တိုက်ပွဲဝိညာဉ်
Vol. 201 Ch. 3006
“ထူးဆန်းတယ်”
မျောက်က သူ၏ ခေါင်းကို ကုတ်လိုက်၏။
“အစ်ကိုကြီး မင်းက ဒီနေရာကို ဝင်ရောက်လာနိုင်တယ်… ဒါပေမဲ့ ဟိုမြင်းမျောက်အုပ်စုက ဘာလို့ဝင်မလာနိုင်တာလဲ”
ဆူဇီမိုက အပြင်ဘက်မှာစောင့်ကြပ်နေသော မြင်းမျောက်ပညာရှင်များကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား သူ၏ အကြည့်က သူတို့၏ ခါးများပေါ်မှာ ချိတ်ဆွဲထားသော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများပေါ် ရောက်ရှိသွားလေသည်။
အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲသည် လမ်းတစ်လျှောက်သိမ်းပိုက်စိုးမိုးပြီး ကောင်းကင်ဘုံသို့သွားရာလမ်းမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့၏။
သို့သော် ယခု ဤမြင်းမျောက်အုပ်စုသည် သူတို့၏ ခါးပေါ်မှာ ချိတ်ဆွဲထားသေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများနှင့်အတူ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာထံ အညံ့ခံဖို့ ရွေးချယ်ထားခဲ့ကြပြီဖြစ်သည်။ ဤတိုက်ပွဲနတ်ဘုရားလက်နက်သည် ဤကဲ့သို့သောလူများကို သေချာပေါက် ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
မဟာဧကရာဇ်တိုက်ပွဲသေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး အာကာသတွင်းနက်ထဲမှာ ဤနတ်ဘုရားလက်နက်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ သို့သော်လည်း မဟာဧကရာဇ်တိုက်ပွဲမှာ ခွန်အားကျန်ရှိနေဦးမည်ဆိုလျှင် သူသည် ဆူဇီမိုနှင့်မျောက်တို့ မတိုက်ခိုက်ခင်မှာပင် ဤမြင်းမျောက်အုပ်စုကို သတ်ဖြတ်ပစ်ပေလိမ့်မည်။
ဆူဇီမိုသည် ဤနေရာလွတ်သို့ ဝင်ရောက်လာနိုင်သည့်အကြောင်းအရင်းကတော့ သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းဒသမကပ်ဘေးကို ခံယူခဲ့စဉ်က သူတွေ့မြင်ခဲ့သော မဟာဧကရာဇ်တိုက်ပွဲ၏ ပုံရိပ်ယောင်နှင့် ပတ်သက်ဆက်စပ်နေနိုင်သည်ဟု သူက ထင်မြင်ယူဆမိ၏။ ထို့ကြောင့်ပင် တိုက်ပွဲနတ်ဘုရားလက်နက်က သူ့ကို မငြင်းပယ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သူတို့နှစ်ယောက်သည် နောက်ထပ်တစ်ရက်ကြာ ဤနေရာမှာ အနားယူပြီးနောက် လှည့်ပတ်ကြည့်ရှုဖို့ ပြင်လိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“အပြင်ဘက်မှာရှိတဲ့ မြင်းမျောက်တွေရဲ့ ပြောပုံအရဆို မဟာဧကရာဇ်တိုက်ပွဲက ဒီနေရာမှာ သူ့ရဲ့ အမွေအနှစ်ကို တကယ်ပဲ ချန်ထားခဲ့နိုင်တယ်… ငမျောက် ဒါက မင်းရဲ့ အခွင့်အလမ်းပဲ”
“ငါက မဟာဧကရာဇ်တစ်ပါးရဲ့ အမွေအနှစ်ကို ရမယ်ဆိုရင်တောင် သုံးစားမရဘူး”
မျောက် ပခုံးအနည်းငယ်တွန့်ပြီး မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများကို လှမ်းကြည့်လိုက်၏။
“သူတိုက အပြင်ဘက်မှာ စောင့်ကြပ်နေမယ်ဆိုရင် ငါတို့တွေက ဘယ်တော့မှ ပြန်ထွက်နိုင်မှာ မဟုတ်ဘူး… ဒီနေရာမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ပိုင်းခြားထားတယ်… ငါတို့က ဒီနေရာမှာ အချိန်ဖြုန်းနေမယ်ဆိုရင် ငါတို့ထဲ ဘယ်သူကမှ ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းနိုင်မှာမဟုတ်ဘူး… ငါတို့ရဲ့ ဘဝသက်တမ်းကလည်း အဲဒီဘုရင်တွေထက် ပိုမကြာနိုင်ဘူး”
“အဆင်ပြေပါတယ်”
ဆူဇီမိုက မျောက်၏ ပခုံးကိုပုတ်ပြီး ပြုံးပြလိုက်၏။
“အဲဒီလူတစ်အုပ်စုက အပြင်ဘက်မှာ ဆက်ပြီးစောင့်နေမယ်ဆိုရင် သူတို့အားလုံး ဒီနေရာမှာ သေရလိမ့်မယ်”
“ဟမ်”
ဆူဇီမို၏ ယုံကြည်မှု ဘယ်နေရာကနေ ရောက်ရှိလာသည်ကို မျောက်က နားမလည်နိုင်ဘဲ သူ၏ မျက်လုံးကို ပုတ်ခတ်လိုက်၏။
ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာ၏ အခြေအနေကို မျောက်ထံ အတိုချုံးရှင်းပြလိုက်၏။
သိုင်းတာအိုပင်မခန္ဓာနှင့် သူ၏ ဆက်သွယ်မှုက တကယ်ပင်ပြတ်တောက်နေခဲ့သည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ငရဲမှာ ကျင့်ကြံနေသည်ကို သူသိရှိထားလေသည်။ မဟာအရိုင်းကမ္ဘာ၏ အကျပ်အတည်းကို အခုချိန်ထိ မဖြေရှင်းရသေးပေ။
အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် သိုင်းတာအိုပင်မခန္ဓာသည် လာမည့် နှစ်နှစ်ရာသုံးရာမှာ ငရဲကမ္ဘာကနေ မဟာအရိုင်းကမ္ဘာသို့ ပြန်လည်ရောက်ရှိလာနိုင်ပြီး အစစ်အမှန်ခန္ဓာနှစ်ခုက သူတို့၏ ဆက်သွယ်မှုကို ပြန်လည်ရရှိသွားပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက ဤနေရာသို့ ရောက်ရှိလာနိုင်မည်ဆိုလျှင် မြင်းမျောက်ဘုရင်များထဲ မည်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
တကယ်တော့ ထိုသို့ဖြစ်လာဖို့အတွက် မဖြစ်မနေလိုအပ်ချက်တစ်ခုရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့နှင့်အတူ မဟာအရိုင်းကမ္ဘာ၏ လာမည့်ကပ်ဘေးကို ဖြတ်ကျော်နိုင်ရမည်ဖြစ်သည်။
ဆူဇီမိုနှင့်မျောက်က ဘေးကနေ ဘေးပတ်လည်ကို အကဲခတ်ကြည့်နေသော်လည်း မည်သည့်ထွက်လမ်းကိုမှ ရှာမတွေ့ပေ။ ဤနေရာက ဗလာကျင်းနေသော လျှို့ဝှက်ခန်းတစ်ခုနှင့်တူနေ၏။
“ဒီနေရာမှာရှိတဲ့နံရံက နည်းနည်းထူးဆန်းတယ်”
ဆူဇီမိုက နံရံတစ်ခု၏ ရှေ့မှာ မတ်တတ်ရပ်ပြီး လက်လှမ်းကာ အေးစက်နေသော ကျောက်သားနံရံကို ညင်သာစွာပွတ်တိုက်လိုက်၏။
သိသာထင်ရှားသော အနားစောင်းများနှင့်အတူ အနည်းငယ်ပြူထွက်နေသည့် အစက်အပြောက်များစွာက နံရံပေါ်မှာ ရှိနေ၏။ သို့သော်လည်း သူတို့က ဖုန်အလိမ်းလိမ်းတက်နေပြီး ရှင်းရှင်းလင်းလင်းမတွေ့မြင်နိုင်ပေ။
ဆူဇီမိုက သူ၏ ဝတ်ရုံစကို ဝေ့ယမ်ပြီး အစစ်အမှန်အမြုတေစီးကြောင်းတစ်ခုကို ထုတ်လွှတ်ကာ နံရံပေါ်ရှိဖုန်များကို ဖယ်ရှားရှင်းလင်းလိုက်၏။
“အမ်”
ဆူဇီမိုက ကျောက်နံရံကို ကြည့်ပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
ကျောက်နံရံပေါ်မှာ ဧရာမကျောက်ဆစ်ရုပ်တစ်ရုပ်ကို ထွင်းထုထားလေသည်။ ၎င်းသည် ပေတစ်ရာမြင့်မားသော မျောက်ဝံတစ်ကောင်ဖြစ်သည်။ သူက တုတ်ခိုင်သန်မာပြီး သူ၏ လက်များက အလွန်တရာရှည်လျားနေ၏။ သူ့လက်ထဲမှာ နက်မှောင်နေသော တောင်ဝှေးတစ်ချောင်းကို ကိုင်ဆွဲထားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ မတ်တတ်ရပ်နေ၏။
ကျောက်နံရံပေါ်ရှိ ကျောက်ဆစ်ရုပ်သည် အသက်ဝင်နေပြီး အလွန်တရာလက်ရာမြောက်သော နတ်ဘုရားလက်ရာတစ်ခုကဲ့သို့ဖြစ်၏။ မျောက်ဝံ၏ ခန္ဓာကိုယ်ပေါ်မှာ သားမွေးများကိုပင် ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပြီး အလွန်တရာအသေးစိတ်ကျနေ၏။
မျောက်ဝံအိုကြီးကို ကြည့်ရသည်မှာ ရင်းနီးနေသည့်ပုံပေါ်သည်။
ကျောက်ဆစ်ရုပ်၏ အောက်ခြေမှာ စာတစ်ကြောင်းရှိနေ၏။
“တိုက်ပွဲဝိညာဉ်”
တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား မျောက် တီးတိုးရေရွတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှုက ပေါ်ထွက်လာပြီး သူက စကားပြောတော့မည့်ဆဲဆဲဖြစ်၏။
ရုတ်တရက် ကျောက်နံရံပေါ်ရှိ မျောက်ဝံက မီးအိမ်အရွယ်လောက်ရှိသော သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး နီရဲနေသော အလင်းတစ်ခုနှင့်အတူ တောက်ပလာခဲ့၏။ သူ၏ သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟပြီး ဆူဇီမိုနှင့်မျောက်ထံ ကမ္ဘာတုန်လောက်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။
“ဂါး…”
ကျောက်ဆစ်ရုပ်သည် အစကတည်းက အလွန်တရာမြင့်မားနေခဲ့ပြီးသားဖြစ်သည်။
ယခု ၎င်းသည် ရုတ်တရက်နိုးထ၍ အသက်ဝင်လာပြီး ၎င်း၏ ဟိန်းဟောက်သံက ရပ်တန့်တားဆီးမရနိုင်သော တိုက်ပွဲဝင်စိတ်ဝိညာဉ်တစ်ခုကို ထုတ်ဖော်လိုက်၏။
ဆူဇီမိုက အငိုက်မိသွားပြီး အလိုလိုတုန်လှုပ်ကာ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်၏။
သူ၏ မျက်လုံးများက ကျောက်ဆစ်ရုပ်၏ သွေးသံရဲရဲမျက်လုံးများနှင့် အကြည့်ချင်းဆုံသွား၏။
ဆူဇီမိုသည် အခြားသော နေရာလွတ်တစ်ခုထဲသို့ မျောပါဝင်ရောက်သွားပုံရသည်။ မျောက်က ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူ့ရှေ့တည့်တည့်မှာ ငယ်ရွယ်သော နီညိုရောင်မျောက်ဝံတစ်ကောင် ပေါ်ထွက်လာ၏။
နီညိုရောင်မျောက်ဝံသည် ကျောက်ဆစ်ရုပ်နှင့် အတော်လေးတူညီနေ၏။ နီညိုရောင်မျောက်ဝံ၏ နောက်ဘက်မှာ ပေတစ်ရာမြင့်မားသော နီညိုရောင်မျောက်ဝံတစ်ကောင်၏ ပုံရိပ်ရှိနေ၏။
ဆူဇီမိုသည် ဤနီညိုရောင်မျောက်ဝံကို နောက်ဆုံးသူတွေ့မြင်ခဲ့ဖူးသည့်နေရာကို အမှတ်ရသွား၏။
အစစ်အမှန်သိုင်းဒသမကပ်ဘေး ဆင်းသက်လာစဉ်က အဖြူရောင်သားမွေးများနှင့် မျောက်ဝံအိုကြီးတစ်ကောင် ပေါ်ထွက်ခဲ့ဖူးသည်။ ထိုမျောက်ဝံအိုကြီး ငယ်ရွယ်စဉ်ကဆိုလျှင် သူက သူ့ရှေ့မှာရှိသော နီညိုရောင်မျောက်ဝံနှင့် တူညီနေပေလိမ့်မည်။
သူ့ရှေ့မှာရှိသော နီညိုရောင်မျောက်ဝံက မဟာဧကရာဇ်တိုက်ပွဲငယ်ရွယ်စဉ်က ပုံဖြစ်လေသည်။
“စီနီယာ…”
“လာလေ တိုက်ခိုက်ကြမယ်”
ဆူဇီမိုပြောလိုက်သည့်ခဏမှာပင် သူ့ကို မဟာဧကရာဇ်တိုက်ပွဲက ဖြတ်အော်လိုက်၏။
သူမတုံ့ပြန်ခင် မဟာဧကရာဇ်တိုက်ပွဲက သူ၏ တောင်ဝှေးကို ကိုင်မြှောက်ပြီး ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်လာ၏။
နီညိုရောင်မျောက်ဝံ၏ ကျင့်ကြံမှုနယ်ပယ်က သူနှင့်အတူတူပင်ဖြစ်၏။ သို့သော်လည်း သူ၏ နောက်ဘက်ရှိ ပေတစ်ရာမြင့်မားသောပုံရိပ်၏ အကူအညီနှင့်အတူ မဟာဧကရာဇ်တိုက်ပွဲ၏ တိုက်ခိုက်ရည်ခွန်အားက နှစ်ဆကျော်မြင့်တက်လာ၏။
မဟာဧကရာဇ်တိုက်ပွဲ၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်လွန်းပြီး ဆူဇီမိုက စိန်ခေါ်မှုကို မဖြစ်မနေ လက်ခံလိုက်ရ၏။
အစကတော့ သူက ထိန်ချန်ထားလေသည်။ သို့သော်လည်း တစ်ဘက်သူက မည်သို့ပင်ဆိုစေ မဟာဧကကရာဇ်တိုက်ပွဲဖြစ်နေ၏။ သူငယ်ရွယ်စဉ်ကပင်လျှင် သူ၏ တိုက်ခိုက်ရည်ပါရမီက တစ်မူထူးခြားစွာ ကြောက်စရာကောင်းနေဆဲဖြစ်သည်။
ဆူဇီမိုက ထိန်ချန်ထားသောကြောင့် သူက သိပ်မကြာခင် အရေးနိမ့်သွားပြီး အဆက်မပြတ်နောက်ဆုတ်ရင်း မဟာဧကရာဇ်တိုက်ပွဲ၏ တိုက်ခိုက်မှုများအောက်မှာ လုံးလုံးလျားလျား ဖိနှိမ်ခံထားရသည်။
အတန်ကြာအောင် တိုက်ခိုက်ပြီးနောက် ဆူဇီမိုသည် အသည်းအသန်ခုခံနေရလေသည်။
မဟာဧကရာဇ်တိုက်ပွဲကတော့ သူသည် ပင်ပန်းနွမ်းလျမှုကို သိရှိပုံမရဘဲ တိုက်ရင်းခိုက်ရင်း သူက ပို၍ပင် ရဲဝံ့လာ၏။
ဆူဇီမိုက ထပ်တလဲလဲနောက်ဆုတ်နေရသော်လည်း မဟာဧကရာဇ်တိုက်ပွဲက သူ့ကိုသတ်ဖြတ်ချင်သည့်အလား ရန်လိုခက်ထန်နေ၏။
သူသည် မဟာဧကရာဇ်တိုက်ပွဲကို လေးစားမှုရှိလျှင်တောင် သူက တဖြည်းဖြည်းဒေါသထွက်လာခဲ့သည်။
“ဟမ့်”
ဆူဇီမိုက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခေါင်းလေးလုံးလက်ရှစ်ဖက်ကို ထုတ်ဖော်ပြီး ချင်းဖျင်ဓား၊ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၊ ဖန်တီးခြင်းကြာခုံနှင့် အခြားသော နတ်ဘုရားလက်နက်နှင့် စိတ်ဝိညာဉ်ရတာနာများစွာကို ကိုင်ဆွဲပြီး စီးပိုးခြယ်လှယ်စွာ တန်ပြန်တိုက်ခိုက်လိုက်၏။
မဟာဧကရာဇ်တိုက်ပွဲက စီးပိုးခြယ်လှယ်မှုရှိပြီး ရဲဝံ့သော်လည်း သူသည် ခေါင်းလေးလုံး လက်ရှစ်ဖက်အခြေအနေမှာရှိသော ဆူဇီမို၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိပေ။ သိပ်မကြာခင် သူက ဆူဇီမို၏ တိုက်ခိုက်မှုများဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွား၏။
“မင်းနိုင်ပြီ”
မဟာဧကရာဇ်တိုက်ပွဲက ပြောလိုက်၏။
နောက်ခဏ၌ သူ၏ ဘေးပတ်လည်မှ အရာရာတိုင်းက ပျောက်ကွယ်သွားလေသည်။
ဆူဗီမိုသည် လှုပ်ရှားမှုမရှိဘဲ နဂိုနေရာမှာ မတ်တတ်ရပ်နေဆဲဖြစ်၏။
စောစောမြင်ကွင်းသည် ထင်ယောင်ထင်မှားတစ်ခု ဖြစ်ခဲ့သည့်ပုံပင်။
မျောက်က သူနှင့် မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေ၏။ သူက တင်းကျပ်လေးလံနေပြီး ချွေးများဖြင့် စိုရွှဲနေ၏။ သူက ထူးခြားသောအခြေအနေတစ်ရပ်မှာ ရောက်ရှိနေပုံရပြီး မျက်မှောင်ကြုတ်ထားသည်။
ဆူဇီမိုက ခဏမျှစဉ်းစားပြီးနောက် သူ့ကို အနှောက်အယှက်ပေးခြင်းမရှိပေ။ သူက ကျောက်နံရံပေါ်မှ ကျောက်ဆစ်ရုပ်ကိုသာ အတွေးနက်စွာဖြင့် ငေးကြည့်နေ၏။
သိပ်မကြာခင်။
ရုတ်တရက် မျောက်သည် မာန်သွင်းအော်ဟစ်ပြီး သူ၏ ငေးငိုင်နေရာကနေ နိုးထလာ၏။ သူက သည်းထန်စွာမောဟိုက်နေသော်လည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
“အစ်ကိုကြီး မင်းစောစောက ထူးခြားတဲ့နေရာလွတ်တစ်ခုထဲကို ဝင်ရောက်ပြီး အရမ်းကိုစွမ်းအားကြီးမားတဲ့ နီညိုရောင်မျောက်ဝံတစ်ကောင်နဲ့ တွေ့ခဲ့သေးလား”
ဆူဇီမိုသည် ယခုတင် သူကြုံတွေ့ခဲ့ရသည့် အခြေအနေကို မျောက်ထံပြန်ပြောပြလိုက်၏။ မျောက်ကလည်း သူနှင့် တူညီသလောက်နီးပါးအခြေအနေနှင့် ကြုံတွေ့ခဲ့ရ၏။
သို့သော်လည်း မျောက်ကြုံတွေ့ခဲ့ရသော မဟာဧကရာဇ်တိုက်ပွဲသည် မျောက်၏ ကျင့်ကြံမှုနှင့် တူညီလေသည်။
“အစ်ကိုကြီး… ဒါက မဟာဧကရာဇ်တိုက်ပွဲရဲ့ အမွေအနှစ်ပဲ”
မျောက် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်လိုက်၏။
“လက်စသတ်တော့ မဟာဧကရာဇ်တိုက်ပွဲရဲ့ တဗူးဂမ္ဘီရကျင့်စဉ် တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာက ပန်းချီကားတစ်ချပ်မဟုတ်ဘဲ ကျောက်ဆစ်ရုပ်တစ်ရုပ်ဖြစ်နေတာပဲ”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သူတို့နှစ်ယောက်ရှေ့ ကျောက်နံရံပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး ကျောက်ဆစ်ရုပ်က ပြိုကျသွားလေသည်။
ဖုန်များက စဲသွား၏။
အပျက်အစီးပုံများ၏ နောက်ဘက်မှာ ကျောက်ဆစ်ရုပ်တစ်ရုပ်နှင့်အတူ ဒုတိယမြောက် နံရံတစ်ခုကို သူတို့နှစ်ယောက်က တွေ့မြင်လိုက်ရ၏။