← Chapters

အဖိုးကြီးသတ်သမား

Vol. 6 Ch. 78

အဖိုးကြီးသတ်သမား

Vol. 6 Ch. 78

ကျိယွမ်သည် ရှေ့မှ မြင်ကွင်းကိုကြည့်လိုက်၏။

အရက်နံ့တထောင်းထောင်းထနေသော လူထွားကြီးတစ်ဦးသည် အဘိုးအိုတစ်ယောက်ကိုမညှာမတာ ရိုက်နှက်နေ၏။သူစိတ်ကျေနပ်သည်အထိ ရိုက်နှက်ပြီးနောက် လူထွားကြီးသည် အဘိုးအို၏ရင်ခွင်မှ ငွေဒင်္ဂါးအချို့ကို ဆွဲယူကာ နောက်ဆုံးလက်ဆောင် ၃ ချက်တိတိထပ်မံကန်ကျောက်ပြီး ထွက်ခွာသွားသည်။

ကျိယွမ်သည် စိတ်လှုပ်ရှားမှုမရှိပါ။သူက ကြည့်ရုံသပ်သပ်ကြည့်လိုက်ခြင်းပင်။

"မိတ်ဆွေလေး၊ နောက်ထပ်ကြည့်ပါဦ"

အဘိုးအိုသည် လက်ကိုဝှေ့ယမ်းလိုက်ရာ မြင်ကွင်းသည် ပြောင်းလဲသွား၏။

ယခုတစ်ကြိမ်မှာတော့ ယခင်က အကြမ်းဖက်ခဲ့သော လူထွားကြီးသည် အဘိုးအိုအပေါ် အလွန်ရိုသေစွာ ပြုမူနေသည်။ သူသည် အဘိုးအိုအား သေချာဂရုတစိုက် ကျွေးမွေး၏။ခြေဆုပ်လက်နယ်ပြုစုခြင်းအပြင် ကိုယ်လက်သန့်စင်ခြင်းတို့ကိုပါ တာဝန်ကျေစွာ ပြုလုပ်ပေးနေသည်။

"ငါတို့က သားသမီးကျင့်ဝတ်ကို စတင်ပြဌာန်းခဲ့ပြီးမှသာ လူတွေကမိဘတွေအပေါ်ရိုသေလာကြတာပါ။ ဒါကြောင့် ငါတို့ ဒီနေရာကို လာခဲ့တယ်ဆိုတာက ဒီကမ္ဘာကြီးကို ကယ်တင်ဖို့ပါပဲ"

သူ၏စကားကို ကြားသောအခါ ကျိယွမ်သည် အားရပါးရပြုံးလိုက်၏။

"တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ကယ်တင်မှုကြီးပါပဲလား"

အဘိုးအိုက ကျိယွမ်၏ခနဲ့သံကို စိတ်မပျက်ဘဲ ဆက်ပြောသည်။

"မင်းက သားသမီးကျင့်ဝတ်အမိန့်ကို ဖျက်ဆီးလိုက်တယ်၊ဘာတွေဖြစ်ကုန်လဲ မင်းသိရဲ့လား။အခုမြင်ကွင်းထဲကလူမိုက်က အမိန့်မရှိတော့ဘူးဆိုတာကိုသိတာနဲ့ အဲ့ဒီနေ့မှာပဲ သူ့အဖေကိုသတ်ပစ်တယ်။ ဒီအပြစ်တွေက အခု မင်းပုခုံးပေါ်ကို ကျနေပြီ"

ကျိယွမ်သည် သူ၏ရှေ့မှအဘိုးအိုကို ထူးဆန်းသလိုကြည့်လိုက်၏။

" မင်းခေါင်းက တစ်ခုခုမှားနေတာလား၊ မင်းလိုပြင်ပနတ်ဆိုးက ငါ့လိုကိုယ်ကျင့်တရားအရ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့သူကို ကိုယ်ကျင့်တရားအကြောင်း လာပြောဖို့ ကြိုးစားနေတယ်ပေါ့"

"ဟင်း..."

အဘိုးအိုသည် သက်ပြင်းချကာ ကူကယ်ရာမဲ့သလို ခေါင်းခါ၏။

"မိတ်ဆွေလေး ၊ ငါတို့က မင်းနဲ့ရန်သူမဖြစ်ချင်ဘူး။ ဒါပေမဲ့ ငါပြောနေတာတွေက အမှန်တရားတွေပါ။ ငါတို့ အားလုံးက ဒီကမ္ဘာကြီးကို ကယ်တင်ဖို့ ဒီကိုရောက်လာခဲ့တာပါ"

ကျိယွမ်သည် မည်သို့မျှမတုန့်ပြန်ပါ။သူက တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေသည်။

ရှေ့တစ်ယောက်နှင့်စကားကောင်းနေစဥ် နောက်တစ်ယောက်က အလစ်ဝင်ရိုက်သော လမ်းဘေးအမှုများစွာကို သူကြားဖူး၏။ထိုသို့အဖြစ်မခံနိုင်ပါ။

အဘိုးအိုက ကျိယွမ်၏သတိရှိပုံကို မတတ်နိုင်သလိုကြည့်ကာ ဆက်ပြော၏။

"ငါတို့က ဝိဉာဉ်တွေကိုမြှားပြီး သူတို့ရဲ့ အသားနဲ့သွေးတွေကို စားသုံးတာက လိုအပ်လို့လုပ်ရတာပါ၊ အဲဒီလိုမလုပ်ဘဲနေရင် ... ငါတို့သေဆုံးသွားတာနဲ့ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားမှာမို့လို့ပဲ"

"နတ်ဆိုးတွေဖြစ်ကုန်ရင် ငါတို့ဟာဆင်ခြင်တုံတရားမရှိတော့ဘဲ တွေ့တဲ့ သက်ရှိမှန်သမျှကို သတ်ဖြတ်မယ်။ စွမ်းအားကလည်း ပဉ္စမဘုံကို ရောက်ရှိသွားမှာဖြစ်ပြီး ကမ္ဘာကို သေချာပေါက် ကပ်ဘေးဆိုးကြီး ဖြစ်စေနိုင်တယ်"

"နတ်ဆိုးတစ်ကောင် ပေါ်လာတာနဲ့ ကမ္ဘာကြီးပျက်စီးသွားမှာဖြစ်ပြီး ဘယ်သူကမှလည်း တားဆီးနိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့် မတတ်သာဘဲ ငါတို့က ဝိဉာဉ်တွေကို ဖမ်းဆီးပြီးအသွေးအသားတွေကို စားသုံးရတယ်၊ဒါမှသာ ငါတို့ရဲ့သက်တမ်းကို ရှည်စေပြီး ကမ္ဘာကြီးရင်ဆိုင်ရမယ့် ကပ်ဘေးကြီးကို ကာကွယ်နေတာပါ"

အဘိုးအိုသည် အလွန်ကြင်နာပြီးကမ္ဘာကြီးအတွက် စိတ်ရင်းမှန်ဖြင့် စိုးရိမ်ပူပန်ပုံရသည်။

"ငါတို့ ဒီဘုံကိုရောက်လာပြီးနောက်မှာလည်း ဒီကမ္ဘာကို ဘေးအန္တရာယ်ဖြစ်စေမှာကို တကယ်ပဲစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ငါတို့က သီးခြားနယ်မြေမှာနေဖို့ကိုပဲ ရွေးချယ်ခဲ့ကြတာ"

"ဒီနေရာကတစ်ရက်ဟာ အပြင်မှာ ဆယ်နှစ်နဲ့ ညီမျှတယ်၊ ဒါကြောင့်အပြင်မှာ ဆယ်နှစ်အတွင်းပေါ်လာတဲ့ ပါရမီရှင်တွေနဲ့ကျင့်ကြံသူတွေက ငါတို့သက်တမ်းရှည်အောင် စားသုံးဖို့အတွက် လုံလောက်တယ်"

"နတ်ဆိုးတွေက ဘယ်တော့မှပေါ်လာမှာမဟုတ်ပါဘူး။ ဒီအဖိုးကြီးရဲ့ လုပ်ရပ်တွေမှာ အကြောင်းပြချက်ရှိပါတယ်"

"မဟုတ်ရင် ငါတို့ လူ့ကမ္ဘာကို တိုက်ရိုက်သွားမှာပေါ့၊ဘာလို့ သီးခြားနယ်မြေမှာပဲ နေကြမှာလဲ"

အဘိုးအိုသည် ရှည်လျားစွာရှင်းပြခဲ့ခြင်းပင်။

သူ၏အကြောင်းပြချက်သည် တော်တော်အကြောင်းအကျိုးပါ၏။

သူတို့၏သက်တမ်း ကုန်ဆုံးသွားသည်နှင့် နတ်ဆိုးများအဖြစ် ပြောင်းလဲသွားလိမ့်မည်။ထိုနတ်ဆိုးများသည် သူတို့ထက်ပင် ပိုမိုအင်အားကြီး၏။ထို့အပြင် သွေးဆာကာမြင်မြင်သမျှသတ်ဖြတ်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို ကပ်ဘေးဆိုးကြီးကျရောက်စေလိမ့်မည်။

ကျိယွမ်သည် အဘိုးအို၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။

"မင်းတို့ရဲ့သက်တမ်းကုန်သွားတဲ့အခါ နတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားတယ်ဆိုရင်၊ မင်းတို့ရဲ့အရင်ကမ္ဘာမှာ နတ်ဆိုးတွေကို ဘယ်လို ဖြေရှင်းခဲ့ကြလဲ။ ဒါမှမဟုတ် သူတို့ပေါ်လာတာကို ဘယ်လိုတားဆီးခဲ့ကြလဲ၊ငါသိချင်တာက မင်းတို့ထွက်လာတော့ မင်းတို့ရဲ့အရင်ကမ္ဘာမှာလူဘယ်နှစ်ယောက်ကျန်သေးလဲ"

ကြင်နာဟန်ပြုံးနေသော အဘိုးအို၏ မျက်လုံးများသည် အေးခဲသွားပြီး နာကျင်သောခံစားချက်များ ဖြစ်ပေါ်လာသည်။

သားသမီးကျင့်ဝတ်နှင့်ပတ်သက်သော အဘိုးအို၏စကားများကို သတိရလိုက်သောအခါ ကျိယွမ်သည် ထိုအမူအယာကိုချက်ချင်းနားလည်သွားသည်။

သူသည် အဘိုးအိုအား ကြည့်ပြီး တစ်လုံးချင်းစီ ပြောခဲ့သည်။

"မင်းတို့ရဲ့သက်တမ်းကုန်ဆုံးပြီးမှသာ နတ်ဆိုးတွေ ပေါ်လာမယ်လို့ပြောတယ်"

"အဲ့ဒါက ဘာကိုဆိုလိုသလဲဆိုတော့..."

ကျိယွမ်က အဘိုးအိုအားကြည့်လျှက် အေးစက်စွာပြောလိုက်၏။

"အမှန်တရားက မင်းတို့သေဆုံးရင်နတ်ဆိုးတွေလည်း သေဆုံးသွားမှာမို့လို့ပဲ၊မင်းတို့ သေလို့မရဘူး "

အဘိုးအို၏မျက်နှာပေါ်တွင် နာကျင်မှုနှင့်အတူ နောင်တရနေဟန်အထင်းသားပေါ်လွင်လာသည်။

"မင်းသိလား။ ငါ့အသက် ဆယ့်ခုနစ်နှစ်ကတည်းက ငါ့မိသားစုအတွက် တိုက်ပွဲဝင်ခဲ့တာ။ ငါ့မိသားစုအတွက် သွေးတွေထွက်ခဲ့တယ်၊ လျှို့ဝှက်ငွေသတ္တုတွင်း ဆယ့်ခုနစ်ခု ဖွင့်ခဲ့တယ်၊ အဆင့်မတူတဲ့ ရန်သူတွေရဲ့ တိုက်ခိုက်မှုတွေကိုတောင် ရင်ဆိုင်ခဲ့ရပြီး ဒဏ်ရာပေါင်းစုံ ခုနစ်ရာကျော် ခံစားခဲ့ရတယ်"

"ဒါပေမဲ့ ဘာလို့လဲ၊ ဘာကြောင့်များ ငါအိုမင်းလာတဲ့အခါ၊ အသက်ရှင်ဖို့ နှစ်အနည်းငယ်ပဲ ကျန်တော့တဲ့အချိန်မှာ၊ ငါ့မိသားစုဝင်တွေက ငါ့ကို ဘယ်လိုသတ်ရမလဲဆိုတာ ဆွေးနွေးနေကြတာလဲ "

"သူတို့က နတ်ဆိုးသတ်အဖွဲ့ကိုတောင် ဖိတ်ခေါ်ခဲ့ကြတယ်"

"ငါမသေသေးဘူး၊ သူတို့က ဘာကိုလိုချင်နေကြတာလဲ"

အဘိုးအိုသည် အတိတ်ကိုပြန်တွေးကာ ဝမ်းနည်းပက်လက်ဖြစ်နေသည်။

"သူတို့က ငါ့ရဲ့အချစ်ဆုံး ကလေးတွေ၊ ငါ့လက်နဲ့ ငါကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာ။ သူတို့ကဘာလို့များ ငါ့အပေါ်ဒီလိုလုပ်ရတာလဲ။ ငါ့ရဲ့နောက်ဆုံးအချိန်မှာ အေးအေးချမ်းချမ်း သေဆုံးချင်တာလေးတစ်ခုတည်းပါကွာ၊ အဲ့ဒါက ရာဇဝတ်မှုလား"

အဘိုးအိုက နာကျင်လွန်း၍ စကားပင်ဆက်မပြောနိုင်တော့ပေ။သူ၏ဘဝက ရင်နာစရာကောင်းလှ၏။

"တကယ်ကို ပျင်းစရာကောင်းတဲ့ ဇာတ်လမ်းကိုမှ ဖန်တီးရသလား"

ကျိယွမ်သည် အဘိုးအိုအားပျင်းရိစွာကြည့်လိုက်သည်။

"မင်းက ငါအနိုင်ယူရမယ့် ဗီလိန်ဇာတ်ကောင်၊ ဂိမ်းထဲကဘောစ့်တစ်ကောင်သပ်သပ်ပဲ။ မင်းဘဝက ဘယ်လောက်ဒုက္ခခံခဲ့ရတာတွေ၊ ဘယ်လို မတရားခံခဲ့ရတယ်ဆိုတာတွေကို ငါစိတ်မဝင်စားပါဘူး"

"ဒီလိုအဘိုးကြီးရုပ်မျိုးမဟုတ်ဘဲ အရမ်းလှပပြီးသနားစရာကောင်းတဲ့မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းပြီး ကျွန်မဘဝက ဘယ်လောက်သနားစရာကောင်းပါတယ်၊ဘယ်လိုအနိုင်ကျင့်ကြတာပါလို့ မျက်ရည်ခံထိုးရင်တောင် ငါကသနားမှာမဟုတိသလို စိတ်လည်းဝင်စားမှာမဟုတိဘူး"

ကျိယွမ်က သူ၏ဓားကို အေးစက်စွာကြည့်လိုက်သည်။

"ငါစိတ်အဝင်စားဆုံးအရာကတော့ ငါ့ရဲ့ဒီ ဓားကြီးကိုသုံးပြီး မင်းတို့ရဲ့ခွေးခေါင်းတွေကို ဖြတ်ပစ်ဖို့ပဲ"

ဘော့စ်တစ်ကောင်သည် သတ်ရလွယ်ပါ့မလား။

ကျိယွမ်က ထိုအရာကိုသာ သိချင်၏။

ငိုတော့မလိုလိုလုပ်နေသောအဘိုးအို၏မျက်နှာ မည်းမှောင်သွားသည်။

ထိုလူသားမျိုးနွယ်က သူတို့ထက်ပင်နှလုံးသားကင်းမဲ့နေမည်ဟု မထင်ခဲ့မိချေ။

"မင်းက ငါတို့ရဲ့ရန်သူဖြစ်ချင်တာသေချာပြီလား။ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ရော ပြင်ဆင်ထားပြီလား"

အဘိုးအိုသည် ကျိယွမ်နှင့် တိုက်ခိုက်ချင်စိတ် မရှိခဲ့ပေ။

တိုက်ပွဲဖြစ်လျှင် သူတို့အတွက်အကျိုးမရှိပါ။တိုက်ပွဲကြောင့် သူတို့၏သက်တမ်းက သိသိသာသာ လျော့ကျသွားနိုင်သာ်မဟုတ်ပါလား။

ထို့အပြင် ယခုရောက်လာသောလူငယ်သည် ယခင်နတ်ဘုံအဆင့်များထက် ခွန်အားများစွာသာလွန်၏။ရွှေရောင်ချပ်ဝတ်ရုပ်သေးကိုပင် လွယ်ကူစွာဖြင့်အကြိမ်ကြိမ်သတ်နိုင်၏။

ကျိယွမ်က သူ၏ရှေ့မှအဘိုးအိုကို အရူးတစ်ယောက်လိုကြည့်လိုက်၏။

ဂိမ်းကစားသူက ဂိမ်းထဲမှတောကောင်များကို သတ်ခြင်းမှာသဘာဝပင်။ရန်သူလုပ်ချင်တာတွေ မိတ်ဆွေလုပ်ချင်တာတွေမရှိပါ၊ဂိမ်းကစားလျှင် ဂိမ်းထဲမှမစ်ရှစ်ပေးထားသည့်အတိုင်း ဆော့ရမည်သာ။မဆော့ချင်လျှင် ဂိမ်းအားလွှင့်ပစ်ရုံသာရှိ၏။

"ငါ့မှာ ရန်သူဖြစ်ချင်တာတွေ မဖြစ်ချင်တာတွေမရှိဘူး ၊ဂိမ်းကိုဆော့ပြီဆိုမှတော့ မင်းတို့လို ဘောစ့်တွေကို သတ်ရတာသဘာဝပဲ၊ မင်းတို့နားလည်အောင်ပြောရရင်....

အင်း......ကံကြမ္မာသတ်မှတ်ပေးထားတယ်လို့ပဲထားပါတော့"

"ငါက မကောင်းဆိုးဝါးတွေကို သတ်တဲ့ လူငယ်လေးပေါ့ကွာ"

စကားဆုံးသည်နှင့်ကျိယွမ်၏ဓားချက်က အဘိုးအိုပေါ်သို့ ကျရောက်သွားသည်။

သူကမပြောမဆိုနှင့် ထပ်မံခုတ်ထည့်လိုက်ခြင်းပင်။

"မင်းသေချင်နေတာပဲ"

အဘိုးအိုက ဒေါသကြီးစွာအော်ဟစ်၏။

"သေစရာလား ၊မင်းတို့က အဘိုးကြီးတွေချည်းပဲ၊ ငါကတော့ နုပျိုပြီး အားအင်အပြည့်လေ"

ကျိယွမ်သည် ပြင်ပနတ်ဆိုးများ၏ အားနည်းချက်ကို ရှာတွေ့ခဲ့သည်။

သူတို့၏အားနည်းချက်မှာသက်တမ်းပင်။၄င်းတို့၏သက်တမ်းမှာ အနည်းငယ်သာ ကျန်တော့သည်။

ကျိယွမ်က ၄င်းတို့အားအစာအဟာရများထောက်ပံ့ပေးနေသော အနက်ရောင်ဝတ်ရုံအစောင့်များကိုသတ်ပစ်ခဲ့သည်။

ထို့နောက် သီးခြားနယ်မြေ၏ဝင်ပေါက်ကို ပိတ်ဆို့ကာ လူသားကမ္ဘာသို့ငါးမြှားခြင်းကို တားဆီးထားနိုင်သရွေ့ ဤအဘိုးကြီးတစ်သိုက်မှာ သူတို့၏သက်တမ်းကို ပြန်လည်ဖြည့်ဆည်းနိုင်တော့မည် မဟုတ်ပေ။

ထိုအပြင် သူကအဘိုးကြီးများကိုတိုက်ခိုက်နေဦးမည်ဖြစ်သောကြောင့် ၄င်းတို့အနေဖြင့် သက်တမ်းကပို၍လျော့ကျလာရန်သာရှိသည်။

သို့သော်ထိုနည်းလမ်းက တွေးရလွယ်သော်လည်း လက်တွေ့တွင်မလွယ်ပါ။

မလွယ်မှန်းသိသိကြီးနှင့်ပင် ကျိယွမ်သည် ကြေးဝါတံခါးဘေးတွင် ဓားကိုင်လျက် ရပ်နေခဲ့သည်။

သူသည် အဘိုးကြီးအား ပျင်းရိစွာကြည့်လိုက်၏။

"ကောင်းကင်ဘုံကအရာတွေက ကောင်းကင်ဘုံမှာပဲ နေပါစေ၊ လူ့ကမ္ဘာကအရာတွေက လူ့ကမ္ဘာမှာပဲနေပါစေ။ ဒီနေ့ကစပြီး တောင်ပိုင်းကောင်းကင်တံခါးကို ငါစောင့်မယ်"

ကျိယွမ်သည် ဓားကိုကိုင်ကာ တိကျွဲ့သီးခြားနယ်မြေ ၏ ဝင်ပေါက်ကို ပိတ်ဆို့ထားခဲ့သည်။

တိကျွဲ့အတွင်းပိုင်းမှ အေးစက်သော အသံများထွက်ပေါ်လာ၏။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်"

"ဟွန့်၊ ငါသူ့ရဲ့အသားနဲ့သွေး ဆယ်ပုံတစ်ပုံကို လိုချင်တယ်"

"ဟားဟားဟားဟား ဒီလိုနတ်ဘုံအဆင့်ပဲရှိတဲ့ကောင်လေးက ငါတို့ကိုပိတ်ဆို့ထားမလို့တဲ့ ၊သတ္တိကောင်းလှချည်လား"

အသံများနှင့်အတူ နောက်ထပ်ပုံရိပ်ငါးခုသည် ကျိယွမ်ရှေ့သို့ ရောက်ရှိလာသည်။

အသစ်ရောက်လာသူငါးယောက်ကလည်း ပညာရှိအဘိုးအိုနှင့်ဆင်တူသော ကြောက်မက်ဖွယ်ကောင်းသည့်အော်ရာများကို ထုတ်လွှတ်နေခဲ့သည်။

ပညာရှိအဘိုးအိုက အဖော် ၅ ယောက်နှင့်အတူ ကျိယွမ်ထံသို့ ရှေ့တိုးလာ၏။

ကျိယွမ်က သူ၏ဓားကိုတင်းတင်းဆုပ်ကာ မေးလိုက်သည်။

"မင်းတို့ ပြင်ပနတ်ဆိုးတွေက ဒီခြောက်ယောက်ပဲ ရှိတာလား။ ဒါဆို ဒီအဆင့်က သိပ်မခက်ဘူးပဲ"

"ဟားဟားဟား"

ပညာရှိအဘိုးအိုသည် ကျိယွမ်အား အထင်သေးစွာကြည့်ပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။

ထိုအခိုက် တိကျွဲ့နယ်မြေ၏ကောင်းကင်သည် ရုတ်တရက်မှောင်မိုက်သွား၏။

ကျိယွမ်က အမှတ်မထင်အပေါ်သို့ကြည့်လိုက်ရာ ကောင်းကင်ယံတွင်တောက်ပသော မျက်လုံးများစွာပြည့်နှက်နေသည်ကို့ မြင်ရသည်။

၎င်းတို့အားလုံးသည် တိတ်ဆိတ်စွာဖြင့် သူ့ကို ကြည့်နေကြ၏။

သို့သော်မျက်လုံးများ၏ ပိုင်ရှင်များသည် အကြောင်းတစ်မျိုးမျိုးကြောင့် လွတ်လပ်စွာလှုပ်ရှားနိုင်စွမ်းမရှိပေ။

သူတို့သည်အိပ်ပျော်နေသော အခြေအနေမျိုးရှိပုံရပြီး ထိုအခြေအနေမှနိုးထလာသည့်နှင့် သူတို့၏သက်တမ်းများ လျော့ကျသွားမည်ဖြစ်သည်။

သို့သော်မြောက်မြားလှသောမျက်လုံးများက သူ့အားစိူက်ကြည့်နေသောမြင်ကွင်းသည် အနည််းငယ်တော့ ကျောချမ်းစရာကောင်းလေ၏။

"မင်းက အုပ်လိုက်ကြီး ခေါ်လာခဲ့တာလား"

ဘော့စ်ဆိုသည်မှာ တစ်ကောင်နှစ်ကောင်သာရှိရမည်မဟုတ်ပါလား။

ယခုတော့ တစ်အုပ်တစ်သင်းကြီးဖြစ်နေ၏။

ကျိယွမ်၏မျက်နှာကလေးနက်သွားသည်။ သူ၏စိတ်ထဲ၌ချက်ချင်း စိုးရိမ်လာခဲ့သည်။

"အခုမှ သနားဖို့တောင်းပန်နေလည်း နောက်ကျသွားပြီ"

အဘိုးအိုက ကျိယွမ်ကို စိုက်ကြည့်ရင်း အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။

ကျိယွမ်ကသူ၏စကားကို လျစ်လျူရှုလိုက်သည်။သူက ကြောက်ရွံ့နေသော်လည်း အားကောင်းသည့်ပုံစံကို ဆက်ထိန်းထား၏။

"ဒီနေ့တော့ ငါကအဖိုးကြီးသတ်သမားနေရာကနေ သရုပ်ဆောင်ရတော့မယ့်ပုံစံပဲ"

ကျိယွမ်ကစကားဆုံးသည်နှင့် အကြီးစားစွမ်းရည်ကို အသက်သွင်းလိုက်၏။

ဖိနှိပ်နိုင်သောစွမ်းအား။

သူ၏ခွန်အားများချက်ချင်းဆိုသလိုနှစ်ဆတိုးသွားစဥ်မှာပင် သူ၏ဓားကြီးကို ပင့်ကာခုတ်ချလိုက်သည်။

"ကောင်းကင်းပိုင်းဖြတ်ဓားချက်"

အဆင့် ၁၁၉ ရှိသောအဘိုးကြီး ၆ ယောက်သည် ကြီးမားသောခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး အားလုံးနောက်သို့အနည်းငယ်ဆုတ်သွားကြသည်။

"တော်တော် သန်မာတယ်"

"ငါတို့ရဲ့မူလစွမ်းအားကိုသုံးမှရမယ်"

အဘိုးကြီးခြောက်ဦးစလုံး တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်လိုက်၏။

"မူလစွမ်းအားကို ပိုသုံးလေ ငါတို့သက်တမ်းက ပိုနည်းလေပဲ။ "

"ဒါပေမဲ့ ငါတို့ နောက်ဆုတ်လို့မှ မရတော့တာ"

"သတ်ကြ"

အသံဆုံးသည်နှင့် အဘိုးကြီးများက သူတိူ့၏အပြင်းထန်ဆုံးနည်းစနစ်များကိုသုံးကာ ကျိယွမ်အားတိုက်ခိုက်တော့သည်။

ကျိယွမ်သည် တည်ငြိမ်စွာရပ်နေလျှက် ပြင်ပနတ်ဆိုး ၆ ကောင်၏တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံကာ ရင်ဆိုင်သည်။

တက်လှမ်းခြင်းပလ္လင်ပေါ်မှ တိုက်ပွဲပေါင်း တစ်သိန်းနှစ်သောင်းကျော်၏ အတွေ့အကြုံများကြောင့် သူ၏တိုက်ပွဲအတွေ့အကြုံမှာ ပြိုင်ဘက်ကင်းဟုပင် ဆိုနိုင်၏။

ပြင်းထန်သောနတ်ဆိုးများ၏ တိုက်ခိူက်မှုများကြားတွင်ကျိယွမ်သည် လှိုင်းထန်နေသောပင််လယ်ပြင်မှ လှေတစ်စင်းသဖွယ် လူးလွန့်ယိမ်းနွဲ့ကာ ပေါ့ပါးနေ၏။

"သတ်"

မာန်သွင်းသံနှင့်အတူ သူ၏သွေးစွမ်းအင်များက တဟုန်ထိုးထွက်ပေါ်လာသည်။

နတ်ဆိုးအဘိုးအိုခြောက်ဦး၏ သွေးစွမ်းအင်များပင် ပြင်းထန်စွာ လှုပ်ရှားသွားခဲ့သည်။

သို့သော် ပညာရှိအဘိုးအိုသည် တိုက်ပွဲအတွင်းမှ နောက်သို့ပြန်လည်ခုန်ဆုတ်သွားပြီး ရုတ်တရက်ရယ်မောလိုက်၏။

"အသား၊ အရမ်းအရသာရှိတဲ့ အသား။ ငါ့ရဲမူလစွမ်းအားကို သုံးရတာ တန်ပါတယ်"

သူ၏လက်ထဲတွင် သွေးများတစ်စက်စက်ကျနေသောအသားတစ်ပိုင်း ရှိနေခဲ့သည်။

ကျိယွမ်က သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သွေးထွက်နေသော ဒဏ်ရာတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

သူပင် မသိလိုက်ဘဲဒဏ်ရာရခဲ့သည်။

ပညာရှိအဘိုးအိုက ငမ်းငမ်းတက်နေသောအကြည့်ဖြင့် ကျိယွမ်၏အသားတုံးကိုကြည့်ကာ သူ၏လျှာကိုမြွေကဲ့သို့ဆန့်ထုတ်ပြီး သွေးထွက်နေသော လူသားကိုစားလိုက်၏။

သို့သော်သူ၏ ကလေးမျက်နှာကချက်ချင်းရှုံ့မဲ့သွားသည်။

"အရသာမရှိဘူး"

သူ၏စကားကြောင့် ကျန်သောပြင်ပနတ်ဆိုးငါးယောက်သည် နားမလည်သလို သူ့အားကြည့်နေ၏။

ပညာရှိအဘိုးအိုက အသားတုံးအားကြည့်ကာ အော်ဟစ်လိုက်သည်။

"သူ့အသားက အသားမဟုတ်ဘူး။ဒါက ငါတို့ရဲ့သက်တမ်းကို ပြန်ဖြည့်မပေးနိုင်ဘူး"

"မင်း....မင်းက တကယ်တော့ ဘာလဲ"

အဘိုးအိုးသည် မူလစွမ်းအားများစွာကို သုံးခဲ့ရသဖြင့် သူ၏သက်တမ်းမှာများစွာလျော့နည်းသွားလေပြီ။

ထို့ကြောင့် ကျိယွမ်၏အသားတစ်ပိုင်းကို ယူကာ အနည်းငယ်ဖြည့်တင်းရန်ကြိုးစားခဲ့ချင်ပင်။

ကံဆိုးစွာဖြင့် ကျိယွမ်၏အသားသည် သစ်သားတုံးခြောက်တစ်ခုအလား အရသာမရှိဖြစ်နေ၏။

နတ်ဆိုးများသာမက ကျိယွမ်ကိုယ်တိုင်ပင် အံ့သြသွားသည်။

"ငါ့အသားက အရသာမရှိဘူးလား။ မင်းတို့အတွက်စိတ်မကောင်းစရာပဲ"

သူကဓားကိုမြှောက်ကာ နတ်ဆိုးခြောက်ဦးအား ခနဲ့လိုက်သည်။

"ဒီပုံဆိုရင်တော့ မင်းတို့လိုအဘိုးကြီးတွေ အသက်ရှည်ဖို့ခက်ပြီပဲ၊ငါက နုပျိုပြီးသန်မာနေတုန်းဆိုတော့ မင်းတို့နောက်မှ ငါကသေမှာ"

သူ၏စကားကြောင့် ပြင်ပနတ်ဆိုးများ တုန်လှုပ်သွားသည်။

"ဒီအတိုင်းဆက်သွားနေလို့ မဖြစ်တော့ဘူး။ သာမန်နည်းလမ်းတွေနဲ့ သူ့ကိုတိုက်ခိုက်နေရင် တော်တော်နဲ့သေမှာမဟုတ်ဘူး။ငါတို့မှာလည်းအချိန်သိပ်မကျန်တော့ဘူးဆိုတော့။ သူ့ကိုသတ်ပြီး ငါတို့သက်တမ်းကိုပြန်ဖြည့်ရမယ်။အကုန်လုံးတွေဝေမနေဲ့တော့။ သူ့ကိုသတ်ဖို့ မင်းတို့ရဲ့မူလစွမ်းအားတွေကို အကုန်ထုတ်သုံးကြ"

ပညာရှိအဘိုးအို၏ စကားဆုံးသည်နှင့် သူတို့၏မူစွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။

မူလစွမ်းအားများကို အကြိမ်ကြိမ်အသုံးပြုပြီးနောက် သူတို့သက်တမ်းသည် တိကျွဲ့၏အချိန်တစ်ရက်ခန့်သာ ကျန်တော့သည်။

"အဖိုးကြီးတစ်အုပ် ၊ လာခဲ့ကြစမ်း"

ကျိယွမ်သည် ဒဏ်ရာရနေသော်လည်း မကြောက်မရွံ့ စိန်ခေါ်လိုက်၏။

"သတ်"

ပညာရှိအဘိုးအိုမှလွဲ၍ ကျန်သောနတ်ဆိုး ငါးယောက်သည် ကျိယွမ်အားမူလစွမ်းအားများဖြင့် တစ်ပြိုင်နက်တည်း တအားကုန် တိုက်ခိုက်သည်။

ပြင်းထန်သောတိုက်ချက်ကြောင့် ကျိယွမ်မှာကြီးမားသောဒဏ်ရာအသစ် ၅ ခု ရရှိသွားပြန်သည်။

ဒဏ်ရာများမှ သွေးများဆက်တိုက်စီးကျနေ၏။

သူ၏ဒဏ်ရာများကို ငုံ့ကြည့်ပြီးနောက် ကျိယွမ်၏မျက်လုံးများက ရဲရဲနီသွားသည်။ သူက ကျားနာကြီးတစ်ကောင်လို သွားဖြီးကာ ဟိနိးဟောက်လိုက်သည်။

"အခု၊ ငါ့အလှည့်ပဲကွ"

'သေခြင်းတရာ၏အလင်းရောင်"

"ဖိနှိပ်နိုင်သော စွမ်းအား"

"ကောင်းကင်ပိုင်းဖြတ်ဓားချက်"

ကျိယွမ်သည်အကြီးစားစွမ်းရည်သုံးခုကို တစ်ပြုင်နက်တည်းသုံးကာ ဓားချက်ကိုထုတ်ဖော်လိုက်သည်။

ယခုအခါမှာတော့ သူ၏တိုက်ခိုက်မှုက ပစ်မှတ်တစ်ခုတည်းကိုသာ ဦးတည်နေ၏။ပြင်းထန်သောဓားချက်က အားအနည်းဆုံးအခြေအနေသို့ရောက်နေသော ပညာရှိအဘိုးအိုတစ်ယောက်တည်းပေါ်သို့ ကျရောက်သွားတော့သည်။

"မလုပ်နဲ့..."

ပညာရှိအဘိုးအိုက သူ၏ခန္ဓာကိုယ်အား အဆုံးစွန်ထိမြှင့်တင်လိူက်၏။

သူ၏မူလစွမ်းအားကိုအသုံးပြုလျင် ထိုဓားချက်ကို ရှောင်ရှားနိုင်မည်ကိုသိသော်လည်း

သူသည် ထိုစွမ်းအားကိုအသုံးပြုရန် တွန့်ဆုတ်နေခဲ့သည်။

ယခုအကြိမ်သာ မူလစွမ်းအားကို အသုံးပြုလိုက်ပါက သူသေချာပေါက်သက်တမ်းကုန်ကာ သေဆုံးသွားရမည်မဟုတ်ပါလား။

ထို့ကြောင့် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားပေါ်တွင် မှီခိုအားထားကာခုခံလိုက်၏။

သူသည် ကျိယွမ်ထက် မနိမ့်ကျနိုင်ဟု ထင်ခဲ့သည်။

သို့သော်လည်း..သာမန်နတ်ဘုံအဆင့်စွမ်းအားသည် ကျိယွမ်အားရင်ဆိုင်နိူင်သောအရာမဟုတ်သည်ကိုတော့ သူမေ့နေခဲ့၏။

ရလဒ်ကတော့ ဓားတစ်ချက်တည်းဖြင့် သူသည် ကြွေမွသွားလေတော့သည်။

ကျိယွမ်က သေဆုံးသွားသော နတ်ဆိုးအဘိုးအိုအားကြည့်ကာ မဲ့လိုက်၏။

ကျန်ရှိခဲ့သော ပြင်ပနတ်ဆိုးငါးဦးသည် ကျိယွမ်အားကြည့်ကာ သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့သောအရိပ်အယောင်များပေါ်လာကြသည်။

ကျိယွမ်က ကြေးဝါတံခါးကိုပိတ်ဆို့ထား၏ ။

သူတို့အတွက် အစာအဟာရဖြည့်တင်းရန် နည်းလမ်းမရှိပေ။

သူတို့သည် တူညီသောဘုံမှ လာခဲ့ကြပြီး တူညီသောမူလအမြစ်မှ ဖြစ်ပေါ်လာသဖြင့် တစ်ဦး၏အသားနှင့်သွေးကို အခြားတစ်ဦးကစားသုံးခြင်းသည် သူတို့၏သက်တမ်းကို ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိပါ။

ထိုအချိန်တွင် ဝေးကွာသောကောင်းကင်မှ အားကောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ငါတို့ရဲ့သက်တမ်းကို စတေးပြီး ဒီကောင့်ကို သတ်ပစ်မယ်"

ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ် ဆယ့်နှစ်ခုသည် သူတို့အနီးသို့ ချက်ချင်းရောက်ရှိလာ၏။

တစ်ဦးချင်းစီသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့်အော်ရာများကို ထုတ်လွှတ်နေသည်။

ကျိယွမ်သည် ကြေးဝါတံခါးကို ကျောပေးလျှက် ဒဏ်ရာများကိုလျစ်လျူရှုကာ နတ်ဆိုးများကို တည်ငြိမ်စွာကြည့်လိုက်၏။

"လာခဲ့စမ်း ၊၊ ငါက ငယ်ရွယ်ပြီးသန်မာတယ်၊ မင်းတို့လိုအဘိုးကြီးတွေကို မကြောက်ဘူး"

......................

နွေရာသီကုန်ဆုံးပြီး ဆောင်းဦးရောက်လာ၏။ သေမျိုးကမ္ဘာတွင် နှစ်တစ်ရာ ကုန်ဆုံးသွားခဲ့သည်။

တစ်ချိန်ကဖိန့်ဖိန့်တုန်အောင် နာမည်ကြီးခဲ့သော 'မြို့တစ်ရာမဟာမိတ်အဖွဲ့သည် ဆိုင်းပုတ်ကလေးတစ်ခုပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

အသက်ကြီးသူရင့်များနှင့် စစ်သည်တော်အနည်းငယ်သာ 'မြို့တစ်ရာမဟာမိတ်' ဟူသော အမည်ကိုသိကြ၏။

အချို့ကတော့ မြို့တစ်ရာမဟာမိတ်ဆိုသောနေရာသည် မကောင်းဆိုးဝါးများက လူသားများကို နေစဥ့်စားသုံးနေသည့် လောကငရဲတစ်ခုဖြစ်သည်ဟု ဆိုကြ၏။

မျက်နှာမဲ့ဓားသမားတစ်ဦးသည် မိန်းကလေးငယ်တစ်ဦးကိုဦးဆောင်ကာ သွေးနဂါးဓားကို ကိုင်စွဲလျက် မြို့ပေါင်းတစ်ရာကို တစ်ကိုယ်တော်ဖျက်ဆီးပြီး နတ်ဆိုးအသိုက်အမြုံများကို ချေမှုန်းခဲ့သည်ဟုလည်း ပြောကြပြန်သည်။

အချို့သော လူငယ်များကတော့ ထိုအရာကို မယုံကြည်ကြပါ။

ဒဏ္ဍာရီများအရ 'မြို့တစ်ရာမဟာမိတ်' တွင် အထွတ်အထိပ်ဧကရာဇ်ပေါင်းတစ်ရာနီးပါးရှိခဲ့သည်ဟု ဆို၏။ ထိုသို့ဆိုလျှင် ဧကရာဇ်တစ်ဦးတည်းက မည်သို့ ဖျက်ဆီးနိုင်မည်နည်း။

အခြားသူများကတော့ အလွန်စိတ်လှုပ်ရှားခဲ့ကြပြီး မျက်နှာမဲ့မျက်နှာဖုံးများကို ဝတ်ဆင်ကာ အဖိုးတန်ဓားတစ်ချောင်းကို သယ်ဆောင်ပြီး မိမိကိုယ်ကိုမျက်နှာမဲ့ဓားနတ်ဘုရားဟု ဂုဏ်ယူစွာ ကြွေးကြော်ခဲ့ကြ၏။

ထို့နောက်မှာတော့ လူ့ကမ္ဘာတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး 'မျက်နှာမဲ့ဓားနတ်ဘုရား' အကြောင်းကို သူအများက တဖြည်းဖြည်းမေ့လျော့သွားကြသည်။

ရှေးဟောင်းစီးချောင်းသစ်ပင်ကြီးအနီး၌ ယွဲ့ဟွမ်ဟုအမည်ရသောတိုင်းပြည်တစ်ခုကို မျိုးနွယ်တစ်စုက တဖြည်းဖြည်းထူထောင်ခဲ့ကြသည်။

ဂျူလိုင်ရေကန်ဘေးရှိ သစ်သားအိမ်တစ်လုံးတွင် မျက်နှာဖြူဖျော့နေသော မိန်းကလေးရှိသည်။

"ဆရာ... ဆရာအဆင်ပြေရဲ့လား"

နှစ်တစ်ရာအတွင်း သူမသည် ရင့်ကျက်ခြင်း သို့မဟုတ် ကြီးထွားလာခြင်း မရှိခဲ့ပေ။ သူမသည် ခုနစ်နှစ်အရွယ်သာ ရှိသေးသည်ဟု ထင်ရ၏။

သူမ၏ဆရာဖြစ်သူသည် ပြင်ပနတ်ဆိုးများကို ချေမှုန်းရန် ထွက်ခွာသွားသောအခါ သူမသည် သူ့၏လက်မောင်းတွင် လပုံစံတက်တူးထိုးပေးခဲ့သည်။

ထိုတတ်တူးသည် သာမန်ဟုထင်ရသော်လည်း ထိုတက်တူးမှတစ်ဆင့် ဆရာဖြစ်သူ၏ဒဏ်ရာများကို သူမကအတူတကွခံယူနိုင်၏။

ခံယူနိုင်သော ဒဏ်ရာပမာဏသည် သူမနှင့် ဆရာ၏စွမ်းအားပေါ်တွင် မူတည်သည်။

သူမသည် ဆရာကဲ့သို့ အားကောင်းပါက သဒဏ်ရာများ၏တစ်ဝက်ကို ခံယူနိုင်မည် ဖြစ်သည်။

သို့သော် နှစ်တစ်ရာအထိ ကြိုးစားလေ့ကျင့်သော်လည်း သူမသည်ဒဏ်ရာအနည်းငယ်ကိုသာ ခံယူနိုင်ဆဲဖြစ်သည်။

သို့တိုင်အောင် သူမသည်နေ့စဉ်နှင့်အမျှ နာကျင်မှုကို ခံစားနေခဲ့ရသည်။ထိုနာကျင်မှုသည် တစ်ရက်ကလေးပင် ပျောက်ကွယ်မသွားခဲ့သလို ယခုအချိန်ထိလည်း မပြီးဆုံးသေးပါ။

ဆရာဖြစ်သူသည် မည်မျှအစွမ်းထက်သောရန်သူများကို နှစ်ပေါင်းတစ်ရာတိုင်အောင်နေတိုင်းရင်ဆိုင်နေရသနည်း။

နှစ်ပေါင်းများစွာကြာအထိ နေ့စဥ်နေ့တိုင်းမည်သို့သောဒဏ်ရာများကို ခံစားနေရသနည်း။

ယွဲ့နု၏ သေးငယ်သောခန္ဓာကိုယ်လေးသည် နာကျင်လွန်း၍ အချိန်ပြည့်လိုလိုကွေးညွှတ်နေ၏။

သူမ၏မျက်နှာသည် ဖြူဖျော့နေသော်လည်း ကြိုးစား၍လေ့ကျင့်သည်။

သူမ ပိုမိုအားကောင်းချင်သည်။

ထိုအခါမှသာ ဆရာဖြစ်သူ၏ နာကျင်မှူများလျော့နည်းသွားမည်မဟုတ်ပါလား။

..................

"ဟားဟား၊ အဘိုးကြီးတွေ စိတ်ကူးယဥ်နေကြတုန်းပဲ၊ အသက်ရှင်ချင်နေကြသေးတယ်"

ကြေးဝါရောင်တံခါးရှေ့၌ ကျိယွမ်သည် လှေကားထစ်များပေါ်တွင် ထိုင်နေခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ပကတိရုပ်သွင်ကိုပင် မှတ်မိရန်ခက်နေလေပြီ။

သေချာကြည့်လျှင် သူ၏ခန္ဓာကိုယ်တွင်လည်း တစ်နေရာမှ အကောင်းပကတိမရှိတော့သည်ကို တွေ့ရမည်ဖြစ်သည်။

သူ၏တစ်ကိုယ်လုံးဒဏ်ရာအသစ်နှင့်အဟောင်းများ ထပ်ထပ်ကြမ်းနေ၏။သူ၏မျက်လုံးတစ်ဖက်လည်း မရှိတော့ပါ။

သို့သော်လည်း သူသည်လှောင်ပြုံးတစ်ခုနှင့်အတူလမ်းကိုပိတ်ဆို့ထားဆဲဖြစ်သည်။

"မင်းကိုသတ်မယ်"

တိကျွဲ့အတွင်းပိုင်းမှ နတ်ဆိုးများပြေးထွက်လာကာ ဒေါသတကြီးတိုက်ခိုက်ကြ၏။

"သတ်

ကျိယွမ်သည် စကားလုံးတစ်လုံးတည်းဖြင့် တုံ့ပြန်ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်ရာ ဓားသည် နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

'သေခြင်းတရား၏အလင်းရောင် စွမ်းရည် ကြောင့် သူသည်မရှုံးနိမ့်သော သေမင်းတစ်ပါးကဲ့သို့ ပိုမိုအားကောင်းစွာ တိုက်ခိုက်ခဲ့သည်။

ထိုစွမ်းရည်၏သွေးစုပ်နိုင်သော စွမ်းရည်ကြောင့်သာ သူသည် ဤအချိန်ထိလဲမကျဘဲ ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစွမ်းရည်သာမရှိခဲ့လျှင် သူ့ထက်အဆင့်မြင့်သော နတ်ဆိုးများ၏တိုက်ခိုက်မှုကြောင့်

လွန်ခဲ့သောရက်များကတည်းက သေဆုံးခဲ့ရမည်ပင်။

တိုက်ပွဲဆက်ရက်အတွင်း တိကျွဲ့အတွင်းမှအဆင့်ပိုမြင့်သော နတ်ဆိုးရှစ်ရာကို သူသတ်ဖြတ်ခဲ့၏။

ယနေ့လည်း ကျိယွမ်သည် ပြင်ပနတ်ဆိုး တစ်ရာကျော်ကို တစ်ယောက်တည်းရင်ဆိုင်နေ၏။

ပြင်ပနတ်ဆိုးများကလည်း တွန့်ဆုတ်မနေပါ။၄င်းတို့၏ မူလစွမ်းအားများကို အပြည့်အဝထုတ်ကာ ကျိယွမ်ကိုအငြိုးကြီးစွာတိုက်ခိုက်ကြသည်။

သူတို့သည် ချောင်ပိတ်မိနေလေပြီ။ထိုလူသားကို မသတ်နိုင်လျှင် အားလုံးသေဆုံးရမည်ကိုသိသောကြောင့် သဲကြီးမဲကြီးတိုက်ခိုက်နေသည်။

"သတ်---"

"သေစမ်း...."

တိုက်ခိုက်မှုပေါင်းများစွာက ကျိယွမ်အပေါ်ကျရောက်လာ၏။

သို့သော်သူက နောက်မဆုတ်ခဲ့ပါ။ကြေးဝါတံခါးကို ပိတ်ဆို့လျှက် အသက်ကုန်ရင်ဆိုင်သည်။

ဆက်ရက်အတွင်းတိုက်ခဲ့သော တိုက်ပွဲများမှ အတွေ့အကြုံများက်ု ပြန်လည်အသုံးချ၍ နတ်ဆိုးများကို ရင်ဆိုင်သည်။

ကျိယွမ်၏ခန္ဓာကိုယ်တစ်ခုလုံး ဆိုးရွားစွာ ဒဏ်ရာရနေလေပြီ။

နောက်ထပ်ပြင်းထန်သော ဒဏ်ရာများလည်း ဆက်တိုက်ဖြစ်ပေါ်နေ၏။

သွေးတပွတ်ပွတ်အန်သည်။

အကြိမ်ကြိမ်ပြိုလဲလုနီးပါးဖြစ်၏။

သို့သော် သူသည်ဓားကိုမြဲမြံစွာကိုင်ထားဆဲဖြစ်ပြီး နတ်ဆိုးများကို သတ်ဖြတ်နေဆဲဆဲပင်ရှိသည်။

"ဟားဟား၊ မင်းတို့ ပိုပြီးအားနည်းလာပြီ"

"ငါပထမဆုံးရောက်လာတုန်းက မူလစွမ်းအားတိုက်ခိုက်မှုတိုင်းက ငါ့ပေါ် တည့်တည့်ကျခဲ့တယ်။"

"အခုမင်းတို့ အဲ့ဒီထဲကသုံးပုံတစ်ပုံကို လွဲသွားပြီ"

"ပြောစမ်း...ငါ့ဓားကို မင်းတို့ ရှောင်နိုင်သေးလား"

ကျိယွမ်သည် ကျယ်လောင်စွာ ရယ်မောပြီး သူ၏ဓားကိုခက်ခဲစွာဝှေ့ယမ်းလျှက် ပြင်ပနတ်ဆိုးတစ်ကောင်ကို ခုတ်သတ်လိုက်သည်။

အတွေ့အကြုံရမှတ်အမြောက်အမြားသည် သူ့ထဲသို့ စီးဝင်လာခဲ့၏။

သူသည် အဆင့်တက်ရန်အတွက် ၎င်းကိုမသုံးနိုင်ခဲ့သော်လည်း...နတ်ဆိုးတစ်ကောင်ကို

သတ်လိုက်တိုင်း တစ်ခုခုရရှိသောခံစားချက်သည် စွဲလမ်းစရာကောင်းသည်။

ကောင်းကင်အပေါ်မှ မျက်လုံးအရေအတွက် မှာလည်း တဖြည်းဖြည်းလျော့ကျလာလေပြီ။

"ဘယ်လိုလဲ ၊ မင်းတို့လိုအဘိုးကြီး နှစ်ထောင့်ခုနစ်ရာက ငါ့လိုလူငယ်လေးကို မနိုင်နိုင်ဘူးလား"

ပြင်ပနတ်ဆိုးများသည် ကျိယွမ်ကိုကြည့်ကာ ကြောက်လန့်တုန်လှုပ်နေခဲ့ကြသည်။

ကျိယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အသားစဟူ၍ အကောင်းပကတိတစ်ခုမျှ မကျန်တော့ပါ။

သူ၏အသားများမှာ အကြိမ်ကြိမ်ကုတ်ဖဲ့ခြင်းခံထားရ၏။နတ်ဆိုးများက သက်တမ်းဖြည့်ရန် ကြိုးစားသည့်အနေဖြင့် သူ့အသားကို ဖဲ့ယူစားသောက်သည်။လစ်သည်နှင့် ဝင်ကိုက်၏။အချို့ဆိုလျင် အသေခံကာပင် မိုက်မိုက်ကန်းကန်း အတင်းဝင်လုံးကာ ကျိယွမ်၏အသားကို ကိုက်စားရန်ကြိုးပမ်းကြသည်။

တိုက်ပွဲကြာလာသည်နှင့်အမျှ သူ၏အသားများပဲ့ရွဲ့လာသောကြောင့် ခြေတံရိုးများ၊လက်မောင်းရိုးများအပြင် နံရိုးဖြူဖြူများကိုပင် မြင်နေရ၏။

အသားနှင့်သွေးသည် မူလအမြစ်ဖြစ်သည်။

ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ဒဏ်ရာမျိုးကိုသူတို့ပင် ကြံ့ကြံ့ခံနိုင်စွမ်း မရှိခဲ့ပေ။သို့သော် ကျိယွမ်က ယခုအချိန်ထိလဲမကျသွားသေးပါ။

ပြင်ပနတ်ဆိုးအားလုံးသည် သူတို့၏နှလုံးသားတွင် လေးလံလာကြသည်။

"ဒီလူသားကို ရအောင်သတ်"

.......................

အချိန်များထပ်မံကုန်ဆုံးသွားခဲ့ပြန်သည်။

ဒြပ်စင်ငါးပါး တားမြစ်နယ်မြေတွင် ဖြစ်သည်။

ခေါင်းတလားများ၏ အဖုံးများ တဝုန်းဝုန်းပွင့်ကုန်၏။

ကြောက်မက်ဖွယ်ကောင်းသောပုံရိပ် ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။

ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် အိပ်စက်နေခဲ့သော နတ်ဘုံအဆင့်များနိုးထလာခဲ့လေပြီ။

သူတို့နိုးထလာပြီး မကြာသေးမီပင် ယင်ယန်တားမြစ်နယ်မြေမှ နတ်ဘုံးအဆင့်အားလုံးသည်လည်း ဒြပ်စင်ငါးပါးတားမြစ်နယ်မြေသို့ ရောက်လာခဲ့ကြသည်။

တုန် သည် လူတိုင်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

"နတ်ဆိုးသတ်ပွဲ... စပြီ"

ကောင်းကင်ပေါ်၌ ကောင်းကင်ခွေးနက်ကြီးသည် လကိုစားနေသောမြင်ကွင်းကိုအားလုံးမော့ကြည့်ပြီး တိတ်ဆိတ်နေကြ၏။

ကောင်းကင်ခွေးကလကိုစားခြင်းသည် 'နတ်ဆိုးသတ်ပွဲ' စတင်ချိန်ကို ရောက်ရှိပြီဟုဆိုလိုသည်မဟုတ်ပါလား။

ဤအချိန်တွင် ပြင်ပဆိုးများသည် အကြောင်းတစ်ခုခုကြောင့် အင်အား အနည်းဆုံးအချိန် ဖြစ်သည်။

နှစ်ပေါင်းများစွာစောင့်ခဲ့ရသော ပြင်ပနတ်ဆိုးများနှင့်ရင်ဆိုင်ရန် အကောင်းဆုံးအခွင့်အရေးတစ်ခုမဟုတ်ပါလား။

"အဝတ်အထည်ဌာသခင်က ဘယ်မှာလဲ"

ကျန်းဟွာ၏ မျက်လုံးများက ကျိယွမ်ကိုရှာဖွေနေသည်။

လုံပန်က အေးဆေးစွာ ပြန်ဖြေသည်။

"သူ လူ့ကမ္ဘာမှာ လေ့ကျင့်ဖို့သွားနေတာထင်တယ်"

"နတ်ဆိုးသတ်ပွဲက စတော့မယ်။ သူက ပြန်မလာသေးဘူးလား"

ကျန်းဟွာက ဘဝင်မကျသလိုအမူအရာဖြစ်သွားသည်။အခြားသူများလည်း အမူအရာအမျိုးမျိုး ဖြစ်ကုန်၏။

"ခက်တာပဲ ၊ ငါတို့အားလုံးကို ပြင်ပနတ်ဆိုးတွေက အမှတ်အသားပြုထားပြီးသား။ တားမြစ်နယ်မြေကထွက်ပြီး လူသားကမ္ဘာကိုသွားတာနဲ့ ငါ့တို့ရဲ့အသားနဲ့သွေးတွေကို ငါးမြှားကြိုးနဲ့ တိုက်ခိုက်ခံရလိမ့်မယ်"

"ငါတို့ထွက်သွားလို့မရသလို အပြင်လူတွေကလည်း ဝင်လာလို့မရဘူး။အဝတ်အထည်ဌာနသခင်ကို ဘယ်လိုဆက်သွယ်ကြမလဲ၊ဒီလောက်အကြာထိပြန်မလာတာ တကယ်ပဲ ပြဿနာရှိနေတာလား"

"ဟမ့်၊ သူကြောက်ပြီး တိုက်ပွဲကနေ ထွက်ပြေးနေတာ ဖြစ်မှာပေါ့"

လှောင်ပြောင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

" အခြေအမြစ်မရှိတဲ့ ခန့်မှန်းချက်တွေ မပြောနဲ့"

ကျန်းဟွာက ထိုလူကိုစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

"အဝတ်အထည်ဌာသခင် နောက်ကျနေတာ ဖြစ်နိုင်တယ်။ နောက်တစ်ရက်လောက် စောင့်ကြရအောင်"

"နင်လည်း အခြေအမြစ်မရှိတဲ့ခန့်မှန်းချက်တွေလုပ်နေတာပဲလေ၊သူနောက်ကျတာ ဟုတ်မဟုတ် ဘယ်သူသိမှာလဲ"

"ငါက အကျိုးသင့်အကြောင်းသင့် ပြောနေတာ"

ကျန်းဟွာက အသံပိုင်ရှင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

ထိုလူသည် ကျန်းဟွာကိုကြောက်ရွံ့ပုံရကာ နောက်ထပ်မပြောတော့ချေ။

လူတိုင်း တိတ်ဆိတ်သွားကြပြီး မည်သူကမှ ထိုကိစ္စနှင့်ပတ်သက်၍ ထပ်မံ၍ မှတ်ချက်မပေးတော့ပါ။

သူတို့သည် ထိုနေရာတွင်စောင့်နေခဲ့ကြပြီး နတ်ဆိုးသတ်ပွဲအကြောင်းကို ဆွေးနွေးနေခဲ့ကြသည်။

သို့သော် တစ်ရက်ကြာပြီးနောက်တွင်လည်း အဝတ်အထည်ဌာနသခင်က ရောက်မလာခဲ့ပါ။

လုံပန်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ပြီး ဖြည်းညင်းစွာပြောလိုက်၏။

"နောက်တစ်ရက်လောက် ထပ်စောင့်ကြည့်ရအောင်"

ထိုအချိန်၌ တိကျွဲ့ထဲတွင်....

ကျိယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တစ်နေရာမှ အကောင်းမရှိတော့ပါ။

သူ၏အရိုးများပင် အပြည့်အစုံမရှိတော့ပါ။

မျက်လုံးတစ်ဖက်ထွက်နေရုံသာမက မျက်နှာတစ်ခြမ်းလည်း ပျက်စီးနေလေပြီ။

အကြိမ်ကြိမ်ကုတ်ဖဲ့ခံထားရသဖြင့် ကျိုးပဲ့နေသော နံရိုးများ၊လက်ချောင်းရိုးများက တွဲလောင်းကျနေ၏။

သူ၏ပိန်ကပ်လက်ချောင်းများဖြင့် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပြင်ပနတ်ဆိုးတစ်ကောင်၏ နှလုံးသားကိုထိုးဖောက်လိုက်သည်။

နောက်ဆုံးပြင်နတ်ဆိုးကို သတ်နိုင်ခဲ့လေပြီ။

ကျိယွမ်၏ ပျက်စီးနေသောမျက်နှာတွင်အပြုံးတစ်ပွင့်ပေါ်လာ၏။သို့သော် မျက်လုံးဟောက်ပက်ဖြစ်ကာ အံကပ်များပေါ်နေသောကြောင့် သူ၏အပြုံးက အလောင်းကောင်ကြီး သွားဖြီးပြသလို ဖြစ်နေသည်။

"နောက်ဆုံးတော့ ပြီးသွားပြီလား"

တိုက်ပွဲများစွာအတွင်း သူသည် ဆိုးရွားသောဒဏ်ရာများစွာ ရခဲ့သည်။

သူ၏နှလုံးသားလည်း အလွန်ပင်ပင်ပန်းနွမ်းနယ်နေခဲ့၏။

သို့သော်သူသည် အနားယူချိန်မရဘဲ တရစပ်သတ်ဖြတ်နေခဲ့ရသည်။အကယ်၍ သူအနားယူအိပ်စက်လိုက်ပါက နောက်တစ်ကြိမ်နိုးလာတော့မည် မဟုတ်ကြောင်းကို သူသိနေသောကြောင့်ပင် ဖြစ်သည်။

ကျိယွမ်သည် ကြေးဝါတံခါးကိုမှီကာ အနားယူနေ၏။ရန်သူအားလုံးကို သူသတ်နိုင်ခဲ့သော်လည်း သူ၏စိတ်ဓာတ်ကို ထိန်းထားဆဲဖြစ်ပြီး သူ့စိတ်ဝိဉာဉ်ကို နှိုးဆွနေရ၏။

သူအိပ်ပျော်သွား၍ မဖြစ်ပါ။

"နောက်ဆုံးတော့ ကောင်းကင်ဘုံတာအိုအပိုင်းအစကိုရတော့မယ်"

ကျိယွမ်က ဓားကိုအားပြုကာမတ်မတ်ထိုင်လိုက်၏။အသက်ကိုဖြေညင်းစွာရှုလျှက် တိကျွဲ့တစ်ခွင်သို့ တိတ်ဆိတ်စွာစိုက်ကြည့်နေသည်။

ဂိမ်း၏အစွမ်းထက်ဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ရတော့မည်ကို သူအာရုံခံစားနေမိသည်။

"ငါထင်တယ်၊ဒီဂိမ်းက မပြီးသေးဘူး....."

All Chapters