မီတာတစ်ထောင်ရှည်သော ရေနဂါး တိုက်ခိုက်ခြင်း
Vol. 36 Ch. 529
တိမ်မည်းများက ကောင်းကင်ယံကို လွှမ်းခြုံထားကာ ရံဖန်ရံခါတွင် တဖျပ်ဖျပ်လတ်သွားတတ်သော လျှပ်စီးများက အောက်ဖက်ရှိ သက်ရှိအားလုံးကို စိတ်ပျက်သွားစေတတ်သည်။ အထက်တွင် အမှောင်ထုဖြင့်လွှမ်းခြုံထားသော လူတစ်ဦးက ပျံဝဲနေသည်။ မိုးခြိမ်းသံများနှင့် လျှပ်စီးလက်မှုများနှင့်အတူ ထိုလူသည် အမြင့်မှ အောက်သို့ ယွမ်သုန်ကျီကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အထင်သေးစွာကြည့်နေသည်။
ထိုလူထံမှ ထွက်ပေါ်လာသော ပြင်းထန်သော ရောင်ဝါ၏ ဖိနှိပ်မှုအောက်တွင် ယွမ်သုန်ကျီသည် အသက်ရှုရခက်လျက် သူမ၏နဖူးနှင့် နောက်ကျောတွင် ချွေးသီးများထွက်ကာ သူမ၏ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားခဲ့သည်။ ယွမ်သုန်ကျီသည် ကမ္ဘာပေါ်တွင် ကျော်ကြားသော အမျိုးသမီး စွမ်းအားရှင်တစ်ဦးဖြစ်ကာ အခြားသူများ၏ လေးစားအားကျခြင်းကိုခံရသော်လည်း သွေးမျိုးဆက်အဆင့်သည်မူ သခင်အဆင့် တတိယအဆင့်၌သာရှိသည်။
မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူတစ်ဦးအတွက် ဤအဆင့်သည် ပုရွက်ဆိတ်တစ်ကောင်နှင့် ထူးမခြားနားပင်ဖြစ်သည်။
"ငါမမှားရင် မင်းနဲ့ ဒီအောက်က မီးလောင်နေတဲ့ အဘိုးကြီးက အတွဲတွေထင်တယ်”
ထိုသူက အေးစက်သောအသံဖြင့်ဆက်ပြောသည်။
“မင်းသူ့ကို မင်းလက်နဲ့သတ်ရင် ငါမင်းအသက်ကို ချမ်းသာပေးပြီး မင်းကို အိပ်ရာကျွန်အဖြစ်ထားပေးမယ်”
မေ့ပျောက်ခြင်းနယ်မြေမှလာသော ဤမြင့်မြတ်သူအဆင့်ဂြိုလ်သားသည် ယွမ်သုန်ကျီ၏ ခန္ဓာကိုယ်ကို သွားရည်ကျလုမတက်ကြည့်ကာ ပြောသည်။ ထိုစကားများကိုကြားသောအခါ ယွမ်သုန်ကျီ၏ မျက်လုံးများမှတစ်ဆင့် ဒေါသအရိပ်အမြွက်များဖြတ်ပြေးသွားသည်။
ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏ စွမ်းအားကို အစွမ်းကုန်သုံးကာ လျို့ချွမ်ဝူဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ပြေးသွားသည်။ ဤသည်ကိုမြင်လိုက်ရသောအလူ ထိုသူ၏ မျက်လုံးထဲတွင် သဘောကျမှုအငွေ့အသက်တစ်ခု မသိမသာပေါ်လာသည်။
အမျိုးသမီးတစ်ဦး အသက်ရှင်သန်ရေးအတွက် သူ့အဖော်ကို သတ်ပစ်ရန် အတင်းအကျပ် ခိုင်းစေပြီးနောက် သူမကို မိမိ၏ ရန်သူထံတွင် လက်အောက်ခံစေသည်။ ဤသည်မှာ သူအကြိုက်ဆုံးဒရာမာအမျိုးအစားမျိုးပင်ဖြစ်သည်။ ထိုသို့သော ဇာတ်ကွက်မျိုးကို မြင်တွေ့ရတိုင်း
သူ၏ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ရောက်သွားတတ်သည်။
ဝှစ်
ပျာယာခတ်နေသော အသံများနှင့်အတူ ယွမ်သုန်ကျီသည် မျက်စိတစ်မှိတ်အတွင်း လျို့ချွမ်ဝူနားသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထိုသူ၏ မျှော်လင့်ချက်မျက်လုံးအောက်တွင် သူမသည် လျို့ချွမ်ဝူကိုဆွဲကိုင်ကာ အရှိန်အဟုန်မြင့်စွာဖြင့် ထွက်ပြေးသည်။ သူမသည် ထိုသူ့ကို အနိုင်ရနိုင်မည်မဟုတ်သော်လည်း မလွတ်တမြောက်နိုင်ဟု မဆိုလိုပေ။ သတ္တိရှိနေသရွေ့ ဘာမဆိုဖြစ်နိုင်သည်။
"ထွက်ပြေးတာလား”
လျို့ချွမ်ဝူနှင့်အတူ အရှိန်ပြင်းပြင်းဖြင့် ပြေးနေသော ယွမ်သုန်ကျီအား ငုံ့ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။
"မိုက်မဲတဲ့ မိန်းမ အသက်ရှင်မယ့်အခွင့်အရေးကိုမရွေးဘဲ သေချင်နေတယ်ပေါ့”
စကားပြောပြီးနောက်တွင်၊ သူသည် ကြီးမားသော မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ယွမ်သုန်ကျီထွက်ပြေးသွားသည့်အကွာအဝေးကို အမှီလိုက်ကာ မျက်စိတ်တစ်မှိတ်အတွင်း၌ပင် သူမကို ဖမ်းဆုပ်လိုက်သည်။
အောက်တွင်
ယွမ်သုန်ကျီသည် ဘေးလွတ်ရာသို့ ထွက်ပြေးရန် မျှော်လင့်ချက်များရှိနေဆဲဖြစ်သည်။ သို့သော်
လျို့ချွမ်ဝူနှင့် မီတာ တစ်သောင်းအောက် ပျံသန်းစဉ်တွင် သူမ၏ အပေါ်ရှိ နေရာသည် အနက်ရောင် မြူခိုးများ ရုတ်တရက် ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်ကို ချက်ချင်း မှောင်သွားစေသည်။ ထို့နောက် သူမအား တုံ့ပြန်ရန် အခွင့်မပေးဘဲ ကြီးမားလှသော လက်ဖဝါးကြီးတစ်စင်းသည် မြူခိုးများမှ ထွက်ကာ နေကြတ်သကဲ့သို့ ပြင်းထန်သော စွမ်းအားဖြင့် သူမအပေါ်သို့ ဆင်းသက်လာခဲ့သည်။ အန္တရာယ်ကို ခံစားသိရှိလိုက်သဖြင့် ယွမ်သုန်ကျီသည် သူမအား ဖုံးလွှမ်းနေသော အရိပ်မှ လွတ်မြောက်ရန် ရူးသွပ်စွာဖြင့် သူမ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ကံမကောင်းစွာဖြင့် မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုသည် သူမရှောင်လွှဲနိုင်သော အရာမဟုတ်ပေ။ မကြာမီ၌ပင် ယွမ်သုန်ကျီနှင့် လျို့ချွမ်ဝူတို့သည် နိမ့်ပြီး အရှိန်ပြင်းစွာ ပျံသန်းနေသော ယင်ကောင်များကဲ့သို့ ကြီးမားလှသော လက်ဖဝါးဖြင့် ထိမှန်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျလာကြသည်။
ဘမ်း
ကြီးမားလှသော လက်ဖဝါးကြီးသည် ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ဖုန်မှုန့်များ ချက်ချင်း လွင့်စင်သွားသည်။
ချက်ခြင်းပင်၊ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ အပေါက်ကြီး၏ အလယ်ဗဟိုတွင် ခန္ဓာကိုယ်ထက်ဝက်ခန့် မြေကြီးထဲနစ်နေသော လူနှစ်ဦးရှိသည်။ ၎င်းသည်ကား ရိုက်ချက်တစ်ချက်တည်းဖြင့်
ပြုတ်ကျသွားသော ယွမ်သုန်ကျီနှင့် လျို့ချွမ်ဝူမှလွဲ၍ အခြားသူများမဟုတ်ပေ။ နှစ်ဦးလုံး ဒွာရခုနှစ်ပေါက်မှ သွေးများထွက်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။
နောက်ပိုင်းတွင် ပို၍ပင် ဒဏ်ရာအပြင်းအထန်ရခဲ့ကြကာ သတိလစ်မေ့မျောလျက် အသက်စွမ်းအားကုန်လုနီးနီးဖြစ်သွားကြသည်။
...
တစ်ချိန်တည်းမှာပင် စစ်မြေပြင်၏ အခြားနေရာများ၌လည်း အခြေအနေက ဆိုးရွားလျက်ရှိသည်။ ကမ္ဘာမြေကြီး၏ များပြားလှသော စွမ်းအားရှင်များက သေလျှင်သေ မသေလျှင် ဒဏ်ရာအပြင်းအထန်ရခဲ့ကြသည်။
ယွမ်သုန်ကျီ၏ဒဏ်ရာများကိုစစ်ဆေးရန် ယခင်ကအချိန်အနည်းငယ်ယူခဲ့သော စုန်ယွီယန်သည် ယခုအခါတွင် သူမ၏ဝမ်းဗိုက်တွင် သွေးထွက်သံယိုအပေါက်ဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်ရှုကြပ်ကာ မြေပြင်ပေါ်တွင်လဲလျောင်းနေကာ သေခြင်းတရားကို စိတ်ပျက်လက်ပျက်စောင့်ဆိုင်းနေသည်။ ထို့အတူ လီချူရှင်း၊ လော့ရုန်ကျန်း၊ လီမော့ယွီ၊ မာရှိဝေ၊ ကျိုးရွှယ်ဟုန်၊ မာကျန်းဟယ်၊ နှင့် ရှန်ဟိုင်းတက္ကသိုလ်မှ အခြားသော ဆရာများနှင့် ကျောင်းသားများအားလုံးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြကာ ဂြိုလ်သားများ၏ ကျူးကျော်မှုကို ဆန့်ကျင်နိုင်သည့်စွမ်းအားမရှိကြတော့ပေ။
ကမ္ဘာမြေဘက်ရှိလူတိုင်းနီးပါးသည် သေခြင်းတရားကို တိတ်တဆိတ်စောင့်မျှော်ရင်း တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံးသွားကြသည်။
တိုက်ပွဲရဲ့ ရလဒ်က ရှင်းနေပြီဖြစ်သည်။ အခြေအနေအရ မြို့အမှတ် ၃၆ သို့ ဂြိုလ်သားများဝင်လာရန် အချိန်တစ်ခုသာလိုတော့သည်။
ဧရာမ မြေတွင်းပေါက်ကြီးအတွင်း၌
ယွမ်သုန်ကျီသည် သူမ၏ ဒဏ်ရာများကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားကာ သူမ၏ တစ်ခြမ်းနစ်မြုပ်နေသော ခန္ဓာကိုယ်ကို မြေပြင်မှ ဆွဲထုတ်လျက် လျို့ချွမ်ဝူ၏ အခြေအနေကို ချက်ချင်း စစ်ဆေးခဲ့သည်။ လျို့ချွမ်ဝူသည် ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် သူ့အသက်စွမ်းအား ငြိမ်းလုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ယွမ်သုန်ကျီမှာ စိုးရိမ်ထိတ်လန့်သွားသည်။
မဆိုင်းမတွဘဲ ယွမ်သုန်ကျီသည် သွေးနီရောင်ဆေးလုံးကို အလျင်အမြန်ထုတ်လျက် လျို့ချွမ်ဝူ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ယွမ်သုန်ကျီ၏ အတွေးများ လှုပ်ရှားသွားကာ မီးတောင်ပေါက်၏ အောက်ဘက်ရှိ မြေအောက်ရေအား ပေါက်ကွဲထွက်စေရန် ထိန်းချုပ်လျက် မီးတောင်ဝ၏ မျက်နှာပြင်ပေါ်တွင် အပေါက်တစ်ခု ဖန်တီးခဲ့သည်။ ထို့နောက် သူမသည် လျို့ချွမ်ဝူကို အပေါက်ထဲသို့ ပစ်ချလိုက်ပြီး မြေအောက်ရေက သူ့ကို စစ်မြေပြင်မှ ဝေးရာသို့ သယ်ဆောင်သွားစေသည်။
အားလုံးပြီးဆုံးသွားပေပြီ။
ယွမ်သုန်ကျီသည် လေထဲသို့ပျံတက်ကာ မြေအောက်ရေစီးကြောင်း၏ ဆန့်ကျင်ဘက်သို့ ပြေးသွားလျက် လျို့ချွမ်ဝူလွတ်မြောက်ရန် အခွင့်အရေးဖန်တီးရန် မိမိကိုယ်ကို စတေးရန် ပြင်ဆင်ခဲ့သည်။
အထက်ပါအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။