လမ်းဆုံး
Vol. 201 Ch. 3004
လမ်းတစ်လျှောက်အလောင်းများကို ဖြတ်ကျော်လာစဉ် နီညိုရောင်မျောက်ဝံကမ္ဘာသည် အရင်တုန်းက တိုက်ပွဲမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အဟန့်အတားကို ဖြတ်ကျော်နိုင်ခဲ့သည်ဟု သူက ထင်မြင်ယူဆမိလေသည်။ ထို့နောက် နီညိုရောင်မျောက်ဝံကမ္ဘာသည် အဟန့်အတားများစွာနှင့် ကြုံတွေ့ခဲ့ရခြင်းမရှိဘဲ ရှေ့သို့ ချီတက်လာခဲ့ကြသည့်ပုံပင်။
ထို့နောက် ရှည်လျားသော အကွာအဝေးတစ်ခုထိ မည်သည့်အလောင်းကိုမှ မတွေ့မြင်ရတော့ပေ။ သို့သော်လည်း မြူခိုးအလွှာများက တဖြည်းဖြည်းပေါ်ထွက်လာခဲ့၏။ သူတို့နှစ်ယောက်က ရှေ့သို့ ဆက်တက်လာခဲ့ကြ၏။ သိပ်မကြာခင် လမ်းမှာရှိသော အလောင်းများ၏ အရေအတွက်က နောက်တစ်ဖန်ပြန်တိုးလာပြီး လမ်းပေါ်မှာ စုပြုံ၍ ပေါ်ထွက်လာ၏။
နီညိုရောင်မျောက်ဝံကမ္ဘာမှ ပညာရှင်များစွာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဖြတ်ကျော်လာစဉ် လမ်းခရီးမှာ အတော်အတန် တည်ငြိမ်အေးချမ်းနေခဲ့ပြီးမှ ကြီးမားသောတိုက်ပွဲတစ်ခုက နောက်တစ်ဖန်ဖြစ်ပွာလာခဲ့သည်မှာ သိသာလေသည်။
ဟမ်…
ဆူဇီမိုက တစ်ချက်ဝေ့ကြည့်ပြီးနောက် အလောင်းများစွာ၏ အောက်ဘက်မှာ တံဆိပ်ပြားများကို တွေ့မြင်သွား၏။
ဆူဇီမိုသည် သူ၏ ခြေလှမ်းကို ရပ်တန့်ခြင်းမရှိဘဲ ပြေးရင်းလွှားရင်း လေ့လာဖို့အတွက် တံဆိပ်ပြားတစ်ခုကို ကောက်ယူလိုက်၏။
တံဆိပ်ပြားသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားတစ်ခု မဟုတ်ဘဲ ၎င်းကို ပြုလုပ်ထားသော ပစ္စည်းက ကောင်းကင်ဘုံခုံရုံးမှ လူများ၏ ခါးပေါ်မှာချိတ်ဆွဲထားသော တံဆိပ်ပြားများနှင့် အတော်လေးဆင်တူနေ၏။ သို့သော်လည်း တံဆိပ်ပြားပေါ်မှ စာလုံးက မီးတောက်မဟုတ် အပြာရောင်မဟုတ်ဘဲ စွမ်းအားဖြစ်လေသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
မီးတောက်၊ အပြာရောင်နှင့် စွမ်းအား… ဤတံဆိပ်ပြားသုံးခုက ဘာကိုကိုယ်စားပြုနေတာလဲ။
ကောင်းကင်ဘုံသို့သွားရာလမ်းမှာ ဖြတ်လျှောက်လာရင်း မျောက်သည် စကားများစွာ မပြောဆိုတော့ပေ။ သူသည် အစကတည်းက ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့သည်။ လမ်တစ်လျှောက်မှာ မရေမတွက်နိုင်သော သူ့မျိုးနွယ်ဝင်များ၏ အလောင်းများကို တွေ့မြင်ခဲ့ရပြီးနောက် သူက အတော်လေးစိတ်ထိခိုက်ခံစားနေရသည့်ပုံပင်။ သူ၏ အခြေအနေက ပို၍ဆိုးဝါးလာပြီး သူက လမ်းဆုံးခါနီးကို ရောက်ရှိလုနီးပါးဖြစ်လာခဲ့၏။
ဆူဇီမိုက တိတ်တဆိတ်စိုးရိမ်ပူပန်လာခဲ့၏။
မျောက်၏ ထိခိုက်ဒဏ်ရာများကို ဆက်လက်၍ အချိန်ဆွဲထားလို့ မရနိုင်တော့ပေ။
သူသည် လုံခြုံစိတ်ချရသော နေရာတစ်ခုကို မြန်မြန်ရှာဖွေပြီး အသက်ဓာတ်ကြာလက်ညှိုးနှင့်အတူ မျောက်ကို ကုသပေးရပေမည်။
သို့သော်လည်း လမ်းတစ်လျှောက်မှာ နေရာတိုင်းက အလောင်းများဖြင့် ပြည့်နှက်နေပြီး ပုန်းကွယ်စရာနေရာမရှိပေ။
မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများကတော့… သူတို့သည် နောက်ကနေ လိုက်ပါလာကြ၏။ သူတို့က ယခုအချိန်မှာ ရပ်တန့်လိုက်မည်ဆိုလျှင် သူတို့နှစ်ယောက်က ပို၍ပင် မြန်မြန်ဆန်ဆန်သေဆုံးရပေလိမ့်မည်။
သူ၏ ခြေဖဝါးအောက်ဘက်မှာ ကောင်းကင်ဘုံသို့ သွားရာလမ်းသည် ဘယ်တော့မှ အဆုံးမသတ်မည့်အလား မြူခိုးအလွှာများနှင့်အတူ လေဟာနယ်ထဲကို ဆန့်တန်းနေ၏။
ဆူဇီမိုက နောက်တစ်ဖန်အရှိန်တင်ပြီး ရှေ့သို့ ပြေးလွှားသွားပြီးနောက် ရုတ်တရက်ရပ်တန့်လိုက်၏။ ရှေ့မှာရှိသော မြူခိုးများက ပျက်ပြယ်သွားပြီး ပိန်းပိတ်အောင်နက်မှောင်နေသော တုတ်ခိုင်သည့် ကျောက်တိုင်တစ်တိုင်က ပေါ်ထွက်လာ၏။ ၎င်းသည် ကောင်းကင်ဘုံသို့သွားရာလမ်းမှ စိုက်ထူထားပြီး လမ်းတစ်ခုလုံးနီးပါးကို ပိတ်ဆို့နေ၏။
တုတ်ခိုင်သောကျောက်တိုင်သည် ယောင်္ကျားအယောက်နှစ်ဆယ်ဖက်စာလောက်ရှိပေလိမ့်မည်။ ၎င်းသည် အက်ကွဲကြားများနှင့် ထွင်းထုထားသော အမှတ်အသားများနှင့် ပြည့်နှက်နေ၏။
ဆူဇီမိုသည် မည်သည့်အရာကိုမှ ပုံမဖော်နိုင်ပေ။ သူက မျောက်ကိုကျောပေါ်မှာ တင်ပြီး ရှေ့ကို ဆက်တက်လိုကာ ကျောက်တိုင်၏ အစပ်ကနေ ဂရုတစိုက်လှည့်ပတ်လိုက်၏။
သို့သော်လည်း ကျောက်တိုင်၏ ဘေးသို့ သူရောက်လာသည့်ခဏမှာပင် သူက နေရာမှာပင် မှင်တက်သွား၏။
ဤနေရာမှာ မည်သည့်ထွက်ပေါက်မှမရှိပေ။
ဆူဇီမိုသည် ရှေ့သို့လှမ်းကြည့်ပြီးနောက် ရှေ့တည့်တည့်မှာ မှောင်မည်း၍ နက်ရှိုင်းသောလေဟာနယ်တစ်ခုကို တွေ့မြင်လိုက်ရ၏။
သူက ရှေ့ဆက်တက်မည်ဆိုလျှင် အချိန်၊ နေရာလွတ်၊ ဦးတည်ဘက် သို့မဟုတ် အာရုံငါးပါးပင်မရှိသော အာကာသတွင်းနက်ထဲသို့ ဝင်ရောက်သွားပေလိမ့်မည်။ ထိုအခါ သူတို့က သေချာပေါက် သေရပေလိမ့်မည်။
သူနှင့်မျောက်သည် ဤနေရာတွင် ဘေးကင်းလုံခြုံနေသေးသည်မှာ ကောင်းကင်ဘုံသို့သွားရာလမ်း၏ တည်ရှိမှုကြောင့်သာဖြစ်သည်။
သို့သော်လည်း ကောင်းကင်ဘုံသို့သွားရာလမ်းက ဤကဲ့သို့ပင် ဖြတ်တောက်ခံထားရ၏။
ဆူဇီမို၏ အမြင်အာရုံက မှောင်မည်းနေပြီး သူက ညင်သာစွာသက်ပြင်းချလိုက်၏။
ကောင်းကင်ဘုံသို့ သွားရာလမ်းမှာ ဤမျှအထိ ရှည်လျားစွာ ပြေးလွှားလာခဲ့ပြီးတာတောင် အဲဒါက လမ်းပိတ်တစ်ခု ဖြစ်နေဆဲပင်။ မျောက်က ဆူဇီမို၏ သက်ပြင်းချသံကို ကြားပုံရပြီး အတတ်နိုင်ဆုံးကြိုးစားကာ သူ၏ မျက်လုံးကိုဖွင့်လိုက်၏။
ပထမဆုံး သူတွေ့မြင်ရသည်မှာ သူ့ရှေ့မှာရှိသော နက်မှောင်နေသည့် ကျောက်တိုင်ဖြစ်လေသည်။
“အစ်ကိုကြီး… ဒီ… ဒီကျောက်တိုင်က အဟွတ်အဟွတ်… အဲဒါက တစ်ခုခု… ထူးဆန်းနေတယ်”
မျောက်၏ အသက်ရှူသံက အားနည်းနေပြီး သူက ပြတ်တောင်းပြတ်တောင်းဖြင့် ပြောလိုက်သည်။
“ဟမ်”
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး အာရုံစူးစိုက်ကြည့်ကာ အံ့အားတသင့် ရေရွတ်လိုက်၏။ သူ့ရှေ့မှာရှိသော မြင်ကွင်းသည် ကောင်းကင်ဘုံသို့သွားရာလမ်းကို သူ့ဘေးမှာရှိသော ဧရာမကျောက်တိုင်က ဖြတ်တောက်ထားသည့်အလားပင်။
ဆူဇီမိုက ကျောက်တိုင်ဘေးကနေ လှည့်ပတ်လိုက်၏။ ကျောက်တိုင်၏ အပေါ်ပိုင်းနှင့် အောက်ခြေကို လုံးဝမတွေ့မြင်ရပေ။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးအကြား ကန့်လန့်ဖြတ်တည်ရှိနေပြီး အပေါ်ပိုင်းက မိုးကောင်းကင်များကြားထိ ရောက်ရှိကာ အောက်ခြေက တမလွန်ကိုးဘုံသို့ ဆင်းသက်သွားသည့်အလားပင်။
တကယ်ပင် ကျောက်တိုင်သည် အနည်းငယ်ထူဆန်း၍ ထူးခြားသည့်ပုံပေါ်နေ၏။ သို့သော်လည်း ဆူဇီမိုသည် တစ်စုံတစ်ရာကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်၍ ကျောက်တိုင်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်ဖို့ ကြိုးစားကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
သို့သော်လည်း မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများက သိပ်မကြာခင် လိုက်မီလာလိမ့်မည်ဖြစ်ပြီး သူက အဲဒါကို လေ့လာနေဖို့ အချိန်များစွာမရပေ။
“အနားကို ထပ်တိုးကြည့်ဦး”
မျောက်က ညင်သာစွာပြောလိုက်၏။
ဆူဇီမိုက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူက ကျောက်တိုင်ကို ထိလုမတတ်ဖြစ်သွား၏။
မျောက်ကို အံကိုကြိတ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ နောက်ဆုံးလက်ကျန်ခွန်အားကို သုံးကာ သူ၏ သွေးသံရဲရဲလက်ဖဝါးကို မြှောက်၍ နက်မှောင်နေသော ကျောက်တိုင်ကို ညင်သာစွာထိလိုက်၏။
ဝုန်း…
ရုတ်တရက် နက်မှောင်နေသော ကျောက်တိုင်က တုန်ခါသွားပြီး ဖုန်မှုန့်များက ကွာကျသွားလေသည်။ ကောင်းကင်ဘုံသို့ သွားရာလမ်းကပင် တုန်ခါသွားလေသည်။
နောက်ခဏ၌ အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေသော နက်မှောင်နေသည့် ကျောက်တိုင်ကနေ ရွှေရောင်အလင်းတန်းများ ပစ်လွင့်ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မြူခိုးများကို လွင့်ပျယ်သွားစေ၏။
ဆူဇီမိုက အာရုံစိုက်၍ ကြည့်ရှုလိုက်၏။
ရွှေရောင်အလင်းသည် နက်မှောင်နေသော ကျောက်တိုင်ပေါ်ရှိ အမှတ်အသားများကနေ ပစ်လွင့်ထွက်ပေါ်လာပြီး အရိုင်းဆန်၍ ထိန်းချုပ်မရသောပုံစံဖြင့် စကားလုံးတစ်လုံးကို ဖြစ်ပေါ်လာစေ၏။
တိုက်ပွဲ…
မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများက ကောင်းကင်ဘုံသို့ သွားရာလမ်းတစ်လျှောက် လိုက်လာကြ၏။
လမ်းတစ်လျှောက် အလောင်းများစွာကို ကြည့်ရင်း သူတို့၏ မျက်လုံးထဲမှာ မည်သည့်ဝမ်းနည်းမှု သို့မဟုတ် မည်သည့် အမျက်ဒေါသမှမရှိပေ။ ထိုအစား သူတို့က တစ်မူထူးခြားစွာ စိတ်လှုပ်ရှားတက်ကြွနေပုံရ၏။
“ဒီလမ်းကြောင်းမှာရှိတဲ့ အလောင်းတွေက တိုက်ပွဲခေတ်ရဲ့ အဆုံးမှာ ကျန်ခဲ့တဲ့ အလောင်းတွေပဲ”
“အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲဖန်တီးခဲ့တဲ့ တဗူးဂမ္ဘီရကျင့်စဉ် တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာက ခေတ်အဆက်ဆက်ပျောက်ဆုံးနေခဲ့တာကြာပြီ… အဲဒါက ဒီနေရာမှာ မြှုပ်နှံထားတာ ဖြစ်နိုင်မလား”
“ဖြစ်နိုင်ခြေများတယ်”
မြင်းမျောက်ဘုရင်များက တိတ်တဆိတ်ဆွေးနွေးလိုက်ကြ၏။
အစကတော့ ဤတိုက်ခိုက်မှုသည် ရိုးရှင်းသောသတ်ဖြတ်မှုတစ်ခုသာဖြစ်လိမ့်မည်ဟု သူတို့က တွေးထင်ခဲ့ကြ၏။ ယခုသူတို့သည် ဤကဲ့သို့သော အခွင့်အလမ်းတစ်ရပ်ကို ရရှိနိုင်ဦးမည်ဆိုတော့။
မျောက်ဘုရင်နီရဲပင်လယ်က အဲဒါကို တွေးပြီး သူ့ရင်ထဲရှိ စိတ်လှုပ်ရှားတက်ကြွမှုကို အတတ်နိုင်ဆုံး ဖိနှိမ်ကာ အပေါ်ယံမှာ တည်ငြိမ်ထားလေသည်။
နီညိုရောင်မျောက်ဝံကမ္ဘာမှာ တိုက်ပွဲခေတ်က ပညာရှင်များ၏ အလောင်းများမရှိသည်မှာ မထူးဆန်းတော့ပေ။
သူတို့အားလုံးက ဤနေရာမှာသေဆုံးထားပြီး ခေတ်တချို့ကြာပြီးလျှင်တောင် မည်သူကမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။
အထက်ဘုံလောကက အရမ်းကိုကြီးမားသည်။
ကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲမှာ ဤအာကာတွင်းနက်သည် သဲမှုန်တစ်မှုန်ကဲ့သို့ ဖြစ်ပြီး တခြားသူများအနေဖြင့် အဲဒါကို ရှာဖွေတွေ့ရှိဖို့ ခဲယဉ်းပေလိမ့်မည်။
တစ်ယောက်ယောက်က အဲဒါကို တွေ့မြင်မည်ဆိုလျှင်တောင် သူတို့သည် ဒုက္ခမရောက်စေဖို့အတွက် တတ်နိုင်သမျှ ရှောင်ကွင်းသွားကြပေလိမ့်မည်။ အာကာသတွင်းနက်၏ ပျက်စီးထိခိုက်မှုကို ခံနိုင်ရည်ရှိသော ဧကရာဇ်နယ်ပယ်ပညာရှင်များပင်လျှင် ကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲမှာ ဤနေရာနှင့် ကြုံတွေ့မည်ဆိုလျှင်တောင် သူတို့က မဆင်မခြင်ဝင်ရောက်ကြလိမ်မည်မဟုတ်ပေ။
အာကာသတွင်းနက်ထဲမှာ အခြားသောအန္တရာယ်များရှိမနေဘူးဟု မည်သူက ပြောနိုင်ပါ့မလဲ။ ဧကရာဇ်နယ်ပယ်ပညာရှင်များသည်ပင် အကြောင်းအရင်းမရှိဘဲ ဘာမှန်းမသိသော အန္တရာယ်တောထဲသို့ တိုးဝင်ကြလိမ့်မည်မဟုတ်ပေ။
ထိုစဉ်မှာပင် ရှေ့တည့်တည့်ကနေ ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာ၏။
သူတို့၏ ခြေဖဝါးအောက် ကောင်းကင်ဘုံသို့ သွားရာလမ်းက အနည်းငယ်ယိမ်းထိုးသွား၏။
မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများက အလိုလို ရပ်တန့်လိုက်ကြ၏။ ရှေ့မှာဖြစ်ပျက်နေသည့်အရာကို မသိရဘဲ သူတို့၏ အမူအရာများက အိုးတိုးအမ်းတမ်းဖြစ်နေ၏။
ရုတ်တရက်ဆိုသလို။
လူတိုင်း၏ မျက်လုံးရှေ့မှာ မြူခိုးများက ရွှေရောင်အလင်းများဖြင့် ဆုတ်ဖြဲခံလိုက်ရ၏၊
မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများသည် ရွှေရောင်အလင်းများ လာရာလမ်းအတိုင်း အဝေးသို့ လှမ်းကြည့်လိုက်ကြ၏။ သိပ်မကြာခင် သူတို့သည် ကြီးမားတုတ်ခိုင်၍ နက်မှောင်နေသော ကျောက်တိုင်တစ်တိုင်ကို တွေ့မြင်လိုက်ရပြီး ၎င်းပေါ်မှ စာလုံးကိုလည်း တွေ့မြင်လိုက်ရလေသည်။
တိုက်ပွဲ…
မျောက်ဘုရင်နီရဲပင်လယ်က တီးတိုးရေရွတ်လိုက်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။
သူထင်တာမမှားလျှင် နက်မှောင်နေသော ကျောက်တိုင်သည် အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲထိန်းချုပ်ထားသော နတ်ဘုရားလက်နက်ဖြစ်ရပေမည်။
ထိုနတ်ဘုရားလက်နက်သည် သိသိသာသာ ပျက်စီးထိခိုက်ထားပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။ ၎င်းသည် ကြေမွလုနီးပါးဖြစ်ပြီး မဟာဧကရာဖ်လက်နက်တစ်ခု၏ သွင်ပြင်ဟန်ပန် ဆက်လက်၍ မရှိတော့ပေ။ ထိုသို့ဆိုလျှင်တောင် ကြေမွနေသော မဟာဧကရာဇ်လက်နက်က ဖျက်ဆီး၍ မရနိုင်ဘဲ ရှားရှားပါးပါးအဆုံးစွန်ရတနာတစ်ခု ဖြစ်နေဆဲပင်။
ဆူဇီမိုသည် မဟာဧကရာဇ်လက်နက် ငရဲဖိနှိမ်မီးဖိုကို ရရှိခဲ့ပြီး ၎င်းသည် သူ၏ ကျင့်ကြံရေးခရီးမှာ များစွာအထောက်အကူပြုခဲ့၏။
“ကောင်းကင်ဘုံက ငါ့ဘက်မှာ တကယ်ရှိနေပြီပဲ”
မျောက်ဘုရင်နီရဲပင်လယ်က ကျေနပ်သဘောကျသွား၏။
သူ့သားကို ဆုံးရှုံးရသည့် အမျက်ဒေါသနှင့် ဝမ်းနည်းမှုက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ယခုအချိန်မှာ သူသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၊ မဟာဧကရာဇ်လက်နက်တစ်ခုနှင့် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကိုပင် ရယူနိုင်မည့်အခွင့်အရေးရှိနေပြီး သူက သူ့ဘာသာသူ စဉ်းစားတွေးတောနေ၏။
“ရှောင်အာ… ရှောင်အာရေ… မင်းကို နှစ်ပေါင်းများစွာကြာ ငါပြုစုပျိုးထောင်ပေးခဲ့ရတာက အချည်းနှီးမဖြစ်တော့ဘူးဘဲ… မင်းက ငါ့ကို ဒီလိုမျိုးရှားရှားပါးပါး အခွင့်အရေးတစ်ခုကိုတောင် ပေးလာတယ်ဆိုတော့…. အမ်း.. မင်းရဲ့ သေဆုံးမှုက တကယ်ကို ထိုက်တန်ပါပေတယ်။”