ဧကရာဇ် ၁၀၀
Vol. 201 Ch. 3013
“သူတို့က သိပ်အများကြီး မဟုတ်ဘူး”
ဧကရာဇ် မိုးပြာရောင်မီးတောက်က ပြောလိုက်၏။
“တကယ်တမ်း အစွမ်းအစရှိတာက တစ်ယောက်တည်း….”
ခဏမျှ စဉ်းစားပြီးနောက် ငွေရောင်မျက်နှာဖုံးနဲ့ ခရမ်းရောင်ဝတ် အမျိုးသားတစ်ဦး၏ ပုံရိပ်က ဧကရာဇ် မိုးပြာရောင်မီးတောက်၏ စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်ထွက်လာ၏။
“အလွန်ဆုံး နှစ်ယောက်ပေါ့”
“အဲဒီနှစ်ယောက်က ဘယ်မျိုးနွယ်ကလဲ”
ဧကရာဇ် ရွှမ်စန်က လေးနက်သော အသံဖြင့် မေးလိုက်၏။
“ဆိုးယုတ်မိစ္ဆာမျိုးနွယ်လား”
ဆိုးယုတ်မိစ္ဆာမျိုးနွယ်အကြောင်း ပြောဆိုချိန်မှာ ဧကရာဇ် ပိုင်ယွီနှင့် အခြားသူများက ရင်တစ်ချက်ထိတ်သွား၏။
သူတို့က ဆိုးယုတ်စိတ်ဝိညာဉ်တစ်ဦး သို့မဟုတ် မိစ္ဆာတစ်ဦးဖြစ်မည်ဆိုလျှင် သူတို့က တကယ်ပင် ပေါ့ပေါ့ဆဆ မပြုမူနိုင်ပေ။
“အဲဒါက ဆိုးယုတ်မိစ္ဆာတွေနဲ့ ဘာမှမဆိုင်ဘူး”
ဧကရာဇ် မိုးပြာရောင်မီးတောက်က ခေါင်းခါပြလိုက်၏။
“သူတို့ထဲက တစ်ယောက်က လိပ်ပြာမျိုးနွယ်ကပဲ… နောက်တစ်ယောက်ကတော့ လူသားမျိုးနွယ်ကပဲ”
“ဟားဟား”
ဧကရာဇ် ပိုင်ယွီက လှောင်ရယ်လိုက်၏။
“အဲဒီ ပုရွက်ဆိတ်နှစ်ကောင်က ဘာတွေ ဘယ်လောက်များ ထူးခြားနေလို့လဲ… သူတို့အတွက် စံအိမ် ၂၈ ခု ဝင်္ကပါကို စုဖွဲ့ဖို့ လိုလို့လား… ငါတို့လေးယောက် ပူးပေါင်းလိုက်မယ်ဆိုရင် မဟာဧကရာဇ်နယ်ပယ်အောက်မှာ ဘယ်သူက ငါတို့ကို ခုခံဆန့်ကျင်နိုင်မှာလဲ”
ဧကရာဇ် မိုးပြာရောင်မီးတောက်က ခဏမျှ တွေးတောပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပါတယ်လေ… မင်းတို့သုံးယောက် ငါ့ကို ကူညီပေးလာမယ်ဆိုရင် ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ဘာမှ သံသယရှိစရာ မလိုတော့ဘူး”
“ငါ ပြီးခဲ့တဲ့တစ်ခေါက်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရလို့ ငါက မချင့်မရဲဖြစ်နေတာပဲ… အဲဒါကြောင့် ငါက ပိုပိုလိုလို လူတိုင်းကို ဖိတ်ခေါ်လိုက်တာပဲ”
ယန်လောက စောင့်ဆိုင်းရသည်ကို စိတ်မရှည်နိုင်ဖြစ်လာပုံရသည်။
“ငါတို့ ဘယ်အချိန်ထွက်ခွာမှာလဲ… ဒီကိစ္စပြီးသွားရင် ငါက ပြန်ရောက်တဲ့အခါ မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းဖို့ ပြင်ဆင်စရာရှိတာတွေ ပြုလုပ်ရဦးမယ်”
“ဟုတ်တယ်… အဲဒါက တက်လှမ်းဖို့ အချိန်ကျတော့မယ်… ဒီလောကမှာ နေရတာက ဘာအဓိပ္ပာယ်မှ ဆက်မရှိတော့ဘူး”
ဧကရာဇ် ရွှမ်စန်ကလည်း ခေါင်းညိတ်လိုက်၏။
ဧကရာဇ် မိုးပြာရောင်မီးတောက်နှင့် အခြားသူများက သူတို့၏ အသံများကို ဖုံးကွယ်မထားကြပေ။
အောက်ဘက်တွင် ဒူးထောက်နေသော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ ဧကရာဇ်များက ထိုစကားကို ကြားသောအခါ သူတို့က မနာလို အားကျသော အမူအရာများ ထုတ်ဖော်လိုက်ကြ၏။
ဒဏ္ဍာရီလာ မဟာကမ္ဘာတစ်ထောင်လောက…
ထာဝရရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု…
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လောကအရှင်တစ်ဦးက အသံကိုမြှင့်ကာ ပြောလိုက်၏။
“အရှင်တို့… ခင်ဗျားတို့က ဘယ်နေရာကို သိမ်းပိုက်အုပ်စိုးဖို့ ကြံစည်နေကြတာလဲ… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဧကရာဇ်တွေက ခင်ဗျားတို့ စိတ်ရှိသလို အသုံးချနိုင်မယ့် ရှေ့ပြေးတပ် ဖြစ်လိုပါတယ်”
ဤသည်မှာ အကျိုးဆောင်မှုတစ်ခု ပြုလုပ်နိုင်ဖို့အတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ အခြားသော ဧကရာဇ်များကလည်း အလောတကြီး သဘောတူလိုက်ကြ၏။
“မင်းတို့တွေလား”
ဧကရာဇ် မိုးပြာရောင်မီးတောက်က မျက်မှောင်ကြုတ်လိုက်၏။
ပြောရမည်ဆိုလျှင် ဧကရာဇ် ပိုင်ယွီနှင့် အခြားသူများ၏ အကူအညီနှင့်အတူ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များက လိုက်ပါလာသည်ဖြစ်စေ၊ မပါလာသည်ဖြစ်စေ ကိစ္စမရှိပေ။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ အခြားသော လောကအရှင်တစ်ဦးက အလောတကြီး ပြောလိုက်၏။
“အရှင်တို့…. မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ခင်ဗျားတို့ ခြေရာအတိုင်း လိုက်ပါပြီး ကျုပ်တို့ရဲ့ စွမ်းပကားကို တည်ထောင်ဖို့နဲ့ မျိုးနွယ်စုတစ်သောင်းကို နောက်တစ်ခါ ဖိနှိမ်ဖို့အတွက် ဒီတိုက်ပွဲကို အသုံးချပါရစေ”
“ကောင်းပြီလေ… အဲဒါဆိုလည်း ငါတို့ လူတချို့ကို ခေါ်သွားမယ်… လူတစ်ရာပြည့်တာနဲ့ ငါတို့ထွက်ခွာကြမယ်”
ဧကရာဇ် မိုးပြာရောင်မီးတောက်က သာမန်ကာလျှံကာ လက်ပြပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ အရှင်ခြောက်ဦးကို ကြည့်လိုက်၏။
“မင်းတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို စောင့်ကြည့်ဖို့အတွက် ဒီနေရာမှာ ထိန်းသိမ်းစောင့်ရှောက်နေရမယ်… မင်းတို့တွေကတော့ လိုက်စရာ မလိုဘူး”
“ကောင်းပါပြီ”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ အရှင်ခြောက်ဦးက သဘောတူရုံသာ တတ်နိုင်ကြလေသည်။။ ထို့နောက် သူတို့သည် မိုးပြာရောင်မီးတောက်နှင့် အခြားသူများနောက်သို့ လိုက်ပါမည့် ဧကရာဇ် ၆၈ ဦးကို ရွေးချယ်ပေးလိုက်ကြ၏။
“အရှင်တို့… ခင်ဗျားတို့က ကောင်းကင်ဘုံကမ္ဘာကို သွားကြမှာလား”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မဝံ့မရဲ မေးမြန်းလိုက်၏။
“ကောင်းကင်ဘုံကမ္ဘာမှာ ဆိုးယုတ်မိစ္ဆာတွေက ပြန်လည်ရှင်သန်လာတဲ့ လက္ခဏာတွေ ပြနေတာကို ကျုပ်တို့ ထောက်လှမ်းသိရှိထားတယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးခဲ့တဲ့ အဲဒီပညာရှင်သုံးဦးက ပြန်လည်ရှင်သန်လာကြပြီ… အဲဒါက မိစ္ဆာအရှင်ရဲ့ ရွှေ့ကွက်ဖြစ်မယ်လို့ ကျုပ်တို့ ခန့်မှန်းမိတယ်”
မိစ္ဆာအရှင်…
မိစ္ဆာအရှင်ဟူသော နာမည်ကို ကြားရချိန်မှာ ဧကရာဇ် မိုးပြာရောင်မီးတောက်နှင့် အခြားသူများ၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးများ အနက်ပိုင်းထဲမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စ တကယ်ပင် ထွက်ပေါ်လာကြ၏။
“ငါတို့က ကောင်းကင်ဘုံကမ္ဘာကို သွားမှာမဟုတ်ဘူး”
ဧကရာဇ် မိုးပြာရောင်မီးတောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အားလုံးပဲ မဟာအရိုင်းကမ္ဘာဆီ ငါနဲ့လိုက်ခဲ့ကြ”
ထိုသို့ပြောရင်း ဧကရာဇ် မိုးပြာရောင်မီးတောက်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး သူ့ရှေ့မှာရှိသော လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။ လမ်းတစ်လျှောက် သွယ်တန်းထားသော အာကာသဥမင်တစ်ခုက ထွက်ပေါ်လာလေသည်။
ဧကရာဇ် ပိုင်ယွီ၊ ဧကရာဇ် ရွှမ်စန်၊ ဧကရာဇ် ယန်လောနှင့် စံအိမ်ဧကရာဇ် ၂၈ ဦးက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။ သူတို့သည် အာကာသဥမင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြီး တစ်ခဏချင်းမှာပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအထက်ကနေ ပျောက်ကွယ်သွားကြသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ အရှင်ခြောက်ဦးက ဧကရာဇ် မိုးပြာရောင်မီးတောက်နှင့် အခြားသူများ ပျောက်ကွယ်သွားရာဘက်ကို ကြည့်ရင်း သူတို့၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားတက်ကြွမှု ပေါ်ထွက်နေ၏။
ဤတစ်ခေါက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် နောက်တစ်ဖန် တိုက်ခိုက်ပြီး မဟာအရိုင်းကမ္ဘာကို သိမ်းပိုက်အုပ်စိုးနိုင်မည်ဆိုလျှင် အဲဒါသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မျိုးနွယ်စုတစ်သောင်းကို သေချာပေါက် တုန်လှုပ်သွားစေပေလိမ့်မည်။
ဓားကမ္ဘာ၊ အသင်္ချေ ဓားနန်းတော်မှာ…
သံသရဖူဆောင်းအဘိုးအို၊ ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုတို့က လက်ဖက်ရည်သောက်ရင်း စကားပြောဆိုနေကြ၏။
ရုတ်တရက် ဝဝအဘိုးအိုက သက်ပြင်းချလိုက်၏။
“ငါ့ရဲ့တွက်ချက်မှုအရဆို ဆူဇီမိုက နီညိုရောင်မျောက်ဝံကမ္ဘာကို ရောက်သွားတာ နှစ် ၂၀၀ကျော် ရှိသွားပြီ”
ပိန်ပိန်အဘိုးအိုက ပြောလိုက်၏။
“အဲဒီမှာ အတော်လေး ရှုပ်ထွေးသွားတယ်လို့ ငါကြားတယ်… ကောင်လေးက အဲဒီမှာရှိတဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လူတွေကိုတောင် သတ်ဖြတ်လိုက်တယ်… အခု သူက နီညိုရောင်မျောက်ဝံကမ္ဘာကနေ ထွက်ပြေးသွားပြီး သူ့ဆီကနေ ဘာသတင်းမှ ရမလာတော့ဘူး… သူက သေသလား၊ ရှင်သလား မသိရဘူး”
ဆူဇီမိုအကြောင်း ပြောဆိုချိန်မှာ သံသရဖူဆောင်းအဘိုးအို၏ မျက်လုံးထဲတွင်လည်း စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ပေါ်ထွက်လာ၏။
ဆူဇီမိုက နီညိုရောင်မျောက်ဝံကမ္ဘာမှာ အန္တရာယ်ကျရောက်နေသည်ဟု သူကြားသိခဲ့ရစဉ်က သူသည် ချက်ချင်းပင် လှုပ်ရှားပြီး ဆူဇီမို၏ ဘယ်ဆီဘယ်ဝယ်ကို လိုက်လံရှာဖွေခဲ့လေသည်။ သူသည် ဆယ်စုနှစ်များစွာ ရှာဖွေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
ဘာမှမတတ်နိုင်ဘဲ သူက ဓားကမ္ဘာသို့ ပြန်လာခဲ့ရသည်။
“သူ့ကို ကောင်းကင်ဘုံက ကောင်းချီးပေးပါစေလို့ပဲ မျှော်လင့်ကြတာပေါ့”
သံသရဖူဆောင်းအဘိုးအိုက ညင်သာစွာ သက်ပြင်းချလိုက်၏။
ရုတ်တရက်ဆိုသလို…
သံသရဖူဆောင်းအဘိုးအို၏ အမူအရာက ပြောင်းလဲသွား၏။ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ရုတ်တရက် ဖျာပေါ်ကနေ မတ်တတ်ထရပ်ပြီး အဝေးကို လှမ်းကြည့်လိုက်၏။ သူ၏ အကြည့်က အဆုံးမဲ့လေဟာနယ်ကို ထိုးဖောက်နိုင်ပုံရလေသည်။
သိပ်မကြာခင် ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လာပြီး အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အဝေးကို ငေးကြည့်နေကြ၏။
“ဘာတွေဖြစ်နေတာလဲ”
“ဒီလိုမျိုး စွမ်းအားကြီးမားတဲ့ အော်ရာတွေနဲ့ ဧကရာဇ်ပညာရှင် တစ်ရာကျော် ရှိနေတာပဲ ဟုတ်တယ်မလား”
“ဘယ်လောက်တောင် ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေလဲ”
“တစ်ချက်လောက် သွားကြည့်ကြရအောင်”
သရဖူဆောင်းအဘိုးအိုနဲ့ အခြားနှစ်ယောက်က ချက်ချင်းပင် လှုပ်ရှားပြီး ဓားကမ္ဘာကနေ ထွက်ခွာကာ အာကာသဥမင်ထဲသို့ ဝင်ရောက်လိုက်ကြ၏။
“အဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘက်ကပဲ”
“အဲဒါတင် မကဘူး… ကောင်းကင်ဘုံခုံရုံးက ပညာရှင်တော်တော်များများလည်း ရှိနေတယ်”
“သူတို့သွားတဲ့ လမ်းကြောင်းက မဟာအရိုင်းကမ္ဘာကို ဦးတည်နေတဲ့ပုံပဲ”
သံသရဖူဆောင်းအဘိုးအိုနှင့် အခြားသူများသည် အနားသို့ သိပ်ပြီးမချဥ်းကပ်ရဲဘဲ အဝေးကနေသာ စောင့်ကြည့်နေကြ၏။
ဝဝအဘိုးအိုမှာ တွေးဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေပြီး သက်ပြင်းချလိုက်၏။
“မဟာအရိုင်းကမ္ဘာက ဧကရီသွေးလိပ်ပြာက နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်တည်း ခုခံပြီးတဲ့နောက် ဒီလောက်ကြီးမားတဲ့ ပြဿနာကိုတောင် ဆွဲဆောင်မိသွားခဲ့ပြီပဲ”
“အဲဒီမှာ ဧကရာဇ်ပညာရှင် တစ်ရာကျော် ရှိနေတယ်… သူတို့က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဘယ်ထိပ်တန်းကမ္ဘာကြီးကိုမဆို မွှေနှောက်ဖျက်ဆီးဖို့ လုံလောက်နေပြီ… အခု သူတို့တွေက လိပ်ပြာမျိုးနွယ်က အမျိုးသမီးတစ်ဦးကို ကိုင်တွယ်ဖို့အတွက်နဲ့ ဒီလောက်လူအများကြီးကို စုဖွဲ့ထားတယ်ဆိုတော့… သူတို့တွေက တကယ့်ကို ရှိသမျှအကုန်ထုတ်ပြီး အနိုင်ကျင့်ကြတော့မလို့ပဲ… အား…”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက လိပ်ပြာဧကရီ သွေးလိပ်ပြာရဲ့ဘေးမှာ အထီးကျန်သိုင်းသခင်လို့ခေါ်တဲ့ လူတစ်ယောက် ရောက်လာပြီး သူနဲ့ အတူယှဥ်တွဲတိုက်ခိုက်ခဲ့တယ်လို့ ငါကြားတယ်”
“အထီးကျန်သိုင်းသခင်တစ်ယောက်တည်းက ဘာများပြောင်းလဲပေးနိုင်မှာလဲ”
“ထားလိုက်ပါ… ငါတို့တွေက ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်လို့ မရဘူး”
သံသရဖူဆောင်းအဘိုးအိုနှင့် အခြားသူများက သူတို့၏ ခေါင်းများကို ခါယမ်းပြီး သက်ပြင်းချလိုက်ကြ၏။
နီညိုရောင်မျောက်ဝံကမ္ဘာမှာ….
တောင်တန်းများ၏ အနက်ပိုင်းထဲမှာ တိတ်တဆိတ်ကျင့်ကြံနေသော မျောက်ဝံအိုကြီးတစ်ကောင်က တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ရုတ်တရက် မတ်တတ်ထရပ်လာ၏။ သူ၏ မှုန်မှိုင်းနေသော မျက်လုံးများထဲမှာ သွေးနီရောင်အလင်းတစ်ခု ဖျတ်ခနဲလက်လာပြီး အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်လိုက်၏။
“ဒီလောက်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေ…”
မျောက်ဝံအိုကြီးက ညင်သာစွာ တီးတိုးရေရွတ်ပြီး လေဟာနယ်ကို သာမန်ကာလျှံကာ ဆုတ်ဖြဲလိုက်၏။
သူက အာကာသဥမင်ထဲသို့ ဝင်ရောက်ပြီး နီညိုရောင်မျောက်ဝံကမ္ဘာကနေ ထွက်ခွာဖို့ ပြင်လိုက်လေသည်။
“လောကအရှင်”
သူနှင့် မလှမ်းမကမ်းမှ အခြားသော ဧကရာဇ်တစ်ဦးက အလောတကြီး ဝင်ပြောလိုက်၏။
“မြင်းမျောက်သားရဲဧကရာဇ်နှစ်ဦးက ကျုပ်တို့ကို စောင့်ကြည့်နေတယ်… ကျုပ်တို့တွေက နီညိုရောင်မျောက်ဝံကမ္ဘာကနေ အရမ်းကာရော ထွက်ခွာသွားလို့ မရဘူး”
“သူတို့ စောစောကတင် ထွက်ခွာသွားကြပြီ”
ထိုသို့ပြောပြီးနောက် မျောက်ဝံအိုကြီးက လေဟာနယ်ထဲသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွား၏။
မသိလိုက် မသိဘာသာ အချိန်တစ်ခု ကြာသွားပြီးနောက်…
ကြယ်တာရာကောင်းကင်ထဲမှာ မျောက်ဝံအိုကြီးသည် လေထုကို ဆုတ်ဖြဲပြီး အဝေးမှာရှိသော ကြောက်စရာကောင်းသည့် အော်ရာများကို အတွေးနက်စွာဖြင့် ငေးကြည့်နေ၏။
မျောက်ဝံအိုကြီးက တီးတိုးရေရွတ်လိုက်၏။
“ဟိုမြင်းမျောက်နှစ်ကောင်က ရုတ်တရက် ထွက်ခွာသွားတာ မထူးဆန်းတော့ဘူး… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ကြီးမားတဲ့ ဒီရွှေ့ကွက်က သူတို့ကို ဆင့်ခေါ်လိုက်တာပဲ”
“သူတို့ရဲ့ ဦးတည်နေတဲ့ လမ်းကြောင်းက မဟာအရိုင်းကမ္ဘာပဲ”
မျောက်ဝံအိုကြီးက သူ့မျက်လုံးထဲရှိ အမျက်ဒေါသတစ်စွန်းတစ်စနှင့် မချင့်မရဲဖြစ်မှုနှင့်အတူ သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ သူက လက်သီးကိုဆုပ်၊ အံကြိတ်ကာ ပြောလိုက်၏။
“သူတို့တွေက လိပ်ပြာတစ်ဦးကို ကိုင်တွယ်ဖို့အတွက်နဲ့ ဒီလောက်ကြီးမားတဲ့ အင်အားကို စုဖွဲ့ထားတယ်ဆိုတော့… တကယ်ပါပဲကွာ”
သို့သော်လည်း သိပ်မကြာခင် မျောက်ဝံအိုကြီး၏ ဆုပ်ထားသော လက်သီးက ပြေလျော့သွားပြီး သူ၏ မူလတိုက်ပွဲဝင်စိတ်ဝိညာဥ်ကလည်း ပြယ်လွင့်သွားလေသည်။
သူသည် အခြားကမ္ဘာမှ အရေးကြီးကိစ္စများကို ဝင်ရောက်စွက်ဖက်ဖို့ မပြောနှင့်… နီညိုရောင်မျောက်ဝံကမ္ဘာ၏ အတွင်းရေး အပြင်ရေး ပဋိပက္ခများကိုပင် မကိုင်တွယ်နိုင်ပေ။
ကောင်းကင်ဘုံကမ္ဘာမှာ…
မိစ္ဆာမဟာနယ်မြေမှ မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေး၊ သုခဘုံသန့်စင်ကုန်းမြေမှ ကောင်းကင်အရှင် စဗြဟ္မနှင့် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာတို့က တစ်ချိန်တည်းမှာပင် တံခါးပိတ်ကျင့်ကြံရာကနေ နိုးထလာကြ၏။ သူတို့က အဝေးကို ငေးကြည့်ရင်း သူတို့၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုစီက ခိုတွဲလာကြလေသည်။