← Chapters

အမှတ်အသား

Vol. 17 Ch. 243

အမှတ်အသား

Vol. 17 Ch. 243

“အခုကစပြီး နေ့ခင်းဘက်မှ အိမ်သာတက်တာနဲ့ ရေချိုးတာလုပ်တာ အကောင်းဆုံးပဲ”

ချန်ဆီရွှမ်က ပြောသည်။

“ညနဲ့နေ့ကို သေချာမခွဲခြားနိုင်တော့တဲ့အဖြစ်ကို ငါတို့အားလုံး အသားကျအောင် နေကြရမယ်။ ညဘက်က ပိုပြီး အန္တရာယ်များတယ်။ အရင်အတွေ့အကြုံအရ နေ့ဘက်မှာ နားတာက ပိုစိတ်ချရတယ်”

“ဒါပေမဲ့ နေ့ခင်းမှာ ခရီးသွားရမယ်၊ ပစ္စည်းတွေ ရှာရမယ်”

မြောင်လုက ခေါင်းငြိမ့်သည်။

“ရှင် ပြောတာ မှန်တယ်။ အလှည့်ကျ အနားယူကြတာပေါ့။ ညဘက်မှာတော့ ဒီလိုမျိုး ဘာမှမလုပ်မိစေနဲ့။ အရေးပေါ်အခြေအနေ တစ်ခုခုဖြစ်ရင် မြန်မြန်တုံ့ပြန်နိုင်ရမယ်”

“အင်း”

ဖျတ် ဖျတ် ဖျတ်

ထိုအချိန်တွင် အရှေ့ဆုံးရထားတွဲမှ မိန်းကလေးတစ်ဦးသည် အလျင်အမြန် ပြေးလာသည်။ သူမသည် ချန်ဆီရွှမ်က ရှေ့တွဲကို စောင့်ကြည့်ရန် အထူးစီစဉ်ထားသူများထဲမှ တစ်ဦးဖြစ်သည်။

“အစ်မချန် လာကြည့်ပါဦး။ ဘယ်အချိန်ကမှန်းမသိဘူး၊ ပလက်ဖောင်းပေါ်မှာ ကွန်တိန်နာ တစ်ခု ရုတ်တရက် ရောက်နေတယ်”

“ကွန်တိန်နာ”

ချန်ဆီရွှမ်နှင့် မြောင်လုတို့နှစ်ဦးစလုံး မျက်နှာပျက်သွားကြသည်။

သူတို့သည် လုပ်နေသောအလုပ်ကို ချက်ချင်းချထားကာ ရှေ့တွဲသို့ သွားလိုက်ကြသည်။ သူတို့သည် အဝေးရှိ ပလက်ဖောင်းပေါ်တွင် အနက်ရောင်ကွန်တိန်နာကြီးတစ်လုံးကို တွေ့လိုက်ရသည်။

“ကင်းစောင့်စနစ်က ဒါကို သတိမထားမိဘူးလား” ချန်ဆီရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

“သတိမထားမိလောက်အောင် ဝေးလွန်းနေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ အရာကြီးက ဘာသံမှ မကြားရဘဲ ဘယ်လို ရောက်လာတာလဲ”

အဖွဲ့သည် ကွန်တိန်နာကို ဆက်လက်လေ့လာနေသည်။ ပုံမှန် ကုန်တင်ကွန်တိန်နာနှင့်မတူဘဲ ၎င်းသည် ဓာတ်ခွဲခန်းတစ်ခု သို့မဟုတ် အလားတူ အဆောက်အအုံမှ အစိတ်အပိုင်းတစ်ခုနှင့်တူနေသည်။ ၎င်းတွင် လျှပ်စစ်ထိန်းချုပ်တံခါးနှင့် ဖီးနစ်အဖွဲ့စည်း၏ အမှတ်တံဆိပ်ပါရှိသည်။

“ဖီးနစ်အဖွဲ့စည်း”

ချန်ဆီရွှမ်သည် ဖီးနစ်အဖွဲ့စည်း၏ အမှတ်တံဆိပ်ကို အလိုလျောက်ပင် မှတ်မိနေသည်။ အဘယ့်ကြောင့်ဆိုသော် တတ်လှမ်းဓာတ်လှေကားဖြစ်စဉ်အတွင်း ဖေးရွှမ်၏ သိပ္ပံပညာရှင်တွင် ထိုသင်္ကေတကို သူတို့မြင်ခဲ့ရဖူးသည်။

“ကင်းစောင့်စနစ်က ဘယ်သူလာထားသွားလဲဆိုတာ မတွေ့ဘူးလား”

မြောင်လုသည် သူမ၏ မိုဘိုင်းစနစ်ကို စစ်ဆေးနေသည်၊၊

“ရှေ့တွဲက စောင့်ကြည့်ရေးစနစ်နဲ့ ရေဒါက ဘာကိုမှ ဖမ်းယူမထားဘူး။ ထူးဆန်းတယ်။ ကင်းစောင့်စနစ်ရဲ့ ရှုထောင့်က ပြဿနာပဲလို့ ထင်တယ်”

မြောင်လုက ပြန်ဖြေသည်။

ချန်ဆီရွှမ်သည် အနက်ရောင် ကွန်တိန်နာကို မျက်လုံးမခွာပဲ ကြည့်နေသည်။ မိန်းမတစ်ယောက်၏ ဆဋ္ဌမအာရုံက တစ်ခုခု မှားယွင်းနေကြောင်း ပြောပြနေသည်။

ဤအချိန်တွင် ဘူတာရုံရှိ အခြားသော အသက်ရှင်ကျန်ရစ်သူအဖွဲ့များသည်လည်း ရုတ်တရက် ပေါ်လာသော ကွန်တိန်နာကို သတိထားမိကြသည်။ သူတို့ထဲမှ အချို့သည် လှမ်းကြည့်နေကြပြီး ညအရိပ်ရထားပေါ်မှ လူအချို့ပင်လျှင် ၎င်းဆီသို့ အာရုံစိုက်လာကြသည်။

ချန်ဆီရွှမ်သည် သူမ၏ ဆက်သွယ်ရေးကိရိယာကို ချက်ချင်း ဆွဲကိုင်လိုက်သော်လည်း လိုင်းသုံးခုစလုံး ဆက်သွယ်မှု မရနိုင်ဖြစ်နေသည်။ အဖွဲ့သည် မကြာမီ ပြန်လာတော့မည်ဖြစ်ရာ လင်းရှန်ကို အမြန်ဆုံး အကြောင်းကြားလိုသည်။

“ဆင်းပြီး စစ်ဆေးကြည့်ရမလား”

မြောင်လုက မေးသည်။

“မလုပ်နဲ့။ ကာကွယ်ရေးစနစ်ကို ဖွင့်ပြီး လူတိုင်း လက်နက်တွေ ကိုင်ထားပြီး အသင့်အနေအထားမှာ နေကြ”

ချန်ဆီရွှမ်က ပြတ်ပြတ်သားသား ပြောသည်။

“ငါတို့ အချိန်တိုင်း သတိထားနေရမယ်။ ငါတို့အဖွဲ့က မဟုတ်ရင် တံခါးတွေကို လုံးဝ မဖွင့်ရဘူး။ ဒါက လင်းရှန်က ရထားပေါ်တက်တဲ့ ပထမဆုံးနေ့ကတည်းက သင်ပေးထားတာပဲ”

ဘန်းးး

ထိုအချိန်တွင် အနက်ရောင်ကွန်တိန်နာမှ ရုတ်တရက် သတ္တုသံတစ်ခု ထွက်လာသည်။ ထို့နောက် ကွန်တိန်နာ၏ နံရံများသည် လေးဖက်လေးတန် ပွင့်ကျသွားရာ ချန်ဆီရွှမ်နှင့် အခြားသူများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကွန်တိန်နာအတွင်း၌ အမျိုးသမီးတစ်ဦး ရှိနေသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။

အမျိုးသမီးသည် ဆံပင်ဖရိုဖရဲ ဖြစ်နေပြီး အထူး ယန္တရားချုပ်နှောင်ကိရိယာများဖြင့် သူမ၏ လက်နှင့်ခြေထောက်များကို ချုပ်နှောင်ထားသည်။ သူမ၏ ပါးစပ်တွင် စကားမပြောနိုင်ရန် ကိရိယာတစ်ခု တပ်ဆင်ထားသည်။ သူမသည် ပါးလွှာသော အနီရောင်ညအိပ်ဝတ်စုံမှလွဲ၍ ဘာမှမဝတ်ထားဘဲ ခြေထောက်များ ဗလာဖြစ်နေပြီး ဖိနပ်လည်း မပါချေ။ သူမ၏ ဆံပင်များ ရှုပ်ပွနေပြီး ခန္ဓာကိုယ်သည်လည်း ပေကျံနေသည်။ သူမ၏ အခြေအနေမကောင်းသော်လည်း လူအများသည် သူမကို ချက်ချင်း မှတ်မိလိုက်သည်။

“ဟင်... ဒါ...”

မြောင်လုသည် အမျိုးသမီးကို မှတ်မိကာ အံ့အားသင့်စွာ အော်လိုက်သည်။

“အေလီရန်... ဟောလိဝုဒ် မင်းသမီး မဟုတ်ဘူးလား”

အမျိုးသမီးသည် တစ်ချိန်က အလွန်နာမည်ကြီးခဲ့ပြီး သူမ၏ လှပသောမျက်နှာနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် လူသိများခဲ့သည်။ ယခုတွင် ထိုမျက်နှာသည် မျက်ရည်များနှင့် စွန်းထင်းနေသည်။ သူမသည် ရထားကို ကြည့်ကာ လွတ်မြောက်ရန် ရုန်းကန်နေသည်။ ကြောက်ရွံ့နေပုံရသည်။

ထိုမြင်ကွင်းကြောင့် အခြားသော အသက်ရှင်ကျန်ရစ်သူအဖွဲ့များကြားတွင် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူတို့လည်း အသင့်အနေအထားတွင် ရှိနေခဲ့ကြသည်။ ညအရိပ်ရထားခေါင်းဆောင် ချောင်ဟုန်သည် သူ၏ အမျိုးသမီးအဖွဲ့ဝင်များနောက်မှနေ၍ ပြတင်းပေါက်ကို လှည့်ကြည့်သည်။

“ဟာ အေလီရန်ပါလား...သူ ဘာလုပ်နေတာလဲ”

“ထောင်ချောက်လား”

“စောင့်ကြည့်ရအောင်”

ချောင်ဟုန်သည် ငတုံးမဟုတ်ဘဲ ထိုအချိန်တွင် လူတိုင်း၏ အာရုံသည် အနန္တရထားဘက်သို့ ရောက်နေသည်။

“အစ်မချန် ဒါ ထောင်ချောက်ဆိုတာ သေချာတယ်”

မြောင်လုက ပြောသည်။ သူမ၏ မသိစိတ်က တစ်ခုခုမှားယွင်းနေကြောင်း ပြောနေသည်။

ချန်ဆီရွှမ်သည် လက်မြှောက်ကာ လူတိုင်းကို စိတ်တည်ငြိမ်ရန် အချက်ပြလိုက်သည်။ သူမသည် ချုပ်နှောင်ထားသော အမျိုးသမီးကို သေချာကြည့်ပြီး စဉ်းစားဟန်ဖြင့် ပြောသည်။

“ဘယ်သူဖြစ်ဖြစ် တခြားအဖွဲ့တွေ ပြန်လာတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်ချက်ချမယ်”

ချန်ဆီရွှမ်သည် ရထားပေါ်တွင် ကျန်ခဲ့သောသူများမှာ တိုက်ခိုက်ရေးစွမ်းရည် သိပ်မရှိဘဲ စွမ်းရည်များလည်း မရှိကြောင်း ကောင်းကောင်းသိသည်။ မြောင်လုမှလွဲ၍ သူတို့သည် အားနည်းကြသည်။ လင်းရှန်က သူတို့ကို ရထားနှင့်အတူနေရန် ပြောရခြင်းမှာ အနန္တရထားကိုယ်တိုင်က သူတို့၏ အပြင်းထန်ဆုံး ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး ဖြစ်နေသောကြောင့်ပင်။ မိုက်မဲသော ဆုံးဖြတ်ချက်များ မချသရွေ့ သူတို့သည် လာသမျှ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

“ကောင်းပြီ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရအောင်”

ထိုအချိန်တွင် အမျိုးသမီး၏ မျက်နှာနှင့် ခြေထောက်ရှိ ချုပ်နှောင်ကိရိယာများသည် ကျယ်လောင်သော အသံဖြင့် ရုတ်တရက် သော့ပွင့်သွားသည်။ ချုပ်နှောင်ကိရိယာများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ယခုလေးတင် လွတ်မြောက်သွားသော အေလီရန်သည် ပါးစပ်ကို အလျင်အမြန် ဖွင့်လိုက်ပြီး မလှမ်းမကမ်းရှိ ရထားကို မြင်သွားသည်။ အတွင်းရှိ လူများကို တွေ့သောအခါ သူမသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ကယ်ကြပါဦး...ကျေးဇူးပြုပြီး ကယ်ကြပါ”

“စကားပြောနိုင်တယ်။ အယောင်ဆောင်တော့ မဟုတ်ဘူးနဲ့ တူတယ်”

မိုးရေမြို့ မှ ထွက်ခွာပြီး နောက်ပိုင်း ချန်ဆီရွှမ်သည် ပို၍သတိထားတတ်လာသည်။

သူမသည် အသံလွှင့်စက်ဖြင့် အေလီရန်ကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ရှင် ဘယ်သူလဲ...ဘာလို့ ဒီကို ရောက်နေတာလဲ”

“ကျွန်မ... ကျွန်မက အေလီရန်ပါ။ ကျွန်မကို ကြားဖူးမှာပါ”

အေလီရန်သည် တုန်လှုပ်နေသော်လည်း အလျင်အမြန် ထပ်ပြောသည်။

“ဖီးနစ်အဖွဲ့စည်း ဒါမှမဟုတ် ဖက်ဒရေးရှင်းကို ဆက်သွယ်ပေးနိုင်မယ်ဆိုရင် ကျွန်မ မိသားစုက ပိုက်ဆံအများကြီး ဆုချပါလိမ့်မယ်”

“ဘာလို့ ဒီကို ရောက်နေတာလဲ…ဘယ်သူက မင်းကို ချုပ်နှောင်ထားတာလဲ”

ချန်ဆီရွှမ်က ထပ်မေးသည်။

“မသိဘူး”

အေလီရန် ခေါင်းခါပြီး သူမဘေးရှိ ကွန်တိန်နာကို လှမ်းကြည့်သည်။

“ကျွန်မ နိုးလာတော့ ဒီ ကွန်တိန်နာထဲမှာ ချုပ်နှောင်ခံထားရတာပဲ”

“အင်း၊ စိတ်မကောင်းပါဘူး၊ ကျွန်မ မကူညီနိုင်ဘူး”

ချန်ဆီရွှမ်က အေးစက်စွာ ပြန်ဖြေကာ တိုက်ရိုက် ငြင်းပယ်လိုက်သည်။

အေလီရန်၏ ရုတ်တရက် ပေါ်လာခြင်းသည် အလွန်အမင်း သံသယဖြစ်ဖွယ်ရာ ဖြစ်နေပြီး သူမ ဘယ်လိုရောက်လာသည်ကိုပင် သူမကိုယ်တိုင်ပင် မသိပေ။ ချန်ဆီရွှမ်သည် သူမကို သံသယဝင်နေသည်။

ဤစကားကို ကြားသောအခါ အေလီရန် ထိတ်လန့်သွားသည်။ သူမသည် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း အချိန်ကြာကြာ ချုပ်နှောင်ခံထားရသောကြောင့် မလုပ်နိုင်ခဲ့ပေ။ သူမသည် ရထားဆီသို့ တွားသွားကာ တောင်းပန်သည်။

“ကျေးဇူးပြုပြီး၊ ကျွန်မကို ဘယ်သူ ချုပ်ထားလဲဆိုတာ တကယ်မသိဘူး။ ကျွန်မက လူဆိုးမဟုတ်ပါဘူး”

“သူမ ပိုနီးလာပြီ”

မြောင်လုသည် သတိရှိသော အမူအရာဖြင့် ပြောသည်။

ထိုအချိန်တွင် တတိယတွဲတွင် အလုပ်လုပ်နေသော တင်းကျန်းရီသည် သူမအနီးရှိ သွေးကပ်ဘေးပန်းသည် အနီရောင်ရောင်အလင်းကို ဖြည်းညင်းစွာ ထုတ်လွှတ်နေသည်ကို ရုတ်တရက် သတိပြုမိသည်။

ဖြစ်ပျက်နေသည်ကို သဘောပေါက်သော သူမသည် ချက်ချင်း မတ်တပ်ရပ်ပြီး ရထား၏ ရှေ့ဘက်သို့ အလျင်အမြန် ပြေးသွားသည်။ ချန်ဆီရွှမ်နှင့် အခြားသူများ မောင်းနှင်ခန်းတွင် ရှိနေသည်ကို မြင်သောအခါ သူမက အလျင်အမြန် မေးသည်။

“သူတို့ ပြန်ရောက်ပြီလား”

“မရောက်သေးဘူး၊ ဘာဖြစ်လို့လဲ”

ချန်ဆီရွှမ်က ပြန်ဖြေသည်။

“အမှောင်အမှတ်အသားက ပိုပြီး ပြင်းထန်လာနေတယ်။ အမှတ်သားခံထားရတဲ့သူ တစ်ယောက် ငါတို့ဆီ ချဉ်းကပ်လာနေတယ်”

တင်းကျန်းရီက ကျယ်လောင်စွာ ပြောသည်။

“ဘယ်လို…”

ဤစကားကို ကြားသောအခါ ချန်ဆီရွှမ်နှင့် မြောင်လုတို့၏ မျက်နှာများသည် ချက်ချင်း ပြောင်းလဲသွားပြီး အလိုအလျောက် အပြင်ဘက်ကို ကြည့်လိုက်သည်။ တင်းကျန်းရီလည်း သူတို့ဆီ တွားလာနေသော အမျိုးသမီးကို ချက်ချင်း သတိထားမိလိုက်သည်။

“ဒီ အမျိုးသမီးကို ပိုနီးအောင် မလာစေနဲ့…သူ့မှာ အမှောင်အမှတ်အသား ရှိနေတယ်”

တင်းကျန်းရီသည် ချက်ချင်း တုံ့ပြန်သည်။

ဤစကားကို ကြားသောအခါ ချန်ဆီရွှမ်သည် အလျင်အမြန် အော်သည်။

“ပြတင်းပေါက်တွေ ပိတ်”

ဂျိန်း ဂျိန်း

ချက်ချင်းဆိုသလို အနန္တရထားအတွင်းရှိ လေထုသည် တင်းမာသွားပြီး လူတိုင်း အမြင့်ဆုံးသတိအနေအထားသို့ ရောက်ရှိသွားကြသည်။

ဘွန်းးး~

ထိုအချိန်တွင် မော်တော်ဆိုင်ကယ် အင်ဂျင်သံကို ကြားလိုက်ရပြီး ချန်ဆီရွှမ်သည် ဘူတာရုံဝင်ပေါက်ဘက်သို့ ကြည့်လိုက်သည်။ သူမသည် လင်းရှန်နှင့် ကီကီတို့ ရောက်လာသည်ကို သေချာပေါက် တွေ့လိုက်ရသည်။ သူမ၏ မျက်နှာအမူယာ ပြောင်းလဲသွားပြီး ဆက်သွယ်ရေးကိရိယာကို ချက်ချင်း နှိပ်ကာ လင်းရှန်အား အလျင်အမြန် ပြောသည်။

“လင်းရှန်၊ သတိထား…ငါတို့ရထားအပြင်မှာ အမှောင်အမှတ်အသားပါတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်”

လင်းရှန်သည် ဘရိတ်ကို ချက်ချင်း ဖမ်းလိုက်ပြီး သူနှင့် ကီကီတို့သည် ခေါင်းလှည့်ကာ ကြည့်လိုက်ကြသည်။ မြေပြင်ပေါ်တွင် အနန္တရထားဆီသို့ တွားလာနေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

All Chapters