ဂိမ်းထဲက အသံကိုထပ်ကြားရပြန်ပြီ
Vol. 6 Ch. 82
"မင်းက သာ့ရှန်းရဲ့မင်းသားလား"
ကျိယွမ်သည် ထုံရှီးယန်ကို ကြည့်ကာအတွေးပွားမိ၏။
ထိုလူငယ်သည် အမှန်အကန်ကြီးကို ဇာတ်လိုက်၏ကံကြမ္မာ ရှိနေခဲ့သည်။
သူ၏ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်အဘိုးကြီး ရှိသည်။ စေ့စပ်ထားသူကလည်း စေ့စပ်မှုကို ဖျက်သိမ်းခဲ့သည်၊မိသားစုမှလည်း ထွက်ပြေးလာရ၏။ယခုအခါ သူက တိုင်းပြည်၏မင်းသားတစ်ပါးလည်း ဖြစ်နေပြန်သည်။
ဒါကသေချာပေါက် ရှန်းရှစာစဥ်တွေထဲက ဇာတ်လိုက်တစ်ယောက်ရဲ့ ကံကြမ္မာတွေပဲ မဟုတ်လား။ရှောင်ယန်ထက်တောင် သာလွန်နေလေပြီ။
ကျိယွမ်အတွေးများနေစဥ် ထုံရှီးယန်၏ အသံထွက်ပေါ်လာသည်။
"နဂါးလုပွဲအတွက် ဂိုဏ်းချုပ်ကြီးက ကျွန်တော်ကို ဂိုဏ်းထဲကအခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦးကို ရွေးချယ်ခွင့် ပေးခဲ့ပါတယ်၊ပထမဆုံးတစ်ယက်အနေနဲ့ အစ်ကိုကြီး ကန်းဖူလူကိုခေါ်ထားပါပြီ၊"
"ဒုတိယတစ်ယောက်ကတော့ .....ကျွန်တော့်ကို နဂါးလုပွဲမှာကူညီပေးဖို့ အစ်ကိုကြီးကျိယွမ် တောင်းဆိုချင်ပါတယ်"
"အစ်ကိုကြီးကျိယွမ်သာ ကူညီမယ်ဆိုရင်၊ ကျွန်တော်က သေချာပေါက် ကြီးမားတဲ့ဆုလာဘ်ကိုပေးမှာပါ၊ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ကျောက်စိမ်းအဆင့်ကျင့်စဉ်သုံးမျိုးနဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအတွက် ရတနာသုံးခုကို ပေးပါမယ်"
"တကယ်လို့ အောင်မြင်ခဲ့ရင်တော့ တော်ဝင်ဘဏ္ဍာတိုက်ကို ဖွင့်ပေးပြီး လိုချင်သမျှကို ရွေးချယ်ခွင့် ပြုပါ့မယ်"
ထုန်ရှီးယန်က ရိုးသားစွာပြောခဲ့ခြင်းပင်။
၎င်းသည် သူလက်ရှိပေးနိုင်သောအဖိုးအထိုက်ဆုံးအရာများ ဖြစ်သည်။သူ့တွင်ရှိသမျှ အရာအားလုံး ဖြစ်လေ၏။
သို့သော်ကျိယွမ်က ထိုကိစ္စအပေါ် ထူးထူးခြားခြားစိတ်ဝင်စားခြင်းမရှိခဲ့ပါ။
"နဂါးလုပွဲအတွက်ဆို သာ့ရှန်းရဲ့မြို့တော်အထိသွားရမှာ။ လမ်းက ဝေးလွန်းတယ်။ ငါမသွားချင်ဘူး ။ ငါက အိမ်မှာ အေးအေးဆေးဆေး နေရတာကိုပဲ သဘောကျတယ်"
မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးရန် သွားခဲ့စဉ်ကပင် ချီယွမ်သည်ညတွင်းချင်းအိမ်သို့ အရောက်ပြန်လာခဲ့သည်။
သူက အပြင်ဘက်တွင်ဟိုဟိုဒီဒီ သွားလာရခြင်းကို မနှစ်သက်၊ အထူးသဖြင့် ညအိပ်ညနေ နေရခြင်းကိုပို၍မနှစ်သက်ပါ။
ထုံရှီးယန်ကတော့ ထိုအကြောင်းပြချက်ကိုကြားသောအခါ ကြောင်အ သွားခဲ့သည်။ထိုအရာကြောင့်ငြင်းသည်ကို ယုံကြည်ရခက်နေပုံပေါ်၏။
"တခြားကိစ္စ မရှိဘူးဆိုရင်၊ ငါ ကျင့်ကြံဖို့ပြန်ဝင်တော့မယ်"
ကျိယွမ်က ဇာတ်လိုက်၏ကံကြမ္မာရှိသူတစ်ဦးနှင့် အလွန်အကျွံမရင်းနှီးသည်ကသာအကောင်းဆုံးဟု ယူဆထားသည်။
သူကသာ ဇာတ်လိုက်ကိုအကူအညီပေးသူ ဖြစ်လာမည်ဆိုလျှင် တစ်နေ့တွင် ဇာတ်လမ်း၏ဖန်တီးမှုအရ သူကသေချာပေါက်အသတ်ခံရမည်ဖြစ်သည်။ထိုအခါမှ ဇာတ်လိုက်ကပို၍နာကျည်းကာ အစွမ်းကုန်ကြိုးစားကျင့်ကြံလိမ့်မည်။
ထိုသို့သော ဇာတ်လမ်းများစွာကို သူက အလွန်ရင်းနှီးပြီးသားပင်။
"အစ်ကိုကြီး ကျိယွမ်၊ ကျွန်တောိအနေနဲ့ ပိုကောင်းအခြေအနေတွေကိုတောင် ကမ်းလှမ်းဖို့ ဆန္ဒရှိပါတယ်။ အစိကိုကြီးကျေနပ်မှုမရှိသေးရင် ထပ်ပြီးဆွေးနွေးနိုင်ပါတယ်"
ထုံရှီးယန်က လျှင်မြန်စွာညှိနှိုင်းလိုက်သည်။
"အလွန်ဝေးတယ်၊၊ငါမသွားချင်ဘူး"
ကျိယွမ်က ပြတ်ပြတ်သားသားပင် ငြင်းပယ်ပြီး သူ၏အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။
သစ်သားအိမ်အပြင်ဘက်တွင် ထုံရှီးယန်၏ မျက်နှာသည် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဆရာ၊ ကျွန်တော့်ရဲ့ကမ်းလှမ်းမှုတွေက မလုံလောက်ဘူးလား"
ဆရာဖြစ်သူကို အလွန်အားငယ်စွာ မေးမိသည်။
"မင်းရဲ့ကမ်းလှမ်းမှုကြောင့် မဟုတ်နိုင်ဘူး။ ကျိယွမ်ပြောတာ အမှန်ဖြစ်နိုင်တယ်။ သူက အဝေးကို မသွားချင်တာ အမှန်ပဲ"
ရှေးဟောင်းဝိညာဥ်က မတတ်သာစွာဖြေလိုက်သည်။
"ဥပါဒါန်သွေးမျိုးဆက်တွေက ထူးဆန်းတဲ့ အလေ့အကျင့်တွေ ရှိတတ်တယ်ဆိုတာ အမှန်ပဲကိုး၊သူက အိမ်မှာနေရတာကိုလည်း ဥပါဒါန်ဖြစ်နေပုံရတယ်"
"အင်း"
ထုံရှီးယန်က သူ၏လက်သီးများကို တင်းကျပ်စွာဆုပ်ထားပြီး စဥ်းစားနေလေ၏။
သူသည် နဂါးလုပွဲတွင် ပါဝင်ရန် ပြင်ဆင်နေကြောင်းကို မိခင်ထံအကြောင်းကြားထားခဲ့ပြီးဖြစ်သည်။
သူ့မိခင်သည် သာမန်မိသားစုမှ မွေးဖွားလာသူဖြစ်သောကြောင့် သူ့အားကြီးမားစွာမထောက်ပံ့ပေးနိုင်ပါ။ မိသားစုတွင် အဆင့်မြင့်သူဆို၍ သူ၏ဦးလေးတစ်ယောက်သာ အခြေတည်အဆင့်ရှိသည်။
ထိုဦးလေးက တွေဝေမနေဘဲ သူအနှစ်နှစ်အလလသိမ်းဆည်းထားသော အခြေခံတည်ဆောက်ခြင်းအတွက် ရတနာနှစ်ခုလုံးကို သူ့အားပေးခဲ့၏။
သူ၏မိခင်ကလည်း ဧကရာဇ်ကဆုချထားခဲ့သည့် ဝိညာဉ်ဆေးလုံးများနှင့်ဘဏ္ဍာများစွာကို သူ့အားပေးခဲ့သည်။
ထို့ကြောင့် သူသည် ကန်းဖူလူကို စည်းရုံးနိုင်ခဲ့ခြင်းပင်။
သို့သော်လည်း မလုံလောက်သေးပါ။ သူသာ ကျိယွမ်ကို စည်းရုံးနိုင်ခြင်းမရှိလျှင် နဂါးလုပွဲတွင် သူ၏အခွင့်အရေးက အလွန်နည်းသွားလိမ့်မည်။
သူသည် မိခင်ဖြစ်သူနှင့် ဦးလေးကို စိတ်မပျက်စေချင်ပါ။
ထုံရှီးယန် သစ်သားအိမ်အပြင်ဘက်တွင် ရပ်လျက် ဆီးနှင်းထဲတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
အချိန်အနည်းငယ် ကြာသောအခါ ထုံရှီးယန်န်း၏ ဆက်သွယ်ရေးကျောက်စိမ်းပြားက ရုတ်တရက်တုန်ခါသွား၏။
ကန်းဖူလူထံမှ သတင်းစကား ဖြစ်သည်။
သူသည် သတင်းကိုဖတ်ပြီးသောအခါ ကြောင်ငေးစွာဖြင့် ကျောက်စိမ်းပြားကို စိူက်ကြည့်နေမိသည်။
"ဆရာ၊ အစ်ကိုကြီးကန်းဖူလူက ကျွန်တော့်ကို ဘာပြောလဲသိလား"
"ဘာတဲ့လဲ"
"အစ်ကိုကြီးကန်းဖူလူက ရုန်မြို့မှာ လျှို့ဝှက်နယ်မြေပေါ်လာတဲ့အတွက် နဂါးဖမ်းပွဲ ကျင်းပမဲ့နေရာကို ရုန်မြို့ကို ပြောင်းလဲလိုက်ပြီတဲ့"
"ဟေ"
ရုန်မြို့သည် ကျိစယ်တောင်ထိပ်နှင့်အလွန်နီးသည်။ ချီသန့်စင်ခြင်းကျင့်ကြံသူတစ်ဦးပင်လျှင် တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း ရောက်နိုင်၏။
အစ်ကိုကြီးကျိယွမ်က ခရီးဝေးသောကြောင့်ငြင်းခဲ့ခြင်းပင်။
ယခုမူ နဂါးလုပွဲကျင်းပမည့်နေရာသည် ရုန်မြို့သို့ ပြောင်းလဲသွားခဲ့သည်။
"ဒါက ကံကြမ္မာကငါ့ကိုကူညီနေတာလား"ဟု ထုံရှီးယန် အလွန်စိတ်လှုပ်ရှားစွာ တွေးမိလေ၏။
"အစ်ကိုကြီးကျိယွမ်၊ကျေးဇူးပြုပြီး ထုံရှီးယန်က တွေ့ဆုံခွင့်တောင်းပါတယ်"
သူ၏အော်သံကြောင့် ကျိယွမ်သည်မတတ်သာဘဲ အိမ်ထဲမှထွက်လာခဲ့သည်။
"မင်းခုထိ မပြန်ရသေးတာလား"
"အစ်ကိုကြီး ကျိယွမ်၊ နဂါးလုပွဲ ကျင်းပမဲ့နေရာကို ရုန်မြို့သို့ ပြောင်းလဲလိုက်ပြီ"
ကျိယွမ် အလွန်အံ့သြသွား၏။
"ရုန်မြို့လား"
ရုန်မြို့သည် ကျိစယ်တောင်နှင့်အလွန်နီးသောနေရာ မဟုတ်ပါလား။
အဘယ်ကြောင့် ရုတ်တရက် ရုန်မြို့သို့ ပြောင်းလဲသွားခဲ့ရလေသနည်း။
"လုံးဝ အမှန်ပါပဲ။အစ်ကိုကြီး ကန်းဖူလူကိုယ်တိုင် ပြောခဲ့တာပါ"
ထုံရှီးယန်က သူ၏အေးစက်နေလက်များကို ဆုပ်လျှက်ဦးညွှတ်ကာ တောင်းဆိုလိုက်သည်။
"အခု၊အစ်ကိုကြီး ကျိယွမ်ကို နဂါးလုပွဲမှာကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ"
ကျိယွမ်ကတော့ ယခုထိပါးစပ်ပြဲနေဆဲပင်ရှိလေ၏။
ဒါက ဇာတ်လိုက်ရဲ့ကံကြမ္မာလား။
ကောင်းကင်ကပင် သူ၏ပြဿနာများကို ဖြေရှင်းရန် ကူညီနေခဲ့သည်။
ထိုသူက စဥ်းစားဉာဏ်မရှိသူဖြစ်နေလျှင်တောင် ကောင်းကင်ကပင် အားလုံးကိုဆောင်ရွက်ပေးသွားမလား မသိနိုင်ပေ။
ကောင်းကင်ကတောင် ဒီကောင့်ကိုကူညီနေတယ်ဆိုတော့ ငါက မတန်တဆမြင့်မားတဲ့အရာတွေကို တောင်းဆိုရင်ရလောက်မလား။သူ့မှာမရှိတောင် ကောင်ကင်းကပေးချင်ပေးနေမှာ။
ကျိယွမ်က ခက်ခဲနေသောအမူအယာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အင်း..ငါကမင်းကိုကူညီလို့ကရပါတယ်၊ဒါပေမဲ့ ငါ့မှာအခြေအနေတချို့တော့ ရှိနေတာ"
ထုံရှီးယန် ပျော်ရွှင်သွားခဲ့သည်။
"အစ်ကိုကြီး၊ ကျေးဇူးပြုပြီး လွတ်လပ်စွာ ပြောပါ"
"ငါ ယင်နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်တဲ့ရတနာလေးတစ်ခုလောက်တော့ လိုချင်တယ်"
"ခင်ဗျာ..."
ထုံရှယန်း၏ ပျော်ရွှင်နေသောမျက်နှာမှာ မသိမသာရှုံ့မဲ့သွားသည်။
အစ်ကိုကြီး ချီယွမ်၊ကျွန်တော်ကို စနောက်နေတာများလား"
"ဒါဆိုရင် ငါ ကောင်းကင်ဘုံကိုအောင်မြင်စွာ တက်ရောက်ချင်တယ်"
ထုံရှီးယန်မှာ ပြောစရာစကားမရှိရှာပါ။
အစ်ကိုကြီးရယ် ကျွန်တော့်မှာသာ အဲဒီအရာတွေရှိနေရင် ခင်ဗျားကိုအကူအညီတောင်းနေတော့မလား။
"ဒါလည်း အဆင်မပြေဘူးလား"
ကျိယွမ် မတတ်သာသလို သက်ပြင်းချလိုက်၏။
"ငါတောင်းဆိုတာတွေက နည်းနည်းများသွားတယ်ထင်တယ်၊ဒါဆိုရင်လည်း ကောင်းကင်ပေါ်က နေကိုပေးပါ။ ငါ့ရဲ့ အမြုတေအဖြစ် သန့်စင်ချင်တယ်"
ထုံရှီးယန်မှာ ဝမ်းနည်းပက်လက်အော်ဟစ်ငိုပစ်ချင်သော်လည်း မငိုနိုင်ရှာပါ။
"ဒါကလည်း အဆင်မပြေဘူးလား"
ကျိယွမ်သည် တော်တော်လေးကိုစိတ်ပျက်သွားလေ၏။ကောင်းကင်ဘုံက ဇာတ်လိုက်ကိုကူညီသော်လည်း သူ့ကိုတော့သဒ္ဓါတရားရှိဟန်မတူပေ။
"ကောင်းပြီလေ ...ဒါဆိုရင်လည်း ငါ့ရဲ့ ဝိညာဉ်ကိုအားကောင်းစေတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုကို ပေးပါ"
ထိုအရာသည် အနိမ့်ဆုံးတောင်းဆိုချက် ဖြစ်လေသည်။
ထုံရှီးယန်မှာ မငိုချင်တော့သော်လည်း ဝမ်းမသာနိုင်သေးပါ။
ယခုတောင်းဆိုမှုက အရင်တောင်းဆိုမှုများထက် များစွာနိမ့်ကျသော်လည်း သူလက်လှမ်းမမှီအောင် မြင့်မားနေသည် မဟုတ်ပါလား။
ဝိညာဉ်ကိုအားကောင်းစေတဲ့ လျှို့ဝှက်နည်းစနစ်လား။
ထိုသို့သော လျှို့ဝှက်နည်းစနစ်သည် သာ့ရှန်းတိုင်းပြည်ကြီးတွင်ပင် အလွန်ရှားပါးလေသည်။
ဝိညာဉ်ကိူသန်မာအောင်လုပ်ခြင်းသည် မည်မျှအရေးကြီးသနည်း။
။
စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းလိုပါက၊ ဒုက္ခသုံးခုကို ကျော်ဖြတ်ရမည်။
ထို ဒုက္ခသုံးခုစလုံးသည် ဝိညာဉ်ကို တိုက်ခိုက်ခြင်းများ ဖြစ်၏။
ထို့ကြောင့် စိတ်တ်ဝိညာဉ်အဆင့်ကျင့်ကြံသူ မည်သူမဆို ခရမ်းရောင်နန်းတော်အဆင့်သို့ ချိုးဖြတ်လိုပါက၊ပထမအနေနှင့် သူတို့၏ ဝိညာဉ်ကို အားကောင်းစေရမည် ဖြစ်သည်။ မဟုတ်ပါက၊ သူတို့၏ ကျင့်စဉ်နှင့် ချီစွမ်းအားမည်မျှပင် အားကောင်းသည်ဖြစ်စေ၊ ဒုက္ခသုံးခုကို မကျော်လွှားနိုင်ဘဲ သေဆုံးသွားလိမ့်မည်။
ထို့ကြောင့် ဝိညာဉ်ကိုသန်မာအားကောင်းစေသည့်ကျင့်စဉ်များသည် အလွန်ရှားပါးခဲ့သည်။ ရှိခဲ့လျှင်ပင် ဝိညာဉ်အဆင့်အထွတ်အထိပ်အချို့၏ လက်ထဲတွင်သာ ရှိမည်ဖြစ်သည်။
ထုံရှီးယန်၏အနေအထားနှင့် ထိုကျင့်စဥ်မျိုး မည်သို့ရှိမည်နည်း။
ဝိညာဉ်ကို အားကောင်းစေသည့် ကျင့်စဉ်မဆိုထားနှင့် သူ့တွင်ရွှမ်အဆင့်ကျင့်စဉ်ပင် မရှိပါ။
"အစ်ကိုကြီးကျိယွမ်..."
ထုံရှီယန်ကမျက်နှာငယ်လေးဖြင့် တစ်ခုခု ပြောတော့မည်ရှိစဉ် ရှေးဟောင်းဝိညာဥ်က အသံ ပို့လွှတ်လိုက်သည်။
"သူ့ကို ကတိပေးလိုက်ပါ။ ငါ့မှာ ဝိညာဉ်ကို အားကောင်းစေတဲ့ ကျင့်စဉ်တစ်ခု ရှိတယ်"
ထုံရှိးယန်သည် အလွန်အံ့အားသင့်သွားပြီးနောက် များစွာစိတ်လှုပ်ရှားသွားခဲ့သည်။
"ဆရာ...ကျွန်တော်."
ထို့နောက်သူက ကျိယွမ်အားကတိပေးလိုက်၏။
"အစ်ကိုကြီး၊ ကျွန်တော် သဘောတူပါတယ်"
ကျိယွမ်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ထုံရှီယန်းတွင် ထိုကျင့်စဥ်မျိုးရှိနေမည်ဟု သူမမျှော့်လင့်ခဲ့ပါ။
ကောင်းကင်ကဇာတ်လိုက်ကို အမှန်ပင်အကူအညီပေးနေပုံရ၏။ထုံရှီးယန်အား ထိုကျင့်စဥ်ကို ရရန်တနည်းနည်းဖြင့် စီမံပေးလိုက်ပုံပင်။
ကျိယွမ်က ခေတ္တစဥ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"မင်း ကျင့်စဉ်ကို ထုတ်ပေးနိုင်ရင် ငါမင်းကို ကူညီမယ်"
ဝိညာဉ်ကိုအားကောင်းစေသည့် ကျင့်စဉ်သည် အမှန်ပင်အသုံးဝင်၏။
ဒုတိယဂိမ်းကို သော့ဖွင့်ရန်သူ၏ဝိညာဉ်က အားကောင်းနေရန် လိုအပ်သည်မဟုတ်ပါလား။
"အစ်ကိုကြီးကျိယွမ် ၊ကျေးဇူးပြုပြီး နှစ်ရက် လောက်စောင့်ပေးပါ၊ကျွန်တော် ကျင့်စဉ်ကို ပို့ပေးပါမယ်"
"ကောင်းပြီလေ"
...............
နှစ်ရက်ကြာပြီးနောက်....
ထုံရှီးယန်သူ၏ကတိအတိုင်းသည် ကျင့်စဉ် ကျောက်စိမ်းပြားကို ကျိယွမ်အား လာပေးခဲ့သည်။
"အစ်ကိုကြီး ကျိယွမ်၊ ဒါက ဝိညာဉ်သန်မာစေတဲ့ လျှို့ဝှက်နည်းစနစ်ပါ။
ဒါပေမဲ့ အစ်ကိုကြီး သတိထားဖို့တော့ လိုအပ်တယ်၊ဒီကျင့်စဉ်ကို အလွန်အကျွံကျင့်ကြံလို့မရပါဘူး၊ဒီနည်းစနစ်ကိုကျင့်ရင် ဝိညာဥ်ကိုဆုတ်ဖြဲနေသလို အလွန်နာကျင်ပါလိမ့်မယ်၊ဒါကြောင့် အလွန်အကျူးကျင့်ကြံမိရင် ဝိညာဥ်က်ုထိခိုက်သွားနိုင်ပါတယ်"
ထုံရှီးယန်က စိတ်ရင်းဖြင့် အလေးအနက်သတိပေး၏။
ကျိယွမ်သည် ကျောက်စိမ်းပြားကို ယူရင်းမှ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ငါသေချာမှတ်ထားပါ့မယ်"
သူ၏သစ်သားအိမ်သို့ ပြန်ရောက်သည့်နှငိ့သူ၏နတ်ဘုရားအာရုံကို ကျောက်စိမ်းပြားထဲသို့ပို့လွှတ်ကာ စစ်ဆေးလိုက်၏။
"အကြိမ်တစ်ရာဝိညာဥ်သန့်စင်နည်းစနစ်ဆိုပါလား"
[၎င်းသည် ဝိညာဉ်အားကောင်းစေသည့် သာမန် ကျင့်စဉ်တစ်ခု ဖြစ်ပြီး ချို့ယွင်းချက် ၂၅၀ ပါရှိသည်။ ပြုပြင်မွမ်းမံပြီးနောက်၊ ကျင့်ကြံမှုအကျိုးသက်ရောက်မှုသည် သုံးဆတိုးလာမည်ဖြစ်သော်လည်း နာကျင်မှုလည်းသုံးဆတိုးလာမည်။]
ဤနည်းစနစ်သည် ၎င်း၏အမည်အတိုင်းပင် ဝိညာဉ်ကိုသံတူဖြင့်သန့်စင်ပြီး၊ ဓားတစ်ချောင်းကို ပုံသွင်းသကဲ့သို့ အခြားသော ဝိညာဉ်များကို အဆက်မပြတ် ရိုက်နှက်ခြင်းများပါဝင်နေသည်။
မိမိ၏ကိုယ်ပိုင်ဝိညာဉ်ကို ရိုက်နှက်ခြင်းသည် အလွန်နာကျင်မှာသေချာ၏။
ကျိယွမ်သည် ခဏမျှ စဉ်းစားပြီးနောက်၊ သစ်သား ထိုင်ခုံပေါ်တွင် ထိုင်ပြီးနည်းစနစ်ကို ပြန်လည်ပြုပြင်တော့သည်။
နည်းစနစ်သည် အမှန်တကယ်ပင် ခက်ခဲလှသည်။ သူ၏မျက်လုံးများက ပေးသော အကြံပြုချက်များနှင့်ပင်၊ သူသည် ပြုပြင်မွမ်းမံမှုများကို အပြီးသတ်ရန် ဆယ်ရက် တိတိအချိန်ယူခဲ့ရသည်။
"နောက်ဆုံးတော့၊ ငါ့ဝိညာဥ်ကို ကျင့်လို့ရပြီ၊ အရမ်းနာကျင်မှာ မဟုတ်ဘူးလို့တော့ မျှော်လင့်ထတာပဲ၊ငါက နာမှာတော်တော်ကြောက်တယ်၊အသားဆေးထိုးရင်တောင် မကြည့်ရဲဘူး"
ထို့နောက် ကျိယွမ်သည် အိပ်ယာပေါ်၌ တည့်မတ်စွာထိုင်၏။ပြီးလျှင် သူပြုပြင်ထားသော "အကြိမ်တစ်ရာဝိညာဥ်သန့်စင်နည်းစနစ်"ကိုစတင်လေ့ကျင့်တော့သည်။
ဧရာမသံတူကြီးတစ်ခုပေါ်လာပြီး သူ၏ ဝိညာဉ်ကို အဆက်မပြတ်ထုနှက်၏။
ကျိယွမ်က အံကြိတ်ကာတင်းခံမည်ဟုအားတင်းထားသည်။သူက အလွယ်တကူနှင့် အရှုံးပေးတတ်သူမဟုတ်ပါ။
"ဟင်၊ မနာဘူးလား"
သို့သော် သူထင်သလိုဖြစ်မလာပါ။
ဝိညာဉ်ကို အဆက်မပြတ်ထုနှက်ခြင်းသည် အလွန်နာကျင်မည်ဟုထင်ခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ၊ သူသည် မည်သို့မှမခံစားရဘဲ၊ Whac-A-Mole ကစားရသကဲ့သို့ အတော်လေး ပျော်စရာပင်ကောင်းနေ၏။
(Whac-A-Mole ကစားနည်း= အရုပ်များကိုတူဖြင့် မိအောင်ထုသော ကလေးကစားနည်း)
ဤသို့ဖြင့် သူ၏ဝိညာဉ်သည် ပို၍အားကောင်းလာနေသည်။
အချိန်အတော်ကြာသောအခါ အနည်းငယ်ရင်းနှီးသော အသံတစ်ခုသည် ရုတ်တရက် သူ၏ နားထဲသို့ တစ်ဖန် ဝင်ရောက်လာခဲ့သည်။
"ဒီကမ္ဘာမှာ ငါနဲ့ သွေးသားတော်စပ်တဲ့ နောက်ဆုံးလူကို ငါသတ်လိုက်ပြီ။ သူမက အရင်တိုက်ခိုက်ခဲ့ပေမယ့်... ဟဲဟဲ၊ ငါက နတ်ဆိုးမလေး မဟုတ်လား"
ထိအသံသည် နင်းထောင်၏အသံဖြစ်သည်ကို ကျိယွမ်မှတ်မိနေသည်။
သို့သော် အဘယ်ကြောင့် သူမ၏ အသံသည် အလွန်အေးစက်နေပြီး ချစ်စရာမကောင်းတော့လေသနည်း။
ကျိယွမ်သည် ခဏမျှ စဉ်းစားပြီးနောက် မနေနိုင်ဘဲ ဝေဖန်လိုက်မိ၏။
"သတ်လိုက်တော့ ဘာဖြစ်လဲ။နင့်ရဲ့ ဇာတ်ကောင် ပုံစံက လူဆိုးမပဲဖြစ်မယ်၊ လူဆိုးမတစ်ယောက်က လူသတ်တာ ပုံမှန် မဟုတ်ဘူးလား"
ကျိယွမ် ထိုသို့ပြောလိုက်သော်လည်း အချိန်အနည်းငယ်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုကိုမှ မကြားရတော့ပေ။
"ငါ့ဘာသာဝိညာဥ်ကျင့်နေတာပဲ ကောင်းတယ်"
ထိုနောက် သူ၏ဝိညာဥ်ကို ကြီးမားသောတူကြီးဖြင့် အကြိမ်ပေါင်းများစွာ ထုနှက်နေတော့သည်။
....................
စီးဆင်းလေနယ်မြေတွင် ဖြစ်သည်။
မိန်းကလေးသည် ယခုအခါ ဆယ်ကျော်သက်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူမ၏မျက်နှာကို အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသော်လည်း လွတ်နေသောမျက်နှာတစ်ဝက်ကပင် သူမ၏အလှကို ဖော်ပြနေ၏။ သူမသည် အနက်ရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး၊ သူမ၏လက်ထဲတွင် သေမင်းတံစဉ်ကိုကိုင်ဆောင်ထားခဲ့သည်။
ယခုအချိန်မှာတော့ တံစဉ်မှသွေးများက တစ်စက်စက်ကျနေသည်။
သူမသည် မြေပြင်ပေါ်ရှိ အလောင်းများကို ခံစားချက်မဲ့စွာကြည့်ပြီး ခံစားချက်မဲ့စွာရေရွတ်လိုက်သည်။
ရုတ်တရက် ရင်းနှီးဖူးသော အသံတစ်ခုသည် သူမ၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ပထမ၌ နင်းထောင်၏မျက်လုံးများက တွေဝေနေသလိုစူးနစ်နေပြီးမှ အံ့သြမှုစွာ ပြူးကျယ်သွားသည်။
"ဦးလေး၊ ဦးလေး ဒီမှာလား"
သို့သော် ကံမကောင်းစွာဖြင့် မည်သူကမှ သူမကို ပြန်မဖြေခဲ့ပါ။
သူမသည် ထိုနေရာတွင်ရပ်လျက် ငေးငိုင်နေ၏။သူမသည် အနည်းငယ် အထီးကျန်သလို ခံစားမိလာသည်။
"ဦးလေး။ ဦးလေး ထွက်သွားပြီလား"
နင်းထောင်ထပ်မံ အော်ဟစ်ကြည့်သော်လည်း အဖြေမရခဲ့ပါ။
သူမသည် ထိုနေရာမှ မထွက်ခွာဘဲ နှစ်နာရီကြာအထိ ရပ်နေခဲ့သည်။
သူမသည် တစ်ခုခုကိုစောင့်ဆိုင်းနေဟန် ရှိသည်။
သူမက နွဲ့နှောင်း၍ပိန်ပါး၏။အထီးကျန်ဆန်သလို ထင်ရသော်လည်း သွေးစက်များစွန်းထင်းနေသော အလှတရားတစ်ခုအလား တိတ်ဆိတ်စွာစောင့်ဆိုင်းနေလေသည်။
သို့သော် သူမကံမကောင်းခဲ့ပါ။စောင့်ဆိုင်းနေသည့်အရာကမလာဘဲ ရန်သူများသာ ရောက်လာခဲ့သည်မဟုတ်ပါလား။
"နတ်ဆိုးမက ဒီမှာရှိနေသေးတာကိုး၊ အမြန်သတ်ကြမယ်"
"အဲဒါ နတ်ဆိုးမပဲ"
လူတစ်စုသည် သူမဆီသို့ လျှင်မြန်စွာ ပြေးလာကြသည်။
နင်းထောင်၏ အေးစက်သောမျက်ဝန်းနက်များက ချိုမြိန်သောအပြုံးတစ်ခုကို လက်ခနဲ ပြသခဲ့သည်။
"ဦးလေး၊ ဦးလေးကလည်း ကျွန်မကို ထောက်ခံတယ် ထင်တယ်။ ကျွန်မက နတ်ဆိုးမပဲ၊ ဒါကြောင့် သူတို့အားလုံးကို သတ်ပြီး ကမ္ဘာကြီးကို ဇောက်ထိုးလှန်ပစ်မယ်"
သူမက သူမ၏လက်ဆွဲတော် သေမင်းတံစဉ်ကို မြှောက်လိုက်၏။
ဝင်လုဆဲဆဲနေရောင်အောက်တွင် အနက်ရောင်ဝတ်စုံပေါ်၌ နီးဆွေးသောသွေးများပေနေသည့်သူမ၏နွဲ့နှောင်းသောပုံသဏ္ဍာန်သည် သေခြင်းတရား၏နှင်းဆီပန်းကဲ့သို့ ရှိသည်။
ထို့နောက် အော်ဟစ်သံများ၊နာကျည်းသံများနှင့် ကြောက်လန့်တကြားညည်းညူသံများပေါ်ထွက်လာပြီးနောက် ပြန်လည်တိတ်ဆိတ်သွားသည်။
တိုက်ပွဲက ပြီးဆုံးသွားလေပြီ။
"ဦးလေး၊ ကျွန်မ သွားရတော့မယ်။နောက်ထပ်ရန်သူလှိုင်းတစ်ခု ထပ်ရောက်လာရင်၊ ဦးလေးရဲ့ ချစ်စရာ ဇနီးလေး ဒီမှာ သေသွားလိမ့်မယ်၊ ဟင်းဟင်း"
သူမသည် "ဟင်းဟင်း "ဟုသောရယ်သံလေးကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ခဲ့သည်။
..........
ကျိစယ်တောင်ထွတ်တွင်--
"မဆိုးပါဘူး၊ ငါ့ရဲ့ ဝိညာဉ်က အတော်လေး သန်မာလာပြီ၊ ဂိမ်းအိုင်ကွန်နဲ့လည်း နည်းနည်း ပိုနီးစပ်လာပြီ"
သို့သော်လည်း တော်တော်လေးတော့ ဝေးနေသေးသည်။ ယခုနှုန်းအတိုင်းဆိုလျှင် ဂိမ်းထဲသို့ ဝင်ရောက်ရန် သုံးလခန့် အချိန်ယူရမည်ဟု ကျိယွမ်ခံစားခဲ့ရသည်။
"အရမ်းနှေးတာပဲ၊ပျင်းစရာ ကောင်းလိုက်တာ"
ကျိယွမ်သည် အညောင်းဆန့်ပြီးနောက် နေပူစာလှုံရန် အခန်းထဲမှ ထွက်လာခဲ့သည်။
ဆီးနှင်းများ အရည်ပျော်နေသည့် ရက်များသည် ပုံမှန်ထက်ပင် ပို၍အေးနေတတ်သည်မှာ သဘာဝပင်။
ကျိစယ်တောင်ထွတ်ဖျားတွင်ရှိသော နန်းတော်များနှင့် ပြာဿဒ်များသည် ငွေရောင်ဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။သို့သော် နန်းတော်အောက်ရှိ ဆီးနှင်းအများစုကတော့ အရည်ပျော်သွားခဲ့လေပြီ။
"ဆရာ၊ ကျွန်တော်နဲ့အတူနေပူစာလှုံဖို့ ဆင်းမလာချင်ဘူးလား"
ကျိယွမ်သည် တောင်ထွတ်ဖျားသို့ အော်ခေါ်လိုက်၏။ မည်သည့် တုံ့ပြန်မှုမှမရှိခဲ့ပါ။
"ငါအမြုတေအဆင့်ကိုရောက်မှပဲ ဆရာကို တွေ့ဖို့ တောင်ထိပ်ကိုသွားနိုင်မှာ"
"ဒါပေမဲ့ အမြုတေအဆင့်ကအရမ်းခက်ခဲတာကို"
ကျိယွမ်သည် အလွန်မသက်မသာ ခံစားရသည်။ အမြုတေအဆင့်သည် အမှန်တကယ်ခက်ခဲ့လေ၏။လက်ရှိတွင် သူ၏အခြေတည်အဆင့် နည်းစနစ်များကပင် ပြည်စုံမှုမရှိသေးပါ။
ယခုအချိန်သူသည် အခြေတည်အဆင့် အစောပိုင်းအဆင့်တွင်သာရှိသေးသည်၊အမြုတေအဆင့်နှင့် လှမ်းမျှော်ကြည့်လျှင်ပင် ရေးရေးမျှမမြင်နိုင်အောင်ဝေးကွာနေသည်။
ထိုအချိန်တွင် ကျန်းလင်းစု၏ အနည်းငယ် အားနည်းနေသော အသံလေး ထွက်ပေါ်လာခဲ့သည်။
"ဆရာတူအစ်ကိုကြီး၊ကျွန်မက နေပူစာလှုံဖို့ အစ်ကိုကြီးကို အဖော်ပြုပေးပါမယ်"
ကျန်းလင်းစု၏ အသားအရေသည် သိပ်မကောင်းဘဲ ဖြူဖျော့ပြီး သွေးမရှိသကဲ့သို့ဖြစ်နေသည်။
ရေခဲသေတ္တာထဲမှ ထွက်လာသည်ဟုထင်ရမလားပင်မသိပါ၊သူမအသားအရည်၌ နှင်းခဲအချို့ကပ်နေသလိုပင်။
"ညီမလေး၊ နင်ဘာဖြစ်နေတာလဲ"
ကျိယွမ်က စိုးရိမ်စွာဖြင့် ကျန်းလင်းစုထံသို့ သူ၏ လက်ကို ဆန့်ထုတ်မိသည်။
ကျန်းလင်းစုသည် ခဏမျှတုံ့ဆိုင်းသွားပြီးမှ သူမ၏နူးညံ့သောလက်လေးကို ကျိယွမ်၏ လက်ထဲသို့ ထည့်ပေးသည်။
အေးလှချည်လား။
တော်တော်ကြီး အေးနေတာပဲ။
ကျိယွမ်သည် ရေခဲတုံးတစ်ခုကိုကိုင်ထားရကဲ့သို့ ခံစားရသည်။
"ဘာမှ မဟုတ်ပါဘူး၊ဒဏ်ရာဟောင်းတစ်ခုပါ"
ကျန်းလင်းစုသည် ကျိယွမ်ဘေးရှိ အပန်းဖြေထိုင်ခုံပေါ်တွင် အားနည်းစွာလှဲလျောင်းသည်။
သူမ၏ လက်ကိုတော့မရုပ်သိမ်းခဲ့ပါ။ အစ်ကိုကြီး၏လက်သည် အလွန်နွေးထွေးသည်ဟု ခံစားခဲ့ရသည်။
ကျိယွမ်၏ မျက်လုံးများသည် ကျန်းလင်းစု၏ ဖြူဖျော့သောမျက်နှာလေးပေါ်သို့ ကျရောက်သွား၏။
[ဤသည်မှာ သာမန် မိန်းကလေးတစ်ဦး ဖြစ်သည်၊ သူမသည် ယခုအခါအေးနေသည်ဟု ခံစားနေရသည်။]
"ဒါပဲလား ၊လုပ်ပြန်ပြီ"
အသိဉာဏ်ရှိသောသတ္တဝါများအကြောင်းကို စစ်ဆေးသောအခါ မျက်လုံးများကပေးသောအချက်အလက်များသည် ကျပန်းဖြစ်နေတတ်သည်။
ကျိယွမ်သည် စိတ်ပူနေသော်လည်း သူ၏ညီမလေအကြောင်း သိပ်မသိလိူက်ရပါ။
"ညီမလေး၊ နင်အေးနေလား။ငါ့ရဲ့ စိတ်ရင်းနဲ့ နင့်ကို နွေးထွေးအောင် လုပ်ပေးပါရစေ"
ကျိယွမ် မီးဓာတ်စွမ်းအင်ကိုလည်ပတ်စေပြီး ကျန်းလင်းစုထံသို့ ဖြည်းညှင်းစွာ လွှဲပြောင်းပေးခဲ့သည်။
ကျန်းလင်းစုသည် ချမ်းသာသော မိန်းကလေးတစ်ဦး ဖြစ်သည်၊ ထို့ပြင် သူ၏ ညီမလေးလည်း ဖြစ်သည်။ ပြီးခဲ့သည့်တစ်ကြိမ်က သူမသည်ကျိယွမ်အတွက် ကြီးမားသော အပြစ်ကိုပင် ခံယူခဲ့သည်။
သူသည် သူ၏ကိုယ်ပိုင်ညီမလေးအပေါ် ကောင်းမွန်စွာဆက်ဆံသင့်၏။
နွေးထွေးသောစွမ်းအင်သည် သူ၏လက်မှ ပြန့်နှံ့သွားခဲ့သည်။
ကျန်းလင်းစုမှာ အေးစက်နေရာမှ နွေးထွေးလာသည်ဟု ခံစားခဲ့ရပြီး အနည်းငယ်သက်သာလာသည်။ဆရာတူအစ်ကိုကြီးက သူမ၏နာကျင်မှုကို သက်သာစေနိုင်မည်ဟု မမျှော်လင့်ခဲ့သောကြောင့် အနည်းငယ်တော့ အံ့သြရလေ၏။
ကျွန်မရဲ့ ဒဏ်ရာကို ခရမ်းရောင်နန်းတော်အဆင့်ရှိပြီး ရေဓာတ်စင်အခြေခံတဲ့ကျင့်ကြံသူက ကုသပေးမှရမှာ။ အခုတော့ သိပ်မနာကျင်တော့ပါဘူး၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
"ဒါကိုကုသဖို့ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကို လိုအပ်တားလား"
ကျိယွမ်သည် အံ့သြသလို မေးလိုက်သည်။
"ငါ ယန်နတ်ဘုရားဆင့်ကိုရောက်ရင် ညီမလေးရဲ့ ဒဏ်ရာကိုကုသဖို့ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတွေကို သေချာပေါက် ဖမ်းပေးမယ်"
"အဟင့်...."
"အိုး...."
ကျန်းလင်းစုမှာမထိန်းနိုင်ဘဲ ရယ်မိပြီးနောက် နာကျင်သွားသလိုညည်းလေသည်။
"ဆရာတူအစ်ကိုကြီး၊ စကားမပြောပါနဲ့တော့၊ ရှင်ပြောတာ အရမ်းရယ်စရာ ကောင်းတယ်။ကျွန်မရယ်လိုက်ရင် ရင်ဘတ်ကနာလို့ပါ"
သူမ၏စကားကြောင့် ကျိယွမ်သည် အလွန်နစ်နာသည်ဟု ခံစားခဲ့ရသည်။
သူသည် စေတနာဖြင့်ပြောလိုက်သော်လည်း ဟာသလူရွှင်တော်အဖြစ် အဆုံးသတ်ခဲ့ရသည်။
"ဒါဆိုရင် နာတာသက်သာအောင် ငါအဝေးကနေ နင့်ကိုနှိပ်ပေးရမလား"
ပြီးခဲ့သည့်တစ်ကြိမ်က သူကမဆင်မခြင်ပြောလိုက်မိသဖြင့် ညီမလေးနှင့်အဆင်မပြေဖြစ်ခဲ့ရသည်ကို မမေ့ပါ။
ယခု "အဝေးကနေ"ဟုစကားခံထားသောကြောင့် အလွန်အကျွံမဖြစ်နိုင်တော့သလို လူကြီးလူကောင်းတစ်ယောက်၏ အမူအယာကိုလည်း ပြသရာရောက်သည်ဟု ကျိယွမ်ထင်မိသည်။
သူ့ရင်ဘက်နာနေတာ သက်သာအောင် အဝေးကနေနှိပ်ပေးတာကတော့ သိပ်မလွန်လောက်ဘူးထင်ပါတယ်။
ကျန်းလင်းစု၏မျက်နှာလေး ရဲသွား၏။
"တော်ပါတော့ ...."
သူမသည် အစ်ကိုကြီး၏ပါးစပ်ကို အပ်ဖြင့် ချုပ်ပစ်ချင်စိတ်သာ ပေါက်လာတော့သည်။
ကျိယွမ်က စေတနာစကားကို အငြင်းခံလိုက်ရသော်လည်း စောဒကမတတ်ခဲ့ပါ။ဖျားနာနေသူတစ်ဦးနှင့် အငြင်းအခုန်မလုပ်သင့်ဟု ခံစားရသောကြောင့်ဖြစ်သည်။
သို့သော် သူသည်မည်သည့်အမှားကို လုပိမိသဖြင့် ညီမလေးက စိတ်မကျေမနပ်ဖြစ်သွားသည်ကိုတော့ နားမလည်ပေ။
အဝေးကနေဆိုပြီး ငါ့သိက္ခာကိုပြခဲ့တာကို သူက မရိုးသားဘူးလို့များထင်နေတာလား။
"အစ်ကိုကြီး၊ ကျေးဇူးတင်ပါတယ်"
ကျိယွမ်၏စေတနာကို အသိအမှတ်ပြုသည့်အနေဖြင့် ကျန်းလင်းစုက တိုးတိုးလေး ပြောသည်။
"ဘာမှမဖြစ်ပါဘူး၊တကယ်လို့ ညီမလေးနာနေသေး...."
"ရပါပြီ မပြောပါနဲ့တော့"
ကျိယွမ်ဘာများတတ်နိုင်တော့မည်နည်း။
"ကျွန်မ အစ်ကိုကြီးကို သတင်းကောင်းတစ်ခုပြောပြချင်လို့။အစ်ကိုကြီးအတွက် ရှင်ဟွာအဖွဲ့ဝင်ခွင့်လျှောက်ပေးခဲ့တာလေ ၊ အခုခွင့်ပြုချက်ရပြီ "
"ဝိုး.."
ကျိယွမ်သည် ပျော်ရွှင်သွားလေသည်။
"ဒါက ရှင်ဟွာအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တံဆိပ်ပဲ၊ညီမလေးက အစ်ကိုအတွက်လုပ်ပေးထားတာပါ"
ကျန်းလင်းစုက သူမ၏ရင်ခွင်ထဲမှ အထူး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။
"ဒီ ကျောက်စိမ်းပြားက အထူးပြုလုပ်ထားပြီး ဝိညာဉ်ကျောက်တုံးတစ်သောင်း တန်ဖိုးရှိတယ်"
"ဟေ.."
သူမ၏စကားကို ကြားသောအခါ ကျိယွမ်၏မျက်လုံးများပြူးကျယ်သွားသည်။
ဒါလေးတစ်ခုတည်းကကို ဝိညာဉ်ကျောက် တုံးတစ်သောင်း တန်ဖိုးရှိတာလား။
ထိုတန်ဖိုးသည် အမြုတေအဆင့်ရတနာတစ်ခုနှင့် ညီမျှလေသည်။
ဒီညီမလေးက တကယ်ကို ချမ်းသာလွန်းတယ်။သာမန်လူတွေ ရှင်ဟွာအဖွဲ့ထဲကို ဝင်လို့မရဘူးဆိုတာ အမှန်ပဲ၊ငါ့ဘာသာဆို အဖွဲ့ဝင်တံဆိပ်ဖိုးတောင် မတတ်နိုင်ဘူး။
ကျိယွမ် စကားမပြောနိုင်ခဲ့ပါ။
သူသည် ချမ်းသာသောမိန်းကလေးအပေါ် လေးစားမှုကိုပြသရန် "ချစ်ဇနီးလေး"ဟူသောရုပ်ပုံပါသည် သစ်သားပြားကိုပစ်ထုတ်ချင်စိတ်များ တဖွားဖွားပေါ်နေ၏။
"ဒါကအခု ရှင့်ရဲ့အပိုင်ဖြစ်သွားပြီ၊ဒီနေ့ကစပြီး အစ်ကိုကြီးက ရှင်ဟွာအဖွဲ့ဝင်တစ်ယောက်ပဲ"
ကျန်းလင်းစုက ကျောက်စိမ်းပြားကို ကျိယွမ်အား ကမ်းပေးသည်။
ကျိယွမ်သည် ကျောက်စိမ်းပြားကို ယူပြီး ဖင်ပြန်ခေါင်းပြန်ကြည့်နေမိစဥ် ကျန်းလင်းစု၏ သာယာသောအသံလေးက ထွက်ပေါ်လာသည်။
"ရှင့်ရဲ့ ဝိညာဉ်တစ်စကိုခွဲထုတ်ပြီး အဲဒီထဲကို ထည့်လိုက်ပါ၊ ဒါဆိုရင် ကျောက်စိမ်းပြားက အစ်ကိုကြီးကို သခင်အဖြစ် အသိအမှတ်ပြုပါလိမ့်မယ်။ဒီ ကျောက်စိမ်းပြားရဲ့ လုပ်ဆောင်ချက်တွေက အဖွဲ့ဝင်အထောက်အထားသပ်သပ်တင်မဟုတ်ပါဘူး။ အထူးတားမြစ်နေရာအချို့ကလွဲလို့ အခြားဘယ်နေရာမှာပဲရောက်နေပါစေ အဖွဲ့ဝင်အချင်းချင်း ဒီဟာကနေ ဆက်သွယ်လို့ရတယ်"
ကျန်းလင်းစု၏ ညွှန်ကြားချက်အတိုင်း လိုသူ၏ ဝိညာဉ်တစ်ချောင်းကို ခွဲထုတ်ကာ ၎င်းထဲသို့ ထည့်သွင်းလိုက်သည်နှင့် ကျောက်စိမ်းပြားက သူ့ကို သူ့သခင်အဖြစ် ချက်ချင်းအသိအမှတ်ပြုခဲ့သည်။
သတင်းအချက်အလက်များက ရေလောင်းထည့်သလို သူ၏ စိတ်ထဲသို့ဒလဟောစီးဆင်းလာလေ၏။
ကျိယွမ်၏ မျက်နှာသည် အံ့သြမှုကြောင့် ကြက်သေသေသွားရသည်။
"ဒါ...ဒါက.. ဖိုရမ်ပါတဲ့ QQလို ဖြစ်နေတာလား"
ကျိယွမ်သည် ကျောက်စိမ်းပြားက မိုဘိုင်းလ်ဖုန်းကဲ့သို့ ရှိသည်ကို တွေ့လိုက်ရ၏။
ထိုအထဲ၌ မော်ဂျူးများစွာပါနေသည်။ မော်ဂျူးတစ်ခုသည် QQနှင့်တူပြီး သာမန်ဆက်သွယ်ရေးကျောက်စိမ်းပြားများနှင့်ဆင်တူသော်လည်း ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များပါရှိသည့်အဆင့်မြင့်ဗားရှင်း ဖြစ်ပုံရသည်။
ထို့အပြင် ဖိုရမ်ကဲ့သို့ ရှင်ဟွာအသင်းဝင်များ ဆက်သွယ်ရန် နေရာတစ်ခု ရှိသည်။
ကျိယွမ်သည် ကျောက်စိမ်းပြားကို လေ့လာရင်း အံ့သြသထက်အံ့သြလာသည်။ကျင့်ကြံခြင်းလောကတွင် မိုဘိုင်းဖုန်းနှင့်တူသောအရာရှိလိမ့်မည်ဟု မည်သူကထင်မည်နည်း။
ကျင့်ကြံသူများသည် နည်းပညာသစ်ပင်ကို အသက်မသွင်းနိုင်ကြသေးသော်လည်း ဤလောကရှိအရာများစွာသည် နည်းပညာသုံးပစ္စည်းများနှင့် အတော်လေးဆင်တူကြသည်ကို ကျိယွမ်ပြန်သတိရမိသည်။
ဂိမ်းကျောက်ပြားများက သက်သေမဟုတ်ပါလား။
ကျန်းလင်းစု၏မျက်နှာလေးက ဂုဏ်ယူစွာဖြင့် ပြုံးနေသည်။
"ဆရာတူအစ်ကိုကြီး၊ရှင်က ဒီလိုအဆင့်မြင့် ကျောက်စိမ်းပြားကို အခုမှပထမဆုံးအကြိမ် မြင်ဖူးတာထင်တယ်။ဘယ်လိုထင်လဲ"