← Chapters

ကန်ရေပြင်အောက်မှ သုတေသနဌာန ၁

Vol. 17 Ch. 248

ကန်ရေပြင်အောက်မှ သုတေသနဌာန ၁

Vol. 17 Ch. 248

အမှောင်ညအောက်၌ ကျယ်ပြန့်သော ရှီကျိုးကန်ရေပြင်သည် ကြယ်ရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်၍ နေ၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် လေပြေညှင်းသည် ဖြည်းညင်းစွာ လှိုင်းထလျက်ရှိသည်။

ဟန်ရှန်းတောင်ကြားမှ ပေါ်ထွက်လာသည့် ထူးဆန်းသော ဒီရေလှိုင်းအား ဖောက်ထွက်လာခဲ့သည့် အနန္တရထားသည် ယခုအခါ ကန်ရေပြင်ဘေးမှ ရထားလမ်းဘေးတွင် ငြိမ်သက်စွာ ရပ်နားထားလျက်ရှိသည်။ ညလေက အေးစက်မှုကို သယ်ဆောင်လာပြီး

ယန်ကျန်းလွင်ပြင်တစ်ဝိုက်ရှိ အပူချိန်သည် စတင်ကျဆင်းလာသည်။ ရထားတွဲများ၏ အဆက်ကြားနေရာများမှ အဖြူရောင် မြူခိုးများသည် တလူလူ ပျံ့လွင့်တက်လာကြ၏။

ရထားတွင်း၌ မှိန်ဖျော့သော မီးရောင်များသည် တဖျတ်ဖျတ်လင်းနေပြီး လူအများမှာ တွဲအတွင်းရှိ စင်္ကြန်လမ်းတစ်လျှောက် လှုပ်ရှားသွားလာနေကြသည်။

နံပါတ် ၅ တွဲနှင့် ၎င်း၏နောက်ရှိ ကာကွယ်ရေးတွဲများ၌ လူအများအပြားသည် ကျည်ဆန်များအား ဖြည့်သွင်းနေကြပြီး နံပါတ် ၁၂ တွဲတွင်မူ PX-05 အင်ဂျင်နီယာ စက်ရုပ်များသည် ၁၁၃၀ လက်နက်အတွက် ခဲယမ်းခါးပတ်များအား စီစဉ်ချထားရာ၌ အလုပ်များနေကြ၏။

ရှုချင်းနှင့် လို့ရီတို့သည် ၎င်းတို့၏ အဖွဲ့များအား ဦးဆောင်ကာ တွဲအသီးသီး၏ အခြေအနေများကို စစ်ဆေးနေကြသည်။

နံပါတ် ၃ တွဲတွင် ကင်းခြေများနှင့်တူသော သတ္တဝါမှ ထုတ်လွှတ်လိုက်သည့် အမည်းရောင်မီးခိုးများကို စုပ်ယူခဲ့သည့် ဂန္ဓမာနက်ငရဲပန်းသည် မှိန်ဖျော့သောအလင်းရောင်တစ်ခုအား ထုတ်လွှတ်လျက်ရှိသည်။ ၎င်း၏ အလယ်ဗဟိုတွင် အနီရောင်အစက်အပြောက်လေးများသည် စတင်ပေါ်ပေါက်လာပြီဖြစ်သည်။

“အမှောင်အမှတ်အသားက ပုံပေါ်စပြုနေပြီ”

တင်းကျန်းရီသည် ဂန္ဓမာနက်ငရဲပန်း၏ ပြောင်းလဲမှုများကို ဂရုတစိုက် စောင့်ကြည့်ပြီး သူမနောက်မှ လင်းရှန်အား ပြောလိုက်သည်။

“ဘူတာရုံက အသက်ရှင်ကျန်ရစ်သူတွေရဲ့ တုံ့ပြန်ပုံကို ကြည့်ရင် လူတွေဟာ အမှတ်အသား ရနိုင်တယ်ဆိုတဲ့အချက်ကို ဘယ်သူမှ လက်မခံကြဘူး…နားမလည်ကြဘူး”

“သူတို့က အမှတ်အသားကို လက်မခံတာ မဟုတ်ဘူး၊ ငါ့ကို လက်မခံတာပါ”

လင်းရှန်သည် တည်ငြိမ်သောအသံဖြင့် ပြောသည်။

“ကမ္ဘာပျက်ကပ်မှာ လူတွေကြားက ယုံကြည်မှုဆိုတာ အမြဲတမ်း ပျက်စီးလွယ်တယ်။ အဲ့ဒါကြောင့် ငါက ဖီးနစ်ကို သုံးပြီး ဒီအချက်အလက်ကို ဖြန့်ဖို့ ဆန္ဒရှိတယ်”

တင်းကျန်းရီက အေးစက်စွာ တုံ့ပြန်သည်။

“အခုအချိန်မှာ ‘အမှောင်အမှတ်အသား’ရဲ့ ခြိမ်းခြောက်မှုအဆင့်ကို ထိထိရောက်ရောက် တိုင်းတာဖို့ နည်းလမ်း မရှိသေးသလို မြင်သာအောင် ဖော်ပြဖို့ နည်းလမ်းလည်း မရှိသေးဘူး။ ရိုးရိုးလေး ပြောရရင် သွေးကပ်ဘေးပန်းရဲ့ အနီရောင်အလင်းကို သုံးပြီး ဖြစ်လာမယ့် တိုက်ခိုက်မှုတွေရဲ့ ပြင်းထန်အားကို ခန့်မှန်းလို့ရပေမဲ့၊ တခြားသူတွေက ဒါကို သိရင်တောင် ကြိုတင်ပြင်ဆင်ဖို့ သူတို့အတွက် ခက်ခဲနေဦးမှာပဲ”

လင်းရှန် ခေါင်းငြိမ့်သည်။

“အမှောင်သက်ရှိတွေရဲ့ ခြိမ်းခြောက်မှုကို အကဲဖြတ်ဖို့ သင်ယူတာနဲ့ ပြန်ပြီး တိုက်ခိုက်ဖို့ သေနတ်ကို မြှောက်တာဟာ အရေးအကြီးဆုံးပဲ။ အဆုံးမဲ့ထွက်ပြေးခြင်းက ရှောင်လွှဲလို့မရတဲ့ ကျဆုံးခြင်းဆီကိုပဲ ဦးတည်တယ်ဆိုတာ လူတွေ သဘောပေါက်တဲ့အခါ ခုခံမှု မီးပွားလေး စတင်လောင်ကျွမ်းလာလိမ့်မယ်”

“သူရဲကောင်းဆန်တဲ့ ဟန်နဲ့ ပြောရင်တော့ ‘ဘုရင့်နောင်ဖောင်ဖျက်ခြင်း’လို့ ခေါ်လို့ရတယ်၊ ဒါမှမဟုတ် ‘ချောင်ပိတ်ရိုက်ခံရတဲ့ခွေးက ပြန်ကိုက်တတ်တယ်’လို့ ပြောလို့ရတယ်”

တင်းကျန်းရီသည် လင်းရှန်အား ကြည့်ပြီး ဆက်ပြောသည်။

“စိတ်ဝင်စားစရာကောင်းတာက ဒါက ငါတို့ အရှေ့ဘက်ကို ထွက်ပြေးရာမှာ ရွေးချယ်စရာတွေ ပိုများလာအောင် လုပ်ပေးလိမ့်မယ်”

“မင်းဆိုလိုတာက သတ်မလား...ပြေးမလား”

“အတိအကျပဲ”

လင်းရှန်သည် သူမ၏ စကားများကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မရှိပေ။

“အမှောင်အမှတ်အသားမှာ တိုင်းတာနိုင်တဲ့ ခြိမ်းခြောက်မှုအဆင့် ရှိတယ်ဆိုရင်၊ ဒီတစ်ကြိမ်မှာ အစွမ်းထက်တဲ့ ထူးဆန်းတဲ့သတ္တဝါတွေရဲ့ အမဲလိုက်မှုကို ရှောင်လွှဲနိုင်ရင်တောင် နောက်ထပ် ရင်ဆိုင်ရတာ ပိုလွယ်လိမ့်မယ်လို့ ငါ မထင်ဘူး။ ကံမကောင်းစွာပဲ…ဘူတာရုံက အမှတ်အသားပါတဲ့ သားကောင်ကို ကြည့်ရတာ ဒီလိုပဲ ဖြစ်ပုံရတယ်”

လင်းရှန်၏ အနည်းငယ် စိတ်အခြေနေကို မြင်သဖြင့် တင်းကျန်းရီက စကားစသည်။

“သိပ္ပံပညာဆိုတာ အမြဲတင်းကျပ်မနေသင့်ဘူး၊ ဒါပေမဲ့ ရှင့်ရဲ့ အတွေးအခေါ်က ကျောင်းသုံးစာအုပ်ထက်တောင် ပိုပြီး တင်းကျပ်နေတယ်။ ကောင်းကင်တတ်လှမ်းလမ်းကြောင်းမှာ ငါတို့ အမှတ်အသားရခဲ့တုန်းကနဲ့ ကျန်းကျိုးမြို့မှာ တွေ့ခဲ့ရတာက ကြီးမားတဲ့ ထူးဆန်းသတ္တဝါရဲ့ ဝိုင်းရံတိုက်ခိုက်မှုပဲ။ အဲ့ဒါက ‘အမှောင်အမှတ်အသား’မှာ အစွမ်းသတ္တိ အမျိုးမျိုး ရှိတယ်၊ ပြီးတော့ အဲ့ဒီနေရာမှာ အစွမ်းထက်တဲ့ သားရဲတွေ ပုန်းအောင်းနေလားဆိုတဲ့ အချက်ပေါ်မှာလည်း လွှမ်းမိုးမှု ရှိတယ်ဆိုတာ ပြနေတယ်”

လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။

“အင်း…မင်းပြောတာ မှန်တယ်”

တင်းကျန်းရီသည် သူမ၏ မျက်မှန်ကို ပင့်လိုက်သည်။ “ရှင် ကျွန်မဆီကို ဒီကိစ္စအတွက်ပဲ လာတာလား”

လင်းရှန် လည်ချောင်းရှင်းလိုက်သည်။

“ဒီအတွက်ပဲ မဟုတ်ဘူး။ ငါတို့ အမှတ်အသား စွန်းထင်းခံထားရတဲ့ ‘အမှောင်အမှတ်အသား’ကို စစ်ဆေးတာအပြင် အဲ့ဒီ သုတေသနဌာနကိုပါ စုံစမ်းဖို့ စီစဉ်ထားတယ်”

“ကျွန်မ လိုက်ခဲ့ပေးဖို့ လိုလား”

တင်းကျန်းရီက တိုက်ရိုက် မေးသည်။

လင်းရှန် ခေါင်းညိတ်သည်။ “ငါ စက်ရုပ်တစ်ခုကို အရင် ကင်းထောက်ဖို့ လွှတ်လိုက်မယ်။ အန္တရာယ်အဆင့်က အရမ်းမများဘူးဆိုရင်—”

“အန္တရာယ်သိပ်မများဘူးဆိုရင် ငါ့ကို ခေါ်ဖို့ မကြိုးစားနဲ့တော့”

တင်းကျန်းရီက တည်တည်ငြိမ်ငြိမ် ပြောသည်။

“ရှင် သိပါတယ်။ ကျွန်မက ပိုပြီးတော့—”

“အေးပါ အေးပါ၊ ငါနားလည်တယ်”

လင်းရှန် ချက်ချင်း သဘောပေါက်သည်။ အချိန်မဆွဲဘဲ သူ လှည့်ထွက်ကာ နံပါတ် ၁ တွဲသို့ ပြန်သွားပြီး ကီကီအား PX-05 စက်ရုပ်ကို ထိန်းချုပ်ရန်နှင့် SIID ဖောင်ဒေးရှင်း ဓာတ်ခွဲခန်း၏ အတွင်းပိုင်းကို ကင်းထောက်ရန် ဒရုန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်သည်။

ဝူး~

ဒရုန်းနှစ်စင်းသည် ရထားအမိုးပေါ်မှ ပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် PX-05 စက်ရုပ်သည် နံပါတ် ၁၁ တွဲ၏ ဝင်ပေါက်မှ ပျံတက်လာပြီး ကီကီ၏ ထိန်းချုပ်မှုအောက်၌ စမ်းသပ်စခန်း၏ ပျက်စီးနေသော ကောင်းကင်အမိုးခုံးဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။

“အမ်...ထူးဆန်းလိုက်တာ”

နံပါတ် ၂ တွဲ၏ သတင်းအချက်အလက်စင်တာ၌ ကီကီသည် စောင့်ကြည့်ရေးမျက်နှာပြင်ကို စိုက်ကြည့်ရင်း စက်ရုပ်ကို ထိန်းချုပ်စဉ် မျက်မှောင်ကြုတ်လိုက်သည်။

“လူတိုင်း ဘယ်ရောက်သွားတာလဲ”

“မြေအောက်သုတေသနဌာနထဲ ဝင်ကြည့်မှပဲ သိရလိမ့်မယ်”

လင်းရှန်က တုံ့ပြန်သည်။

“တကယ်ပဲ လူအများကြီး ရွှေ့ပြောင်းသွားသလိုပါပဲလား...”

ချန်ဆီရွှမ်သည် မျက်နှာပြင်အား လေ့လာရင်း အံ့သြစွာဖြင့် ရေရွတ်လိုက်သည်။

“မဖြစ်နိုင်ဘူး”

ကီကီ၏ မျက်နှာ၌ သံသယများ ပြည့်နှက်နေသည်။

“ကျွန်မတို့ ရောက်လာလို့ပဲ သူတို့ သုတေသနဌာနတစ်ခုလုံးကို ရှင်းလင်းသွားတယ်လို့ ရှင် ပြောချင်တာလား”

ဖတ်..

လင်းရှန်သည် သူမ၏ နဖူးကို လက်ညှိုးဖြင့် တောက်လိုက်သည်။

“အာရုံစိုက်စမ်း”

“အာ...”

ကီကီသည် သူ့အား စူးစူးဝါးဝါးကြည့်လိုက်ပြီးနောက် စက်ရုပ်၏ ထိန်းချုပ်မှုများဆီသို့ အလျင်အမြန် အာရုံပြန်စိုက်လိုက်သည်။

အမြင့်တစ်နေရာမှ ဒရုန်းများက ချင်းရွှေမြို့ စမ်းသပ်စခန်းတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေကြောင်း ဖော်ပြသည်။ တစ်ချိန်တည်းမှာပင် PX-05 စက်ရုပ်သည် လင်းရှန် အစောပိုင်းက အသုံးပြုခဲ့သော လမ်းကြောင်းမှတစ်ဆင့် သတိဖြင့် ဝင်ရောက်လာသည်။ တစ်ချိန်က အလုပ်များခဲ့သော ဓာတ်ခွဲခန်းများ၊ သုတေသနခန်းများနှင့် စင်္ကြန်လမ်းများမှာ ယခုအခါ လုံးဝ လူသူရှင်းနေ၏။

ယင်းကို မြင်သောအခါ လင်းရှန်၏ အမူအရာသည် ပိုမို တင်းမာလာသည်။

“ဒါ ထူးဆန်းတယ်...မင်း ပြောတာ တကယ် မှန်နေတာများလား”

သုတေသနနှင့် စမ်းသပ်မှုများအတွက် ကြီးမားသော ထူးဆန်းသတ္တဝါများအား ဖမ်းယူနိုင်စွမ်းရှိသည့် ဌာနတစ်ခုသည် ရုတ်တရက် တစ္ဆေမြို့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခြင်းသည် ထူးဆန်းသည်ထက် ပို၏။ သို့သော် သူ့ကြောင့် ရွှေ့ပြောင်းသွားသည်ဟု ဆိုလျှင် လင်းရှန်ပင်လျှင် ယုံမည် မဟုတ်ပေ။

သို့တိုင် သူ၏ ရှေ့မှ မြင်ကွင်းအား ကြည့်ပြီးနောက် သူ၏ စိတ်ထဲ၌ အတွေးများ ပေါ်ပေါက်လာသည်။

“ငါတို့ ကိုယ်တိုင် ဝင်ကြည့်မှ ဖြစ်မယ်နဲ့ တူတယ်”

“ချောင်းမြောင်းတိုက်ခိုက်မှုများလား”

လို့ရှားရှားက ရုတ်တရက် မေးသည်။

“အကယ်၍ အဲ့လိုဆိုရင် သူတို့ အခုချိန်မှာ တိုက်ခိုက်နေလောက်ပြီ။ ဒါ့အပြင် သူတို့ကို ရှာဖို့ ငါတို့ ဒီကို လာတာပဲ...ဒါကြောင့် အရေးမကြီးပါဘူး”

လင်းရှန်၏ မျက်လုံးများ အေးစက်သွားပြီး အဖွဲ့ကို စတင်စုစည်းလိုက်သည်။

“လော့ရီ၊ လို့ဟွာ၊ ရှုချင်း၊ ရှောင်နွန်နဲ့ ဒါရိုက်တာတင်း…မင်းတို့ ငါနဲ့အတူ လိုက်ခဲ့။ ကျန်တဲ့သူတွေ၊ ဒီမှာနေပြီး ရထားကို စောင့်ကြပ်”

ထိုအခိုက်အတန့်၌ လုရှင်းချန်သည် လင်းရှန်အား အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။

လင်းရှန် လမ်းလျှောက်သွားရာ လုရှင်းချန်သည် တစ်စုံတစ်ခုကို စိတ်ရှုပ်ထွေးနေပုံရကြောင်း မြင်လိုက်ရသည်၊၊

လုရှင်းချန်က အနားသို့ကပ်လာကာ တီးတိုးပြောသည်။

“အစ်ကိုလင်း ဒီည ရထားစောင့်ဖို့ ငါ့ကို တာဝန်ပေးလို့ ရမလား”

လင်းရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်သည်။

“မင်း မလိုက်ချင်ဘူးလား”

လုရှင်းချန်၏ အကြည့်သည် ကီကီ၏ မျက်နှာပြင်ဆီသို့ ရွေ့လျားသွားပြီး သူ၏ အသံသည် တိုးသွားသည်။ “ရိုးရိုးသားသား ပြောရရင်...ငါက မြေအောက်ပိတ်ထားတဲ့ နေရာတွေကို နည်းနည်း ကြောက်တယ်”

လင်းရှန် ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်သည်။

“ကောင်းပြီ၊ မင်း ရထားကို စောင့်လိုက်”

“ကျေးဇူးတင်ပါတယ် အစ်ကိုလင်း”

လုရှင်းချန်က ပြန်ဖြေသည်။

လင်းရှန်သည် များများစားစား မပြောပေ။ လုရှင်းချန်သည် သေခြင်းကို ကြောက်ရွံ့တတ်သူ မဟုတ်ကြောင်း သူ သိသည်။ အကယ်၍ သူ မသွားရန် ရွေးချယ်ပါက သူ့တွင် အကြောင်းပြချက်များ ရှိရပေမည်။ လင်းရှန်သည် အသေးစိတ်ကို မေးရန် စိတ်မဝင်စားပေ၊၊ လော့ရီ၊ ရှုချင်း၊ ကီကီနှင့် တင်းကျန်းရီတို့အား ဦးဆောင်ကာ ရထားပေါ်မှ ဆင်းလာခဲ့သည်။

တင်းကျန်းရီကို ခေါ်လာရသည့် အဓိကအကြောင်းအရင်းမှာ လင်းရှန်သည် ဤသုတေသနဌာနက အတိအကျ ဘာတွေ လေ့လာနေခဲ့သည်ကို သိလိုခြင်းကြောင့်ဖြစ်သည်။ ရထားပေါ်သို့ တင်ဆောင်ရန် အသုံးဝင်သော သိပ္ပံပစ္စည်းအချို့ကိုလည်း သူ ရှာဖွေတွေ့ရှိရန် မျှော်လင့်ခဲ့သည်။

All Chapters