နောက်ဆုံးတိုက်ပွဲ
Vol. 201 Ch. 3014
ဧကရာဇ်ပညာရှင်တစ်ရာက သူတို့၏ အော်ရာများကို ဖုံးကွယ်ထားခြင်းမရှိဘဲ အတူတကွစုစည်းကာ စွမ်းအားကြီးမား၍ တုန်လှုပ်စရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုကို ထွက်ပေါ်နေစေ၏။
တစ်ချိန်တည်းနီးပါးမှာပင် အမျိုးမျိုးသော ထိပ်တန်းကမ္ဘာကြီးများမှ အထွတ်အထိပ်ဧကရာဇ်များက တစ်စုံတစ်ရာကို အာရုံခံမိသွားကြ၏။
“ဒီအော်ရာက…”
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ နောက်ဆုံးတစ်ခေါက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာက နီညိုရောင်မျောက်ဝံကမ္ဘာမှာပဲ… သူတို့က ဒီတစ်ခေါက်ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် မဟာအရိုင်းကမ္ဘာက သွားရှာတော့မယ်”
“အဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတင် မဟုတ်လောက်ဘူး… သူတို့ရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့အစည်းကလည်း ပေါ်ထွက်လာပြီ”
“သားရဲဧကရီသွေးလိပ်ပြာက သနားဖို့ကောင်းလိုက်တာ… သူက လောကမှာ အသန်မာဆုံး အထွတ်အထိပ်ဧကရာဇ်တွေထဲက တစ်ဦးပဲ… သူက မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့တောင် အခွင့်အရေးရှိနေတယ်.. အခုတော့ သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ပစ်မှတ်ထားခြင်းခံရပြီပေါ့.. ဧကရာဇ်ပညာရှင်တစ်ရာတောင်မှ… အာ သူကတော့ သေချာပေါက်သေရတော့မှာပဲ”
“အဲဒါ့ကြောင့် မင်းတို့တွေက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို မဆန့်ကျင်သင့်တာပဲ… သမိုင်းတစ်လျှောက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ ရန်သူတွေဖြစ်လာတဲ့ အဲဒီသူတွေက ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားကြရတယ်.. ရှေးဟောင်းမဟာဧကရာဇ်တွေတောင်မှ အဆုံးသတ်မကောင်းခဲ့ကြဘူး”
“သားရဲဧကရီသွေးလိပ်ပြာက သူ့ကျင့်ကြံမှုရဲ့ အထွတ်အထိပ်မှာရှိနေတုန်းက သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ စိုးမိုးခြယ်လှယ်ပြီး မျိုးနွယ်စုတစ်သောင်းက ပညာရှင်တော်တော်များများကို တစ်ယောက်တည်းအနိုင်ယူခဲ့တယ်… သူက အနှိုင်းမဲ့နာမည်ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ပြီးခဲ့ပြီ… သူအရင်တုန်းက ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိခဲ့လဲ.. နဂါးမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်က အထွတ်အထိပ်ဧကရာဇ်တချို့တောင်မှ သူနဲ့ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်လိုကြဘူး… အခု ကြည့်စမ်းပါဦး ဘာတွေဖြစ်နေတာပါလိမ့်”
“တောအုပ်ထဲမှာ အမြင့်မားဆုံးသစ်ပင်က လေကြောင့်ပျက်စီးရတတ်တယ်”
မဟာအရိုင်းကမ္ဘာမှာ။
အရှေ့ဘက်အရိုင်းနယ်မြေ၊ လိပ်ပြာတောင်ကြားမှာ။
တျဲယွဲ့က တောင်ကြားထဲရှိ အစိမ်းရောင်ကျောက်တုံးပေါ်မှာ သာမန်ကာလျှံကာထိုင်နေ၏။ သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ့်ပိုင်ကျဲ၊ သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်းနှင့် သားရဲဧကရာဇ်ဆန်းကြယ်မြွေတို့က အောက်ဘက်မှာ မတ်တတ်ရပ်နေကြ၏။
ဧကရာဇ်ပညာရှင်ငါးဦး၏ ကျင့်ကြံမှုနယ်ပယ်များက လုံလောက်အောင်မြင့်မားမှုမရှိဘဲ သူတို့က အန္တရာယ်ကို ယခုအချိန်ထိ အာရုံမခံမိသေးပေ။ သို့သော်လည်း တျဲယွဲ့က သူတို့ကို ရုတ်တရက်ဆင့်ခေါ်လိုက်သည့်အတွက် ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာဖြစ်ပွားနေရပေမည်။
“သူတို့တွေ ဒီကိုလာနေကြပြီ”
တျဲယွဲ့က ရုတ်တရက်ပြောလိုက်သည်။
“ဘယ်သူတွေလဲ”
“အပြာရောင်အဖွဲ့လား”
သားရဲဧကရာဇ်ငါးဦးက အလောတကြီး မေးလိုက်ကြ၏။
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“အပြာရောင်အဖွဲ့တင်မဟုတ်ဘူး…. အဲဒီမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကလူတွေနဲ့ တခြားသူတွေလည်းပါတယ်”
“ဧကရာဇ်ပညာရှင်ဘယ်လောက်များများလဲ”
သားရဲဧကရာဇ်နတ်ဆင်က တည်တံ့စွာမေးလိုက်၏။
“တစ်ရာ”
တျဲယွဲ့က ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“ဧကရာဇ်တစ်ရာလား”
သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများက တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြ၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်ထွက်ခွာသွားတုန်းက သူသည် ဦးချိုစံအိမ်နှင့်အတူ အရှေ့ဘက်အရိုင်းနယ်မြေမှ သက်ရှိများအားလုံးကို သေစေချင်သည်ဟု ပြောဆိုခဲ့သော်လည်း အပြာရောင်အဖွဲ့၏ အခြေခံအုတ်မြစ်က ဤမျှအထိ ကြောက်စရာကောင်းပြီး ဧကရာဇ်ပညာရှင်တစ်ရာပင်လျှင် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။ ဤတစ်ခေါက် ဧကရာဇ်မိုးပြာရောင်မီးတောက် ပြန်လည်ရောက်ရှိလာသည့် အလျင်အဟုန်ကလည်း တျဲယွဲ့တွေးထင်ထားသည်ထက် ပို၍ပင်မြန်ဆန်နေ၏။
အစကတော့ ဧကရာဇ်မိုးပြာရောင်မီးတောက်သည် သူ၏ ဒဏ်ရာများကနေ သက်သာပျောက်ကင်းဖို့အတွက် နှစ်ပေါင်းရာချီအချိန်ယူရလိမ့်မည်ဟု သူမက ထင်မြင်ယူဆခဲ့၏။
ယခုသူသည် နှစ်ရှစ်ရာမျှနှင့် တစ်ကျော့ပြန်လာခဲ့လေပြီ။
“ကျုပ်တို့က ဧကရာဇ်ပညာရှင်တစ်ရာနဲ့ ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ”
သားရဲဧကရာဇ်နတ်ဆင်က အမြဲတမ်းတည်ငြိမ်နေခဲ့လေသည်။ ထိုသတင်းကိုကြားသောအခါ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ အမူအရာက ငေးငိုင်ပျောက်ဆုံးနေ၏။
“နင်တို့တွေ ထွက်သွားလို့ရတယ်.. မဟာအရိုင်းကမ္ဘာကို ထားခဲ့”
တျဲယွဲ့က ပြောလိုက်၏။
သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်းနှင့် သားရဲဧကရာဇ်ပိုင်ကျဲတို့က နှုတ်ဆိတ်နေကြ၏။
ထိုသတင်းကို ကြားရသောအခါ သူတို့သည် ခုခံတိုက်ခိုက်ဖို့ မည်သည့်စိတ်ကူးမှ မရှိတော့ပေ။
သူတို့သည် သတ္တိကြောင်ပြီး ကြောက်ရွံ့တတ်သောကြောင့်မဟုတ်ဘဲ ကွာခြားချက်က အရမ်းကိုကြီးမားနေသောကြောင့်ဖြစ်သည်။
အရင်တုန်းက သားရဲဧကရာဇ်ဆန်းကြယ်မြွေသည် သိုင်းတာအိုပင်မခန္ဓာ၏ အရှိန်အဝါမှာ ကြောက်လန့်သွားသောကြောင့် သူက အရှေ့ဘက်အရိုင်းနယ်မြေမှာ ဆက်နေခဲ့ခြင်းဖြစ်သည်။
ယခု သူသည် တိုက်ခိုက်ဖို့အာရုံမရတော့ဘဲ တတ်နိုင်သမျှမြန်မြန် ထွက်ပြေးချင်နေပြီဖြစ်၏။
“ငါနေမယ်”
ခဏအကြာ တိတ်ဆိတ်နေပြီးနောက် သားရဲဧကရာဇ်နတ်ဆင်က အံကိုကြိတ်ကာပြောလိုက်၏။
“ဘာပဲပြောပြော ကျုပ်က ခင်ဗျားနောက်ကိုလိုက်ခဲ့တာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီ… ဒီနောက်ဆုံခရီးမှာ ကျုပ်ခင်ဗျားကို အဖော်ပြုပေးမယ်”
“ငါလည်း သွားမှာမဟုတ်ဘူး”
သားရဲဧကရီအမြီးကိုးချောင်းကလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်၏။
သူမသည် အခြားသူများနှင့်မတူဘဲ တျဲယွဲ့အပေါ် ခံစားချက်များရှိနေသည်။ သူမ သေရမည်ဆိုလျှင်တောင် သူမသည် တျဲယွဲ့ဘေးမှာသာ သေချင်လေသည်။
ထို့နောက် သားရဲဧကရာဇ်အမြီးကိုးချောင်းက တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး ဘေးပတ်လည်ကိုကြည့်ရှုကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ဘယ်မှာလဲ.. သူမရှိဘူးလား”
တျဲယွဲ့က နှုတ်ဆိတ်နေ၏။
သားရဲဧကရီအမြီးကိုးချောင်းက ဖြစ်ပျက်ခဲ့သည့်အရာကို ချက်ချင်းပင်နားလည်းသဘောပေါက်သွားပြီး လှောင်ရယ်လိုက်၏။
“သူက တစ်ယောက်တည်း ကိုယ်လွတ်ရုန်းပြေးသွားတာပေါ့လေ… ဟုတ်တယ်မလား.. ငါသိသားပဲ ယောင်္ကျားတွေက မယုံရဘူး… ဘယ်လောက်တောင် သတ္တိကြောင်လိုက်လဲ”
တျဲယွဲ့က ပြောလိုက်၏။
“သူ့မှာ လုပ်စရာတစ်ခုခုရှိလို့ ထွက်သွားတာပဲ”
“ဟမ့်”
သားရဲဧကရီအမြီးကိုးချောင်းက အထွန့်တက်လိုက်၏။
“အစ်မ.. နင်ဘာလို့ သူ့ကို ဒီလိုပုံစံနဲ့ ကာကွယ်ပေးနေသေးတာလဲ”
တျဲယွဲ့က ဤကိစ္စနဲ့ပတ်သက်ပြီး ထပ်မံရှင်းပြနေဖို့ အာရုံမရှိပေ။
“ငါပြောတာကို နားထောင်ကြ… ဧကရာဇ်ပညာရှင်တစ်ရာထဲမှာ အထွတ်အထိပ်ဧကရာဇ်တွေချည်းပဲ သုံးဆယ်ကျော်ရှိတယ်… နင်တို့တွေ ဒီမှာ နေမယ်ဆိုရင်လည်း ဘာမှ အကျိုးထူးမှာမဟုတ်ဘူး”
“ဟာ”
သားရဲဧကရာဖ်ပိုင်ကျဲနှင့်အခြားသူများက ပင့်သက်ကိုရှိုက်လိုက်ကြ၏။
အထွတ်အထိပ်ဧကရာဇ်သုံးဆယ်ကျော်…။ မည်ကဲ့သို့သော စွမ်းအားမျိုးလဲ။
သူတို့မှာ သာမန်ဧကရာဇ်ပညာရှင်ဆယ်ဦးကျော်ရှိမည်ဆိုလျှင် ကမ္ဘာတစ်ခုကို ထိပ်တန်းကမ္ဘာကြီးတစ်ခုဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။
ထိပ်တန်းကမ္ဘာကြီးတစ်ခုမှာ အထွတ်အထိပ်ဧကရာဇ်တစ်ဦးရှိမည်ဆိုလျှင် သူတို့ကို စွမ်းအားကြီးမားသော ကမ္ဘာတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။
သို့သော်လည်း ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ဤတစ်ခေါက် သူနှင့်အတူ အထွတ်အထိပ် ဧကရာဇ်သုံးဆယ်ကျောက်ကို ခေါ်ဆောင်လာခဲ့သည်။
တျဲယွဲ့က ဆက်ပြောလိုက်သည်။
“အရှေ့ဘက်အရိုင်းနယ်မြေက သက်ရှိတွေကို စုစည်းပြီး နင်တို့ရဲ့ အင်မော်တယ်ယာဉ်ပျံတွေကို မောင်းနှင်ကြ… အရှေ့ဘက်အရိုင်းနယ်မြေက သက်ရှိတွေအားလုံးကို ခေါ်ထုတ်ပြီး တတ်နိုင်သမျှဝေးဝေးထွက်သွားဖို့ ကြိုးစားကြ”
“အစ်မ… နင်လည်း ငါတို့နဲ့လိုက်ခဲ့လေ”
သားရဲဧကရီအမြီးကိုးချောင်းက အလောတကြီးပြောလိုက်၏။
တျဲယွဲ့က ပြုံး၍ ခေါင်းခါပြလိုက်၏။
သူမသည် အရှေ့ဘက်အရိုင်းနယ်မြေမှာနေပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် တခြားသူများနှင့် ခဏကြာတိုက်ခိုက်ထားမည်ဆိုလျှင် သားရဲဧကရီအမြီးကိုးချောင်းနှင့် တခြားသူများက ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးရရှိပေလိမ့်မည်။
သူမက သူတို့နှင့်အတူ လိုက်ပါမည်ဆိုလျှင် မည်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
“မြန်မြန်သွားကြတော့”
တျဲယွဲ့က လက်ကာပြပြီး သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရာဇ်အမြီးကိုးချောင်းနှင့် အခြားသူများကို ကြည့်လိုက်၏။
“နင်တို့တွေက အရှေ့ဘက်အရိုင်းနယ်မြေက ဘီလီယံနဲ့ချီတဲ့ သက်ရှိတွေရဲ့အသက်ကို ပခုံးထမ်းထားရတယ်.. ရှင်သန်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားကြ”
သားရဲဧကရာဇ်ဆန်းကြယ်မြွေက ခေါင်းညိတ်ပြီး အရင်ဆုံးထွက်ခွာသွား၏။
ထို့နောက် သားရဲဧကရာဇ်ပိုင်ကျဲနှင့် သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်းတို့က တျဲယွဲ့ကို ဦးညွှတ်ပြီး လှည့်ထွက်သွားကြ၏။
သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရီအမြီးကိုးချောင်းက နောက်ဆုံးမှာ လှုပ်ရှားလိုက်ကြ၏။
“အစ်မ…”
သားရဲဧကရီအမြီးကိုးချောင်း၏ မျက်လုံးများက နီရဲနေပြီး ရှေ့သို့တက်ကာ တျဲယွဲ့၏ လက်ကို ဖမ်းဆွဲလိုက်၏။
“အရှေ့ဘက်အရိုင်းနယ်မြေက အဲဒီသက်ရှိတွေကို ပို့ဆောင်ပေးပြီးရင် ငါနင့်ဆီကို ပြန်လာခဲ့မယ်”
“အင်း”
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။
သားရဲဧကရီအမြီးကိုးချောင်းက အရှေ့ဘက်အရိုင်းနယ်မြေမှ ဘီလီယံနှင့်ချီသောသက်ရှိများကို အထိုင်ချပေးပြီးသည့်အခါ သူမက သေပြီးသွားလောက်လေပြီ။
သိပ်မကြာခင်။
အရှေ့ဘက်အရိုင်းနယ်မြေက ဧရာမအင်မော်တယ်ယာဉ်ပျံငါးစင်းက လေဟာနယ်ကိုဆုတ်ဖြဲပြီး အာကာသဥမင်တစ်ခုထဲသို့ ဝင်ရောက်ကာ မဟာအရိုင်းကမ္ဘာကနေ အဝေးသို့ တိတ်တဆိတ်ထွက်ခွာသွားသည်။
တျဲယွဲ့က ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ စိတ်ခံစားချက်များက ရောထွေးလာခဲ့သည်။
သူမသည် အရှေ့ဘက်အရိုင်းနယ်မြေကို နှစ်ပေါင်းများစွာစောင့်ရှောက်ပေးခဲ့သော်လည်း နောက်ဆုံးမှာ ဤကဲ့သို့ပင် အဆုံးသတ်သွားရလေသည်။
ထိုအခိုက်အတန့်မှာ အရှေ့ဘက်အရိုင်းနယ်မြေက ဗလာကျင်းလာခဲ့လေပြီ။ သက်ရှိများစွာက ထွက်ခွာသွားကြလေပြီ။
တျဲယွဲ့က လေထဲမှာ မတ်တတ်ရပ်ပြီး သူမ၏ အသက်နှင့်အတူ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲဖို့ပြင်လိုက်၏။
ကံဆိုးစွာနှင့်ပင် သူက သူမဘေးမှာ ရှိမနေပေ။
သို့သော်လည်း တျဲယွဲ့က စိတ်သက်သာရာရမိ၏။
သူ့အနေဖြင့် ကံကောင်းထောက်မစွာဖြင့် သူမဘေးမှာ ရှိမနေပေ။
တကယ်တော့ နောင်တရစရာတချို့လည်းရှိနေ၏။
သူတို့နှစ်ယောက်သည် အတူရှိခဲ့သည့်အချိန်က တကယ့်ကို တိုတောင်းလွန်းလေသည်။
ဒါ့အပြင် အချိန်အများစုမှာ သူတို့သည် တာအိုအကြောင်းဆွေးနွေးခြင်း သို့မဟုတ် တိတ်တဆိတ်ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ခဲ့ကြလေသည်။
သို့သော်လည်း တျဲယွဲ့သည် ပြန်တွေးကြည့်ရင်း အထက်ဘုံလောကမှာ သူနှင့်အတူ ပြန်လည်ဆုံစည်းရသည်ကပင် သူမဘဝမှာ အကြီးမားဆုံး အံ့အားသင့်စရာတစ်ခုဖြစ်နေခဲ့သည်ကို တျဲယွဲ့က နားလည်သိရှိလိုက်၏။
မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက်။
ရုတ်တရက် မဟာအရိုင်းကမ္ဘာ၏ အထက်ကောင်းကင်မှာ ညိုမည်းနေသော တိမ်စိုင်များက ဖုံးလွှမ်းလာပြီး သဲများနှင့် ကျောက်စရစ်ခဲများက လွင့်ပျံလာ၏။
စဉ်းစားကြည့်၍မရနိုင်သော ကြောက်စရာကောင်းသည့် ဖိအားတစ်ရပ်က မဟာအရိုင်းကမ္ဘာ၏ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံလာခဲ့၏။
ထိုအခိုက်အတန့်မှာ မဟာအရိုင်းကမ္ဘာမှ သက်ရှိများအားလုံးက အသံတိတ်သွားပြီး တုန်ယင်နေကြ၏။ သူတို့သည် ကြောက်ရွံ့မှုဖြင့် ကောင်းကင်ထက်ကို မော့ကြည့်ပြီး လုံးဝမလှုပ်ရှားရဲကြပေ။
မဟာအရိုင်းကမ္ဘာက ငြိမ်သက်နေသည်။
ဤလောကမှာ ဝင့်ကြွားစွာဖြင့် မတ်တတ်ရပ်နေသော ပုံရိပ်တစ်ခုသာရှိနေသည်။ ထိုသူက အေးစက်နေသော အမူအရာနှင့်အတူ သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်ခုံးနှစ်ဖက်ကြားမှာ မာန်မာနတစ်စွန်းတစ်စရှိနေ၏၊
ဝုန်း…
မိုးခြိမ်းသံက အဝေးကနေချဉ်းကပ်လာပြီး တဖြည်းဖြည်းကျယ်လောင်လာ၏။
ဧရာမအက်ကွဲကြောင်းတစ်ခုက မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာပြီး မဟာအရိုင်းကမ္ဘာတစ်ခုလုံးကို နှစ်ပိုင်းဆုတ်ဖြဲပစ်လုနီးပါးပင်။
အထဲမှာ ကြောက်စရာကောင်းသောအော်ရာတစ်ခု ဖြာထုတ်ပေးနေသည့် ပုံရိပ်တစ်ရာကို ခပ်ရေးရေးတွေ့မြင်နိုင်လေသည်။
ထိုလူတစ်ရာက မဟာအရိုင်းကမ္ဘာသို့ ဆင်းသက်လာသောအခါ တိုက်ကြီးတစ်တိုက်လုံးက အဆက်မပြတ်တုန်ခါလာခဲ့သည်။ ၎င်းသည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ ကွဲကြေပျက်စီးတော့မည့်အလားပင်။
သန်မာသောလေက အော်မြည်တိုက်ခတ်လာပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်နေ၏။
ဤလောကမှာ သွေးနီရောင်စွန်းထင်းနေသော ပုံရိပ်တစ်ခုသာရှိနေ၏။ ထိုပုံရိပ်က ဝင့်ကြွားစွာမတ်တတ်ရပ်နေပြီး အရမ်းကို ထင်ရှားပေါ်လွင်နေ၏။