အခန်း (၂၆၇၉)
Vol. 115 Ch. 2679
ကျုချင်းသည် အသက်ပြင်းပြင်းရှူသွင်းလျက် ပြန်ပြောလိုက်၏ “ကျွန်မ ဘိုးဘေးနဂါးအမြူတေကို မြင်ခဲ့ပါတယ်”
“နင်တကယ်ပြောနေတာလား” အိုမင်းနေသည့်အသံသည် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။
“တကယ်ပြောတာပါ” ကျုချင်းက ခေါင်းညိတ်ပြလိုက်သည် “ကျွန်မကိုယ်တိုင် မြင်ခဲ့တာပါ။ လုံးဝ အထင်မှားစရာမရှိပါဘူး”
“နင်ဘယ်မှာ၊ ဘယ်တုန်းက မြင်ခဲ့တာလဲ... နင်သိထားတာအားလုံး ငါ့ကို ပြောပြစမ်း”
ကျုချင်းလည်း ရန်ကိုင်နှင့်တွေ့စဉ်က ကြုံခဲ့ရသည့် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်မှ တိုက်ခိုက်နေစဉ်အတောအတွင်း သူမအပေါ် အသားယူခဲ့သည် ဟူသောအချက်ကိုတော့ မပြောဘဲ ထားခဲ့လေသည်။ သူမသည် မိန်းမသားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမကို သူစိမ်းယောကျာ်းသား တစ်ဦးမှ အသားယူသွားသည်ကို မျကနှာပြောင်ပြောင်နှင့် ပြောရလောက်သည်အထိ အရှက်မမဲ့ချေ။
ရန်ကိုင် သူမအပေါ် လုပ်ခဲ့သည်ကို ပြန်စဉ်းစားမိလိုက်တိုင်း ကျုချင်း ဒေါသတနုံ့နုံ့ ထွက်လာရသည်။ ယောကျာ်းတစ်ဦးနှင့် ပထမဆုံးအကြိမ် ထိတွေ့မှုသည် ထိုကဲ့သို့ ဖြစ်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကျုချင်း ပြောပြသည်ကိုနားထောင်ပြီးနောက် နဂါးအဆောင်ပေါ်ရှိ မျက်လုံး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သည်။ တစ်ခဏမျှ တိတ်နေပြီးနောက် အိုမင်းသည့် အသံက ပြန်ပြောလာခဲ့သည် “နင့်ရဲ့အမြူတေစွမ်းအားကို အလွယ်တကူ ဖိနှိပ်နိုင်တယ်၊ အရောင်ကလည်း ရွှေရောင်ဆိုတော့ ဘိုးဘေးနဂါးအမြူတေဆိုတာ လုံးဝ သေချာတယ်”
ထိုသို့ပြောနေစဉ်အတွင်း အိုးမင်းသည့် လေသံပိုင်ရှင်သည် အလွန်ကိုမှ စိတ်ဝင်စားစရာ တစ်ခုခုအား ရှာတွေ့လိုက်သည့်အလား စိတ်လှုပ်ရှားလာခဲ့လေသည်။ ပြောနေရင်း တစ်ချက် ရပ်ပြီးနောက် ဆက်၍ ပြောလိုက်လေ၏ “အဲ့လူက လူသားဆိုတာ နင်သေချာလား”
“သေချာပါတယ်” ကျုချင်းက ပြန်ပြောလိုက်သည် “ဒါပေမယ့် သူ့ပုံစံကို ကြည့်ရတာ နဂါးမှော်ရတနာအချို့ကို သန့်စင်ထားတဲ့ပုံပဲ။ ပြီးတော့ ရိုးရှင်းတဲ့ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်အချို့ကိုလည်း တတ်ကျွမ်းထားပါသေးတယ်”
အိုမင်းသည့် လေသံက ပြန်ပြောလိုက်၏ “ဘိုးဘေးနဂါးအမြူတေကို ရထားမှတော့ ဒီလောက်တော့ ရှိမှာပေါ့”
“အကြီးအကဲ၊ ဘိုးဘေးနဂါးအမြူတေက ပေါ့သေးသေးကိစ္စမဟုတ်ဘူးနော်။ ကျွန်မ... သူ့ကို ကျွန်းဆီ ပြန်ခေါ်လာခဲ့ရမလား” ကျုချင်းက မေးလိုက်သည်။
အိုးမင်းသည့် လေသံက ပြန်ပြောလာလေ၏ “နင်က အဲ့လိုလုပ်နိုင်လို့လား”
ကျုချင်း ဆွံ့အသွားခဲ့သည်။
ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသည် သူမသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများကို အလွယ်တကူ အမှောက်သိပ်ပစ်နိုင်ပါသော်ငြား သူ့ကိုယ်ထဲတွင် ရှိနေသည့် ဘိုးဘေးနဂါးအမြူတေသည် သူမ၏ စွမ်းအားကို အကြီးအကျယ် ဖိနှိပ်နိုင်ပေသည်။ ယနေ့တိုက်ပွဲသည် အကောင်းဆုံး ဥပမာ ဖြစ်ပေသည်။ ရန်ကိုင်မှ ဘိုးဘေးနဂါးအမြူတေစွမ်းအားကို ထုတ်သုံးလာသည့်အခါ သူမ၏ ခွန်အားတစ်ဝက်ကိုပင် မထုတ်သုံးနိုင်တော့ ဖြစ်သွားခဲ့ရလေသည်။ ဘိုးဘေးနဂါး၏ ဖိနှိပ်မှုရှိနေသည့် အတွက်ကြောင့် သူ့အား အကြီးအကဲကိုယ်တိုင် မဖမ်းဆီးပါက မည်သူမှ ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။
“အဲ့ဒါဆို ကျွန်မ ဘာလုပ်ရမလဲ” ကျုချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘိုးဘေးနဂါးအမြူတေသည် သူမ၏ကလန် နှစ်ပေါင်းသောင်းနှင့်ချီအောင် ရှာဖွေနေခဲ့သည့် အလွန်တရာကိုမှ အဖိုးထိုက်တန်သော ရတနာတစ်ပါး ဖြစ်သည်။ သို့သော်ငြား ထိုရတနာကို သူမကိုယ်တိုင် ရှာတွေ့နိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်အခါမှသာ နဂါးအဆောင်ထဲမှ အသံ ပြန်ထွက်လာခဲ့သည် “သူ့နောက်လိုက်ပြီး သူနဲ့ ရင်းနှီးအောင်လုပ်။ အခွင့်အရေးရရင် သူ့ကို ကျွန်းဆီ ဧည့်သည်အဖြစ် ဖိတ်ခေါ်ကြည့်လိုက်”
“သူနဲ့ ရင်းနှီးအောင်လုပ်ရမယ်” ကျုချင်းမျက်နှာ သုန်မှုန်သွားခဲ့လေသည် “သူ့လို လူသားတစ်ယောက်က ကျွန်မနဲ့ ရင်းနှီးကျွမ်းဝင်ရလောက်အောင် ဘယ်လို...”
“ဘိုးဘေးနဂါးအမြူတေနဲ့ လုံလောက်တာထက်ပိုနေပြီ” အိုးမင်းသည့် လေသံပိုင်ရှင်က အေးစက်စက် လေသံဖြင့် ဖြတ်ပြောလိုက်သည်။ သူ့လေသံထဲ အမိန့်ပေးသံတိုသာလျှင် မဟုတ်၊ ဒေါသသံတို့ပါ စွက်ဖက်နေ၏ “နင်ငါ့ကို လာမေးခွန်းထုတ်နေတာလား”
ကျုချင်း၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ချက်ချင်းပဲ ဦးညွှတ်၍ ပြန်ပြောလိုက်၏ “ကျုချင်း မလုပ်ရဲပါဘူး”
“အဲ့ဒါဆို ပြောတဲ့အတိုင်းလုပ်” အိုမင်းသည့် လေသံပိုင်ရှင်က ပြန်ပြောလိုက်သည် “ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး သူ့ကို ကျွန်းဆီရောက်အောင် ပြန်ခေါ်ခဲ့ရမယ်”
“အဲ့ဒါဆို... ကျွန်မရဲ့ အလုပ်...” ကျုချင်း တုန့်ဆိုင်းသွားလေသည်။
“နင့်အလုပ်ကိုလည်းဆက်လုပ်၊ ဒါပေမယ့် ဘိုးဘေးနဂါးအမြူတေကိစ္စက ပိုအရေးကြီးတယ်” အိုမင်းသည့် လေသံပိုင်ရှင်က ပြန်ပြောလိုက်သည်။ ဘိုးဘေးနဂါးအမြူတေနှင့် ယှဉ်လိုက်သော် ကျုချင်း၏ မူလတာဝန်သည် ဘာမှ မဟုတ်တော့ချေ။ ထိုတာဝန်သည် တံဆိပ်ပြားလေးတစ်ခုသာလျှင် မဟုတ်လေလော။
“ဟုတ်ကဲ့” ကျုချင်း တလေးတစားဖြင့် ခေါင်းညိတ်လိုက်သည်။
နဂါးအဆောင်ပေါ်ရှိ နဂါးမျက်လုံးထဲရှိ အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ကျသွားပြီး ၎င်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း တစတစ ပျောက်ကွယ်သွားခဲ့သည်။ ကျုချင်းသည် နဂါးအဆောင်ကို ပြန်သိမ်းလျက် မျက်မှောင်ကြီးကြုတ်လျက် ကုတင်ပေါ်၌ ထိုင်စဉ်းစားနေလေ၏။
ရန်ကိုင်မှ သူမအပေါ် အသားယူသွားခဲ့သည့်အတွက်ကြောင့် ကျုချင်းမှာ ရန်ကိုင်အား တစ်စစီဖြစ်အောင် လုပ်ပစ်ချင်နေပါသော်ငြား သူမ၏ အကြီးအကဲသည် ရန်ကိုင်နှင့် ရင်းနှီးအောင်လုပ်ရန် အမိန့်ပေးလာခဲ့သည်။
(ငါ့အဆင့်အတန်းကိုနှိမ့်ပြီး သူ့လို နိမ့်ကျတဲ့ လူသားတစ်ယောက်နဲ့ မိတ်ဆွေဖြွ့ရမှာ ရှက်ဖို့ကောင်းလိုက်တာ၊ အကြီးအကဲကလည်း ဘာလို့ ငါ့ကို ဒါမျိုး လာလုပ်ခိုင်းရတာလဲ မသိဘူး)
အရိပ်ဓါးပျံမြို့ထဲရှိ အကြီးဆုံးနှင့် အခမ်းနားဆုံး တည်းခိုခန်ကို အရိပ်ဓါးပျံဂိုဏ်းမှ ပိုင်ဆိုင်ထားလေ၏။ ရန်ကိုင်သည် ထိုတည်းခိုခန်းဆီသို့ ရောက်လာပြီး အပေါ်ထပ်၌ အခန်းအချို့ ငှားလိုက်သည်။ ထို့နောက် စားသောက်ရန်အတွက် အောက်ထပ်ရှိ ခန်းမဆီသို့ ဆင်းလာခဲ့လိုက်သည်။
သူ့ကျင့်ကြံခြင်းအရ မည်သည့်အစားအသောက်ကိုမှ စားစရာမလိုတော့။ မိုးမြေစွမ်းအင် သက်သက်သည် သူ့ခန္ဓာကိုယ်ကို ထောက်ပံ့ပေးရန် လုံလောက်နေလေပြီ။ သို့သော်ငြား တစ်ခါတစ်ရံ အရသာခံရန်အတွက် စားသောက်ရသည်မှာတော့ အမှန်တကယ်ကို ပျော်ရွှင်ဖွယ်ရာကောင်းပေသည်။
ရီကျင်းဟန်နှင့် တုရှန်းမှာတော့ ဝမ်းလည်းဝမ်းနည်း၊ စိုးလည်းစိုးရိမ်နေကြသည်။ ရန်ကိုင်သည် သူတို့နှစ်ဦးအား မည်ကဲ့သို့ နှစ်သိမ့်ပေးရမလဲမသိသည့် အရက် တိုက်၍သာ ဝမ်းနည်းမှုများ ပျောက်သွားအောင် လုပ်ပေးလိုက်လေသည်။
ရီကျင်းဟန်မှာ ဝမ်းနည်းစိတ်ဖြင့် အရက်များကို တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့ရာ မကြာမီ အမူးလွန်ပြီး တုရှန်း၏ ရင်ခွင်ထဲ မှောက်သွားခဲ့လေသည်။ တုရှန်းလည်း ရန်ကိုင်အား တောင်းတောင်းပန်ပန်ပြောရင်း ရီကျင်းဟန်အား သူမအအခန်ဆီသို့ ခေါ်လာခဲ့လိုက်လေသည်။ ယခု ယင်ဖေးနှင့်ရန်ကိုင်တို့သာ စားပွဲဝိုင်း၌ ကျန်တော့၏။
သုံးအိုးဆက်တိုက်ခန့် သောက်ပြီးနောက် ရန်ကိုင်က ရုတ်တရက် ပြောလိုက်၏ “ယင်ဖေး၊ အဲ့မိန်းကလေးက သူ့နာမည်က ကျုချင်းပြောလို့ ပြောသွားတယ်။ ခင်ဗျားနဲ့ အဲ့နာမည်နဲ့ ပက်သက်ပြီး နည်းနည်း တီးမိခေါက်မိလား”
ကျုရှင်းမှာ သူမနာမည်ကိုပြောပြီးနောက် သူမ၏ မျိုးရိုးနာမည်နှင့် ပက်သက်သည့် မေးခွန်းကိုပါ မေးခဲ့သည်။ ထိုစဉ်က ရန်ကိုင်မှာ များများစားစား မစဉ်းစားခဲ့သော်ငြား သူမအနေဖြင့် ထိုကဲ့သို့ မေးခွန်းကို မေးသဖြင့် အကြောင်းအရင်းတော့ ကျိန်းသေ ရှိရပေလိမ့်မည်။
ရန်ကိုင်မှာ မည်သို့ပင် စဉ်းစားနေစေကာမူ စဉ်းစားမရခဲ့ချေ။ ထို့ကြောင့် ယင်ဖေးအား မေးလိုက်ခြင်း ဖြစ်သည်။ ယင်ဖေးသည် ရှေးဟောင်းကုန်းမြေထဲတွင်သာ နေခဲ့သော်ငြား သူကျင့်ကြံလာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ထက် ပို၍ ဗဟုသုတ ကြွယ်ဝလောက်ပေသည်။
ထိုမိန်းကလေးသည် သူ့အား ထွက်မသွားခင် ခြိမ်းခြောက်သွားခဲ့လေရာ သူ့အား ကျိန်းသေ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ယင်ဖေး၏ သောက်လက်စ အရက်ခွက် လေထဲတွင် ရပ်သွားခဲ့ပြီး ရန်ကိုင်အား မျက်လုံး အပြူးသားဖြင့် ကြည့်လျက် မေးလိုက်လေ၏ “သခင်လေးရန်၊ အဲ့အမျိုးသမီးရဲ့ နာမည်က… ကျုချင်းလို့ ပြောလိုက်တာလား”
“ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ” ရန်ကိုင်သည် ယင်ဖေးအား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။
ယင်ဖေးမှာ အတန်ကြာအောင် ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် လက်ထဲရှိ အရက်ခွက်ကို တစ်ကျိုက်တည်း မော့ချလျက် အလေးအနက် အမူအရာဖြင့် ပြောလိုက်၏ “အရှေ့ဘက်ပင်လယ်က နဂါးကျွန်းက နဂါးကလန်ရဲ့ အကြီးအကဲချုပ်ကို ကျုယန်လို့ ခေါ်တယ်”
ထိုစကားကိုကြားသော် ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့ပြီး ပြန်၍ မေးလိုက်လေ၏ “ခင်ဗျား ပြောချင်တာက... သူက နဂါးကလန်ကပေါ့”
ယင်ဖေးက ပြန်ဖြေလိုက်သည် “ဖြစ်လောက်တယ်။ မြို့သခင်ဂိတ်ပေါက်မှာတုန်းက ကျုပ်စကားတစ်ခွန်းကို ပြောလိုက်လို့ အဲ့ကျုချင်း ဒေါသထွက်သွားတာ သခင်လေးရန် မှတ်မိလား၊ ကျုပ်ကိုယ်တောင် သတ်မယ်လို့ ခြိမ်းခြောက်လိုက်သေးတယ်။ အဲ့တုန်းကတော့ သူဘယ်စကားကို ပြောချင်လို့ပြောချင်နေမှန်း နားမလည်ခဲ့ဘူး။ အခု သခင်လေးရန် ပြောတာကို ကြားမှပဲ သူကို ဘာပြောချင်နေလဲ ကျုပ်နားလည်သွားတော့တယ်”
“ဘယ်စကားကို ပြောတာလဲ” ရန်ကိုင်က မေးလိုက်သည်။
“အဲ့တုန်း ကျုပ်ပြောခဲ့တာကို သခင်လေးရန် မှတ်မိလား”
တစ်ခဏမျှ စဉ်းစားနေပြီးနောက် “လူအများကြားက နဂါးတစ်ကောင်ဆိုတဲ့ဟာလား”
ယင်ဖေးက ခေါင်းညိတ်၍ ရှင်းပြလိုက်သည် “ဟုတ်တယ်။ သူသာ နဂါးကလန်ကဆို ကျုပ်ပြောတဲ့စကားကိုကြားပြီး ကျိန်းသေ ဒေါသထွက်မှာ။ ဘာလို့လဲဆိုတော့ နဂါးတွေက အရမ်းရက်စက်ကြမ်းကြုတ်ပြီး သူတို့ကိုယ်သူတို့ အရမ်း အထင်ကြီးကြတာ။ အခြား နတ်သားရဲတွေကိုတောင် မျက်လုံးထဲ ထည့်တာမဟုတ်ဘူး။ ကျုပ်လို မွန်းစတားဘုရင်ကိုတောင် အရေးမစိုက်ဘူး။ ဒါကြောင့် သခင်လေးရန်ကို နဂါးတစ်ကောင်လို့ ချီးကျူးလိုက်တာကို သူဒေါသထွက်သွားတာ”
ထိုသို့ ပြောပြီးသည့်နောက် ယင်ဖေး၏ မျက်နှာထက် ကြောက်ရွံ့ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ သူသည် မွန်းစတားဘုရင်တစ်ပါး ဖြစ်သော်ငြား တစ်ဖက်လူသည် နတ်သားရဲတစ်ကောင် ဖြစ်သည်။
(သူဒီလောက် အားကောင်းနေတာ အထူးအဆန်း မဟုတ်တော့ပါဘူးလေ။ သူက နဂါးကလန်က ဖြစ်နေတာကိုး။ ဒါကြောင့်ပဲ ငါသူ့ကျင့်ကြံခြင်းကို မမြင်နိုင်ခဲ့တာ)
ကျုချင်းသည် တကယ်ကြီး နဂါးကလန်က ဖြစ်နေခဲ့သည်။ ထိုသို့ စဉ်းစားမိသော် ယင်ဖေးမှာ ရန်ကိုင်အား ပို၍ အထင်ကြီးသွားရလေသည်။
(နဂါးကလန်က လူကိုတောင် သခင်လေးရန် လုံးဝကို လှုပ်မရအောင် ချုပ်ခဲ့တာ... သခင်လေးရန်က တကယ်တော်တာပဲ။ ဘယ်လိုနည်းလမ်းတွေကို သုံးပြီးတော့ အဲ့ကျုချင်းကို သူ့လက်ခုပ်ထဲက ရေဖြစ်အောင် လုပ်လိုက်တာလဲမသိဘူး။ သူလုပ်နေတာကို ဟိုက နည်းနည်းလေးမှ မခုခံဘူး။ ကြည်တောင် ကြည်နူးနေတဲ့ပုံပဲ)
မည်ကဲ့သို့များ ထိုကဲ့သို့ ဖြစ်သွားရသနည်း။ နဂါးကလန်သည် သူတို့ကိုယ်သူတို့ အလွန်ကိုမှ အထင်ကြီးကြလေရာ လူသားမျိုးနွယ်စု မဆိုထားနှင့်၊ အခြားသော မျိုးနွယ်စုဝင်များကိုပင် မျက်လုံးထဲမထည့်ချေ။ ထိုသို့ဖြစ်လေရာ အစစ်အမှန် နဂါး တစ်ကောင်ဖြစ်သော ကျုချင်းသည် ရန်ကိုင် သူမအပေါ် အသားယူနေသည်ကို မည်သို့များ ငြိမ်ခံနေခဲ့ရသနည်း။
“သခင်လေးရန်ကလည်း... နဂါးကလန်ကလား” ယင်ဖေး တစ်ခုခုအား ရုတ်တရက်စဉ်းစားမိသွားခဲ့သည်။ ရန်ကိုင်ကသာ နဂါးကလန်ကဆိုရင်တော့... ထိုကိစ္စမှာ နားလည်ရလွယ်သွားလေပြီ။ နဂါးတစ်ကောင်သည် အခြားနဂါးတစ်ကောင်အား အညံ့ခံလာအောင် လုပ်နိုင်ပေလိမ့်မည်။
ရန်ကိုင်က ယင်ဖေးအား မျက်နှာကြီးမဲ့လျက် “ဖြစ်စရာလား၊ ကျုပ်က လူသားစစ်စစ်ဗျ”
ယင်ဖေးက ခါးသက်စွာပြုံးလိုက်သည်။ ထိုသို့ဆိုလျှင် သူလည်း ဤကိစ္စနှင့် ပက်သက်၍ မစဉ်းစားတတ်တော့ချေ။
“တစ်ဆိတ်လောက်... လူကြီးမင်းက... ရန်ကိုင်... စီနီယာရန်လားဗျ”
ထိုစဉ် သက်လတ်ပိုင်းလူကြီးသည် ရိုရိုကျိုးကျိုးဖြင့် ရန်ကိုင်တို့ စားပွဲဆီဿို့ လျှောက်လာခဲ့လေသည်။
ယင်ဖေး ထိုလူအား လှည့်ကြည့်လိုက်လေ၏။ ထိုလူသာသည် တာအိုသခင် ပထမအဆင့်သာ ရှိသေးကြောင်း သိလိုက်သော် ထိုလူအား ဆက်၍ အာရုံ စိုက်မနေတော့ချေ။ သို့သော်ငြား ယင်ဖေး၏ အကြည့်ကြောင့် ထိုလူ၏ ခြေထောက်များ ပျော့ခွေလုမတတ် ဖြစ်သွားခဲ့ပြီး အလျင်စလို ပြောလိုက်လေ၏ “ကျေးဇူးပြုပြီး ချမ်းသာပေးပါစီနီယာ။ ကျုပ်က စာတစ်စောင်ကို လာပို့ပေးရုံပါပဲ”
ရန်ကိုင်သည် အရိပ်ဓါးပျံမြို့ထဲ ဟိတ်ဟန်တကြီးဖြင့် ပြဿနာရှာခဲ့ပါသော်ငြား လူထုသည် သူ့အား သိပ်အာရုံမစို်ကခဲ့ချေ။ သို့သော်ငြား ယင်ဖေးမှ သူမည်သူမည်ဝါမှန်း ဖော်ပြလိုက်သည့်နောက် လူတိုင်း အထိတ်တလန့် ဖြစ်သွားကုန်ကြလေသည်။
လက်ရှိအချိန်တွင် ဤစာပွဲဝိုင်း၌ သက်လတ်ပိုင်းလူကြီး အလွန် ကြောက်နေရသည့်လူမှာ ရန်ကိုင် မဟုတ်ဘဲ ယင်ဖေး ဖြစ်ပေသည်။
“စိတ်မပူနဲ့၊ ကျုပ်တို့ ခင်ဗျားကို ကိုက်မစားဘူး” ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးကို ကြည့်၍ မေးလိုက်၏ “ခင်ဗျား ဘာစာလာပို့တာလဲ”
သက်လတ်ပိုင်းလူကြီးသည် ယင်ဖေးအား မသိမသာလေး လှမ်းကြည့်လိုက်သည်။ ယင်ဖေး သူ့အား အာရုံစိုက်မနေတော့ကြောင်း တွေ့လိုက်သော် သက်ပြင်းတစ်ချက် ချလျက် သူ့အိတ်ကပ်ထဲမှ စာတစ်စောင်ကိုထုတ်ကာ ရန်ကိုင်အား ပေးလိုက်၏။
ရန်ကိုင်သည် စာ၏ မျက်နှာစာကိုကိုကြည့်၍ ပြုံးလျက် “ဖိတ်ခေါ်စာလား”
သက်လတ်ပိုင်လူကြီးက ခေါင်းညိတ်လိုက်၏ “ဟုတ်ပါတယ်”
“ခင်ဗျားကို ဘယ်သူ ပို့ခိုင်းလိုက်တာလဲ” ရန်ကိုင်က မေးလိုက်သည်။
“ပို့ခိုင်းလိုက်တဲ့လူက...” သက်လတ်ပိုင်းလူကြီး ကြောင်တောင်တောင် ဖြစ်သွားခဲ့၏။ သူ့အား မည်သူ ပို့ခိုင်းလိုက်သလဲဆိုသည်ကို စစဉ်းစားလိုက်ချိန် သူ့ခေါင်းမှာ တဆစ်ဆစ် ကိုက်လာတော့လေသည်။
“သခင်လေး၊ သူ့မှတ်ဥာဏ်တွေ ဖျက်ခံထားရတယ်” ယင်ဖေးက ပြောလိုက်၏။
ထိုစကားကိုကြားသော် ရန်ကိုင်လည်း သူ့လက်ကိုဝှေ့ရမ်း၍ သက်လတ်ပိုင်းလူကြီးအား ပြန်ထွက်သွားရန် ပြောလိုက်လေသည်။ မှတ်ဥာဏ် ဖျက်ခံထားရသဖြင့် သူ့အား ထပ်မေးနေ၍လည်း မည်သည့်အသုံးဝင်သည့် အချက်အလက်ကိုမှ သိရလိမ့်မည် မဟုတ်ချေ။
ဖိတ်စာကပ်ကို ထုတ်ကြည့်ပြီးနောက် ရန်ကိုင် မျက်ခုံးပင့်သွားလေ၏။
“သခင်လေးရန်၊ ဘာဖိတ်စာလဲ” ယင်ဖေးက မေးလိုက်သည်။
ရန်ကိုင်သည် ဖိတ်စာကတ်ကို ယင်ဖေးဆီသို့ ပေးရင်း ရေနွေးကြမ်းတစ်ငုံ သောက်လျက် ပြောလိုက်၏ “ကြည့်ရတာ တစ်ယောက်ကတော့ သိပ်ပြီး စိတ်မရှည်တော့ဘူးနဲ့တူတယ်”
“လေလံပွဲကို ဖိတ်တဲ့စာလား” ဖိတ်စာကတ်ထဲရှိ အကြောင်းအရာများကို ဖတ်ပြီးနောက် ယင်ဖေး မျက်မှောင်ကြုတ်သွားခဲ့သည်။
သူတို့သည် လေလံပွဲကြောင့် အရိပ်ဓါးပျံမြို့သို့ ရောက်လာခဲ့ပါသော်ငြား သူတို့ ဘာမှမလုပ်ရသေးခင်မှာ တစ်စုံတစ်ဦးသည် သူတို့အား လေလံပွဲသို့ ဖိတ်ခေါ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
“သခင်လေးရန်၊ ဒါက ထောင်ချောက်တစ်ခုပဲ။ ရိုးရိုးတောင် မဟုတ်ဘူး။ အရမ်းကို အန္တရာယ်များတဲ့ထောင်ချောက်”
ယင်ဖေးသည် ယနေ့တွင် သူမည်သူမည်ဝါ ဖြစ်ကြောင်းကို ထုတ်ဖော်ခဲ့သည်။ သို့တိုင် ရန်ကိုင်လိုက်စုံစမ်းနေသည့် ကိစ္စ၏ နောက်ကွယ်မှလူသည် သူတို့အား ဖိတ်စာ ပို့လာခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ယင်ဖေးအား သူတို့ မကြောက်ကြောင်း သိနိုင်ပေသည်။
“ကျုပ်သိတယ်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ဒါဆို ကြံ့အိုကြီးနဲ့ ဝူဝေတို့ ခေါ်လိုက်မလား” ယင်ဖေးက ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးလိုက်သည်။