နဂါးလုပွဲ
Vol. 6 Ch. 84
"အထွတ်အထိပ်သခင် ၊ကျွန်တော်တို့အသက်ကို ချမ်းသာပေးပါ"
ဒဏ္ဍာရီလာအထွတ်အထိပ်သခင်တစ်ပါးကို သူတိူ့၏အဆင့်လေးနှင့် မည်သို့ရင်ဆိုင်ရဲလိမ့်မည်နည်း။အိမ်မက်ထဲပင် မမက်ဝံ့သော ကိစ္စပင်။
အထွတ်အထိပ်သခင်တစ်ပါး ဒေါသထွက်လျှင် ရုပ်အလောင်းများ မိုင်ပေါင်းများစွာ အထိ ပြန့်ကျဲကျန်ခဲ့ဖူးသည်ဟု ဆိုစကားရှိလေ၏။
ဒုစရိုက်မြို့တော်တွင် ယခုကဲ့သို့သောအထွတ်အထိပ်သခင်တစ်ပါး ရှိနေခြင်းကြောင့် သူတို့မှာခိုင်းသမျှလုပ်ပေးနေရသည်။ယခု ဒုတိယတစ်ပါးက ပေါ်လာခဲ့ပြန်လေပြီ။
အားလုံးကြောက်လန့်တကြားဖြင့်တောင်းပန်နေကြသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသည် ၎င်းတို့ဆီသို့ တည့်တည့်ဆင်းလာသည်။
"မဖြစ်နိုင်.."
ကောင်းကင်ဘုံအဆင့်ငါးယောက်က ထိတ်လန့်တကြားဖြင့်လွတ်မြောက်ရန်ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်သွား၏။
"ဂျိမ်း.."
မိုးကြိုးတိုက်ရိုက်ထိမှန်ခံလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များ ပြာမှုန့်များအဖြစ်ပြောင်းလဲသွားလေ၏။
သွေးချောင်းစီးမြို့တော်၏ အုပ်ချုပ်သူငါးဦးစလုံး လောကကြီးထဲမှ အစမကျန် ပျောက်ဆုံးသွားကြလေပြီ။
"အွတ်"
နင်းတောင်း၏ သွယ်လျသောခန္ဓာကိုယ်လေးသည် ကြိုးပြတ်သွားသောစွန်ပမာ ဝေးကွာသောနေရာအထိ လွင့်စင်သွားသည်။
မိုးကြိုး၏ အရှိန်အဝါကပြင်းထန်လွန်းသောကြောင့် သူမကိုပြင်းထန်စွာဒဏ်ရာရစေခဲ့သည်။
သူမ၏နှုတ်ခမ်းထောင့်မှ သွေးများဆက်တိုက်စီးကျလာသော်လည်း သူမ၏ မျက်နှာတွင်ချိုမြိန်သော အပြုံးတစ်ခု ပေါ်လွင်နေ၏။
"ယောက်ျားရေ၊ရှင်က ကျွန်မကို သတိပေးနေတာလား"
"ရှင်က တကယ်ခွန်အားကြီးတဲ့သူပဲ ၊ကျွန်မ နင်းတောင်နဲ့ ထိုက်တန်ပါတယ်"
"ယောက်ျား ၊ရှင်ကကျွန်မကိုအခုထိ ဂရုစိုက်နေတုန်းပဲနော်၊ ဒီမူလနတ်စွမ်းအင်ကို ကျွန်မပိုပြီးနားလည်နိုင်အောင်ကူညီဖို့ လက်တွေ့ပြလိုက်တယ်ပေါ့ ၊ဟုတ်တယ်မလား"
သူမ၏မျက်နှာပေါ်တွင် အချိုမြိန်ဆုံးသောအပြုံးကိုဆင်မြန်းလျက် နူးညံ့ပြီးလိမ္မာသောဇနီးတစ်ယောက်အလား ချစ်စရာကောင်းနေလေသည်။
ကျိယွမ်သာ ဤနေရာတွင်ရှိပြီး ထိုစကားများကိုကြားရပါက "အလှလေး၊ မင်း စိတ်ကူးတွေအရမ်းယဉ်နေတာပဲ"ဟုပြောမှာသေချာ၏။
ကျိယွမ်က ငယ်ရွယ်သောအသံဟု ထင်ခဲ့ရသောမိန်းကလေးသည် အမှန်တကယ်တွင် သူ့ထက် အသက်ပိုကြီးနေသည်ဟူသောအချက်ကိုတော့ ကျိယွမ်မသိနိုင်ခဲ့ပါ။
ထိုအချိန်တွင် ကျိစယ်တောင်ထိပ်ပေါ်တွင် ကျိယွမ်ကတော့ ယမ်းပုံမီးကျသလို ဒေါသပေါက်ကွဲနေ၏။
"မိုက်မဲတဲ့ဂိမ်း၊ ရူးကြောင်ကြောင်ဂိမ်း၊ NPC က အမြဲတမ်းငါ့ကို ယောက်ျားရေလို့ ခေါ်ပြီး မြူဆွယ်နေတာတောင်၊ငါ့ကို ကစားခွင့်မပေးဘူး၊ခွေးဂိမ်း"
သူ၏စိတ်ဝိညာဉ်က အတော်အတန်သန်မာလာသောကြောင့် ဂိမ်းထဲသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားခဲ့၏။
သို့သော် မအောင်မြင်ခဲ့ချေ။
သူ၏အသိစိတ်သည် ဂိမ်းအိုင်ကွန်အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ပြင်းထန်သော တုံ့ပြန်မှု တစ်ရပ်က သူ့ကိုထိမှန်ခဲ့၏။
သူလည်း စိတ်ပေါက်ပေါက်နှင့် အော်ဆဲပစ်လေသည်။
သူသည် နင်းထောင်၏အတွေးများထဲမှ တစ်စိတ်တစ်ပိုင်းကိုလည်း ကြားခဲ့ရ၏။ ထိုအတွေးများထဲတွင် သူမသည်သူ့ကို ယောက်ျားဟု ခေါ်ကြောင်းသိလိုက်ရသည်။
ဂိမ်းထဲတောင်မရောက်သေးဘူး မိန်းမကရနေပြီ၊အလကားဂိမ်း။
"ဒီလိုလွှတ်ထားလို့ မဖြစ်ဘူး၊ ငါ့ရဲ့ဝိညာဉ် ကို အားကောင်းအောင်လုပ်ပြီး ဒီဂိမ်းစုတ်ကို သင်ခန်းစာ ပေးရမယ်"
ကျိယွမ်သည် ဆုံးဖြတ်ချက်ခိုင်မာစွာချပြီးသည်နှင့် အရာအားလုံးကို မေ့ပစ်ကာ စတင်ကျင့်ကြံတော့သည်။
ထိုရက်များအတွင်းသူက အပြင်းအထန်ကျင့်ကြံ၏။
မည်သူနှင့်မှစကားမပြောသလို မည်သူ့ကိုမှလည်းမတွေ့ဆုံခဲ့ပါ။
ဤသို့ဖြင့် နှစ်လနီးပါးကုန်လွန်သွားခဲ့၏။
ကျိယွမ် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး စိတ်မသက်မသာဖြစ်နေသည်။
နှစ်လနီးပါးကျင့်သော်လည်း သူ၏ချီစွမ်းအင်က မဆိုစလောက်သာတိုးတက်လာသည် မဟုတ်ပါလား။
"အရမ်းနှေးတယ်..အလကားပဲ"
နှစ်လတာကာလအတွင်း ကျိယွမ်သည် ဝိညာဉ်ကိုမြှင့်တင်ရန် အဓိကလေ့ကျင့်ခဲ့ပြီး "ကျိယွမ်ကျမ်း" ကို ဒုတိယဦးစားပေးအနေဖြင့် လေ့လာခဲ့သည်။
ဤနှစ်လအတွင်း သူသည် ဂိမ်းထဲသို့ ဝင်ရောက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး အားလုံးကမအောင်မြင်ဘဲ အဆုံးသတ်ခဲ့ရသည်ချည်းပင်။
နင်းထောင်၏အသံကိုခုနစ်ကြိမ် ကြားခဲ့ရသည်။ လေးကြိမ်ကို မနေနိုင်စွာတုံ့ပြန်ခဲ့ပြီး ကျန်သုံးကြိမ်ကိုမူ လျစ်လျူရှုခဲ့၏။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသုံးကြိမ်တွင် သူမသည်သူ့အားယောင်္ကျားဟု မခေါ်တော့သဖြင့် သူမကသူ့အားခေါ်ခြင်းမဟုတ်ဟုထင်သောကြောင့် မတုန့်ပြန်ခဲ့ခြင်းပင်။
ထိုအချိန်တွင် ကျန်းလင်းစု၏သာယာသောအသံလေးကအိမ်ထဲသို့ ပျံ့လွင့်လာခဲ့သည်။
"ဆရာတူအစ်ကိုကြီး၊ နဂါးလုပွဲ စတော့မယ်။ အပြင်ထွက်ခဲ့တော့"
သူမက အနည်းငယ်စိတ်မရှည်ဖြစ်နေပုံရသည်။
"အေး..အေး.."
ကျိယွမ်အိမ်အပြင်သို့ရောက်သောအခါ နွေဦးရာသီအတွက် အနည်းငယ်ထူထဲသော အဝတ်အစားများဝတ်ဆင်ထားသည့် သူ၏ ညီမလေးကို တွေ့လိုက်ရသည်။
"ဆရာတူအစ်ကိုကြီး မင်္ဂလာပါ"
.....................
ရုန်မြို့သည် မူလကရှန်ကွမ်းဂိုဏ်း၏လက်အောက်တွင်ရှိသော သာမန်လူများနေထိုင်ရာမြို့လေးဖြစ်သည်။
သို့သော် လွန်ခဲ့သောနှစ်လအတွင်း မြို့တော်သည် ကြီးမားသောပြောင်းလဲမှုများ ကို တွေ့ကြုံခဲ့ရ၏။
မြို့သူမြို့သားများသည် ကောင်းကင်ယံတစ်လျှောက်ပျံသန်းနေသော ကျင့်ကြံသူများကို မကြာခဏမြင်တွေ့ရ၏ ။
သုံးကျန်းခန့်အမြင့်ရှိသော ကျောက်ဘီလူးများသည် သစ်သားများနှင့် ကျောက်တုံးကြီးများကို သယ်ဆောင်ကာ မြို့အပြင်ဘက်တွင် နန်းတော်များကို ဆောက်လုပ်နေသည်ကိုလည်း တွေ့ရပြန်သည်။
မြို့သူမြို့သူများ အံ့သြနေကြစဥ်မှာပင် နှစ်လအတွင်း နန်းတော်များစွာပေါ်ထွက်လာခဲ့ ၏။
ရှန်းကွမ်းဂိုဏ်းမှ ရုန်မြို့သို့လာရာ ကောင်းကင်ယံတစ်လျှောက်တွင် အလင်းတန်းသုံးခု ပျံသန်းနေသည်။
"သာ့ရှန်းတိုင်းပြည်ဟာ သာမန်သေမျိုးတိုင်းပြည်လေးကနေ အင်မော်တယ်လမ်းစဥ်တိုင်းပြည်အဖြစ်ပြောင်းလဲခဲ့တာက ကောင်းကင်နဂါးလျို့ဝှက်နယ်မြေပေါ်လာတာနဲ့ အများကြီးသက်ဆိုင်တယ်၊ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေထဲမှာ အဆင့်မြင့်ရတနာတွေအများကြီးရှိတယ်လေ၊သာ့ရှန်းတိုင်းပြည်က အဲဒီနယ်မြေကရတဲ့ ရတနာတွေကြောင့် အရင်းအမြစ်တောင့်တင်းပြီး အင်အားကြီးထွားလာတာ"
အရာရာသိ အရာရာကိုတတ်သော ကန်းဖူလူက ထပ်မံရှင်းပြသည်။
"ဒါပေမဲ့ နောင်ပိုင်းမှာ နတ်ဆိုးရမက်ဂိုဏ်းရဲ့အင်အားကြီးမားတဲ့အခါမှာ သာ့ရှန်းမင်းဆက်က အရင်လိုအင်အားမတောင့်တင်းတော့ဘူး"
ထုံရှီးယန်က ထိုအကြောင်းများကိုကြားနေသော်လည်း စိတ်လှုပ်ရှားခြင်းမရှိသလို မည်သည့်ခံစားချက်မှ မရှိပါ။
သာရှန်းမင်းဆက်၏ကျဆင်းမှုသည် ရှောင်လွှဲမရသော အရာဖြစ်၏။
သူသည် သာ့ရှန်းမင်းဆက်၏အတိတ်က ဂုဏ်ကျက်သရေကို ပြန်လည်ထူထောင်ရန် လည်း ရည်ရွယ်ချက်မရှိပါ။
သူ့အတွက်မူ သူ၏ကိုယ်ပိုင်ခွန်အားကသာ စစ်မှန်သော ရည်မှန်းချက်ဖြစ်သည်။
" အခုတစ်ခါ ရုန်မြို့အပြင်ဘက်မှာ ဒုတိယမြောက်ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေပေါ်လာတဲ့အတွက် နဂါးလုပွဲကိုနေရာရွှေ့လိုက်ရတာပဲ"
ကန်းဖူလူသည် ကျိယွမ်မသိသေးသောကြောင့်သာ ထိိုအရာများကိုရှင်းပြနေခြင်းဖြစ်သည်။အကြောင်းအရာအများစုက လူတိုင်းသိပြီးသားများပင် ဖြစ်၏။
ကျိယွမ် ကန်းဖူလူ၏စကားကိုကြားသောအခါ မှတ်ချက်ပြုသည်။
"ဒါဆိုရင် နဂါးလုပွဲကထီးနန်းအတွက် တိုက်ပွဲလည်းဖြစ်သလို အရင်းအမြစ်တွေလုတဲ့ပွဲလည်း ဖြစ်နေတာပေါ့"
သို့သော်ကျိယွမ်သည် အနည်းငယ်တော့ထူးဆန်းနေသည်ဟု တွေးမိနေ၏။ရုန်မြို့သည် ရှန်ကွမ်းဂိုဏ်း၏လက်အောက်ခံဖြစ်သည်။ဒုတိယမြောက် ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေပွင့်လာသည်ဖြစ်စေဦးတော့ ယုတ္တိရှိရှိပြောရလျှင် ရှန်ကွမ်းဂိုဏ်း၏ထိန်းချုပ်မှုအောက်၌သာရှိသင့်သည်။
ဘာလို့ ရှန်ကွမ်းကဒီကိစ္စကို မထိန်းချုပ်နိုင်ရတာလဲ။
ရှန်းကွမ်းဂိုဏ်းတွင် အတွင်းပိုင်းပြဿနာများစွာရှိနေသည်ကို ကျိယွမ်ပြန်လည်သတိရလိုက်၏။
ဂိုဏ်းချုပ်ကြီးကိုယ်တိုင်က သူလျှိုဖြစ်နေသလို များစွာသောတပည့်များကလည်း ပုန်းလျှိုးကွယ်လျှိုးကိစ္စများရှိပြန်၏။
ယုတ်ဆွအဆုံး ဂိုဏ်းချုပ်၏သမက်ဖြစ်သူ ကန်းဖူလူတွင်ပင် ပြဿနာအချို့ရှိနေသည်။
အင်း..ရှန်ကွမ်းတစ်ဂိုဏ်းလုံးမှာ အပြစ်ကင်းတဲ့သူဆိုလို ငါတစ်ယောက်ပဲရှိတယ်။
ကျိယွမ် သူ့ကိုယ်သူဂုဏ်ယူနေစဥ် ကန်းဖူလူ၏စကားသံက လွင့်ပျံလာပြန်သည်။
"ဒီပွဲမှာ ငါတို့ရဲ့အဓိကရန်သူ သုံးဦးရှိတယ်။ကျူမျောလွင့်တောင်ဂိုဏ်းကထောက်ပံ့ပေးနေတဲ့ ပထမမင်းသားရယ် ၊ နတ်ဆိုးရမက်ဂိုဏ်းက ကူညီပေးနေတဲ့ သတ္တမမင်းသားရယ်၊အလင်းနန်းတော်က နန်းတင်ပေးချင်နေတဲ့ အငယ်ဆုံးမင်းသား ၁၈ ရယ်၊သူတို့က ငါတို့ရဲ့ အဓိကရန်သူတွေပဲ"
"အလင်းနန်းတော် လား"
ကျိယွမ် ၏ မျက်လုံးများအရောင်တောက်ပ လာ၏။
နောက်ထပ် ကျူးလျန်ဟွာလို မျှော်လင့်ခြင်းလမင်းများတွေ့နေရဦးမလား။
"အလင်းနန်းတော်က အရှေ့ပိုင်းဒေသမှာ နက်ရှိုင်းတဲ့အုတ်မြစ်ရှိတယ်။ ဒီတစ်ခါ သူတို့က အခြေတည်အဆင့်အထွတ်အထိပ်ဖြစ်တဲ့ ဖျက်ဆီးဝံပုလွေလို့ခေါ်တဲ့ တပည့်ကိုလွှတ်တယ်လို့ကြားတယ်၊ဒီကောင်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာမို့ ငါတို့သေချာပေါက်သတိထားရမယ်"
ကန်းဖူလူ၏သတိပေးသံအဆုံးတွင် ကျိယွမ်၏မျက်လုံးများက ပို၍အရောင်တောက်လာ၏။
"ဖျက်ဆီးဝံပုလွေတဲ့လား"
သာ့ရှန်တိုင်းပြည်သည် အလွန်ဆင်းရဲလှ၏။
ကျေးတောရွာအဆင့်သာရှိသည်။ယခုအချိန်ထိ ကျိယွမ်သည်သာ့ရှန်းတွင် နက်နဲသောအဆင့်နည်းစနစ်တစ်ခုတစ်လေပင် မတွေ့ခဲ့ဖူးပါ။
သို့သော် သူ၏ပထမဆုံး မျှော်လင့်ခြင်းလမင်းဖြစ်သော ကျူးလျန်ဟွာသည် အလင်းနန်းတော်မှ အဆင့်မြင့်နည်းစနစ်ကိုသယ်ဆောင်လာ၏။
ယခုလည်း ဒုတိယမြောက်မျှော်လင့်ခြင်းလမင်းကတော့ ရောက်လာခဲ့ချေပြီ။
ပထမလမင်းကတော့ သာ့ရှန်းတွင်ဆိုးရွားစွာအဆုံးသတ်ခဲ့ရသည်။ထို့ကြောင့် ယခုရောက်လာသော လမင်းကတော့ ပထမလမင်းထက် ပိုအားကောင်းမှာသေချာသည်။
ဒီကောင်က ကျူးလျန်ဟွာထက်အဆင့်မြင့်တယ်ဆိုတော့ သူယူလာမဲ့မျှော်လင့်ခြင်းလမင်းကလည်း သေချာပေါက်ပိုကောင်းတာပဲဖြစ်ရမယ်။
ကျိယွမ်က သူ့အတွေးနှင့်သူ သဘောကျစွာ ခေါင်းတညိတ်ညိတ်ဖြစ်နေတော့သည်။
................
"အဟွတ်..အဟွတ်.."
"ဝေါ့.."
လူမမာတစ်ယောက်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏မျက်နှာကသိသာစွာ ဖြူဖျော့နေ၏။ ချောင်းဆိုးလိုက်တိုင်း သွေးများပါလာပြီး ချောင်းကလည်းမနားတမ်းဆိုးနေလေသည်။
ထိုလူမမာသည် အခြေအနေမကောင်းကြောင်းကို သာမန်လူများပင် သိနိုင်၏။
"ခမည်းတော်.."
တစ်ဆယ့်ရှစ်မင်းသား သည် လူမမာကို စိုးရိမ်စွာ ခေါ်လိုက်သည်။
ချောင်းဆိုးနေသောလူမမာသည် သာ့ရှန်းတိုင်းပြည်၏ ဧကရာဇ်ဖြစ်၏။
"အပြင်မှာနေပါ"
ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သြဇာထက်မြက်ပုံပေါ်နေသည့်မိဖုရားက အမိန့်ပေးလိုက်ခြင်းပင်။
"အရှင်မင်းကြီး အနားယူဖို့ လိုတယ်"
တစ်ဆယ့်ရှစ်မင်းသားသည် မကျေနပ်သောအမူအရာကိုပြသသော်လည်း မတတ်သာဘဲ ထွက်ခွာသွားရသည်။
ကျယ်ဝန်းသောနန်းဆောင်ထဲတွင် သာ့ရှန်းတိုင်းပြည်၏ဧကရာဇ်နှင့် မိဖုရားတို့နှစ်ဦးတည်းသာ ကျန်ရှိနေခဲ့သည်။
"ကျစ်ထုံ ၊ ငါကုသဖို့အခန်းအောင်းနေတုန်း မှာ တိုင်းရေးပြည်ရာတွေကို စီမံခန့်ခွဲပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းအတွက် တော်တော်ခက်ခဲ့မှာပဲ"
ဧကရာဇ်သည် မိဖုရား၏လက်ကိုဆုပ်ကိုင်ရန် လက်လှမ်းလိုက်ရင်းမှ တောင်းပန်လိုက်သည်။
သို့သော် မိဖုရားက ချက်ချင်းမတ်တပ်ရပ်လိုက်၏။
"အရှင်မင်းကြီး၊ အနားယူသင့်ပါပြီ"
ထိုမျှသာပြောကာ သူမက ဧကရာဇ်၏အိပ်ဆောင်မှထွက်ခွာသွားလေသည်။
သူမအနေဖြင့် လက်ခံတွေ့ဆုံရမည့်သူများ ရှိနေပြီး သူမကိုယ်တိုင်ကလည်း ရုပ်သေးရုပ် ကဲ့သို့သောဧကရာဇ်နှင့် အတူတူနေရန် ဆန္ဒမရှိပါ။
"အဟွတ်.."
"ကျိ...ကျိ..အဟွတ်.."
"ဝေါ.."
ဧကရာဇ်ခမျာ ချောင်းဆိုးနေသည့်ကြားမှ မိဖုရား၏အမည်ကိုခေါ်ရင်း သနားစဖွယ်ကျန်နေခဲ့သည်။
ထိုအချိန်တွင် တစ်ဆယ့်ရှစ်မင်းသား သည် ရုန်မြို့ရှိ သူ၏ယာယီနန်းတော်သို့ ပြန်ရောက်လာ၏။
သို့သော် နန်းဆောင်ထဲသို့ မဝင်မီတွင် အတွင်းမှ မိန်းမပျိုတစ်ဦး၏ သယယာသော ညည်းညူသံနှင့် မောဟိုက်သံများကို ကြားလိုက်ရ၏။
သူ၏မျက်နှာက သိသိသာသာ ပျကိယွင်းသွားရသည်။
အတွင်းမှညည်းနေသော မိန်းမပျိုသည် သူ၏ကြင်ယာတော်မင်းသမီးဖြစ်နေသည် မဟုတ်ပါလား။
သူသည်အပြင်ဘက်တွင် ကုန်းကုန်းတစ်ဦးကဲ့သို့ တိတ်ဆိတ်စွာရပ်နေရသည်။
ထိုအချိန်တွင် အထဲမှ မထီမဲ့မြင်နိုင်သော လှောင်သံတစ်ခုကို ကြားလိုက်သည်။
"တစ်ဆယ့်ရှစ်မင်းသား၊ မင်း ပြန်ရောက်လာပြီဆိုတော့ ဝင်လာခဲ့။ မင်း ကြည့်နေရင် ငါ က ပိုတောင်သဘောကျသေးတယ်"
"ဟားဟား ဟားဟား"
တစ်ဆယ့်ရှစ်မင်းသားသည် ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး နှိမ့်ချသောအပြုံး ဖြင့်ဝင်လာခဲ့၏။
"ဆရာဖျက်ဆီးဝံပုလွေ.."
သူသည် ကုတင်ပေါ်ရှိသူ၏ကြင်ယာတော် မင်းသမီးကို တစ်ချက်ကြည့်မိသည်။ သူမ၏မျက်လုံးများတွင်ကျေနပ်မှုများ ပြည့်နေပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသောအဝတ်တစ်ခုဖုံးအုပ်ထားသည်ကိုမြင်ရ၏။
ဖျက်ဆီးဝံပုလွေကတော့ အဝတ်အစားများပြန်လည်ဝတ်ဆင်ပြီးဖြစ်သည်။
သူ၏မျက်လုံးများသည် အဆိပ်ပြင်းသောမြွေကဲ့သို့ ထက်ရှနေ၏။
"ဘယ်လိုဖြစ်သွားလဲ"
တစ်ဆယ့်ရှစ်မင်းသား သည် ခေါင်းငုံ့ကာ ရေရွတ်လိုက်၏။
"မယ်တော်... သူကကျွန်တော်နဲ့ စကားမပြောချင်ဘူး"
"အသုံးမကျတဲ့ကောင်"
ဖျက်ဆီးဝံပုက စိတ်ထဲမှဆဲဆိုလိုက်ပြီး တစ်ဆယ့်ရှစ်မင်းသား ကိုပို၍ပင်အထင်သေးသွားတော့သည်။
သို့သော်ပြဿနာမရှိပါ။အသုံးမကျသော တစ်ဆယ့်ရှစ်မင်းသားမျိုးက သူတို့အတွက် ထိန်းချုပ်ရပိုလွယ်၏။
"မိဖုရားက ငါတို့အလင်းနန်းတော်နဲ့ မပူးပေါင်းချင်ဘူးဆိုရင် ၊သူ့ကို ခဏထားလိုက်"
ဖျက်ဆီးဝံပုလွေ၏မျက်လုံးများတွင် မကျေနပ်သောအရိပ်အယောင်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွား၏။
"ဒါနဲ့ ရှန်ကွမ်းဂိုဏ်းကလူတွေ ရောက်လာပြီလား"
"သူတို့အခုပဲ နန်းတော်ကို ရောက်ပါတယ်"
တစ်ဆယ့်ရှစ်မင်းသားသည် နှိမ့်ချစွာ ခေါင်းငုံ့ထားသည်။
"ဆရာဖျက်ဆီးဝံပုလွေဝံ၊ အစ်ကိုတော် ၁၇ က... လူကောင်းတစ်ယောက်ပါ။ ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေမှာ သူ့ကို အသက်ချမ်းသာ ပေးနိုင်မလား"
ဆယ့်ခုနစ်ယောက်မြောက်အစ်ကိုသည် အခြားသူမဟုတ်ပါ ထုံရှီးယန်ဖြစ်လေသ
ည်။
တစ်ဆယ့်ရှစ်မင်းသားကဲ့သို့ပင် ထုံရှီးယန် သည်လည်း မျက်နှာသာပေးခံရသူ မဟုတ်ခဲ့ချေ။
သို့သော် ထုံရှီးယန်သည်သူ့ကိုအမြဲတမ်း ကောင်းမွန်စွာပြုစုစောင့်ရှောက်ခဲ့ပြီး သူတို့နှစ်ကြားမှဆက်ဆံရေးသည် အခြားသူများထက် ခိုက်မာသည်ဟုဆိုနိုင်၏။
"မင်းအတွက်ဆိုပြီး သူ့ကိုအသက်ချမ်းသာ ပေးလို့ ရပါတယ်။
ဒါပေမဲ့၊ရှန်ကွမ်းဂိုဏ်းကနှစ်ယောက်ကိုတော့ ....."
ဖျက်ဆီးဝံပုလွေ၏ ရက်စက်သောမျက်လုံးများတွင် သတ်ဖြတ်လိုသောစိတ်ဆန္ဒ တစ်ခုထင်ရှားလာသည်။
ကျူးလျန်ဟွာသည် သာ့ရှန်းတိုင်းပြည်တွင် သေဆုံးခဲ့ရပြီး ရှင်ဟွာအဖွဲ့ကသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စသည် ဖျက်ဆီးဝံပုလွေ အတွက် ကြီးမားသောအရှက်ရစရာ ဖြစ်ခဲ့၏။
တစ်ရာသောတိုင်းပြည်များအတွက် အစီအစဉ်များကို သူ၏ဆရာက ဦးဆောင်နေသည်။
ယခုကိစ္စများအောင်မြင်သည်နှင့် အလင်းနန်းတော်တွင် ဆရာ၏ရာထူးသည် များစွာ တိုးတက်လာရန်သေချာသည်။
သို့သော် မထင်မှတ်ဘဲကျူးလျန်ဟွာသည် ရှန်ကွမ်းဂိုဏ်းအနီးတွင် အသတ်ခံခဲ့ရ၏။
ရှင်ဟွာအဖွဲ့က သတ်ခဲ့ခြင်းဖြစ်သော်လည်း ရှန်ကွမ်းဂိုဏ်းလည်း သေချာပေါက်ပါဝင်ပတ်သက်နေလိမ့်မည်။
"ရှန်ကွမ်းဂိုဏ်းက နှစ်ယောက်ထဲမှာဘယ်သူက ပိုအားကောင်းလဲ"
ဖျက်ဆီးဝံပုလွေက အရေးကြီးသောအချက်ကို စုံစမ်းလိုက်၏။
"ရောင်ခြည်ငါးပါးတောင်ထိပ်က ကန်းဖူလူ က ပိုအားကောင်းပါတယ်။ သူက အခြေတည်အဆင့်အထွတ်အထိပ်ကျင့်ကြံသူဖြစ်ပြီး ဂိုဏ်းချုပ်ရဲ့သမက်လည်း ဖြစ်သလို တောင်ထိပ်ခေါင်းဆောင်ရဲ့ အနီးကပ်တပည့်လည်း ဖြစ်ပါတယ်"
တစ်ဆယ့်ရှစ်မင်းသားသည် ကန်းဖူလူနှင့် တွေ့ဆုံဖူးသောကြောင့် တော်တော်တော်များများကို သိနေ၏။သူက တကူးတကစုံစမ်းနေစရာမလိုဘဲ ကန်းဖူလူက သူ၏နာမဝိသေသနများကို မကြာခဏထည့်သွင်းပြောကြားနေခဲ့သောကြောင့်ဖြစ်သည်။
"ပြီးတော့သူက သာ့ရှန်းတိုင်းပြည်ရဲ့ ထိပ်တန်းပါရမီရှင်ဆယ်ဦးထဲမှာလည်း ထိပ်ဆုံးသုံးဦးထဲမှာ ပါပါတယ်"
သာရှန်းတိုင်းပြည်၏ ထိပ်တန်းပါရမီရှင်ဆယ်ဦးဆိုသည်မှာ တိုင်းပြည်အတွင်း၌ရှိသော အထူးချွန်ဆုံးအခြေတည်အဆင့်ကျင့်ကြံသူဆယ်ဦးကို ရည်ညွှန်း၏။
"သာ့ရှန်းရဲ့ထိပ်တန်း ပါရမီရှင်ဆယ်ဦးတဲ့လား"
"ဟားဟားဟားဟား "
ဖျက်ဆီးဝံပုလွေက အထင်သေးစွာလှောင်ပြောင်လေသည်။
သူသည်အရှေ့ပိုင်းဒေသ၏ ထူးချွန်သူများစာရင်းတွင် အဆင့် ၇၀၀ အတွင်းရှိသည်။
သာရှန်း၏ထိပ်တန်းဆိုသူများသည် အရှေ့ပိုင်းဒေသ၏ စာရင်းငယ်ထဲမှာပင် အဆင့် ၁၀၀၀ ထဲသို့မဝင်နိုင်ပေ။
သူ့အနေနှင့် ဓားတစ်လက်ကိုသုံးကာ ၎င်းတို့ကို လွယ်ကူစွာသတ်နိုင်လေသည်။
"သွားတော့၊ ငါ့သူငယ်ချင်းပျော်ပါးဖို့ လာနေပြီ၊ သူကတစ်ခြားသူတွေ ကြည့်နေတာကို မကြိုက်ဘူး"
ဖျက်ဆီးဝံပုလွေက အေးစက်စွာအမိန့်ပေးလိုက်၏။
တစ်ဆယ့်ရှစ်မင်းသားသည် မျက်နှာချိုသွေးသောအပြုံးဖြင့် နာခံစွာထွက်ခွာသွားခဲ့၏။
..................
ထိုအချိန်တွင် ကျိယွမ်သည် တပြုံးပြုံးဖြစ်နေ၏။
"မဆိုးဘူး၊တကယ်မဆိုးဘူး၊ ငါ့ရဲ့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သစ်သားအိမ် ထက်တောင် ပိုပြီးခမ်းနားတယ်"
ကျိယွမ်က ယာယီနန်းတော်ထဲကို လေ့လာကာမှတ်ချက်ချလိုက်သည်။
သူက ရွှေခွက်များနှင့်ကျောက်စိမ်းပြားများ ကိုကြည့်နေရင်းမှ ၎င်းတို့ကိုကျိစယ်တောင်ထိပ်သို့ ယူသွားချင်စိတ်များ ထိန်းမရအောင် ဖြစ်ပေါ်နေသည်။
ကန်းဖူလူကတော့ သူ၏ထုံးစံအတိုင်း ဆရာသမားဆန်ဆန် တည်ငြိမ်စွာရှိနေ၏။သူကပြာယာခပ်နေလျှင် အများကအထင်သေးသွားနိုင်သည်မဟုတ်ပါလား။
ယခုအချိန်တွင် ဂိုဏ်းပေါင်းစုံမှကျင့်ကြံသူများ ရောက်ရှိနေပြီဖြစ်သလို မင်းသားများအားလုံးလည်း စုံလင်နေလေပြီ။
အားလုံး တွေ့ဆုံပွဲပြုလုပ်ပြီးသည်နှင့် ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေကို ဖွင့်ကာ နဂါးလုပွဲကိုစတင်ရတော့မည်။
ကန်ဖူလူက တည်ငြိမ်စွာသတိပေး၏။
"မကြာခင် ပြိုင်ဘက်အားလုံးနဲ့ တွေ့ရတော့မယ်"
တန်ဖိုးကြီးအသုံးအဆောင်များကို သွားရည်ကျနေသော ကျိယွမ်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ်စိတ်လှုပ်ရှားနေသလို ခံစားရသည်။
ပြိုင်ပွဲကြောင့်တော့ မဟုတ်ပါ။
သူ၏ မျှော်လင့်ခြင်းလမင်းဖြစ်သူ ဖျက်ဆီးဝံပုလွေနှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့်ပင်။
"လောလောဆယ် အနားယူကြတာပေါ့"
ကန်းဖူလူ၏ စကားအဆုံးတွင် ကျိယွမ်က သူ့အတွက်ပြင်ပေးထားသော အိပ်ဆောင်သို့လျှောက်လာသည်။
တွေ့ဆုံပွဲကလည်း စောင့်ရဦးမည်ဖြစ်သောကြောင့် ပျင်းပျင်းရှိသည်နှင့် ရှင်ဟွာတံဆိပ်ပြားထဲသို့ ဝင်ရောက်ခဲ့သည်။
သူသည် မဟာနတ်ဧကရာဇ်လေးပါးအဖွဲ့ထဲတွင် မက်ဆေ့ချ်များစွာ ရှိနေသည်ကို သတိပြုမိ၏။
"အားလုံးပဲ သတင်းကောင်းပါ။ ဒီနေ့ ငါအရှေ့ပိုင်းဒေသရဲ့ လူငယ်ထူးချွန်သူ စာရင်းငယ်မှာအဆင့် ၃၀၀ ရခဲ့တယ်"
ဆိုးသွမ်းအင်မော်တယ် ပို့ထားသောစာဖြစ်သည်။
"ဂုဏ်ပြုပါတယ်"
"ဂုဏ်ပြုပါတယ်"
"ဆရာကြီးပဲ၊ ကျွန်တော်တို့ကို ကာကွယ်ပေးပါဦး"
လူတိုင်းကချီးမွမ်းနေကြ၏။
ကျိယွမ်ကိုယ်တိုင်ပင် ဆိုးသွမ်းအင်မော်တယ်ဆိုသူကို လေးစားမိသလို ခံစားရသည်။
သူသည် အကောင်းဆုံးဖြစ်နေလျှင်ပင် တောရွာလေး၏မူလတန်းကျောင်း၌ ဆုရသူအဆင့်သာရှိပြီ ရှင်ဟွာအဖွဲ့များက မြို့နယ်အဆင့်တွင် ဆုများရနေကြပြီး မဟုတ်ပါလား"