ဂြိုလ်သားများကို အနိုင်ယူခြင်း
Vol. 36 Ch. 526
ဒဏ္ဍာရီအဆင့် ပထမအဆင့်သို့ အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားပြီးနောက် ခန္ဓာကိုယ်က ဆင့်ကဲပြောင်းလဲနေသော ရှန်ချင်းဟန်သည် စိတ်ထဲမှ ပျော်ရွှင်မှုကို မထိန်းထားနိုင်တော့ဘဲ သူမ၏ နူးညံ့သော မျက်နှာထက်၌ အပြုံးများ ရုပ်တရက်ပွင့်လန်းလာသည်။
“ဇီချန် ငါလည်း နင့်လို အဆင့်တက်သွားပြီ… ငါ အခု ဒဏ္ဍရီအဆင့်တောင်ရောက်သွားပြီ”
ဆင့်ကဲဖြစ်စဥ်လမ်းစဥ်၌ လင်းဇီချန်၏ အရှိန်ကို အမှီလိုက်နိုင်ခြင်းသည် ရှန်ချင်းဟန်၏ အကြီးမားဆုံးသော ပျော်ရွှင်မှုဖြစ်သည်။
ရှန်ချင်းဟန်၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် လင်းဇီချန်သည်လည်း ပြုံးလိုက်သည်။
"အနာဂတ်မှာ၊ ငါတို့က အခုလိုပဲ အတူတူ ရှေ့ဆက်သွားကြမယ်"
“အွန်း ဒါပေါ့” ရှန်ချင်းဟန်က ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူမက မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။
“ထူးဆန်းလိုက်တာ ဇီချန် ဘာလို့ ငါက နင့်ထက် အဆင့်တစ်ဆင့်ပဲနိမ့်တာလဲ”
သူမ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ယခုအခါတွင် ဒဏ္ဍာရီပထမအဆင့်တွင်ရှိနေပြီဖြစ်ကာ လင်းဇီချန်ကမူ ဒဏ္ဍာရီ ဒုတိယအဆင့်တွင်ရှိနေသည်။ အပြောင်းအလဲများအားလုံးပြီးနောက် အဆင့်ကွာခြားမှုသည် တစ်ခုတည်းသာရှိနေသဖြင့် သူမ ထိတ်လန့်သွားရသည်။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဆိုလျှင် အဆင်ပြေနိုင်သော်လည်း အချိန်တိုင်းတွင်ဖြစ်နေခြင်းကမူ တိုက်ဆိုင်မှုအဖြစ် ရှင်းပြရန်ခဲယဥ်းသည်။
“တိုက်ဆိုင်တာဖြစ်နိုင်တယ်” လင်းဇီချန်က တည်ငြိမ်စွာပြောသည်။
တကယ်တမ်းတွင် သူသည်လည်း ယင်းက တိုက်ဆိုင်မှုမဟုတ်နိုင်ဟု တွေးမိသည်။ သို့သော် ထိုကိစ္စကို လေ့လာနိုင်သောနည်းလမ်းမရှိသဖြင့် လတ်တလောတွင် ယင်းကို တိုက်ဆိုင်မှုဟုသာ ယူဆနိုင်တော့သည်။
“သွားရအောင် အခြားမြို့တွေဆီ သွားကြမယ်”
ထွက်သွားရန်အချိန်တိုင်ပြီဟုမြင်သောအခါ လင်းဇီချန်က ရှန်ချင်းဟန်ကို သတိပေးလိုက်သည်။
“ဘယ်မြို့ကို သွားကြမလဲ”
ရှန်ချင်းဟန်က သူမဘေးရှိ လင်းဇီချန်ကိုကြည့်၍ နူးညံ့သောအသံဖြင့်မေးလိုက်သည်။
လင်းဇီချန်၏ စိတ်ထဲတွင် ဦးတည်ရာတစ်ခုရှိထားပြီးဖြစ်၍ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“ရှန်ဟိုင်းမြို့နဲ့ချိတ်ထားတဲ့ မြို့အမှတ် ၃၆နဲ့ စကြရအောင်။ ပထမဆုံး အဲ့က ဂြိုလ်သားတွေကို ဖြေရှင်းကြမယ်”
သူ့မိသားစုက ရှန်ဟိုင်းတွင်ဖြစ်သောကြောင့် ထိုနေရာရှိ ဂြိုလ်သားများကို ရှင်းလင်းရန် ဦးစားပေးလုပ်ရမည်။ မဟုတ်လျှင် သူ သက်သာရာရမည်မဟုတ်ပေ။ မြို့အမှတ် ၃၆ ဖောက်ထွင်းခံရမည်ကို သူအမြဲစိုးရိမ်နေခဲ့ကာ သွေးမျိုးဆက်လမ်းကြောင်းမှတစ်ဆင့် ရှန်ဟိုင်းမြို့သို့ များပြားလှသော ဂြိုလ်သားများဝင်ရောက်လာပါက ရှန်ဟိုင်းမြို့ကို ပျက်သုဥ်းသွားစေလိမ့်မည်။ လင်းဇီချန်ပြောသည်ကိုကြားသောအခါ ရှန်ချင်းဟန်လည်း စိတ်ပူသွားသည်။ အင်အားအတောင့်ဆုံးဖြစ်သော မြို့အမှတ် ၁ ကိုပင် ဖောက်ဖျက်နိုင်ခဲ့သောကြောင့် အခြားမြို့များ၏ အခြေအနေများက ယခုအချိန်တွင် အဆင်ပြေနေမည်မဟုတ်နိုင်ပေ။ မြို့သို့ ချိုးဖောက်ဝင်ရောက်ခြင်းမခံရလျှင်ပင် အခြေအနေက ဆိုးရွားနေပေလိမ့်မည်။ ဤသည်ကိုစဥ်းစား၍ ရှန်ချင်းဟန်က ချက်ချင်းစိုးရိမ်တကြီးပြောလိုက်သည်။
“ဒါဆို မြို့အမှတ် ၃၆ကို မဖောက်ဖျက်သေးဘူးလို့ မျှော်လင့်ပြီး မြန်မြန်သွားကြရအောင်။"
“အင်း အခုသွားကြမယ်”
ထိုသို့ပြောပြီးနောက် လင်းဇီချန်သည် ရှန်ချင်းဟန်၏ခါးကို ဖက်သိုင်းလျက် မချီကာ မြို့အမှတ် ၃၆ သို့ ပျံသန်းလာခဲ့သည်။ သူ၏ ပျံသန်းမှုအမြန်နှုန်းသည် ရှန်ချင်းဟန်ထက် အဆပေါင်းများစွာသာလွန်လှသဖြင့် သူမကို သူကိုယ်တိုင် ချီဿွားခြင်းက ပိုမိုမြန်ဆန်စေသည်။ ၎င်းတို့နှစ်ဦးလုံးသည် ကြက်သွေးရောင်အလင်းတန်းနှစ်စင်းအဖြစ်သို့ပြောင်းလဲကာ မြို့အမှတ် ၃၆ဆီသို့ ပျံသန်းသွားသည်။
“ခဏနေဦး”
အောက်မှ အေးစက်သောအသံတစ်ခုထွက်ပေါ်လာသဖြင့် လင်းဇီချန်က ငုံ့ကြည့်လိုက်သောအခါ ဆံပင်ရှည်များထောင်မတ်နေလျက် ပျံသန်းနေသော လော့ချန်းရွှယ်ပင်ဖြစ်သည်။
“ဘာလို့လဲ”
လော့ချန်းရွှယ်က ၎င်းတို့နှင့် တူညီသော အမြင့်သို့ရောက်သောအခါ လင်းဇီချန်သည် သူမကို တည်ငြိမ်စွာကြည့်လျက် မေးလိုက်သည်။ သူ၏ အသံက အနည်းငယ်အေးစက်နေကာ သူစိမ်း
သူစိမ်းများအတွက် သီးသန့်ထားရှိသော သဘောထားတစ်ခုလည်းဖြစ်သည်။ သူနှင့်လော့ချန်းရွှယ်တို့သည် မူလတန်းဒုတိယတန်းတွင် အတန်ငယ်ခင်မင်ရင်းနှီးခဲ့သော်လည်း ဤဆက်ဆံရေးက အရေးပါသည်ဟု မယူဆခဲ့ပေ။ ရှန်ချင်းဟန်ကိုယ်စား လော့ချန်းရွှယ်ကို သနားမိသောကြောင့် ဤသို့ ခဏတာ ခင်မင်ခဲ့ဖူးခြင်းလည်းဖြစ်သည်။ မဟုတ်လျှင် အဘယ်ကြောင့် အိပ်ထမတင်လုပ်၍ရသောအချိန်တွင် သူငယ်ချင်းဖွဲ့၍ အချိန်ဖြုန်းနေရမည်နည်း။
“ငါလည်း မြို့အမှတ် ၃၆က ဆရာ့ကို သွားကြည့်ချင်လို့ ကျေးဇူးပြုပြီး ငါ့ကိုလည်းခေါ်သွားပေးပါလား”
လော့ချန်းရွှယ်၏ အသံသည် ခါတိုင်းကဲ့သို့ အေးစက်နေသည်။
သူမသည် ရည်ရွယ်ချက်ရှိရှိ အေးခဲနေခြင်းမဟုတ်ပေ။ ဤသည်က နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော အလေ့အထတစ်ခုဖြစ်၍ သူမ အလွယ်တကူ ပြောင်းလဲ၍မရပေ။
"ဒါဆို အတူတူသွားရအောင်။” လင်းဇီချန်၏ အသံက တည်ငြိမ်နေဆဲဖြစ်သည်။ လော့ချန်းရွှယ်ကို ခရီးသို့ခေါ်သွားခြင်းသည် သူ့အတွက် မည်သို့မျှ နစ်နာမည်မဟုတ်ပေ။
“ကျေးဇူးပါ”
လော့ချန်းရွှယ်က ဤစကားလုံးနှစ်လုံးကို အနည်းငယ်တုံ့ဆိုင်းစွာ ရှက်ကိုးရှက်ကန်းပြောလိုက်သည်။ သူမသည် မြို့အမှတ် ၁ တွင် ဆယ်နှစ်ကျော်ကြာအောင်နေထိုင်ခဲ့ပြီးနောက် ထိုစကားလုံးမျိုးကို ပြောလေ့ပြောထမရှိခဲ့ပေ။
ထို့နောက် ရုတ်တရက် ကိစ္စတစ်ခုကို သတိရကာ လင်းဇီချန်က လော့ချန်းရွှယ်ကို သတိပေးလိုက်သည်။
“ကျောင်းအုပ်ယွမ်က ဒဏ်ရာရပြီး သတိလစ်နေတာမို့ ကမ္ဘာမြေကို ပြန်သွားတယ်။ ဒါ့ကြောင့် သူက မြို့အမှတ် ၃၆မှာမဟုတ်ဘဲ ကမ္ဘာမြေပေါ်မှာရှိနေနိုင်သေးတယ်”
“အင်း ငါသိတယ်” လော့ချန်းရွှယ်က အနည်းငယ်အေးစက်သောအသံဖြင့်ပြောခဲ့သည်။
ယွမ်သုန်ကျီ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူမ သွားကြည့်ရမည်ဖြစ်သည်။ မြို့အမှတ် ၁ က ပျက်ဆီးသွားပြီဖြစ်၍ ထိုနေရာတွင် ဆက်လက်နေခြင်းက အဓိပ္ပါယ်မရှိတော့ပေ။ အကယ်၍ ယွမ်သုန်ကျီသာ မြို့အမှတ် ၃၆တွင် မရှိနေပါက သူမသည် ထိုနေရာတွင် သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကိုပိတ်လျက် မြို့ကိုကာကွယ်ရန် ထိုနေရာတွင်ရှိနေမည်ဖြစ်သည်။ သူမသည် မူလမြေမှ ဂြိုလ်သားများကို ဆရာရှိရာ ရှန်ဟိုင်းမြို့အား အပျက်အဆီးများအဖြစ်သို့ ပြောင်းလဲသွားစေလိုခြင်းမရှိပေ။
“ဒါဆို အခု သွားကြရအောင်” လင်းဇီချန်က ဘာသိဘာသာပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက လော့ချန်းရွှယ်၏ သွယ်လျသော ခါးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ကာ သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်နှစ်ခုလုံးကို အသုံးပြု၍ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ မြို့အမှတ် ၃၆သို့ ပျံသန်းသွားသည်။
အမှတ်(၃၆)သို့သွားရာ ကောင်းကင်မြင့်၌။
တောက်လောင်နေသော အနီရောင် အလင်းတန်းကြီးသည် လျင်မြန်စွာ ပွင့်ထွက်နေသော မရေမတွက်နိုင်သော အကွဲအပြဲများကို ဆုတ်ဖြဲကာ မျက်စိတစ်မှိတ်အတွင်း မိုင်တစ်သောင်းကို ဖုံးလွှမ်းသွားသည်။ အလင်းတန်းများအတွင်းတွင်၊ သွေးမျိုးဆက်စွမ်းအားအဆင့် အဆင့်မြင့်အဆင့်၌သာရှိသေးသော လော့ချန်းရွှယ်သည် ပတ်ဝန်းကျင်လေထု၏ ပြင်းထန်သော ဖိအားကြောင့် ခရီးတစ်လျှောက်လုံး အမှောင်ထုမှတပါး မည်သည့်အရာကိုမျှ မခံစားနိုင်တော့ဘဲ မျက်လုံးများပင် မဖွင့်နိုင်ပေ။ အလားတူပင် ပြင်းထန်လှသော လေသံများကြာ၌ သူမ၏ အကြားအာရုံ ပျောက်ဆုံးသွားကာ မည်သည်ကိုမျှ မကြားရသလောက်ဖြစ်သွားသည်။
သူသာမက လင်းဇီချန်၏ သွေးမျိုးဆက်စွမ်းအားအဆင့်ထက် တစ်ဆင့်သာနိမ့်သော ရှန်ချင်းဟန်ပင်လျှင်
လင်းဇီချန်၏ မြန်နှုန်းမြင့်ပြေးလွှားမှုကြားတွင် သူမ၏ အမြင်အာရုံနှင့် အကြားအာရုံ ဆုံးရှုံးလုနီးပါး ဖြစ်နေသည်။
၎င်းတို့နှစ်ဦးက အားနည်းလွန်းနေခြင်းမဟုတ်ဘဲ လင်းဇီချန်က အလွန်သန်မာလွန်းသောကြောင့်ဖြစ်သည်။ လင်းဇီချန်က နှစ်ယောက်လုံး ဒုက္ခရောက်နေသည်ကို သိသော်လည်း အရှိန်မလျှော့ခဲ့ပေ။ ဤသို့သော
ဒုက္ခသည် အသေးငယ်ဆုံးသော တန်ကြေးဖြစ်သည်။ ၎င်းတို့ ဒဏ်ရာမရသေးကာ ခန္ဓာကိုယ်က နဂိုအတိုင်းရှိနေသေးသရွေ့ ပြဿနာက မကြီးမားလှပေ။
ဘမ်း
ဘမ်း
ဘမ်း
ရုတ်တရက် အလယ်ပိုင်းနယ်မြေအထက် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ ပေါက်ကွဲမှုများ ဖြစ်ပွားချိန်တွင် အလယ်ပိုင်းနယ်မြေတစ်ခုလုံး၌ မီးလျှံများ ပေါက်ကွဲကာ မိုးခြိမ်းသံများ ကျယ်လောင်လာလျက် မြင်သူတိုင်းက အလွန်စိတ်ပျက်လက်ပျက်ဖြစ်သွားရပေမည်။ အသံကြားပြီးနောက် လင်းဇီချန်သည် အလယ်ပိုင်းနယ်မြေရှိ ရှေးဘိုးဘေးအဆင့်တိုက်ပွဲကိုကြည့်ကာ ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသော ပြင်းထန်သောစွမ်းအားကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ တစ်ခဏမျှ အချိန်မဖြုန်းတော့ဘဲ သွေးစွမ်းအင်နှင့်ဝိဉာဥ်စွမ်းအားကို ကန့်သတ်ချက်အထိ တွန်းပို့အသုံးချလျက် အမြင့်ဆုံးအမြန်နှုန်းဖြင့် မြို့တော်အမှတ် ၃၆ဆီသို့ ပျံသန်းလာခဲ့သည်။ တိုက်ပွဲတွင် ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများမှ ထုတ်လွှတ်သော စွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သော သူ၏ ခုခံနိုင်စွမ်းထက် ကျော်လွန်နေသည်။
ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူများလက်မှ ရှင်သန်ခွင့်ရရန် အနည်းငယ်မျှသာသော အခွင့်အလမ်းကို ရရှိစေရန်၊ သူသည် ဆင့်ကဲဖြစ်စဉ်အတွက် တတ်နိုင်သမျှ ဂြိုလ်သား အများအပြားကို ဝါးမြိုသွားရမည်ဖြစ်သည်။