နဂါးနဲ့ ဖီးနစ်လား
Vol. 36 Ch. 532
ထိုအချိန်တွင်၊ ယွမ်သုန်ကျီ၏ ခန္ဓာကိုယ်သည် ထိတ်လန့်တုန်လှုပ်ဖွယ် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူမ၏ မျက်နှာသည် သေမင်းတမန် ဖြူဖပ်ဖြူရော်ဖြစ်ပြီး သူမမှာ အခြေအနေဆိုးရွားနေပုံရသည်။
"ကောင်းပါတယ်”
ယွမ်သုန်ကျီသည် သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်စေပြီးနောက်မှ ခပ်တိုးတိုးအသံဖြင့်ပြောလိုက်သည်။
“မင်းနောက်က ရေနဂါးနဲ့ ဘယ်လိုပတ်သက်လဲ” သူမက ချက်ချင်းမေးသည်။
သူမမေးလိုက်သည့်အခိုက်တွင် သူမ၏အကြည့်များသည် ရှန်ချင်းဟန်အပေါ် လုံးလုံးလျားလျား ကျဆင်းသွားခဲ့ပြီး ဧရာမရေနဂါးသည် ရှန်ချင်းဟန်က မြေအောက်ရေကို ထိန်းချုပ်ကာ ဖန်တီးထားခြင်းဖြစ်ကြောင်းသံသယဝင်နေမိသည်။ သို့သော် ယင်းက အလွန်လက်တွေ့မကျဟု တွေးမိသဖြင့် ၎င်းတို့သုံးဦးကို တိုက်ရိုက်မေးကြည့်လိုက်ခြင်းဖြစ်သည်။ ယွမ်သုန်ကျီ၏ မေးခွန်းအတွက် ရှန်ချင်းဟန်က မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်ဖြေ၏။
“ဆရာ သမီး ဒဏ္ဍာရီအဆင့်ရောက်သွားပြီ။ ဒီ ရေနဂါးက မြေအောက်ရေကနေ ဖန်တီးထားတာ”
“ဟင် မင်းက ဒဏ္ဍာရီအဆင့်ထိရောက်သွားပြီလား” ယွမ်သုန်ကျီ၏ လှပသော မျက်လုံးများက မယုံနိုင်စွာ ပြူးကျယ်သွားသည်။
အဆင့်မြင့်အဆင့်မှ ဒဏ္ဍာရီအဆင့်အထိ တိုးတက်ရန် အချိန်မည်မျှကြာခဲ့သနည်း။
ဒါဖြစ်နိုင်လို့လား
ယွမ်သုန်ကျီဥ အိပ်မက်ပင်မက်နေသည်ဟုတွေးမိသည်။ သူမ၏ စိတ်ထဲတွင် ဤကဲ့သို့သော ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်ဖြစ်တည်မှုမျိုးက ဤကမ္ဘာတွင်တည်ရှိနေနိုင်မည်မဟုတ်ပေ။
လင်းဇီချန်က သူမ၏ သိုလှောင်ခန်းမှ ကြက်သွေးရောင်အားဆေးကို ယူ၍ ယွမ်သုန်ကျီကိုပေးလိုက်သည်။
“ကျောင်းအုပ်ယွမ် ဒီ သွေးစွမ်းအင်ဆေးက လူသေတွေကို ပြန်ရှင်စေနိုင်ပြီး အရိုးတွေကို ပြုပြင်ပေးနိုင်ပါတယ်။ ကျောင်းအုပ်က အခြေနေ တော်တော်ဆိုးနေပြီမို့ သူ့ဖို့ယူသွားလိုက်ပါ”
"ကောင်းပြီ။"
ယွမ်သုန်ကျီသည် ရှန်ချင်းဟန်၏ ဒဏ္ဍာရီအဆင့် သတ္တဝါအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာမှုကို ရပ်တန့်လိုက်ပြီး စကားတစ်ခွန်းဖြင့် တုံ့ပြန်ကာ လင်းဇီချန်က သူမကို ပေးအပ်သည့် သွေးစွမ်းအင်ဆေးကို လျို့ချွမ်ဝူ၏ပါးစပ်ထဲသို့ အမြန်ထည့်လိုက်သည်။ သွေးစွမ်းအင်ဆေးက လျှာကိုထိလိုက်သည်နှင့် အရည်ပျော်သွားကာ လျို့ချွမ်ဝူ၏ခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာစီးဆင်းနေသော မရေမတွက်နိုင်သော စွမ်းအင်စီးကြောင်းအဖြစ် ပြောင်းလဲကာ သူ့အတွင်းပိုင်းပျက်စီးနေသောဆဲလ်အားလုံးကို ကုသပေးသည်။ အချိန်တိုအတွင်း၌ပင် သူ၏ နောက်ဆုံးသော ထွက်သက်ဝင်သက်ရှိုက်နေ၍ သေလုမျောပါးဖြစ်နေပုံရသော လျို့ချွမ်ဝူသည် ယခုအခါတွင် အသားအရည်နီမြန်းလာကာ အသက်စွမ်းအင်များ ပြန်လည်ပြည့်ဝလာသည်။
ဒီသွေးစွမ်းအင်ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုက ဒီလောက်အံ့သြဖို့ကောင်းလား။ ယွမ်သုန်ကျီသည် လျို့ချွမ်ဝူ၏ အခြေအနေအပြောင်းအလဲကို မြင်လိုက်ရသဖြင့် သွေးစွမ်းအင်ဆေးလုံး၏ ထူးထူးခြားခြားကုသနိုင်သော အစွမ်းကြောင့် သူမ တုန်လှုပ်သွားခဲ့သည်။
သူမ၏ စိတ်ခံစားမှုများ ပိုမိုတည်ငြိမ်လာသောအခါ ယွမ်သုန်ကျီက လင်းဇီချန်ကို တုံ့ဆိုင်းစွာကြည့်ကာပြောလိုက်သည်။
“ဇီချန် မင်းမှာ နောက်ထပ် သွေးစွမ်းအင်ဖြည့်ဆေးရှိသေးလား။ ရှိသေးရင် ငါ နည်းနည်းထပ်ဝယ်ချင်လို့…”
ဤသို့ပြောရန် သူမ အနည်းငယ်ရှက်နေမိသည်။ ဤကဲ့သို့သော သွေးစွမ်းအင်ဆေးများက မည်မျှပင် ငွေကြေးဖြင့်မျှ ဝယ်ယူ၍ မရနိုင်သည်မှာ သေချာသည်။ လင်းဇီချန်က မိမိကို အနည်းငယ်ရောင်းပေးရန် တောင်းဆိုခြင်းသည် မျိုးဆက်သစ်လူငယ်များကို အခွင့်ကောင်းယူနေခြင်းဖြစ်သည်။ သာမန်အခြေအနေအရ သူမသည် မည်သည့်အခါမျှ ထိုသို့ပြုမူမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် မာနရှိသည်။ ယခုမူကား စစ်ပွဲကြီး၏ ရက်စက်ကြမ်းကြုတ်မှုကိုမြင်လိုက်ရသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် သွေးစွမ်းအင်ဆေးလုံးကို အသည်းအသန်လိုအပ်နေသဖြင့် သူမ၏ မာနကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
“ကျွန်တော့်မှာ သွေးစွမ်းအင်ဆေးတွေ အများကြီးရှိပါတယ်။ ဒီပုလင်းက အလုံးနှစ်ဆယ်ပါတယ်။ ဒါကို အခုအတွက် ယူသွားနှင့်ပါ။ ကျောင်းအုပ်ယွမ် မလောက်ရင် ကျွန်တော့်မှာ အများကြီးကျန်ပါသေးတယ်”
လင်းဇီချန်သည် သူ၏ သိုလှောင်ခန်းမှ ရိုးရိုးဆေးပုလင်းကို ထုတ်ကာ ယွမ်သုန်ကျီအား ပေးဆောင်စဉ် ၎င်းကို ပြောခဲ့သည်။ သူ၏ သိုလှောင်ခန်းသည် ချီချင်းမော့ပေးထားသော သွေးဆေးလုံးများဖြင့်ပြည့်နေသည်ဖြစ်ကာ တောင်နှယ်စုပုံလုမတက်အများအပြားရှိနေသည်။ သူသည် ၎င်းတို့အားလုံးကို အကုန်မသုံးနိုင်ပေ။ ယွမ်သုန်ကျီက ယင်းကိုမသိသော်လည်း လင်းဇီချန်တွင် အမြောက်အမြားရှိနေသည်ဟုတွေးသောကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ ဆေးပုလင်းကို ရိုးရှင်းစွာ လက်ခံလိုက်သည်။ သို့သော်လည်း သူမသည် ကျေးဇူးပြန်မဆပ်ဘဲ လက်ဗလာဖြင့်လက်ခံမည်မဟုတ်ပေ။
သူမသည် လင်းဇီချန်၏ ကြင်နာမှုကို သူမ၏နှလုံးသားထဲတွင် ခိုင်ခိုင်မြဲမြဲထားကာ အနာဂတ်တွင် တစ်နည်းတစ်ဖုံ ကောင်းစွာပြန်ဆပ်ရန် ကြိုးပမ်းနေမည်ဖြစ်သည်။ လင်းဇီချန်လိုအပ်သည့်အခါတိုင်း သူမသည် ယင်းကို ဖြည့်ဆည်းပေးရန် အဆင်သင့်ပြင်ထားမည်ဖြစ်သည်။ ငွေ၊ အရင်းအမြစ်များ သို့မဟုတ် အခြား ရှားပါးရတနာများဖြစ်စေကာမူ အရာအာလုံးကို ပြန်ပေးနိုင်ရန် ကြိုးစားမည်ဖြစ်သည်။ သို့သော် လင်းဇီချန်ကမူ ယွမ်သုန်ကျီ၏ အတွေးကို မသိသကဲ့သို့ သူမ ပြန်ဆပ်နိုင်ခြင်း မဆပ်နိုင်ခြင်းကိုလည်း ဂရုမစိုက်လှပေ။
လွန်ခဲ့သည့် နှစ်နှစ်ကျော်က ယွမ်သုန်ကျီသည် သူနှင့် ရှန်ချင်းဟန်ကို အလွန်ကြင်နာခဲ့သည်။ သူပေးလိုက်သော သွေးစွမ်းအင်ဆေးပုလင်းသည် ယွမ်သုန်ကျီကို မျက်နှာသာပေးခြင်းမဟုတ်ဘဲ ထိုနှစ်များအတွက် ကျေးဇူးဆပ်ခြင်းဖြစ်သည်။ ထို့အပြင် ယခုအခါ သူသည် ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သော်လည်း ယွမ်သုန်ကျီကမူ သခင်အဆင့်၌သာရှိနေသေးသည်။ ၎င်းတို့အကြား သွေးမျိုးဆက်စွမ်းအားအဆင့်က ကွာခြားလွန်းလှသဖြင့် ယွမ်သုန်ကျီက သူ့ကို ကျေးဇူးဆပ်ချင်သော်လည်း သူမတွင် စွမ်းဆောင်မှုမရှိသေးပေ။ သူမပေးနိုင်သောတစ်ခုတည်းသော ပေးဆပ်မှုသည် မိမိကိုယ်မိမိ သူ့ထံခစားရန်သာဖြစ်နိုင်သည်။ သို့သော် ထိုကဲ့သို့ ဦးနှောက်မရှိသော မြင်းတစ်ကောင်၏ ပြဇာတ်မျိုးသည် လင်းဇီချန်နှင့်ပတ်သက်၍ ဖြစ်လာမည်မဟုတ်ပေ။
အချစ်ရေးတွင် သူ၏ မျက်လုံးများသည် ရှန်ချင်းဟန်အတွက်သာဖြစ်သည်။
"ကျောင်းအုပ်ကြီး ယွမ်၊ ခင်ဗျားတို့သုံးယောက်မြန်မြန်ထွက်သွားသင့်တယ်”
လင်းဇီချန်သည် ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။ သူပြောခဲ့သော သုံးယောက်ဟူသည် ယွမ်သုန်ကျီ၊ လျို့ချွမ်ဝူနှင့် လော့ချန်းရွှယ်တို့ပင်ဖြစ်သည်။
ယွမ်သုန်ကျီသည် စကားတစ်ခွန်းမှ မပြောဘဲ လျို့ချွမ်ဝူနှင့် လော့ချန်းရွှယ်တို့ကို အဝေးသို့ ခေါ်ဆောင်ရန် သူမ၏ ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ အသုံးပြုခဲ့သည်။ ၎င်းတို့သုံးဦးထွက်သွားသည်နှင့်တစ်ပြိုင်နက် ရှန်ချင်းဟန်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။
“ဘာဖြစ်နေတာလဲ”
စကားပြောနေစဉ်တွင် သူမသည် လင်းဇီချန်ကြည့်ရာကောင်းကင်သို့ ကြည့်နေခဲ့သော်လည်း မည်သည့်အရာကိုမျှ မမြင်နိုင်ခဲ့ပေ။
“ကောင်းကင်မှာ ဒဏ္ဍာရီအဆင့် ဆန်းကြယ်သားရဲနှစ်ကောင်ရှိတာ ကျွန်တော်ဆို့ဆီသို့ အရှိန်ပြင်းပြင်းနဲ့လာနေတယ်”
လင်းဇီချန်က အမှန်အတိုင်းပြောပြသည်။ “ကောင်းကင်မျက်လုံး” နှင့် “အန္တရာယ် ကြိုတင်သိမြင်နိုင်စွမ်း”ကဲ့သို့သော သူ၏ သွေးမျိုးဆက်စွမ်းအားများက အားကောင်းလာကာ အထက်မီတာတစ်သောင်းမှ လူသားဆန်သောပုံသဏ္ဌန်နှစ်ခုကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ တစ်ချိန်တည်း၌ပင် ဤလူသားပုံစံနှစ်ဦး၏ စစ်မှန်သော ပုံစံများမှာ ဒဏ္ဍာရီအဆင့် ဒုတိယအဆင့်ရှိသော မီးဖီးနစ်နှင့် ဒဏ္ဍာရီတတိယအဆင့် အပြာရောင်နဂါးတို့ဖြစ်ကြောင်းသိရှိနိုင်သည်။
"ဒဏ္ဍာရီအဆင့် ဘယ်လောက်လဲ” ရှန်ချင်းဟန်က စိုးရိမ်တကြီး မေးသည်။
ယခု တိုက်ခိုက်နေသော ဆန်းကြယ်သားရဲနှစ်ကောင်သည် သူမနှင့် လင်းဇီချန်၏ ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်သွားနိုင်သဖြင့် ၎င်းတို့ကို အကာအကွယ်မဲ့ ဖြစ်သွားမည်ကို သူမစိုးရိမ်မိသည်။ လင်းဇီချန်၏ မျက်နှာသည် ရေကဲ့သို့ ငြိမ်သက်နေဆဲဖြစ်သည်။
"မမြင့်ပါဘူး၊ သူတို့ကဒုတိယအဆင့်နဲ့ တတိယအဆင့်ပဲရှိတာမို့ ကိုတို့နဲ့ မယှဥ်နိုင်ဘူး”
"အဲ့တာဆိုတော်သေးတာပေါ့” ရှန်ချင်းဟန် သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော်လည်း လင်းဇီချန်၏ နောက်ဆက်တွဲ မှတ်ချက်သည် သူမအား ချက်ချင်းပင် တင်းမာသွားစေသည်။
"အခု မင်းက ဒဏ္ဍာရီအဆင့် ဖြစ်သွားပြီလေ။ နှစ်ကောင်လုံးကို တစ်ပြိုင်နက်တည်းဖမ်းပြီး အနိုင်ယူနိုင်မလား စမ်းကြည့်ပါလား”
“အမ်”
ရှန်ချင်းဟန်သည် သူမ လွဲချော်သွားလိမ့်မည်ဟု ထင်ခဲ့သည်။
“ဘာလဲ ယုံကြည်ချက်မရှိဘူးလား”
“အွန်း ယုံကြည်ချက်မရှိဘူး”
“သွား ကြိုးစားကြည့်ပါ။ ကို မင်းနောက်မှာ အမြဲရှိနေမှာ။ မင်း အဆင်ပြေမှာပါ”
ဤသည်ကိုကြားသောအခါ ရှန်ချင်းဟန်က ပိုမိုယုံကြည်မှုရှိလာကာ နာခံမှုရှိရှိ ခေါင်းညိတ်ပြလိုက်သည်။
“အွန်း ဒါဆို ငါစမ်းကြည့်မယ်”
နှစ်ဦးသား စကားစမြည်ပြောရင်းဖြင့် အခြားတစ်ဖက်တွင်မူ အဝေးသို့မရောက်သေးသည့်
ယွမ်သုန်ကျီသည် သူတို့၏စကားများကို ရှင်းရှင်းလင်းလင်းကြားရကာ စိတ်ခံစားချက်များ ရောထွေးလာသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူမသည် ကမ်းရိုးတန်းသစ်တောတွင် အထက်တန်းကျောင်းသူ ချစ်သူနှစ်ဦးကို အကာအကွယ်ပေးခဲ့သည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ အကြီးအကဲတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရချိန်တွင်၊ သူမသည် ၎င်းတို့အား ကယ်တင်ရန် အချိန်မီ ပေါ်လာခဲ့ကာ သဘာဝစွမ်းအားများကို ထိန်းချုပ်နိုင်သည့် သခင်အဆင့် တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် သူမ၏ ကြီးမားသောစွမ်းရည်ကို ပြသခဲ့ပြီး သူတို့ကို အံ့မခန်းဖြစ်စေခဲ့သည်။
သို့တိုင် နှစ်နှစ်တာကာလအတွင်း ဤချစ်သူစုံတွဲသည် မူလမြေမှဒဏ္ဍာရီလာအဆင့်သားရဲဘုရင်များကို ရင်ဆိုင်နိုင်နေပြီဖြစ်သည်။
ရန်သူနှစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ရန်ပင် ကြံရွယ်ခဲ့ကြသည်။ တိုတောင်းသော နှစ်နှစ်တာကာလအတွင်း၊ ဤအတွဲ၏ စွမ်းအားသည် သိသိသာသာ ပြောင်းလဲသွားသည်ဖြစ်ရာ ၎င်းက လက်တွေ့မကျဟု ခံစားမိသည်။
ဝှစ်
ဝှစ်
ဝှစ်
ကောင်းကင်မှ နဂါးနှင့် ဖီးနစ်ဘုရင်များသည် ပင်လယ်မျက်နှာပြင်သို့ နီးကပ်လာသည်နှင့်အမျှ ၎င်းတို့၏ ချဉ်းကပ်မှု၏ ဖောက်ထွက်သံများသည် ရှန်ချင်းဟန်နှင့် လင်းဇီချန်၏ နားများတွင် ပိုမိုကျယ်လောင်လာသည်။
ထို့နောက် နဂါးနှင့် ဖီးနစ် တို့သည် ၎င်းတို့၏ တိုက်ခိုက်ခြင်းကို စတင်ခဲ့သည်။ လင်းဇီချန်က မလှုပ်မယှက်ဖြင့်ပင် ရှန်ချင်းဟန်ကို နှစ်ယောက်လုံးအား တစ်ပြိုင်နက် စိန်ခေါ်ခွင့်ပေးလိုက်သည်။