← Chapters

ဝမ်ယုကုန်းမြေတိုက်ကြီး၏ သတင်း

Vol. 6 Ch. 83

ဝမ်ယုကုန်းမြေတိုက်ကြီး၏ သတင်း

Vol. 6 Ch. 83

“အရမ်းဈေးကြီးတယ်၊ စျေးနှုန်းက တကယ်ကိုကြောက်စရာပဲ"

ကျိယွမ်က သူခံစားရသည်ကို ပြောပြလိုက်သည်။

ဝိညာဉ်ကျောက်တုံးတစ်သောင်းဖြင့် အိမ်ဘယ်နှအိမ်ဝယ်နိုင်သည်ကို ကျိယွမ်မသိပါ။ သို့သော် ဤကျောက်စိမ်းပြားသည် မိုဘိုင်းဖုန်းနှင့်ဆင်သော်လည်း တော်တော်လေးခေတ်နောက်ကျနေသေးသည်။

သူ၏အမြင်အရ အိုင်ဖုန်းများထက်ပင် စျေးကမတန်တဆဖြစ်နေသည် မဟုတ်ပါလား။

ကျန်းလင်းစု၏ နှုတ်ခမ်းလေးများ ကော့တက်သွားသည်။

“ကိစ္စမရှိဘူး ညီမလေးက ချမ်းသာတယ်လေ"

ထိုအချက်ကိုတော့ ကျိယွမ်က လှိုက်လှိုက်လှဲလှဲလက်ခံပါသည်။

“ဒါပေမဲ့ သူ့မှာလုပ်ဆောင်ချက်တွေ အရမ်းနည်းတယ်၊ ဗီဒီယိုခေါ်ဆိုမှုနဲ့ ဖုန်းလိုစကားပြောလို့ရရင် ပိုကောင်းမှာ”

ကျိယွမ်က အသေးစိတ်ပြောပြရင်းမှ သူသာလုပ်နိုင်လျှင် တင်းဆန့် QQ ကိုပင်ကူးယူရန် စဉ်းစားနေ၏။

“ပိုက်ဆံအိတ်နီတွေပို့ပြီး ဝိညာဉ်ကျောက်တုံးတွေလုလို့ရရင် ပိုပြီး စိတ်ဝင်စားစရာကောင်းမယ်”

ကျိယွမ်သည် သာမန်လူများကဲ့သို့ အပြစ်ရှာခြင်းနှင့်အကြံပြုချက်ပေးခြင်းတွင် အထူးကျွမ်းကျင်သည်။

ကျန်းလင်းစု၏ မျက်နှာလေးက ညိုညင်ဟန်ပေါ်လာ၏။အစ်ကိုကြီးက စိတ်ထင်ရာကို လျောက်ပြောနေသည်မဟုတ်ပါလား။

“ဆရာတူအစ်ကိုကြီး၊ကိုယ့်ဘာသာကိုယ် ဆက်ပြီး လေ့လာကြည့်ပါ။ ကျွန်မ ပင်ပန်းနေလို့ ပြန်အိပ်တော့မယ်"

သူမ၏နူးညံ့သောလက်ကလေးသည် ချီယွမ်၏ ဆုပ်ကိုင်ထားမှုမှ လွတ်ထွက်သွားပြီး ကျန်းလင်းစုသည် သူမ၏ပျက်စီးလုနီးပါး ဖြစ်နေသော ကောက်ရိုးအိမ်လေးသို့ ပြန်သွားလေ၏။

ကျိယွမ်ကမူ သူ၏ဝိညာဉ်အသိစိတ်ကို ကျောက်စိမ်းပြားဆီသို့ ပို့လွှတ်လိုက်သည်။

“နာမည်ပြောင်တစ်ခု ရွေးရမယ်”

ကျိယွမ်က ပရိုဖိူင်နိမ်းအတွက် နာမည်အသစ်ကိုစဥ်းစားသည်။

‘မျက်နှာဖုံးဓားသမား’ ဆိုရင်ကောင်းမလား။သေချာပေါက် လူရှိန်မှာပဲ။

“မကောင်းဘူး၊ ငါချူကျန်းကို သတ်တုန်းက မျက်နှာဖုံးတပ်ထားတာလေ၊ပြဿနာတွေ ရှိလာနိုင်တယ်"

“ငါက‘ကျိယွမ်ကျမ်း’ ကို ပြုစုခဲ့တာပဲ၊ငါလိုလူမျိုးက ရိုသေခန့်ညားတဲ့ နာမည်မျိုးနဲ့မှ လိုက်ဖက်မှာ၊ ငါက တာအိုဘိုးဘေး တစ်ယောက်တောင် ဖြစ်သင့်တယ်"

အတန်ကြာစဥ်းစားပြီးနောက် ကျိယွမ်ကဆုံးဖြတ်ချက်ချလိုက်သည်။

‘မူလနတ်ဘုရား’ လို့ပဲပေးလိုက်မယ်"

ကျိယွမ်သည် သူ၏နာမည်ပြောင်ကို ပြောင်းလဲပြီး ဖိုရမ်သို့ ဝင်ရောက်လိုက်၏။

ဖိုရမ်တွင် အများပြည်သူ၊ အလယ်အလတ် နှင့် အဆင့်မြင့် ဟူ၍ အပိုင်း (၃) ပိုင်းရှိနေသည်။

ကျိယွမ် ကြိုးစားကြည့်သောအခါ သူသည် အများပြည်သူအပိုင်းကိုသာ ဝင်ရောက်နိုင်ကြောင်းသိလိုက်ရသည်။

သူသည်အလယ်အလတ်နှင့် အဆင့်မြင့် အပိုင်းများသို့ မဝင်ရောက်နိုင်ခဲ့ပါ။

“အလယ်အလတ်အပိုင်းကိုဝင်ဖို့ ငါ့ရဲ့ ပံ့ပိုးမှုအမှတ်တွေ မလုံလောက်လို့ဖြစ်မယ်"

ရှင်ဟွာအဖွဲ့၏ အခြားအပိုင်းများကို ဝင်ရောက်ရန်အတွက် ပံ့ပိုးမှုအမှတ်များ လိုအပ်ပါသည်။ထိုပံ့ပိုးမှုအမှတ်များကို ရှင်ဟွာအဖွဲ့သို့ ပံ့ပိုးခြင်းဖြင့် ရရှိနိုင်၏။

လက်ရှိတွင် ကျ်ယွမ်သည်ရှင်ဟွာအဖွဲ့အား တစ်ပြားတစ်ချပ်မှ မပံ့ပိုးထားပါ။ထို့ကြောင့် သူ၏ပံ့ပိုးမှုအမှတ်များသည် သုညဖြစ်နေ၏။

“ဒီဟာတွေအပြင် လျှို့ဝှက်အပိုင်းတွေများ ရှိနေမလားမသိဘူး”

ကျိယွမ်က တီးတိုးရေရွတ်ပြီး အများပြည်သူအပိုင်းသို့ ဝင်ရောက်လိုက်သည်။

ချက်ချင်းပင် ကျိယွမ်၏ အမြင်တွင် အချက်အလက်များ ပေါ်ထွက်လာပြီး ၎င်းတို့သည် သူ၏ယခင်ဘဝမှ ဖိုရမ်များပေါ်ရှိ ပို့စ်များနှင့် အလွန်တူလေသည်။

“ပျံသန်းနေသောဓားသမား၏ အခြေတည်တည်ဆောက်မှု ကျင့်ကြံခြင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုများ”

“ပထမအဆင့် အခြေတည်တည်ဆောက်မှု ဝိညာဉ်ဆေးပင်ဖြစ်သည့် ယွမ်နဂါးမြက်ကို ဝယ်ယူရန် ရှာဖွေခြင်း”

“ချုန်းတောင်လျှို့ဝှက်နယ်မြေတွင် လေ့ကျင့်မှုမှ အတွေ့အကြုံများ”

ပိုစ့်များ၏ ခေါင်းစဥ်များကိုဖတ်ကြည့်ကာ ကျိယွမ်မှတ်ချက်ချမိသည်။

“ဒီခေါင်းစဉ်တွေကအားလုံး တော်တော်လေးယဥ်ကျေးသိမ်မွေ့ကြပါပေတယ်"

သူပထမဆုံးမြင်သောပို့စ်ဖြစ်သည့် အခြေတည်တည်ဆောက်မှု ကျင့်ကြံခြင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုများအကြောင်း ပို့စ်ကို နှိပ်လိုက်သည်။

ပို့စ်တင်သူ၏ အမည်မှာ ပျံသန်းနေသော ဓားသမား ဖြစ်၏။

ပို့စ်တွင် ပျံသန်းနေသောဓားသမားသည် မြေကမ္ဘာသွေးကြောပိုင်ရှင် အခြေတည်အဆင့်၏အလယ်အလတ်အဆင့်သို့ရောက်နေသောကျင့်ကြံသူ တစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။

သူသည် သူ၏ကျင့်ကြံမှုဆိုင်ရာ ထိုးထွင်းသိမြင်မှုအချို့ကို မျှဝေခဲ့သည်။

သူသည် အခြေခံအုတ်မြစ်တည်ဆောက်မှု၏ အရေးအကြီးဆုံးသော အချက်မှာ ခိုင်မာသော အခြေခံအုတ်မြစ် ချမှတ်ရန်နှင့် အစွမ်းထက်သောချီစွမ်းအင်ကို ကျင့်ကြံရန် ဖြစ်သည်ဟု ရေးသားထားပြီး ဤနည်းဖြင့် အမြုတေကို ဖန်တီးသောအခါ အမြုတေကသပိုမို ခိုင်မာလာမည်ဖြစ်သည်ဟု ဆိုသည်။

လူအများအပြားသည် သူ၏ပို့စ်ကို ပြန်လည်ဖြေကြားခဲ့ကြပြီး ၎င်းတို့သည်အလွန်ယဉ်ကျေးကြသည်။

“ကျေးဇူးတင်ပါသည်၊ တာအိုရောင်းရင်း”

“တာအိုရောင်းရင်း ၊ အချိန်ရရင် ကျွန်တော့်ရဲ့ဂူအိမ်လေးကို လာပါ၊ ကျွန်တော်တို့ သောက်ရင်းစားရင်း စကားပြောကြတာပေါ့"

ဟုကွန့်မန့်ပေးထားကြသည်။

ကျိယွမ်သည် ထိုပို့စ်မှ ထွက်လိုက်သည်။

ထို့နောက် အခြားပို့စ်များကို စပ်စုမိပြန်သည်။

အများပြည်သူအပိုင်းတွင် အကြောင်းအရာများစွာပါဝင်သည့် ပို့စ်ပေါင်းများစွာ ရှိသည်။

ကျင့်ကြံမှုဆိုင်ရာ ထိုးထွင်းသိမြင်မှုများ၊ ရတနာများနှင့်လျှို့ဝှက်နည်းစနစ်များကို ဝယ်ယူရန် ရှာဖွေခြင်း၊ လျှို့ဝှက်နယ်မြေများမှ အတွေ့အကြုံများ မျှဝေခြင်း၊ စကားပြောခြင်း၊ တစ်ဦးချင်း တိုက်ခိုက်မှုများ စီစဉ်ခြင်း အစရှိသဖြင့် တော်တောလေးကို စုံစုံလင်လင်ပင်။

ရုတ်တရက် ပို့စ်တစ်ခုသည် ကျိယွမ်၏ မျက်လုံးများကို ဖမ်းစားလိုက်သည်။

ပိုစ့်၏ခေါင်းစဥ်က“ရွှေကျောက်တုံးကုန်းမြေမှ ရွှေရေအပ်များရောင်းရန်ရှိသည်” ဟု ဖော်ပြထားသည်။

“ရွှေကျောက်တုံး ကုန်းမြေလား”

ကျိယွမ်သည် အသေးစိတ်ကြည့်ရှုရန် နှိပ်ဝင်လိုက်၏။

ပို့စ်တွင် စာရေးသူသည်ရွှေကျောက်တုံး နယ်မြေကို မိတ်ဆက်ထားသည်။

ရွှေကျောက်တုံးကုန်းမြေသည် ကန်းလန်ကုန်းမြေကြီးနှင့် ကပ်လျက်ရှိသော သေးငယ်သည့် သေမျိုးနယ်မြေတစ်ခုဖြစ်ပြီး ရွှေကိုအခြေခံသောရတနာအမျိုးမျိုး ပေါကြွယ်ဝသည်။

မဟာတာအိုဂိုဏ်းသည် ရွှေကျောက်တုံး နယ်မြေသို့ဝင်ပေါက်ကို ထိန်းချုပ်ထားပြီး “ကုန်သွယ်ရေး” ကို ဆောင်ရွက်ကာ ထူးခြားသောရတနာများစွာကို ကန်းလန်ကုန်းမြေသို့ ပို့ဆောင်၏။

ကျိယွမ်၏မျကိလုံးများ ဝင်းလက်သွားသည်။

“ဒါဆို သေမျိုးကမ္ဘာကတစ်ခုတည်း ရှိတာမဟုတ်ဘူးပေါ့၊ ကန်းလန်ကုန်းမြေနဲ့ ရွှေကျောက်တုံးကုန်းမြေက ကပ်လျက်ရှိနေတယ်ဆိုရင်၊ ဝမ်ယုကုန်းမြေတိုက်ကြီး ကရော ဘယ်လိုပါလိမ့်”

သူသည် ခဏမျှ စဉ်းစားပြီး ရှာဖွေပါ ဟူသောနေရာ၌ ဝမ်ယုကုန်းမြေတိုက်ကြီးဟု ရေးကာ ရှာဖွေလိုက်သည်။

သို့သော် ဝမ်ယုကုန်းမြေနှင့်ပတ်သတ်သောအချက်အလက်မရှိပါ။

သူကပို၍ သေချာသွားစေရန် လရောင်ကြည့်သူကုန်းမြေ၊လရောင်စောင့်ကြည့်သူများကုန်းမြေ၊လအလင်းကုန်းမြေ စသဖြင့်အမျိုးမျိုးပြောင်းကာ ရှာသော်လည်းမတွေ့ရပေ။

ကျိယွမ် အနည်းငယ် စိတ်ပျက်သွားသည်။

“ဒီဂိမ်းက နာမည်မကြီးသေးဘူး ထင်တယ်”

ကျိယွမ်သည် အနည်းငယ်စဉ်းစားပြီးနောက် ပို့စ်တစ်ခု တင်ရန် ဆုံးဖြတ်လိုက်၏

စဉ်းစားပြီးနောက် သူသည် အောက်ပါအတိုင်း ပို့စ်တင်လိုက်သည်။

“ပြောလိုက်ရင် လန့်သွားမယ် ၊ကောင်းကင်ဘုံတာအိုအုတ်မြစ်နဲ့အခြေတည်ဆောက်ထားတဲ့ငါ့ဘဝက တော်တော်ကံဆိုးတယ်၊ဒါကြောင့် ကျွမ်းကျင်သူများထံမှ အကူအညီရှာနေပါတယ်”

ကျိယွမ်သည် ဖိုရမ်ထဲမှပို့စ်ခေါင်းစဉ်များသည် အလွန်ယဉ်ကျေးသည်ဟု ခံစားရသောကြောင့် ပြောလိုက်ရင်လန့်သွားမယ် ခေါင်းစဉ်ကို သုံးလိုက်၏။

ထို့နောက်သူက အကြောင်းအရာကို ဆက်ရေးသည်။

“အားလုံးပဲ ၊ကောင်းကင်ဘုံတာအိုကို ဖမ်းယူပြီး အခြေခံအုတ်မြစ်တည်ဆောက်ခဲ့ပြီးကတည်းက ကျွန်ုပ်လမ်းပျောက်နေသည်ဟု ခံစားရသည်။ကောင်းကင်ဘုံတာအိုဖြင့်

အခြေတည်ဆောက်ခြင်းသည်အလွန်ခက်ခဲသလို သင့်တော်သောကျင့်ကြံမှုနည်းစနစ်များကို ရှာဖွေရန်လည်းခက်ခဲသည်။ ကျွမ်းကျင်သူများထံမှ နက်နဲသောအဆင့် သို့မဟုတ် ကောင်းကင်အဆင့် နည်းစနစ်၊ သို့မဟုတ် ဝိညာဉ်ကို မြှင့်တင်ရန် နည်းစနစ် ကို ကျွန်ုပ်ရှာလိုပါသည်။ မူလနတ်ဘုရား ဖြစ်သည့်ကျွန်ုပ်သည် အနာဂတ်တွင် သေချာပေါက် ကောင်းစွာ ပြန်ဆပ်ပါမည်။ ဆွေးနွေးကြပါစို့။

စကားမစပ်၊ ဝမ်ယုကုန်းမြေတိုက်ကြီးအကြောင်း သိသူ ရှိပါသလား။ ဤသည်မှာ ကျွန်ုပ်၏တာအိုကို ရရှိခဲ့သည့် နေရာဖြစ်ပြီး ပြန်လည်သွားရောက်လိုသည်”

ကျိယွမ်က သူ၏အရေးအသားကိုပြန်ဖတ်ကာ ကျေနပ်သွားသည်။

ပို့စ်တင်ပြီးနောက် ကျိယွမ်သည် ကျောက်စိမ်းပြားထဲမှထွက်လိုက်ပြီး သူ၏ နတ်ဘုရားဝိညာဉ်ကို အားကောင်းစေရန်အတွက် “အကြိမ်တစ်ရာဝိညာဉ်သန့်စင်ခြင်း နည်းစနစ်” ကို ထပ်မံကျင့်ကြံနေတော့သည်။

..............

အရှေ့ပိုင်းဒေသတွင်ရှိသော စိမ်းလန်းတိမ်တိုက်မသေမျိုးပြည်နယ်တွင်ဖြစ်သည်။

ဂူအိမ်တစ်ခုထဲ၌ ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော ခန့်ညားသောအသွင်အပြင်ရှိသည့် လူငယ်တစ်ဦးသည် အေးအေးလူလူရှိနေ၏။

သူ၏ဝိညာဥ်အသိစိတ်ကို ရှင်ဟွာအဖွဲ့ဝင် ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်သည်။

သူသည် နေ့စဉ်နေ့တိုင်းလိုလို အများပြည်သူအပိုင်းကိုကြည့်တတ်ပြီး သူ့ကိုစိတ်ဝင်စားစေသောပို့စ်များကို သေသေချာချာဖက်လေ့ရှိသည်။

ကံမကောင်းသည်မှာ သူ၏စီနီယာများနှင့်ဂျူနီယာအဖွဲ့ဝင်များသည် အလွန်ပျင်းစရာ ကောင်းကြသည်။

ယနေ့အထိ သူသည်ရှင်ဟွာအဖွဲ့တွင်စိတ်တူကိုယ်တူသူငယ်ချင်း (၂) ယောက်သာ ရရှိခဲ့ပြီး စကားပြောဂရုတစ်ခုဖွဲ့စည်းခဲ့သည်။

သူသည် အများပြည်သူအပိုင်းရှိ ပို့စ်များကို ကြည့်နေရင်း ခေါင်းစဉ်ရှည်တစ်ခုပါသော ပို့စ်တစ်ခုသည် သူ၏မျက်လုံးများကို ဖမ်းစားလိုက်သည်။

"ပြောလိုက်ရင် လန့်သွားမယ်...."

"ဘာလဲဟ ၊ ဘယ်သူကဆွေးနွေးခန်းကို ဒီလိုမသင့်တော်တဲ့စာသားသုံးလို့လဲ"

သူကစိတ်ဝင်စားသွားပြီး ခေါင်းစဥ်ကိုဆက်ဖက်လိုက်ရာ လန့်သွား၏။

"ကောင်းကင်ဘုံတာအိုကို အုတ်မြစ်အဖြစ်သုံးတာလား"

ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားသည် အံ့သြစွာတွေးမိ၏။

“ငါတို့ ရှင်ဟွာအဖွဲ့မှာ နတ်ဆိုးအိုကြီးရဲ့အမွေဆက်ခံသူနောက်တစ်ယောက် ရှိနေတာများလား”

ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားသည် မြေကမ္ဘာသွေးကြောဖြင့် အုတ်မြစ်တည်ဆောက်ထားသောကျင့်ကြံသူ တစ်ဦးဖြစ်သောကြောင့် ကောင်းကင်ဘုံတာအိုဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းက မည်မျှခက်ခဲသည်ကို သေသေချာချာသိပါသည်။

၎င်းသည် ကောင်းကင်ဘုံသွေးကြော၏ စွမ်းအင်ကိုဖမ်းယူနိုင်ရန် လိုအပ်သည်။

ကောင်းကင်ဘုံသွေးကြော၏ စွမ်းအင်ကို ဖမ်းယူရန်အတွက် ယင်ဝိညာဥ်အဆင့် သို့မဟုတ် ယန်ဝိညာဥ်အဆင့် ရှိသော အကြီးအကဲတစ်ဦး၏ ကူညီမှုလိုအပ်၏။

ထိုအဆင့်ကျင့်ကြံသူများသည် စိမ်းလန်းတိမ်တိုက်တွင် မပေါ်ပေါက်လာတော့သည်မှာ နှစ်ပေါင်းပင်မရေမတွက်နိုင်အောင်ကြာခဲ့လေပြီ။

ယခုအခါ၌ ကောင်းကင်ဘုံတာအိုဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ထားသူ တစ်ဦးကိုမြင်သောအခါ သူသည် နတ်ဆိုးအိုကြီးတစ်ဦး၏ အချစ်တော်အမွေဆက်ခံသူသာ ဖြစ်လိမ့်မည်ဟု သဘာဝကျစွာတွေးမိသည်။

ယခုလို အုံးအုံးကျတ်ကျတ်ဖြစ်သွားစေနိုင်သောအကြောင်းအရာကို နှိပ်ကြည့်သင့်သည်ဟုတွေးကာ နှိပ်လ်ုက်၏။

“ကောင်းကင်ဘုံတာအိုကို ဖမ်းယူပြီး အခြေခံအုတ်မြစ်တည်ဆောက်တယ်တဲ့လား။ နာမည်ကလည်း မူလနတ်ဘုရားဆိုပဲ၊ ကောင်းကင်အဆင့် နည်းစနစ်လေးတောင် မရှိဘူးပေါ့"

"တော်လိုက်တော့..."

ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသား ကြောင်သွားသည်။

ဒါက ကောင်းကင်ဘုံတာအိုအတုအယောင်နဲ့အခြေတည်အုတ်မြစ်ကို တည်ဆောက်ထားသူပဲဖြစ်ရမယ် ၊ငါက အဟုတ်မှတ်လို့ ဝင်ဖတ်မိတာ၊ ဒီအတိုင်းဆို ဖတ်မနေဘူး"

သူက ခေါင်းယမ်းကာ ညည်းမိ၏။

သို့သော် ရုတ်တရက်အလင်းပွင့်သွားသလို သူ၏ပေါင်ကို သူ့ဘာသာရိုက်လိုက်သည်။

“ကြည့်စမ်း၊ဒီလူက ပါရမီ ရှိတာပဲ။ ငါ့ရဲ့ပို့စ်မှာ ‘လန့်သွားမယ်" ကို ဘာလို့မသုံးမိပါလိမ့်”

သူက သဘောကျသွားပြီး မူလနတ်ဘုရားကို သူငယ်ချင်းအဖြစ် ထည့်ရန် လျှောက်ထားလိုက်သည်။

ထို့နောက် သူသည် သူ့ကိုယ်ပိုင် ပို့စ်တစ်ခု တင်လိုက်၏။

“ကြားလိုက်ရင် လန့်သွားမယ် ၊ နှစ်ပေါင်း ၃၀၀ ပုန်းအောင်းနေပြီးနောက် ဘိုးဘေးရွှန်းယွမ် မှာအသက် ၁၈ နှစ်အရွယ် ကလေးတစ်ယောက် ရှိသည်”

ဘိုးဘေးရွှန်းယွမ်သည် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသောအမျိုးသား၏ ရန်သူဟောင်း ဖြစ်ပါသည်။

သူသည် သူ့ကို မတိုက်နိုင်သောကြောင့် ဤသို့သာ လုပ်နိုင်တော့သည်။

သူက သူ၏ခေါင်းစဥ်ကိုပြန်ကြည့်ကာ သဘောကျသွား၏။

ဒီကောင်တွေ သေချာပေါက် လန့်သွားမှာပဲ။

...............

ထိုညတွင် ကျိယွမ်သည် ကျောက်စိမ်းပြားထဲသို့ တစ်ဖန် ပြန်ဝင်ခဲ့သည်။

သူသည် အများပြည်သူအပိုင်းသို့ ပြန်ဝင်မိသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။

ယခင်က ယဉ်ကျေးသိမ်မွေ့သော ဖိုရမ်သည် ယခုအခါ “ကြားလိုက်ရင် လန့်သွားမယ်” ဟူသောစကားလုံးများဖြင့် စတင်ထားသော မျက်စိပသာဒဖြစ်သည့် ပို့စ်အနည်းငယ် ရှိနေသည်။

ထိုခေါင်းစဥ်ပါသောပို့စ်များက အနည်းငယ်သာရှိသော်လည်း ၎င်းတို့သည်အလွန်ရေပန်းစားပုံရပြီး ပြန်လည်ဖြေကြားမှုများစွာ ရှိသည်။

ကျိယွမ်သည် ထိုအရာများကိုမေ့ကာ သူ၏ပို့စ်ကို စစ်ဆေးလိုက်သည်။

သူသည် စိတ်တူကိုယ်တူရှိသောပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ခြင်းရှိမရှိ သိချင်နေသည်။

“ငယ်ငယ်လေးနဲ့ မောက်မာနေတာပဲ”

“ကောင်းကင်ဘုံတာအိုအုတ်မြစ်နဲ့ အခြေတည်ဆောက်တာက ဒီလောက်မရိုးရှင်းဘူး။ မင်းရဲ့ ဂိုဏ်း ဒါမှမဟုတ်မိသားစုမှာ ယင်ဝိညာဉ်များ သို့မဟုတ် ယန်ဝိညာဉ်များ ရှိလို့လား”

“မင်းကတကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပါ၊ဟားဟားဟားဟား ”

မှတ်ချက်များသည် ကျိယွမ်ကိုမယုံကြည်ကြောင်း အတိအကျဖော်ပြနေသည်။

ကျိယွမ်သည် မှတ်ချက်များကို ကြည့်ပြီး ညည်းညူမိ၏။

“ထင်ထားတဲ့အတိုင်းပဲ စစ်မှန်တဲ့ပါရမီရှင်တွေဟာ မကြာခဏသံသယတွေနဲ့ ရင်ဆိုင်နေရတာပါလား"

ကျိယွမ်သည် မှတ်ချက်များကို ဆက်လက် ကြည့်ရှုသည်။

သူ့ကို မည်သူကမျှ နက်နဲသောအဆင့် သို့မဟုတ် ကောင်းကင်အဆင့် နည်းစနစ်ကို မပေးချင်ကြပေ။

သို့သော် မှတ်ချက်တစ်ခုသည် ကျိယွမ်၏ အာရုံကို ဖမ်းစားသွားလေသည်။

“ဝမ်ယုကုန်းမြေတိုက်ကြီးလား၊ နာမည်ထဲမှာ ‘လကို စောင့်ကြည့်ခြင်း’ လို့ပါဝင်နေတယ်ဆိုတော့ လနတ်ဘုရားအရှင်မ၏ ကမ္ဘာနဲ့သက်ဆိုင်နိုင်တယ်။ ကန်းလန်ကုန်းမြေကြီးရဲ့ မြောက်ဘက်မှာ လဧကရာဇ်နန်းတော် လို့ခေါ်တဲ့ဂိုဏ်းတစ်ခု ရှိပြီး လနတ်ဘုရားအရှင်မရဲ့မျိုးနွယ်က ဆင်းသက်လာတာပါ၊ဒါပေမဲ့ တော်တော်လေးတော့ ဝေးတယ်"

မှန်ချက်ပေးသူက အမည်မဖော်ပြထားပါ။

ကျိယွမ်သည်မှတ်ချက်ကို တိတ်ဆိတ်စွာ ဖတ်နေပြီး သူ၏အတွေးများလှုပ်ရှားနေသည်။

သူက အလျင်အမြန် reply လုပ်ကာမေးလိုက်သည်။

“စီနီယာကိုမေးပါရစေ၊ လနတ်ဘုရား အရှင်မက ဘယ်သူပါလဲ။ သူမက ဘယ်မှာရှိပြီး ကျွန်တော်ဘယ်လိုဆက်သွယ်နိုင်မလဲ"

ကျိယွမ်သည် ကျောက်စိမ်းပြားထဲမှ မထွက်ဘဲစောင့်နေပြီး ထိုသူသည် အွန်လိုင်းပေါ်တွင်ရှိပါစေဟု မျှော်လင့်နေမိသည်။

မကြာမီပင် အမည်မဖော်ထားသောအဖြေပေးသူက ပြန်ဖြေပေး၏။

“သူမက ပုံစံပေါင်းထောင်ချီပြီး ဖန်ဆင်းနိုင်ပါတယ်၊ ကောလာဟလတွေအရတော့ ဟင်းလင်းပြင်အထက်ကောင်းကင်ဘုံမှာ နေထိုင်တယ်လို့ ပြောကြတာပဲ”

ကျိယွမ် တိတ်ဆိတ်သွားလေသည်။ လမ်းစက ပေါ်ပင်မပေါ်ရသေးပါ ပျောက်ဆုံးသွားလေပြီ။

“အနာဂတ်မှာ လဧကရာဇ်နန်းတော်ကို သွားရောက်လည်ပတ်ဖို့လိုမယ်ထင်တယ်”

ဝမ်ယုကုန်းမြေတိုက်ကြီးတွင်လည်း လဧကရာဇ်မျိုးနွယ်စုရှိသောကြောင့် ယခုအရာသည် မတော်တဆဖြစ်ခြင်းလည်း ဖြစ်နိုင်သလို ဆက်စပ်မှုရှိချင်လည်း ရှိနေနိုင်သည်မဟုတ်ပါလား။

“လနတ်ဘုရား အရှင်မ...”

ကျိယွမ်သည် နေခင်းကြောင်တောင်အိမ်မက် နည်းစနစ်ကို ရရှိခဲ့စဉ်ကကြားခဲ့ရသောစကားသံများကို ရုတ်တရက်သတိရလိုက်သည်။

နေမင်းကြီးသည် ပြင်ပရန်သူနှင့်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင်ထိုရန်သူက သူကိုအနိုင်ယူပြီး တိကျွဲ့နယ်မြေမှ ထွက်ခွာခွင့်ကို ပိတ်ပင်ခဲ့သည်။

ဒါဆိုရင် ပြင်ပရန်သူကလနတ်ဘုရားအရှင်မ ဖြစ်နိုင်သလား ဒါမှမဟုတ်သူနဲ့ဆက်စပ်မှုတစ်စုံတစ်ရာများ ရှိနေမလား။

ထိုတိုက်ပွဲတွင် ကျိယွမ်သည် နေမင်းကြီး၏ ကျန်ရှိသော ဝိညာဉ်လေးတစ်ခုကို ရင်ဆိုင်ခဲ့ရသော်လည်း ကြီးမားသောအဖိုးအခကို ပေးခဲ့ရ၏။

နေမင်းကြီး၏ အထွတ်အထိပ်အချိန်မှာပင် သူ့ကိုအနိုင်ယူသွားသည်ဆိုသော ရန်သူသည် စွမ်းအားမည်မျှကြီးမည်ကို စဉ်းစား၍ပင်မရနိုင်ချေ။

စစ်မှန်မသေမျိုးများနှင့်နတ်ဘုရားများသည် ကျိယွမ်၏လက်ရှိအခြေအနေနှင့် အလွန်ဝေးလှသည်ဟု ခံစားရသည်။

“ငါ အခုမှ အခြေတည်အဆင့်ပဲရှိသေးတာ၊ ဒီအရာတွေကို တွေးဖို့ စောပါသေးတယ်၊ အနည်းဆုံး အမြုတေအဆင့်ကို ရောက်ဖို့ပဲ အရင်ဦးစားပေးသင့်တယ်"

ကျိယွမ်သည် သူ၏ဘဝက အကူအညီမဲ့လှသည်ဟု ခံစားရ၏။

သူ၏ “ကျိယွမ်ကျမ်း” တွင် အမြုတေအဆင့်သို့သွားရန် လမ်းကြောင်းမရှိပါ။သူ၏ ကိုယ်ပိုင်နည်းစနစ်ကို ပြီးပြည့်စုံစေရန် အဆင့်မြင့်နည်းစနစ်အချို့ကို အမှန်တကယ်ပင် လိုအပ်နေလေပြီ။

"မျော်လင့်ခြင်းလမင်းလေး...ကျူးလျန်ဟွာလိုလမ်းပြကြယ်လေးတွေ ဘယ်များရောက်နေလဲ"

ကျိယွမ်သည် စိတ်ဓာတ်ကျစွာဖြင့် သူ၏ပရိုဖိုင်စာမျက်နှာကို ပြန်သွားလိုက်သည်။

ထိုအခါမှ သူ့ကို သူငယ်ချင်းဖြစ်ရန်တောင်းဆိုထားသူ နှစ်ယောက်ရှိကြောငိး တွေ့လိုက်ရ၏။

“လင်းနွီ တဲ့"

ကျိယွမ် အံ့အားသင့်သွားသည်။

“ဒါ ငါ့ရဲ့ ညီမငယ်များလား"ဟုတွေးမိ၏။

သူသည် တောင်းဆိုမှုကို လက်ခံပြီး မက်ဆေ့ချ် ပို့လိုက်သည်။

“ညီမလေး၊ ငါ ဒီလောက်လျှို့ဝှက်ထားပြီး နာမည်ပြောင်ကိုတောင် အသစ်ပြောင်းထားတာ။ နင်ငါ့ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ”

"ဆရာတူအစ်ကိုကြီး ၊ ရှင့်ရဲ့အရှိန်အဝါက ကြယ်တွေလိုပဲ၊။ ကျွန်မက အစ်ကိုကြီးကိုတောင် မရှာနိုင်ရင် အစ်ကိုကြီးရဲ့ ညီမလေး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျိယွမ် သက်ပြင်းချကာ မတတ်သာသလိုညည်းမိ၏။

“တကယ်ပဲ ငါ့ဘဝကအရမ်းနိမ့်ကျနေပေမဲ့ ငါ့ရဲ့တောက်ပမှုကိုတော့ ဖုံးကွယ်လို့ မရပါလား”

သူသည် ဒုတိယမြောက် သူငယ်ချင်း တောင်းဆိုမှုကို ကြည့်လိုက်သည်။

သူ၏ မျက်လုံးများကျုံးသွား၏။

“နေမင်းကြီးက မသေသေးဘူးလား၊ ငါ့ကို လိုက်ရှာဖို့ တကယ့်ကမ္ဘာကိုတောင် ရောက်လာပြီလား”

သူငယ်ချင်းတောင်းဆိုမှုသည် မဟာနေမင်း မီးလျှံဧကရာဇ်ဟု အမည်ပေးထားသူ တစ်ဦးထံမှ ဖြစ်သည်။

“မဟုတ်လောက်ပါဘူး၊ ဒါက မတော်တဆ ပဲဖြစ်ပါလိမ့်မယ်" ဟုဖြေသိပ်တွေးလိုက်ပြီးနောက် ခဏမျှစဉ်းစားပြီး သူငယ်ချင်း တောင်းဆိုမှုကို လက်ခံလိုက်သည်။

စိမ်းလန်းတိမ်တိုက်ပြည်နယ်တွင်၊ ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားသည် သူ၏တောင်းဆိုမှုကို တစ်ဖက်ကလက်ခံသည်ကို မြင်ပြီးပြုံးလိုက်သည်။

သူက ချက်ချင်းပင်စာပို့သည်။

“မိတ်ဆွေ၊ မင်းကတကယ်ကို ထူးခြားတာပဲ။ ငါအရင်ကဆို အများပြည်သူအပိုင်းမှာ ပိုစ့်တစ်ခုတင်ရင် မှတ်ချက်နည်းနည်းပဲရတယ်၊ဒါပေမဲ့မင်းကို အတုယူပြီးတင်လိုက်တာ မှတ်ချက်တွေ ရာဂဏန်းမကဘူးရခဲ့တယ်၊မင်းက ငါ့ရဲ့ကျေးဇူးရှင်ပါပဲ"

ထိုစာက်ုမြင်မှ ကျိယွမ်စိတ်ချမ်းသာစွာ သက်ပြင်းချနိုင်၏။

အမှန်တကယ်ပင် မတော်တဆဖြစ်မှုတစ်ခု ဖြစ်ပုံရသည်။မဟာနေမင်း မီးလျှံဧကရာဇ်ဆိုသူသည် နေမင်းကြီးမဟုတ်ကြောင်း သေချာသွားလေပြီ။

ကျိယွမ်၏မျက်နှာက အရှက်မဲ့သောအပြုံးက အထင်းသားပေါ်လာ၏။

သူကစာပြန်လိုက်သည်။

“ငါက မင်းရဲ့ကျေးဇူးရှင်ဆိုရင်၊ မင်းက ဘာလို့ ငါ့ကိုကောင်းကင်အဆင့်နည်းစနစ်လေးတွေ ဒါမှမဟုတ် နက်နဲသောအဆင့် နည်းစနစ်လေးတွေကို မပေးတာလဲ”

“မူလနတ်ဘုရား၊ မင်း တကယ်ပဲ နည်းစနစ်တွေ လိုအပ်နေတာလား”

“ဟုတ်တယ်၊ တော်တော်လေးကို အရေးတကြီး လိုအပ်နေတာ”

“ငါ့မှာ ဝါသနာတူအဖွဲ့တစ်ခု ရှိတယ်။မင်းနဲ့ ငါက ကံကြမ္မာတစ်ချိူ့ဆက်စပ်နေတယ်လို့ ထင်တယ်၊ မင်း ပါဝင်ချင်လား”

"သေချာတာပေါ့"

မကြာမီပင် ကျိယွမ်သည် စကားပြောဂရုတစ်ခုထဲသို့ ဖိတ်ခေါ်ခြင်းခံရသည်။

ကျိယွမ်အပါအဝင် အဖွဲ့တွင်လူ (၄) ဦးသာ ရှိသည်။အဖွဲ့ပိုင်ရှင်မှာ မဟာနေမင်းမီးလျှံဧကရာဇ်ဖြစ်၏။

အခြား (၂) ဦးမှာ ဆိုးသွမ်းအင်မော်တယ်နှင့် ရေခဲတောင်သခင်ဟု အမည်ရှိသူများဖြစ်ကြသည်။

ဆိုးသွမ်းအင်မော်တယ် ။ ။ အဖွဲ့ဝင်အသစ်လား”

မဟာနေမင်း မီးလျှံဧကရာဇ်။ ။ “ဒီညီငယ်က ကောင်းကင်ဘုံတာအိုနဲ့အုတ်မြစ်တည်ထားတဲ့သူပဲ"

ဆိုးသွမ်းအင်မော်တယ်။ ။ဝိုး ...မင်းကဆရာကြီးပဲ ၊တာအိုရောင်းရင်း၊ငါအခြေတည်အဆင့်ကိုရောက်နေတာ နှစ်ပေါင်းတစ်သိန်းရှိပြီ၊အင်မော်တယ်အဆင့် အခြေတည်ရတနာနဲ့သာအုတ်မြစ်တည်ဆောက်ခဲ့မိတယ်၊ ငါ့အုတ်မြစ်ကို ပြန်တည်ဆောက်လို့မရတော့တာ နှမြောစရာပဲ၊ငါ့ရဲ့ဘဝကို တကယ်ပဲနောင်တရသွားပြီ"

ကျိယွမ်။ ။အင်မော်တယ်အုတ်မြစ်ပိုင်ရှင်ကြီး ၊ခင်ဗျားကအရမ်းကိုအစွမ်းကြီးမှာသေချာတယ်၊မိတ်ဆွေရဲ့အစွမ်းကို ပြသတဲ့အနေနဲ့ ကျွန်တော့်ကိုကောင်းကင်အဆင့်နည်းစနစ်တစ်ခု ပေးပါလား"

ကျိယွမ်က အနည်းငယ်မြှောက်ပင့်ကာ သူလိုချင်သောအရာကို တောင်းဆိုလိုက်၏။သူက မည်းမည်းမြင်ရာ နည်းစနစ်ချည်း လိုက်တောင်းနေတော့သည်။

မတတ်နိုင်ဘူး ၊ငါကမွဲနေတာကိုး။

ဆိုးသွမ်းအင်မော်တယ်က ခဏတုန့်ဆိုင်းသွားပြီးမှ အကြောင်းပြန်သည်။

“အဟမ်း..အဟမ်း၊ ငါ့မှာ ကောင်းကင်အဆင့် နည်းစနစ်တော့ မရှိဘူး၊ ဒါပေမဲ့မင်းက ငါတို့အဖွဲ့ထဲကိုဝင်လာပြီဆိုတော့ ငါတို့ထဲက တစ်ယောက်ပဲ၊ အဖွဲ့ထဲမှာ ငါတို့ မျှဝေထားတဲ့ နည်းစနစ်တချို့ရှိတယ်။ နက်နဲသောအဆင့် နည်းစနစ် (၃) ခုနဲ့ ကျောက်စိမ်းအဆင့် နည်းစနစ် (၇) ခုရှိတယ်။ မင်း ကြည့်လို့ရပါတယ်”

ကျိယွမ်၏ မျက်လုံးများ တောက်ပလာသည်။

သူသည် နက်နဲသောအဆင့် နည်းစနစ် (၃) ခုနှင့် ကျောက်စိမ်းအဆင့် နည်းစနစ် (၇) ခုကို အမြန်ဆုံး ဝင်ရောက်ကြည့်ရှုလိုက်၏။

“ငါတို့အားလုံးကညီအစ်ကိုတွေပါ။ မင်းမှာ နည်းစနစ်တွေရှိရင်လည်း မျှဝေလို့ရပါတယ်။ ငါတို့အားလုံး တာအိုလမ်းစဥ်ကို အတူတူ လျှောက်လှမ်းကြတာပေါ့” ဟု မဟာနေမင်း မီးလျှံဧကရာဇ်က ဖိတ်ခေါ်လိုက်သည်။

“ခင်ဗျားတို့ အားလုံး အရမ်း ကြင်နာကြတာပဲ”

ကျိယွမ်ခေတ္တ စဉ်းစားလိုက်သည်။ထိုလူများက အမှန်ပင်မဆိုးလှပေ။သူလည်း တစ်ခုခုတော့ပြန်ပေးသင့်သည်ဟု တွေးမိ၏။

သူက "တောက်ပသောဓားနည်းစနစ်” ကို အဖွဲ့ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် သူသည်နည်းစနစ်များကို အမြန်ဖွင့်ပြီး မှတ်သားနေ၏။

“မူလနတ်ဘုရား၊ မင်းက တကယ်အံ့သြစရာ ကောင်းတာပဲ။ အလင်းနန်းတော် က ‘တောက်ပသောဓားနည်းစနစ်'တောင် ရှိတယ်ပေါ့”

မဟာနေမင်းမီးလျှံဧကရာဇ်က ကျိယွမ်ကို အမှန်တကယ်ပင် အထင်ကြီးသွားသည်။

“တောက်ပသောဓားနည်းစနစ်” ကိုထုတ်ပြခြင်းသည် မူလနတ်ဘုရားတွင်အချို့သော စွမ်းအားများရှိကြောင်း ပြသရာရောက်သည်မဟုတ်ပါလား။

“မဟုတ်ပါဘူး၊ကျွန်တော်က သာမန် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ပါပဲ"

“ဟုတ်လား ၊ အဲဒါဆိုငါလည်း သာမန်အင်မော်တယ်တစ်ယောက်ပဲလေ”

ထို့နောက်စကားအနည်းငယ်ပြောပြီးနောက် ကျိယွမ်သည် ကျောက်ပြားထဲမှ ထွက်လိုက်၏။

သူသည် အဖွဲ့ထဲရှိလူ (၂) ဦးသည်ကြင်နာတတ်သော်လည်း အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည်။

သူကထို့သို့တွေးပြီးနောက် သူရရှိခဲ့သော နည်းစနစ်များကို အာရုံစိုက်လိုက်သည်။

သူ၏ကိုယ်ပိုင်နည်းစနစ်ကို ပြီးပြည့်စုံစေရန် နည်းစနစ်များကိုလေ့လာရန်လိုအပ်နေသည်မဟုတ်ပါလား။

“နောက်ဆုံးတော့ ငါ့ရဲ့ ‘ကျိယွမ်ကျမ်း’ ကို အခြေတည်အဆင့် အလယ်အလတ်ကိုရောက်အောင် ပြုပြင်နိုင်ပြီ၊ဒါပေမဲ့ ကျင့်ကြံမှုက အရမ်းနှေးတာ ဆိုးနေတယ်"

ထိုနှုန်းဖြင့်ဆိုလျှင် သူသည် အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး (၅) နှစ် ကြာမည်မှာသေချာ၏။

မည်သို့ပင်ဆိုစေကာမှု ယခုနည်းစနစ်များသည် မဟူရာတောင်တန်းဂိုဏ်း မှ ရရှိခဲ့သောနည်းစနစ်များထက် များစွာသာလွန်နေသည်ကိုတော့ သံသယရှိရန်မလိုပါ။

ကျိယွမ် သက်ပြင်းချလိုက်သည်။

သာ့ရှန်းတိုင်းပြည်သည် အရှေ့ပိုင်းဒေသနှင့်နှိုင်းယှဥ်ပါက တောရွာအဆင့်လောက်သာရှိသည်ဟု ခံစားရ၏။

"အလယ်အလတ်အဆင့်လေးကို ရောက်ဖို့ ၊ ၅ နှစ်ဆိုတော့ လွန်တာပေါ့၊ဒီလိုကတော့ မဖြစ်ဘူး "

ကျိယွမ်က အခြားနည်းလမ်းကိုစဥ်းစားရင်းဖြင့် ဂိမ်းကိုသတိရသွားသည်။

ဂိမ်းဆော့ခြင်းက သာမန်ကျင့်ကြံနည်းလမ်းများဖြင့် ပို၍မြန်ဆန်သည်မဟုတိပါလား။

"ငါ့ရဲဝိညာဥ်ကလည်းတော်တော်လေးသန်မာလာပြီဆိုတော့ ဂိမ်းထဲကို ဝင်ကြည့်မှပဲ"

ကျိယွမ်သည် သူ၏နတ်ဘုရားအသိစိတ်ကို ဂိမ်း ကျောက်ပြားထဲသို့ထဲသို့ ချက်ချင်း ဖြန့်ကျက်လိုက်သည်။

"ဒီတစ်ခါတော့ ရလောက်ပါပြီ"

................

လျူဖုန်းနယ်မြေတွင်ဖြစ်သည်။

(စီးဆင်းလေနယ်မြေကို လျူဖုန်းနယ်မြေဟု ပြောင်းလဲရေးသားသွားပါမည်)

နတ်ဆိုးမနင်းထောင်သည် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားဆဲ ဖြစ်ပြီး တောင်ထိပ်ပေါ်တွင် ရပ်နေသည်။

သူမသည်ထုံးစံအတိုင်း ပြင်းထန်သော ဒဏ်ရာများ ရရှိနေပြန်၏။

ကြောက်မက်ဖွယ်အော်ရာများကို ထုတ်လွှတ်နေသော အဆင့်မြင့်ရန်သူ (၅) ဦးသည် နင်းထောင်ကို ပတ်ပတ်လည်မှ ပိတ်ဆို့ဝန်းရံထားသည်။

ကျိယွမ်သာ ယခုနေရာတွင်ရှိနေပါက ထို (၅) ဦးကို ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများဖြစ်သည်ဟု ချက်ချင်းသိမှာသေချာသည်။

“နတ်ဆိုးမ၊ နင်ရဲ့ရတနာတွေကို လွှဲပေးလိုက်၊ငါတို့က နင့်ခန္ဓကိုယ်ကို အကောင်းအတိုင်းချန်ပေးထားလိုက်မယ်"

အသက်ကြီးသောအမျိုးသားတစ်ဦးက ခြိမ်းချောက်လိုက်ပြီး နင်းထောငိအား လောဘတတ်နေသောမျက်လုံးများဖြင့် ကြည့်သည်။

နတ်ဆိုးမသည် မယုံနိုင်ကောင်းစွာဖြင့် ရာစုနှစ်တစ်ခုအတွင်း သူတို့၏အဆင့်သို့ ရောက်ရှိလာသည်။

ဤမျှလျင်မြန်စွာ ကျင့်ကြံနိုင်ခြင်းသည် အဆင့်မြင့်ရတနာများ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်လိမ့်မည်။သဘာဝအတိုင်းကျင့်ကြံနေလျှင် မည်သူမှ ယခုလိုမမြန်ဆန်နိုင်ပေ။

အခြားကောင်းကင်ဘုံအဆင့် (၄) ဦးကလည်း နင်းထောင်ကို လောဘဇောတတ်နေသော မျက်လုံးများဖြင့် ကြည့်ကာဝန်းရံထားကြသည်။

ယနေ့တွင် သူတို့က ရတနာကိုအရယူမည်ဖြစ်သည်။

တောင်ထိပ်တွင်ရပ်နေသော နင်းထောင်သည် ဂုဏ်ယူစွာပြုံးလိုက်သည်။

သူမ၏အနက်ရောင်ဝတ်စုံသည် လေထဲတွင် တဖျတ်ဖျတ်လှုပ်ခတ်နေသည်။ နင်းထောင်သည် ယခင်ပုံစံနှင့်နှိုင်းယှဉ်လျှင် သူမ၏ ခန္ဓာကိုယ်သည် ပို၍မြင့်မားလာသည်၊ သူမ၏ ခါးကလည်းပို၍သွယ်လာသည်၊ အသိသာဆုံးမှာ သူမ၏ရင်သားများပင်။၄င်းတို့က ပို၍ပြည့်ဝန်းလာပြီး သူမ၏ဝတ်စုံနှင့်ပင်မဆန့်ချင်တော့ပါ။

အထူးခြားဆုံးအသွင်အပြင်မှာ သူမ၏နှင်းကဲ့သို့ဖြူဖွေးနေသော အသားအရေဖြစ်ပြီး အနက်ရောင်ဝတ်စုံကြောင့် အသားအရည်၏အလှတရားမှာ ပြတ်သားစွာပေါ်လွင်နေတော့သည်။

နင်းထောင်၏ မျက်လုံးများက ရုတ်တရက် မာန်မာန များဖြင့်ပြည့်နှက်လာပြီး သူမရှေ့မှ ရန်သူငါးယောက်ကို စိုက်ကြည့်လိုက်၏။

“ငါက ငါ့ရဲ့ပါရမီကိုပဲ အားကိုးတယ်"

“ဟွန်း၊ ဘာပါရမီလဲ"

ခန္ဓာကိုယ်တောင့်တင်းသောလူက နင်းထောင်ကို စိုက်ကြည့်ပြီး မဲ့သည်။

“နင့်ရဲ့ နောက်ကွယ်ကလူ ဘယ်မှာလဲ။ သူ့ကိုပါ ခေါ်ထုတ်လိုက်"

ယခုနှစ်များအတွင်း နင်းထောင်သည် လျင်မြန်စွာကြီးထွားလာသည်မှာ သူမ၏နောက်ကွယ်မှ အလွန်အစွမ်းထက်သောသူတစ်ယောက် ရှိနေသောကြောင့်ဟု ကောလာဟလများရှိခဲ့သည်။

သို့သော် ထိုအစွမ်းထက်လွန်းသည်ဆိုသောကျင့်ကြံသူက မည်သူဖြစ်သည်ကိုတော့ လက်တွေ့ကျကျမည်သူမှ မမြင်ဖူးမတွေ့ဖူးကြပါ။

“အကြီအကဲ၊ သူ့မှာအဲဒီလိုနောက်ခံလူ မရှိဘူးလို့ ကျွန်မထင်တယ်။ ဒါတွေအားလုံးက ဒီနတ်ဆိုးမရဲ့ မဟုတ်တမ်းတရား လိမ်ညာမှုတွေပဲ”

အဖွဲ့ဝင်အမျိုးသမီးတစ်ဦးက နင်းထောင်ကို ဒေါသတကြီးစိုက်ကြည့်လျှက် ရှင်းပြ၏။

ယခုရောက်ရှိလာသော ကောင်းကင်ဘုံအဆင့်ငါးဦးသည် သွေးချောင်းစီးမြို့တော်ကို ထိန်းချုပ်သူများဖြစ်ပြီး ဒုစရိုက်မြို့တော်သို့ တစ်နှစ်လျှင် ယောက်ျားလေးနှင့် မိန်းကလေး (၃၀၀) ကို ပူဇော်လေ့ရှိပြီး နင်းထောင်သည် တစ်ချိန်က ထိုကလေးများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။

ရန်သူငါးဦးသည်လက်နက်များကို အသင့်ပြင့်ကာ နင်းထောင်ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်ကြသည်။

နင်းထောင်က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။

“နင်တို့လောက်ကိုသတ်ဖို့ ငါ့ယောက်ျားကို ခေါ်စရာမလိုပါဘူး"

သူမသည် ထူးဆန်းသောအသံကို ပထမဆုံးကြားခဲ့ရသောအချိန်က ရန်သူများကိုသတ်ရန် အခွင့်အရေးယူနိုင်ခဲ့သည်။

သို့သော် သူမကိုယ်တိုင်လည်း ထိုအသံပိုင်ရှင်ကို ကြောက်ရွံ့ခဲ့သည်မှာအမှန်ပင်။

သူမ၏မိခင်က ယောက်ျားတစ်ဦးကို “ခင်ပွန်းသည်” ဟု ခေါ်ခြင်းသည် သူတို့၏ သတ်ဖြတ်ချင်စိတ်ကို ခဏတာ ရပ်တန့်စေမည်ဟု ပြောခဲ့သည်ကို အမှတ်ရကာ ထိုသို့အော်ဟစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတော့ နှစ်ပေါင်း တစ်ရာ ကြာခဲ့လေပြီ။

နင်းထောင်သည် ထိုအချိန်ကလို အားနည်းသော မိန်းကလေးမဟုတ်တော့ပါ။

သူမသည်သူမကိုယ်သူမ ကာကွယ်နိုင်လောက်အောင် အားကောင်းလာခဲ့သည်။

ယနေ့တွင် သွေးချောင်းစီးမြို့တော် အုပ်ချုပ်သူများကိုသတ်ရန်မှာ သူမ၏အစီအစဥ်သာဖြစ်၏ ။

“ဒီနေ့က နင်တို့အားလုံးသေရမယ့်နေ့ပဲ”

သေမင်းတံစဉ်ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး နင်းထောင်က ရန်သူများကို ရင်ဆိုင်လိုက်သည်။

ထိုအခိုက် စွမ်းအားကြီးသောအရှိန်အဝါ တစ်ခုက တောင်ထိပ်တစ်ခုလုံးပျံ့နှံ့ကျဆင်းလာ၏။

ရုတ်တရက် မိုးကြိုးသံကဲ့သို့သော အသံတစ်ခုသည် ကောင်းကင်မှထွက်ပေါ်လာသည်။

“ဒီ ဂိမ်းစုတ်၊ ငါ့ကို ပိတ်ဆို့ထားတယ်၊ သေ... အာ...၊ ငါ..နင့်ယောက်ျားမဟုတ်ဘူး”

လျှို့ဝှက်ဆန်းကြယ်သော အသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။

ကောင်းကင်ဘုံမှဘုရားတစ်ပါးက ကမ္ဘာမြေကို ဆူပူကြိမ်းမောင်းနေသကဲ့သို့ မိုးခြိမ်းသံများထွက်ပေါ်၏။

ကောင်းကင်ဘုံအဆင့် ငါးယောက်သည် ကောင်းကင်ကြီး၏စွမ်းအင်များ တုန်ခါလာပြီး ခရမ်းရောင်နှင့်အနီရောင် လျှပ်စီးကြောင်းများဖြစ်ပေါ်လာသည်ကို မြင်လိုက်ကြကုန်သည်။

“မူလနတ်ဘုရား စွမ်းရည်၊ နယ်မြေကြီးငါးခုရဲ့အထွတ်အထိပ်သခင်"

အားလုံးမှာ ဆောက်တည်ရာမရအောင် ကြောက်လန့်သွားကြသည်။

ထိုတိုကိခိုက်မှုမျိုးသည် သူတို့ရင်ဆိုင်နိုင်သောအရာ မဟုတ်ပါ။

"ဒီနတ်ဆိုးမမှာ တကယ်ပဲ အစွမ်းထက်တဲ့ နောက်ခံလူရှိတယ်"

All Chapters