← Chapters

သတို့သမီးလေး

Vol. 6 Ch. 86

သတို့သမီးလေး

Vol. 6 Ch. 86

အမှောင်ရိပ်ခိုကာ ချည်းကပ်လာသောကျိယွမ်သည် အခန်းတစ်ခုရှေ့သို့ရောက်သောအခါ ရပ်သွားလေ၏။သူက အထဲမှလူများရိပ်မိသွားမည်ကို စိုးရိမ်ကာ အသက်ပင်အောင့်ထားမိသည်။

အတန်ကြာမှ သူကအနည်းစိတ်ငြိမ်သွားသည်။

"ဒါက လုဖေးရဲ့ အခန်းမဟုတ်လား"

"မျှော်လင့်ခြင်းလမင်းလေးရေ ၊ ငါရောက်လာပြီဟ"

ကျိယွမ်သည် အခန်းအပြင်ဘက် အမှောင်ဆုံးနေရာတွင် တိတ်ဆိတ်စွာပုန်းနေသည်။

ထို့နောက် ရှိသမျှအာရုံများကို စုစည်းကာအခန်းထဲမှအသံများကို ကြားနိုင်ရန်ကြိုးစား၏။

ကျိယွမ် ကံမကောင်းပါ။သူက ရေကျသံအချို့မှလွဲ၍ မည်သည့်အသံကိုမျှ မကြားရပေ။

အချိန်အတော်ကြာထိ ဇွဲကောင်းကောင်းဖြင့်ဆက်နားထောင်ခဲ့သော်လည်း အခြေအနေက ထူးမလာဖြစ်နေသည်။

သို့သော် ကျိယွမ်က လွယ်လွယ်နှင့် လက်လျှော့မသွားဘဲ စိတ်ရှည်သည်းခံ ဇွဲထက်သန်စွာဖြင့် ဆက်စောင့်၏။

ငါစောင့်ကိုစောင့်ရမယ်၊ဒါက နက်နဲသောအဆင့်လေ၊ငါ့ရဲ့ကျိယွမ်ကျမ်းအတွက် ရမှကိုဖြစ်မယ်။

ကျိယွမ်ကျမ်းပြည့်စုံလေလေ သူကနည်းစနစ်များများပိုကျွမ်းကျင်လေဖြစ်မည်။သူကျွမ်းကျင်သောကျင့်စဉ်များလေ သူ၏စွမ်းရည်များအတွက် ပို၍အကျိုးရှိလေ ဖြစ်သည်။

သူ၏ကျင့်ကြံဆင့်ပေါ်မူတည်၍ သူ၏မျက်လုံးများက အချက်အလက်များကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ချို့ယွင်းချက်များကိုလည်း ထိုနည်းအတိုင်းသာ ဖော်ထုတ်နိုင်သည်။

ယခင်က နက်နဲသောအဆင့်ကျင့်စဉ်မရှိစဥ်က သူသည်ကျောက်စိမ်းအဆင့်ကျင့်စဉ်တစ်ခုတွင် ချို့ယွင်းချက် ခုနစ်ခုကို မြင်နိုင်ကာ ၎င်းတို့ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သည်။

နက်နဲသောအဆင့်ကျင့်စဉ်တစ်ခုကို ရရှိပြီးနောက်၊သူသည်ထိုကျောက်စိမ်းအဆင့် ကျင့်စဉ်ဟောင်းတွင် ချို့ယွင်းချက်ဆယ်ခုကို မြင်နိုင်လာသည်။

သူ၏စွမ်းရည်က သူ၏ကျွမ်းကျင်မှုပေါ်မူတည်နေသည်။ ယခုအချိန်၌ ကောင်းကင်အဆင့်ကျင့်စဥ်တစ်ခုကို သူ့ရှေ့တွင်ထားပါက သူသည်၎င်း၏ချို့ယွင်းချက်များကို မြင်နိုင်မည်မဟုတ်ဟု ကျိယွမ်ထငိမိသည်။

သူသိသော ကျင့်စဉ်များလေလေ၊ သူမြင်နိုင်သောအချက်အလက်များ ပိုများလေ ဖြစ်သည်။

ညသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။

ကျိယွမ်ကတော့ လုဖေးအခန်းဘေးတွင် တိတ်တဆိတ်စောင့်ဆိုင်းနေဆဲပင်။ယခုအချိန်ထိ အသုံးဝင်သောတစ်စုံတစ်ရာကိုမှ သူမကြားမိသေးသော်လည်း လှည့်ပြန်သွားရန်စိတ်ကူးမရှိပါ။

နောက်ထပ်အချိန်အနည်းငယ်ကြာသောအခါ ကျိယွမ်၏မျက်လုံးများ တောက်ပလာသည်။

"စပြီထင်တယ်"

နောက်ဆုံးမှာတော့ သူသည် လုဖေး၏ ကျင့်ကြံနေစဥ်အတွင်းမှ တွေးတောကြံဆမှုများကို ကြားလိုက်ရသည်။

"အကန့်အသတ်မရှိ ရှုပ်ထွေးစဥ် ၊ ချီကိုဒန်တျန်သို့ ရွေ့၊ ယန်ဓာတ်ကိုစုဆောင်းရွေ့လျားပြီး..."

ကျိယွမ်ကသာ ယုန်တစ်ကောင်ဆိုလျင် သူ၏နားရွက်များက ယခုအချိန်တွင်ထောင်နေလောက်ပြီဖြစ်သည်။သူသည်အရေးကြီးသောအချက်များကို လွဲချော်သွားမည်ကို စိုးရိမ်သောကြောင် တုပ်တုပ်ပင်မလှုပ်ရဲပါ။

ခဏအကြာတွင် သူ၏မျက်လုံးများက အားရကျေနပ်မှုများဖြင့် တောက်ပလာ၏။

"ယင်အပျိုစင်နည်းစနစ်တဲ့လား။ တော်တော် ရက်စက်တာပဲ"

ကျိယွမ်သည် နက်နဲသောအဆင့်ကျင့်စဉ်ဖြစ်သော ယင်အပျိုစင်နည်းစနစ် ကို ရရှိခဲ့သည်။ကျင့်စဉ်သည် နတ်ဆိုးရမက်ဂိုဏ်း၏ ဂုဏ်သတင်းနှင့် အမှန်ပင်လိုက်ဖက်လေသည်။

နည်းစနစ်ကို ကျွမ်းကျင်ရန်၊ ချစ်ခင်တွယ်တာမှုနက်ရှိုင်းသောအမျိုးသား ခုနစ်ဦးနှင့်အတူ တွဲဖက်ကျင့်ကြံရန်လိုအပ်ပြီး ၎င်းတို့၏ စိတ်အားထက်သန်မှု အမြင့်ဆုံးအချိန်တွင် သတ်ပစ်ရန်လိုအပ်သည်ဟု ဆိုထားသည်။

"နာမည်ဆိုးနဲ့ ကျော်ကြားတဲ့လူဆိုးပိုင်လန်တောင် ဒီလောက်မဆိုးဘူးလို့ ခံစားရတယ်၊ဒီလူဖေးကတော့ တော်တော်ရက်စက်တာ"

"သူ့ကိုကျေနပ်အောင် လုပ်ပေးရရုံမကဘဲ ၊အသက်ကိုပါ ပေးရတာပါလား၊ ဒီလိုမျိုး ရက်စက်တဲ့သူက ငါ့ရဲ့မျှော်လင့်ခြင်းလမင်း ဖြစ်ဖို့မထိုက်တန်ဘူး။ ဖျက်ဆီးဝံပုလွေကမှ ပိုကောင်းဦးမယ်၊ရုပ်လည်းချောတယ်၊ ချမ်းသာတယ်၊ ကျင့်စဉ်တွေလည်း အများကြီးရှိတယ်"

နည်းစနစ်ကိုသိခဲ့ပြီးနောက် ကျိယွမ်၏ လုဖေးအပေါ် ခံစားချက်များသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။သူသည် အနည်းငယ် ကျေးဇူးမသိတတ် သကဲ့သို့များ ဖြစ်နေမလား မပြောတတ်ပေ။

ထိုနေရာမှ သူထွက်ခွာရန်ပြင်ဆင်နေစဉ်တွင် အနက်ရောင်ဝတ်ရုံခြုံထားသော ပုံသဏ္ဍာန်တစ်ခုသည် သူ၏အမြင်အာရုံတွင် ပေါ်လာသည်ဖြစ်သည်။

"သူခိုးလား"

"ကြာကူလီလား"

သူကြည့်နေစဥ်မှာပင် အနက်ရောင်ဝတ်ရုံခြုံထားသောပုံရိပ်သည် လုဖေး၏ အခန်းထဲသို့ ဝင်သွား၏။

ကျိယွမ်သည် အခန်းအပြင်တွင် ပို၍လုံခြုံစွာပုန်းနေပြီး သူ၏စိတ်ထဲတွင်အတွေးများ စွာဖြစ်ပေါ်နေသည်။

မည်သို့ဖြစ်သည်မသိသော်လည်း အနက်ရောင်ဝတ်ရုံခြုံထားသောသူကြောင့် ကျိယွမ်၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားရ၏။

"ဒါ စိတ်ဝိညာဥ်အဆင့်နတ်ဆိုးတစ်ကောင်များဖြစ်နေမလား"

ယခုနေရာမှ အမြန်ဆုံး ထွက်ခွာသင့်သည်။

သူ၏လက်ရှိခွန်အားဖြင့် စိတ်ဝိညာဥ်အဆင့်နတ်ဆိုးတစ်ကောင်ကို အနိုင်ယူနိုင်မနိုင် မသေချာချေ။သူကိုသာရှာတွေ့သွားပါက အန္တရာယ်ရှိလာနိုင်၏။

အခန်းကိုလည်း အသံလုံအစီအရင်ချလ်ုက်ကြောင်း သူတွေ့ပြီးနောက်မှာတော့ ကျိယွမ်သည် ထိုနေရာမှနောက်မလှည့်စတမ်းထွက်ပြေးသွားတော့သည်။

...............

နှစ်ရက်ဟူသောအချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

ဤနှစ်ရက်အတွင်း ပွဲများစွာ ဖြစ်ပွားခဲ့သည်။

ပထမအချက်မှာ ယခုပေါ်လာသောကောင်းကင်နဂါးလျှို့ဝှက်နယ်မြေသည် ပထမအကြိမ်ပေါ်ခဲ့သော လျီု့ဝှက်နယ်မြေနှင့် ကွဲပြားနေခြင်းဖြစ်၏။

ပထမကောင်းကင်နဂါးလျီု့ဝှက်နယ်မြေသည် အသက်သုံးဆယ်အောက်ကျင့်ကြံသူများကိုသာ ဝင်ခွင့်ပြုခဲ့သည်။

ယခုပေါ်လာသော လျှို့ဝှက်နယ်မြေထဲကိုမူ အသက်တစ်ရာအောက်ကျင့်ကြံသူများအားလုံး ဝင်ခွင့်ရနိုင်သည်ကိုတွေ့ကြရ၏။

ထိုပြောင်းလဲမှုကြောင့် အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

အဓိကဂိုဏ်းကြီးသုံးခု၏ ထောက်ပံ့မှုမရှိသောမင်းသားများစွာသည် ယခင်စည်းမျဉ်းများကိုပြောင်းလဲရန်စုစည်းခဲ့ကြပြီး အမြုတေအဆင့်ကျင့်ကြံသူများကို ပါဝင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

ထို့ကြောင့် နန်းတော်တွင် သိသိသာသာဆူညံနေခဲ့လေ၏။

ပြောမရသည့်အဆုံးတွင် ရှန်ကွမ်းဂိုဏ်းမှ အကြီးအကဲက အခြားအမြုတေအဆင့်တစ်ယောက်ကို သတ်ပြလိုက်ပြီးမှသာ မုန်တိုင်းကငြိမ်သက်သွားတော့သည်။

မင်းသားများ၏အဆိုပြုချက်ကို အဓိက ဂိုဏ်းကြီးသုံးခုကပယ်ချခဲ့ပြီး မူလစည်းမျဉ်းများအောက်တွင်သာ ဆက်လက် လုပ်ဆောင်သွားမည်ဟု ကြေညာသည်။

မင်းသားများစွာသည် မကျေနပ်ကြသော်လည်း အဓိက ဂိုဏ်းကြီးသုံးခုကို ဆန့်ကျင်ရန်တော့ အင်အားမရှိကြချေ။

ယခုအချိန်မှာတော့ ကျေနပ်သူများရော မကျေနပ်သူများပါမကျန် အားလုံးကကောင်းကင်နဂါးလျှို့ဝှက်နယ်မြေဝင်ပေါက်၌ စုဝေးနေကြသည်။

အချို့မင်းသားများက မျှော်လင့်ချက်များဖြင့်ပျော်ရွှင်နေကြသလို အချို့ကမူစိုးရိမ်နေကြ၏။

ထိုအခိုက် ကောင်းကင်နဂါးလျှိုဝှက်နယ်မြေအထက်တွင် မြင့်မြတ်သောအလင်းရောင် တစ်ခု လင်းလက်လာသည်။

ဝင်ပေါက်တွင်ရှိနေသော ကျင့်ကြံသူအားလုံးမှာ အရှိန်အဝါကြီးမားသောစွမ်းအင်ကြောင့် ဖိနှိပ်ခံရသလို မသက်မသာဖြစ်ကုန်၏။

ဆံပင်များဖြူဖွေးနေသော အကြီးအကဲတစ်ဦးရောက်ရှိလာခြင်းပင်။

"ဆရာ့ကို ဂါရဝပြုတယ်"

ကန်ဖူလူက လျင်မြန်စွာ ဦးညွှတ်လိုက်သည်။

"ဆရာဦးလေးကို ဂါရဝပြုပါတယ်"

ကျိယွမ်သည် အဘိုးကြီးသတ်သမားတစ်ယောက်ဖြစ်သော်လည်း သက်ကြီးရွယ်အိုများကို လေးစားတတ်ပါသည်။

"အကြီးအကဲ ထိုင်ကွမ်းကို ဂါရဝပြုပါတယ်"

ဝင်ပေါက်မှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်မှ အကြီးအကဲကို ရိုသေစွာဦးညွှတ်လိုက်ကြသည်။

ထိုအကြီးအကဲမှာ ရှန်ကွမ်းဂိုဏ်း၏ ရောင်ခြည်ငါးပါးတောင်ထိပ်သခင်ဖြစ်ပြီး စိတ်ဝိညာဥ်အဆင့်ရှိသော ထိုင်ကွမ်းဖြစ်သည်။

သာ့ရှန်းတိုင်းပြည်၏အဆင့်မြင့်ဆုံးကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။

ထိုင်ကွမ်းကလူအုပ်ကိုကြည့်ကာ သူရောက်လာရသည့် အကြောင်းကိုကြေညာလိုက်သည်။

"ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေထဲမှာ ရှုပ်ထွေးမှုတွေဖြစ်ခဲ့လို့ အသက်တစ်ရာအောက်ကျင့်ကြံသူတွေ ဝင်လို့ရနေတယ်။ စည်းမျဥ်းသတ်မှတ်ချက်ကိုကျော်ပြီး ခိုးဝင်ချင်တဲ့သူတွေရှိနေလို့ ဝင်ပေါက်ကို ငါကိုယ်တိုင်စောင့်ကျပ်မယ်"

မင်းသားများစွာ၏ မျက်နှာမှာဖြူဖျော့သွားကြသည်၊ တစ်ချိန်တည်းမှာပင် အဓိက ဂိုဏ်းကြီးသုံးခု၏ ထောက်ပံ့မှုရသောသူများ၊ အထူးသဖြင့်ထုန်ရှီးယန်သည် စိတ်လှုပ်ရှားလာ၏။

သူ့တွင်နောက်ခံအင်အားနည်းပါးသောကြောင့် အခြားမင်းသားများ၏လူများ ခိုးဝင်နိုင်ပါက၊ ထီးနန်းကိုရရှိရန်အခွင့်အရေးမှာ မရှိသလောက် နည်းပါးသွားမည်ဖြစ်သည်။

ကျိယွမ်၏ဘေးတွင်ရပ်နေသော ကန်းဖူလူ သည် ကျေနပ်သောပုံဖြင့် တီးတိုးရွတ်ဆို၏။

"ဆရာရှိနေရင် ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေမှာ ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး"

ကျိယွမ်ကတော့ ထူးထူးခြားခြားမခံစားရပါ။

သူသည် မနေ့ညကမြင်ခဲ့သော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအကြောင်းကိုသာ ပြန်တွေးမိရင် သူ့ကိုများခြေရာခံမိသွားမလားဟု စိုးရိမ်နေမိသည်။

အမွှေးတိုင်တစ်တိုင်ခန့်ကြာပြီးနောက် ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေ ဝင်ပေါက်သည်လုံးဝပွင့်သွား၏။

ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ပျံ့ထွက်လာပြီ ရှန်မြို့ဝန်းကျင်ကို သိပ်သည်းသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်သွားစေသည်။

ရုန်မြို့ပတ်ဝန်းကျင်သည် ဆယ်စုနှစ်များစွာ အတွက် ဝိညာဉ်စွမ်းအင်များကြွယ်ဝ နေမည်ဖြစ်ပြီး သာမန်လူများကိုပင်သက်တမ်းပိုရှည်စေကာ ပို၍ကျန်းမာသောဘဝများ ရရှိစေမည်ဖြစ်၏။

လေလွင့်ကျင့်ကြံသူများလည်း ရုန်မြို့၌ အခြေချရန် ရောက်ရှိလာနိုင်သည်။

"ဒီရနံ့က"

ကျိယွမ်ကတော့ ဤနေရာတွင် ဝိညာဉ်စွမ်းအင်များ ထူးထူးရှားရှားကြွယ်ဝနေသည်ဟု မခံစားရပါ။

ကျိစယ်တောင်ထွတ်၏ဝိညာဥ်စွမ်းအင်များက ယခုထက်များစွာပို၍ ထူထပ်နေသည်မဟုတ်ပါလား။

သူသတိထားမိသည်က ဝင်ပေါက်ထဲမှထွက်လာသောစွမ်းအင်လှိုင်းအတွင်း ပါလာသော ပန့်ရနံ့တစ်ခုဖြစ်သည်။

ကျိယွမ်သည် ပြင်းထန်သော ပန်းရနံ့ကိုသဘောကျစွာ ရှူရှိုက်လိုက်၏။

ထုံရှီးယန်က ရှင်းပြလာသည်။

"ကောင်းကင်နဂါးလျီု့ဝှက်နယ်မြေက အပြင်လောကက လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပြီး အကြောင့်တစ်ခုခုကြောင့် ကျွန်တော်တို့သာ့ရှန်းတိုင်းပြည်ထဲကို မျောပါလာတာတဲ့၊လျှို့ဝှက်နယ်မြေထဲမှာ ထူးဆန်းတဲ့ငှက်တွေ၊လှပတဲ့ပန်းတွေနဲ့ရှားပါတဲ့အဆင့်မြင့်ဆေးပင်တွေ အကုန်လုံးရှိတယ်၊

"လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင် ပထမကောင်ကင်းနဂါးလျှို့ဝှက်နယ်မြေပေါ်လာတုန်းကဆိုရင် ကျွန်တော်တို့ဘိုးဘေးတွေက လျှို့ဝှက်နယ်မြေအတွင်းထဲမှာ ကျောက်စိမ်းခေါင်းတလားတစ်ခုကိူ ရှာဖွေတွေ့ရှိခဲ့တယ်တဲ့၊ခေါင်းတလားထဲမှာ အရမ်းထူးဆန်းတဲ့သက်ရှိတစ်ကောင်လှဲလျောင်းနေပြီး ဘိုးဘေးတွေက လျို့ဝှက်နယ်မြေသခင်လို ့ယူဆကြတယ်၊သူတို့က ခေါင်းတလားကိုဖွင့်ဖို့ကြိုးစားခဲ့ကြပေမဲ့ အစီအရင်တစ်ခုက အဲဒါကိုသယ်သွားခဲ့လို့ သူတိူ့လည်းဘာမှမတတ်နိုင်ဘူး"

"ကျွန်တော်စိတ်ထင် အဲဒီခေါင်းတလားက လျှို့ဝှက်နယ်မြေထဲမှရှိမှာသေချာတယ်၊ဒါကိုရှာတွေသူကတော့ သေချာပေါက် သာ့ရှန်းရဲ့ဧကရာဇ်ဖြစ်လာမှာပဲ"

ထုံရှီးယန်က ထိုအရာများကိုတော်ဝင်မှတ်တမ်းများမှ သိခဲ့ရခြင်းပင်။

"အင်း....တန်ဖိုးရှိတဲ့ရတနာတွေကို သိမ်းပိုက်နိုင်အောင် ငါတို့အတတ်နိုင်ဆုံးကူညီမှာပါ"

ကျိယွမ်က ထိုသို့ပြောလိုက်သော်လည်း သူကလျှို့ဝှက်နယ်မြေထဲမှရတနာများထက် ဖျက်ဆီးဝံပုလွေ၌ အဆင့်မြင့်နည်းစနစ်များစွာ ပါလာဖို့ကိုသာ မျှော်လင့်နေ၏။

"ကျေးဇူတင်ပါတယ်အစ်ကိုကြီးတို့"

ထုံရှီးယန်က စိတ်လှုပ်ရှားနေ၏။

ကျိယွမ်၏ခွန်အားသည် အများမြင်နေရသလို မနိမ့်ကျကြောင်းကို သူသာလျင်အသိဆုံးဖြစ်သည်။သူ၏အထွတ်အထိပ်သတ္တုရတနာမီးဖိုချောင်သုံးဓားသည် အမြုတေအဆင့်ကိုပင် သတ်ဖြတ်နိုင်သည်။

ထင်မှတ်မထားသည့်ကိစ္စများသာ မရှိပါက နဂါးလုပွဲတွင်အန်ုင်ရရှိရန် အခွင့်အရေးကောင်းကောင်းရှိနေသည်ဟု သူယုံကြည်၏။

သို့သော် ရှေးဟောင်းဝိညာဥ်က သတိပေးလေသည်။

"အရမ်းစိတ်မလှုပ်ရှားနဲ့၊ဖျက်ဆီးဝံပုလွေလို့ခေါ်တဲ့သူကလည်း အရမ်းအားကောင်းနေတယ်၊အမြုတေအဆင့်တွေကို အနိုင်ယူနိုင်တဲ့အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်စာရင်းကြီးမှာတောင် ပါဝင်နေမလားမသိဘူး"

"ဟင်း.."

ထုံရှီးယန်မှာ အနည်းငယ်စိတ်မသက်မသာခံစားသွားရသည်။

မင်းသားအများစုကတော့ ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေထဲသို့ စတင်ဝင်ရောက်နေကြလေပြီ။

"မောင်လေး ကျိယွမ်၊ဘာလို့ မမကိုအခုတလော အေးစက်နေရတာလဲ"

လုဖေးသည် ချိုသာသောအပြုံးတစ်ခုနှင့် ကျိယွမ်တို့အနီးသို့လျှောက်လာ၏။

"နင်ကဘယ်သူလဲ၊နင့်ကိုငါမသိဘူး"

ကျိယွမ်က အလွန်တည်ငြိမ်နေသည်။

လုဖေးသည် သူ၏မျှော်လင့်ခြင်းလမင်း မဟုတ်တော့သည့်အတွက် သူမကိုလူစိမ်း တစ်ဦးအဖြစ်ဆက်ဆံခြင်းကသာ အကောင်းဆုံး ဖြစ်မည်ဟုကျိယွမ်ယူဆထားသည်။

ကျိယွမ်သည် ဖောက်ပြန်တတ်သူများကို သဘောမကျပေ။

လုဖေး၏အပြုံးက အနည်းငယ်မှေးမှိန်သွားသော်လည်း ဆက်လက်စနောက်လိုက်၏။

"မောင်လေးကျိယွမ်က နောက်ပြောင်ရတာ ကို သဘောကျပုံရတယ်။နင့်ရဲ့မမကို ကြည့်ရတာ မကြိုက်ဘူးလား။ လျှို့ဝှက်နယ်မြေထဲမှာ၊ နင်လိုသလောက် ကြည့်ခွင့်ပေးပါ့မယ်"

သူမသည် ရည်ရွယ်ချက်ရှိရှိ သူမ၏ ရင်သားကို တွန်းတင်ပြလိုက်သဖြင့် ၎င်းသည်ပို၍ပင် ပြည့်ဖြိုးမို့မောက်သွားသလို ဆွဲဆောင်နေ၏။

ကျိယွမ်ကတော့ တစ်ချက်သာကြည့်လိုက်ပြီး စိတ်ဝင်စားမှုမရှိခဲ့ပါ။

ထုံရှီးယန်၏အပေါစားဂိမ်းကျောက်ထဲမှ ဓားနတ်သမီးကပင် လုဖေးထက်ပို၍ဆွဲဆောင်မှု ရှိလိမ့်ဦးမည်။

"ငါ နင့်ကို မသိဘူး။ ငါ့ကို အနှောင့်အယှက် မပေးပါနဲ့တော့"

ကျိယွမ်၏ မျက်နှာက အလွန်တည်ငြိမ်နေ၏။ ယင်အပျိုစင်နည်းစနစ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို တွေးမိပြီးနောက် သူသည်လုဖေးနှင့်ပတ်သက်လိုခြင်း မရှိတော့ပါ။

လုဖေး၏အပြုံးသည် လုံးဝပျောက်ကွယ်သွားသည်။

"ငါ နင့်ကို မှတ်ထားလိုက်မယ်" ဟုပြောကာ လျု့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွား၏။

လုဖေးတို့အဖွဲ့ဝင်သွားပြီးနောက် ဆယ့်ရှစ်မင်းသားနှင့် ဖျက်ဆီးဝံပုလွေတို့ကလည်း ဝင်ရောက်သွားသည်ကို မြင်သဖြင့် ကျိယွမ်စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။

သူကဖျက်ဆီးဝံပုလွေက စိတ်ပြောင်းသွားပြီး ပြိုင်ပွဲထဲမှနှုတ်ထွက်သွားမည်ကို အလွန်စိုးရိမ်နေခဲ့သည် မဟုတ်ပါလား။

"ငါတို့လည်းဝင်ကြရအောင် "

ကန်းဖူလူက အကြီးပီသစွာရှေ့မှဦးဆောင်လိုက်သည်။

ကျိယွမ်နှင့်ထုံရှီးယန်တို့လည်း သူ့နောက်မှနေ၍ ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ထုံးရှီယန်ပြောသလိုပင် လျှ်ု့ဝှက်နယ်မြေထဲ၌ ထူးဆန်းသောငှက်များ လှပသောပန်းများအပြင် သာယာသောစမ်းချောင်းများရှိနေပြီး အလွန်သာယာအေးချမ်းလှ၏။

လျှိုဝှက်နယ်မြေဝင်ပေါက်က အဖွဲ့တစ်ခုဆီကို ကျပန်းပို့ဆောင်ပေးလ်ုက်ပုံရ၏ ။ယခုနေရာတွင် သူတို့သုံးဦးသာရှိနေပြီး အခြားသူများက်ု မတွေ့ရချေ။

ကျိယွမ်က သတိရသွားပြီး ရှင်ဟွာကျောက်စိမ်းပြားကိုဖွင့်ကာ စစ်ဆေးကြည့်လိုက်ရာ အဆက်အသွယ်ပြုလုပ်၍မရသည်ကိုတွေ့လိုက်ရသဖြင့် အနည်းငယ်စိတ်ပျက်သွားသည်။

ဒီနေရာက လိုင်းမမိဘူးပဲ။

ထိုအချိန်တွင် ကန်ဖူလူ၏မျက်နှာထားက တည်ငြိမ်သွားသည်။သူက ထုံရှီးယန်ကိုကြည့်ကာ အသိပေးလိုက်သည်။

"မင်းကို ပြောစရာတစ်ခုရှိတယ်"

ထုံရှီးယန်က ကန်းဖူလူ၏တည်ငြိမ်သောမျက်နှာထားကြောင့် အနည်းငယ်စိတ်ထင့်သွား၏။

"ပြောပါ အစ်ကိုကြီး"

"မင်းရဲ့ဖခင်၊ ဧကရာဇ်ဟာ မနေ့ညကပဲ ကွယ်လွန်သွားပြီ။ အဓိကဂိုဏ်းကြီးသုံးခုက နဂါးလုတိုက်ပွဲမှာ အနှောင့်အယှက်တွေကို ရှောင်ရှားဖို့ ဒီအရာကိုလျှို့ဝှက်ထားခဲ့တာ"

ထုံရှီးယန် အမှန်တကယ်ထိတ်လန့်သွားသည်။

ခမည်းတော် ဆုံးသွားပြီတဲ့လား။

သူသည်တစ်သက်လုံးနေမှ ၅ ကြိမ််ျှပင် စကားမပြောဖူးသောဖခင်ဖြစ်သူအပေါ် ခံစားချက်သိပ်မရှိသော်လည်း သူ၏ဖင်ခင်ဖြစ်နေဆဲပင်။

ထုံရှီးယန်က ခေတ္တတုန့်ဆိုင်းနေပြီး ကန်းဖူလူကို စကားပြန်လိုက်သည်။

"ကျွန်တော့်ကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ဒါပေမဲ့ ဒီကိစ္စကြောင့် ကျွန်တော့်ရည်မှန်းချက်ကို မထိခိုက် စေရပါဘူး"

ထုံရှီးယန်က ခဏအတွင်းပြည်လည်တည်ငြိမ်သွား၏။တော်ဝင်မိသားစုများအတွင်း သွေးသားသံယောဇဥ်ဆိုသည်မှာ

နာမည်ခံသပ်သပ်သာရှိကြသည်။ရာထူး အာဏာလောက် သံယောဇဥ်က အရေးမပါပါ။

သို့သော် သတိပြန်မဝင်သေးသူက ရှိသည်။

ထိုသူကတော့ ကျိယွမ်ပင်။

သူသည် ဧကရာဇ်ကိုစစ်ဆေးခဲ့စဥ်က ထိုသူသည် တစ်လခန့်သာအသက်ရှင်နိုင်တော့မည်ဖြစ်ကြောင်း သိခဲ့ရသည်။

အခုတော့နှစ်ရက်တည်းနဲ့ သေပြီတဲ့လား။ဒါက သဘာဝမကျဘူးလေ။

ပြောင်းလဲမှုတစ်ခုခုတော့ သေချာပေါက် ရှိရမည်။

ရှန်ကွမ်းဂိုဏ်းချုပ်နှင့်ဧကရီတို့၏ တိတ်တခိုးဒရာမာကို ဧကရာဇ်အိုကြီးက တွေ့ရှိခဲ့ခြင်းကြောင့် ဂိုဏ်းချုပ်ကဧကရာဇ်ကို သတ်လိုက်ခြင်းများ ဖြစ်နိုင်မလားဟုပင် သူတွေးမိသည်။

ကျိယွမ်က အဆိုးဆုံးအထိတွေးကာ ထင်ကြေးပေးပြီးမှ ထိုအတွေးကိုပယ်ချလိုက်၏။

ဒါကနည်းနည်းများလွန်တယ်၊မဖြစ်နိုင်ဘူး၊အခြားတစ်ခုခုပဲဖြစ်ရမယ်။

ကျန်သောသူနှစ်ယောက်ကလည်း အတွေးကိုယ်စီဖြင့်ငြိမ်နေကြ၏။

ခဏကြာသောအခါ ကန်းဖူလူကတိတ်ဆိတ်မှုကို ဖြိုခွင်းလိူက်သည်။

"ဒီနေရာက ဝိညာဉ်စွမ်းအင်က ရောင်ခြည်ငါးပါးတောင်ထိပ်ထက် ပိုအားကောင်း တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က သာ့ရှန်းမင်းဆက်ဟာ ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေကို ရရှိပြီးနောက်ပိုင်းမှာ ခဏလေးနဲ့ တိုးတက်လာတာ အံ့ဩစရာ မရှိဘူးပဲ၊ဒီလိုစွမ်းအင်နဲ့ဆို ခွန်အားမြင့်တတ်ဖို့က မခက်ခဲဘူး"

ကျိယွမ်လည်း ထိုစကားကိုတော့ သဘောတူ၏။

ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေထဲမှာ နတ်ကျင့်ကြံခြင်းသည် ကျိစယ်တောင်ထိပ်ထက် စွမ်းအင်စုဆောင်းရန်ပိုမြန်သည်ဟု ခံစားရသည်။သူသာ ယခုနေရာတွင်ကျင့်ကြံပါက နှစ်နှစ်မှသုံးနှစ်အတွင်း အခြေတည်အဆင့်အလယ်အလတ်သို့ ရောက်ရှိနိူင်သည်။

သို့သော် ကျိယွမ်အတွက် ထိုအချိန်ကာလသည်လည်း နှေးကွေးနေဆဲပင်။

ဂိမ်းထဲတွင်တိုကိခိုက်ရင်းကျင့်ကြံတာကမှ ကောင်းတာ၊မြန်လွးမြန်သလို အပျင်းလည်းပြေတယ်။

ကန်းဖူလူက ပတ်ဝန်းကျင်အား လေ့လာကာအကြံပြလိုက်သည်။

"ဝိညာဉ်စွမ်းအင်အားကောင်းတဲ့ နေရာမှာ ရှားပါးရတနာတွေ ရှာတွေ့နိုင်ခြေ ပိုများတယ်။ လျှို့ဝှက်နယ်မြေရဲ့ ပိုပြီးနက်ရှိုင်းတဲ့ နေရာကို ငါတို့သွားမှရမယ်"

ကျိယွမ်နှင့်ထုံးရှီးယန်ကလည်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့ကအတွင်းထဲအထိသွားလေ တန်ဖိုးကြီးရတနာများကိုတွေ့နိုင်ခြေများလေပင်။သူတို့အနေဖြင့်ငြင်းစရာမရှိပါ။

ကျိယွမ်က ပို၍ပင်မငြင်းပါ။

ထိုနေရာမျိုးကိုသွားမှသာ သူ၏မျှော်လင့်ခြင်းလမင်းကို တွေ့ရန်အခွင့်အရေးများမည် မဟုတ်ပါလား။

..................

ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေ၏အနက်ရှိုင်းဆုံးအပိုင်းတွင် ဝိညာဉ်စွမ်းအင်များသည် မြူခိုးကဲ့သို့ပင်ပန်းထွက်နေသည်။

နယ်မြေ၏အလယ်ဗဟိုတွင်ရှိသော ရေကန်တစ်ခုထဲတွင် ဝိညာဉ်စွမ်းအင်သည်ပို၍ပင်ကြွယ်ဝနေပြီး ရေလှိုင်းများစီးဆင်းနေသည့်ပမာပင်။

ရေကန်၏အလယ်တည့်တည့်တွင် သလင်းခေါင်းတလားတစ်ခုရှိနေပြီး ခေါင်းတလားဆီမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါများ ထုတ်လွှတ်နေ၏။

သလင်းခေါင်းတလားအတွင်းထဲမှာတော့ လှပသောမင်္ဂလာဝတ်စုံတစ်ခု လဲလျောင်းနေလေသည်။

ထိုခေါင်းတလားအား မြင်ဖူးခဲ့သောကျင့်ကြံသူတိုင်းသည် ထိုမင်္ဂလာဝတ်စုံမှာ သာမန် အဝတ်အစားတထည်မဟုတ်ဘဲ အသိစိတ်ရှိသော သတ္တဝါတစ်ကောင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။

...............

"ဒီမှာ ကောင်းတဲ့အရာတွေ အများကြီးရှိတယ်"

ကျိယွမ်သည် ကောင်းကင်နဂါးလျို့ဝှက်နယ်မြေအတွင်း သွားလာနေရင်းမှ မှတ်ချက်ချမိသည်။

တစ်နေရာမှာ သူကရပ်တန့်လိုက်ပြီး မှိုတစ်ပွင့်ကို နုတ်ယူလိုက်သည်။

[ထိုအရာသည် ဝိညာဉ်ဖြန်းပတ်မှိုဖြစ်သည်။ ဤမှိုသည် ပါးလွှာသောဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး ကြွယ်ဝသောဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နိုင်သည်၊ ၎င်းသည် ဝိညာဉ်ကျောက်တုံးများစွာတန်ဖိုး ]

မဆိုးဘူးပဲ..ရတုန်းယူထားမှ။

ကျိယွမ်သည် မှိုကောက်သောမိန်းကလေးအဖြစ်သို့ ပြောင်းလဲပြီး ဝိညာဥ်ဖြန်းပတ်မှို တစ်ဒါဇင်ခန့်ကို လျင်မြန်စွာ စုဆောင်းလိုက်၏။

ထုံရှီးယန်မှာ အားကျသောပုံစံပေါ်နေပြီး သူ၏ မျက်လုံးများ လောဘဖြင့် လင်းလက်နေ၏။

အကယ်၍ ကောင်းကင်နဂါးနယ်မြေကသာ သူ့၏အပိုင်ဖြစ်ပါက သူသည် စိတ်ဝိညာဥ်အဆင့်သို့ လျှင်မြန်စွာရောက်ရှိနိုင်ရုံသာမက ခရမ်းရောင်နန်းတော်အဆင့်သို့ ဝင်ရောက်ရန်ပင် မျှော်လင့်ချက် ရှိနိုင်သည်ဟု တွေးမိသည်။

သို့သော် သူသည်ထိုအတွေးကို လျင်မြန်စွာ ပယ်ချလိုက်သည်။

အခြေအနေများက ယခင်ကလိုမဟုတ်တော့ပါ။

ဒုတိယမြောက်ကောင်းကင်နဂါးလျှို့ဝှက်နတ်မြေကို တော်ဝင်မိသားစု တစ်ဦးတည်းကထိန်းချုပ်၍မရနိုင်ဘဲ အဓိကဂိုဏ်းကြီးသုံးခုက ထိန်းချုပ်ထားသည်မဟုတ်ပါလား။

"ပိုနက်ရှိုင်းတဲ့ နေရာကို သွားကြမယ်၊ ဒါမှ ပိုကောင်းတဲ့အရာတွေရမှာ"

ကန်ဖူလူက စကားဆုံးသည်နှင့်လျှို့ဝှက်နယ်မြေ၏အတွင်းပိုင်းသို့ပျံသန်းသွားသည်။

ကျိယွမ်နှင့်ထုံရှီးယန်တို့လည်း ချက်ချင်းလိုက်ပါသွားသည်။

သို့သော် တစ်နေရာအရောက်တွင် ထုံရှီးယန်က ရုတ်တရက်ရပ်တန့်လိုက်ပြီး တစ်နေရာသို့ညွှန်ပြသည်။

"အလောင်း တစ်ခုလား"

သူတို့၏ရှေ့တွင် အလောင်းတစ်ခုရှိနေ၏။

"သတိထားကြ"

ကန်းဖူလူက လျှင်မြန်စွာသတိပေးရင်း အနီးအနားသို့ စစ်ဆေးလိုက်သည်။

နောက်ထပ်အလောင်းနှစ်ခုကို သူတို့ထပ်တွေ့လိုက်ရသည်။

"ပဉ္စမ အစ်ကိုများလား"

ထုံရှီးယန်သည် ပဉ္စမအစ်ကို၏တော်ဝင်ဝတ်ရုံမှ စပါးအုံးမြွေရုပ်ကို မှတ်မိလေသည်။

ကန်းဖူလူက သေဆုံးနေသောမင်းသား၏အလောင်းကိုစစ်ဆေးလိုက်၏။

"လက်နက်နဲ့တိုက်ခိုက်ထားတာမဟုတ်ဘူး ၊အတွင်းဒဏ်ရာကြောင့်သေတာပဲ"

ကန်းဖူလူက အလောင်း၏ဝတ်ရုံကိုဆွဲဖွင့်လိုက်သည်။ဘယ်ဂိုဏ်း၏ လက်ချက်ဆိုသည်ကို သူသိလို၏ ။

"နဂါးနောင်တလက်ဝါးရိုက်ချက်လား"

ထုံရှီးယန်သည် ပဉ္စမအစ်ကို၏ဝမ်းဗိုက်ပေါ်မှ ရွှေရောင်လက်ဖဝါးရာကိုမြင်ပြီး ထိတ်လန့်စွာအော်လိုက်သည်။

သူက အနည်းငယ်စိတ်ဓာတ်ကျသွားသလို ဖြစ်နေ၏။

နဂါးနောင်တလက်ဝါးနည်းစနစ်သည် သာ့ရှန်းတော်ဝင်မိသားစု၏လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပြီး မင်းသားတိုင်းသင်ယူကြရသည်။

ပဉ္စမအစ်ကို၏ခန္ဓာကိုယ်ပေါ်တွင် နဂါးနောင်တလက်ဝါးရိုက်ချက်ကိုမြင်လိုက်ရသည့်အတွက် သေချာပေါက် သွေးချင်းညီအစ်ကိုတစ်ယောက်က သတ်လိုက်ခြင်း ဖြစ်ကြောင်းသိသာနေသည်မဟုတ်ပါလား။

ကောင်းကင်နဂါးနတ်မြေထဲသို့ ဝင်ရောက်သည်မှ မကြာသေးပါ။ ယခုကဲ့သို့ ကြုံတွေ့လိုက်ရသဖြင့် ထုံရှီးယန်မှာ တစ်မျိုးခံစားလိုက်ရသည်။

ကန်းဖူလူက အခြားအလောင်းနှစ်ခုကိုကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

"သူတို့နှစ်ယောက်ကို ငါမှတ်မိတယ်"

All Chapters