗျားခေါင်းကို ဒီသခင်လေးအတွက် ပြင်ထားပေးပေတော့ပေါ့”
ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် ဟွာချင်းစီရှိနေသည့် စင်မြင့်ဆီသို့ ပျံသန်းသွားလေ၏။ စင်ပေါ်သို့ ရောက်သည့်နောက် လူအုပ်ကြီးကို ဝေ့ကြည့်လျက် အော်ပြောလိုက်လေ၏ “ခင်ဗျားတို့ရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ထားကြ၊ ဒီသခင်လေးမှာ တမင်သက်သက် ဈေးလိုက်တင်နေတာလားဆိုတာ”
ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ တောင်နှယ်ပုံထပ်နေသော အရင်းအမြစ်ကျောက်များကို စင်မြင့်ပေါ် ထုတ်ပြလိုက်လေသည်။ ထိုအရင်းအမြစ်ကျောက်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေလံခန်းမ တစ်ခုလုံးမှာ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်တို့ဖြင့် ပြည့်နှက်သွားတော့လေသည်။