ရေနတ်ဘုရားပြန်လည် ရှင်သန်လာခြင်း ၂
Vol. 36 Ch. 540
အနှစ်နှစ်ဆယ်ကျော်ကြာ သူနှင့်အတူရှိနေခဲ့သော ရှန်ချင်းဟန်သည် သူ့မျက်စိရှေ့၌ပင် သေဆုံးသွားသည်ကို သူမယုံနိုင်သေးပေ။
သူလုံးလုံးလျားလျားစိတ်ပျက်နေသောအခိုက်၌ …
သူ့မျက်လုံးရှေ့မှ သွေးအခိုးအငွေ့များ ရုတ်တရက်ပေါင်းစပ်သွားကာ သွယ်လျသော မိန်းကလေးတစ်ဦး၏ အသွင်အပြင်သို့ ချက်ချင်းပင် မထင်မှတ်နိုင်သော အရှိန်အဟုန်ဖြင့် ပေါင်းစပ်သွားသည်။
နက်ပြာရောင် ဆံနွယ်ရှည်ရှည်များ၊ မက်မွန်ပွင့်ပုံ တောက်ပြောင်သော မျက်လုံးများ… ရေကဲ့သို့ နူးညံ့သော ခန္ဓာကိုယ်…
ဟန်ဟန်။
ဟန်ဟန် အသွေးအသားတွေ ပြန်ပေါင်းစပ်ပြီး ပြန်မွေးဖွားလာပြီ။
သူ မသေသေးဘူး။
သူ ရှင်နေသေးတယ်။
လင်းဇီချန်၏ ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်သွားသည်။ သစ်သားနတ်ဘုရား၏ ဆူးပင်များပေါ်တွင် ရှန်ချင်းဟန်၏ သေဆုံးခြင်းသည် သူမအသက်ရှင်ရန် အခွင့်အလမ်းမရှိဟု သူထင်ခဲ့သည်။ ထို့ကြောင့် အသွေးအသားများမှ ပြန်လည်ရှင်သန်လာလိမ့်မည်မဟုတ်ဟု မမျှော်လင့်ထားခဲ့မိပေ။
ခဏလေး။
မဟုတ်ဘူး!
အဲ့တာ ဟန်ဟန်မဟုတ်ဘူး။
စိတ်လှုပ်ရှားပြီးနောက် လင်းဇီချန်ငြိမ်သက်သွားကာ တစ်စုံတစ်ခုကို သတိထားမိသွားသည်။ သူမရှေ့ရှိ ရှန်ချင်းဟန်သည် အလွန်ပြင်းထန်သော သွေးမျိုးဆက်စွမ်းအားဆိုင်ရာ ဖိအားကို ထုတ်လွှတ်လျက်ရှိသည်။ ၎င်းသည် ညဘုရင်ထက် သာလွန်၍ ကြောက်မက်ဖွယ်ကောင်းကာ သစ်သားနတ်ဘုရားထံမှ ထွက်လာသည့်
စွမ်းအားထက် ကြီးမားသည်။ အရေးအကြီးဆုံးမှာ သူမ မျက်လုံးထဲတွင် အားနည်းချက် အရိပ်အမြွက် အနည်းငယ်မျှ မတွေ့ရခြင်းဖြစ်သည်။
အလွန်ထက်မြက်သော ဖိနှိပ်နိုင်စွမ်းသာရှိသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော လင်းယုန်ငှက်၏ အကြည့်ထက်ပင် ပို၍ ကြောက်မက်ဖွယ်စူးရှသည်။ လင်းဇီချန်က သူမနှင့် အကြည့်ချင်းဆုံပြီးနောက် အတန်ငယ် ထိတ်လန့်တုန်လှုပ်သွားသည်။
ဒါ... ရေနတ်ဘုရားလား။
လင်းဇီချန်သည် သူရှေ့မှ လုံးဝကွာခြားသော ရှန်ချင်းဟန်ကို ကြည့်နေကာ ထိုအတွေးက သူ့စိတ်ထဲတွင် လင်းလက်လာသည်။ လျင်မြန်စွာဖြင့်ပင် သူ၏ အတွေးကို သစ်သားနတ်ဘုရားက အတည်ပြုခဲ့သည်။
ကောင်းကင်ယံအထိရှည်လျားကြီးမားလှသော သစ်သားနတ်ဘုရားသည် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးအဖြစ် ချက်ခြင်း ပေါင်းစပ်သွားသည်။
"နောက်ဆုံးတော့ မင်းကိုယ်မင်း ပြချင်ပြီပေါ့”
သစ်သားနတ်ဘုရားက လေထဲတွင် မတ်တပ်ရပ်ကာ သူ့ရှေ့မှ ရှန်ချင်းဟန်ကို လေးလေးနက်နက် ငေးကြည့်ကာပြောလိုက်သည်။ ရှန်ချင်းဟန်က အလွန်ထူးခြားသော အသွင်အပြင်ဖြင့် သူမ၏ မျက်နှာချင်းဆိုင်ရှိ သစ်သားနတ်ဘုရားကို တိတ်ဆိတ်စွာကြည်နေသည်။
"ဗွမ်း...ဗွမ်း...ဗွမ်း!"
ရုတ်တရက် "ရှန်ချင်းဟန်"၏ အောက်မှ မရေမတွက်နိုင်သော ရေဒြပ်စင်များသည် မြေပြင်မှပေါက်ထွက်ကာ ကောင်းကင်သို့တက်သွားသည်။ တစ်ခဏချင်း၌ပင် ၎င်းတို့သည် ကောင်းကင်တစ်ခုလုံးကို အဆုံးမဲ့သော နက်ရှိုင်းသည့် ပင်လယ်ပြင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ယင်းအတွက် သစ်သားနတ်ဘုရားက ပြင်ဆင်ထားပြီးဖြစ်သည်။ အတွေးတစ်ခုတွေးရုံမျှဖြင့် နောက်တစ်စက္ကန့်တွင် များပြားလှသော
ဆူးနွယ်ပင်များသည် နေနှင့်လကို ဝါးမျိုနိုင်သည့် ပိုက်ကွန်တစ်ခုထဲသို့ ရောယှက်ကာ "ရှန်ချင်းဟန်" ကို လွှမ်းခြုံသွားသည်။
ထို ဧရာမ ပိုက်ကွန်ကြီးထွက်ပေါ်လာသောအခါ ကောင်းကင်ပေါ်ရှိ ရေဒြပ်စင်များသည် များပြားလှသော ရေခဲဓားများအဖြစ်သို့ ချက်ချင်းပင် ပေါင်းစပ်သွားသည်။
“ဝှစ်… ဝှစ်.. ဝှစ်…”
ရေခဲဓားများ၏ လှီးဖြတ်မှုအောက်တွင် နေနှင့်လကို ဝါးမျိုနိုင်သည့် ဆူးပင်နွယ်ပင်ကြီးသည် ကောင်းကင်ယံတွင် ပျံ့လွင့်နေသော သစ်သားခွဲခြမ်းများအဖြစ် ချက်ချင်း အပိုင်းပိုင်းဖြတ်သွားသည်။ ထို့အပြင် ရေခဲဓားများဖြတ်သွားသော လမ်းကြောင်းတွင် ကြောက်မက်ဖွယ်ရာ အကွဲအပြဲများ ကျန်ရစ်ခဲ့သည်။
လင်းဇီချန်သည် အက်ကွဲကြောင်းများ ပြည့်နှက်နေသော ကောင်းကင်ကို မော့ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ သူ့မျက်နှာသည် ထိတ်လန့်တကြား ဖြစ်နေကာ ဧရာမဆင်ကြီးနှင့် ရင်ဆိုင်ရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ကူကယ်ရာမဲ့သော ခံစားချက်ကို ခံစားရလေသည်။
အရမ်းအစွမ်းကြီးလွန်းတယ်။
ဒြပ်စင်နတ်ဘုရားငါးပါးလုံးက အရမ်းစွမ်းအားကြီးတဲ့ နတ်ဘုရားတွေပဲ။
ငါက သူတို့နဲ့ တူညီတဲ့ဖြစ်တည်မှုမဟုတ်ဘူး…
လူသားတစ်ဦးအဖြစ် အနှစ်နှစ်ဆယ်ကြာ နေထိုင်လာခဲ့ရာ လင်းဇီချန်သည် လွယ်ကူစွာ ခုတ်ထစ်နိုင်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွန်အရေးမပါသော ခံစားမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
ရုတ်တရက် သူ့ပခုံးကို နူးညံ့သော ကျောက်စိမ်းလက်တစ်ဖက်က ဆုပ်ကိုင်လိုက်သည်ကို မြင်လိုက်ရသည်။ ဖြစ်ပျက်နေသမျှကို သူမတုံ့ပြန်နိုင်ခင်တွင် သူ့ပခုံးမှ ပြင်းထန်သော စွမ်းအားတစ်ခုထွက်လာကာ နောက်ထပ်တစ်စက္ကန့်တွင် သူ အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားသွား၍ မီးပွားများထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
မိုင်ထောင်သောင်းချီခရီးနှင်ပြီးနောက်တွင် "ရှန်ချင်းဟန်”က သူ့ကိုဆွဲခေါ်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်ကို သူသိလိုက်ရသည်။
သူ့ရှေ့မှ မြင်ကွင်းကြောင့် သူအလွန်အမင်း အံ့သြသွားရ၏။
သူ မည်သည့်အရာများဖြစ်ပျက်နေသည်ကို နားမလည်နိုင်ပေ။
လွန်ခဲ့သောအခိုက်အတန့်လေးတွင်၊ နတ်ဘုရားနှစ်ပါးသည် ကောင်းကင်တုန်လှုပ်ဖွယ်စွမ်းအားဖြင့် ထိပ်တိုက်တွေ့နေပြီးနောက် ထိတ်လန့်တကြား ထွက်ပြေးလာသူတစ်ဦးအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ငါ အပြည့်အဝ မကျန်းမာသေးဘူး။ ဒါ့ကြောင့် အချိန်အကြာကြီး မတောင့်ခံနိုင်ဘူး။ မကြာခင် ပြန်ပြီး အိပ်ပျော်သွားလိမ့်မယ်”
“ရှန်ချင်းဟန်”သည် ပျံသန်းလျက် လင်းဇီချန်ကို သယ်လာရင်းဖြင့် ရုတ်တရက် အေးစက်သောအသံဖြင့်ပြောလိုက်သည်။
“သေချာနားထောင် ငါနင့်ကို အနီးဆုံးချောက်ထဲကို ခေါ်သွားပေးမယ်”
“ငါ့ကိုယ်ထဲမှာ စွမ်းအင်နည်းနည်းပဲ ကျန်တော့တယ်၊ ချောက်ထိရောက်အောင် လုပ်နိုင်ပါ့မလားမသိဘူး။"
"လမ်းတစ်လျှောက်မှာ အိပ်ပျော်သွားရင် နင် သူ့ကို ချောက်ထဲကို သယ်သွားရမယ်။"
"တွင်းနက်ကြီးက နင့်ရဲ့ ဇာတိမြေပဲ။ နင်နဲ့ သူ အသက်ဘေးက လွတ်မြောက်နိုင်မှာပါ”
ရှန်ချင်းဟန်မှဖော်ပြခဲ့သော 'သူ' သည် ရှန်ချင်းဟန်ကိုရည်ညွှန်းသည်။
လင်းဇီချန်သည် စကားလုံးတိုင်းကို စိတ်ထဲတွင် မှတ်ထားသည်။
“ရှန်ချင်းဟန် မင်းက ရေနတ်ဘုရားလား”
"အင်း"
သူ့အား သယ်ဆောင်လာသော "ရှန်းချင်ဟန်" က ပြတ်ပြတ်သားသား ပြန်ပြောသည်၊ သူမ၏ အသံမှာ ကြည်လင်အေးစက်ကာ နူးညံ့မှုကင်းမဲ့နေသည်။
လင်းဇီချန်က ဆက်မေးသည်။
“သူ့ခန္ဓာကိုယ်က ပြန်လာနိုင်လား”
ဤ 'သူ' သည် ရှန်ချင်းဟန်ကိုယ်တိုင် ရည်ညွှန်းသည်။ လက်ရှိ ရေနတ်ဘုရားက ထိန်းချုပ်ထားသော ခန္ဓာကိုယ်သည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ်ဟုတ်မဟုတ်ကို သူဝေခွဲ၍ မရပေ။ မကြာသေးမီက ရှန်ချင်းဟန်သည် သစ်သားနတ်ဘုရား၏ ဆူးနွယ်ပင်များကြောင့် သွေးအခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ပြန်လည်မွေးဖွားလာသည့် အသားသည် ရှန်ချင်းဟန်၏ မူလကိုယ်ခန္ဓာ သို့မဟုတ် ရေနတ်ဘုရားက ပေါ့ပေါ့တန်တန် ဖန်တီးထားသော ခန္ဓာကိုယ် ဟုတ်မဟုတ်ကို သူ မပြောနိုင်ပေ။
“ဒါက သူ့ခန္ဓာကိုယ်”
ရေနတ်ဘုရားက စိတ်လှုပ်ရှားခြင်းအလျင်းမရှိဘဲ ပြောလိုက်သည်။
"မိုင်တစ်သောင်းအတွင်းမှာ ချောက်ကြီးတစ်ခုရှိတယ်။ သူ့ကိုခေါ်သွားပါ၊ ငါ..."
သူမ၏ စကားများ ရုတ်တရက် ရပ်သွားသည်။
ထို့နောက်တွင် အနည်းငယ် မှိန်းနေသော်လည်း နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဇီချန် ငါတို့ ဘယ်ရောက်နေတာလဲ”
ရှန်ချင်းဟန် ပြန်ရောက်လာသည်။
"ကိုတို့ ပြေးနေတာ”
လင်းဇီချန်သည် ရှန်ချင်းဟန်ကို အလွန်အကျွံ မရှင်းပြဘဲ ဤစကားများကို ရိုးရိုးရှင်းရှင်းပြောခဲ့သည်။
သူ့အသံထွက်ပေါ်လာသည့်အခိုက်တွင် သူ့အတွင်းမှ သွေးစွမ်းအင်နှင့်ဝိဉာဥ်စွမ်းအင်တို့က ချက်ချင်းဆိုသကဲ့သို့ ထွက်ပေါ်လာကာ သူ၏ပျံသန်းမှုအမြန်နှုန်းသည် ယခင်ကထက်ပင် ပိုမိုမြန်ဆန်လာသည်။