အထွတ်အထိပ် ဉာဏ်အလင်း…
Vol. 1 Ch. 1
အချိန်… မဟာယန်မင်းဆက်။
နေရာကား….
ချင် ပြည်နယ်။ နှင်းဆီးပန်းစံအိမ်။
နှင်းပွင့်များသဖွယ် ဝေ့ဝဲကျလာသော ဆီးပန်းပွင့်ဖတ်လေးများသည် သွေးစများနှင့် ရောယှက်သွားသည့်အခါ ပို၍ပင် ခြောက်ကပ်ဝမ်းနည်းဖွယ် ကောင်းနေတော့၏။ တိုက်ခိုက်ဟစ်ကြွေးသံများသည် စံအိမ်၏ ယခင် ငြိမ်းချမ်းလှပသော အလှတရားကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
"သတ်ကြ။"
"ဒီနေ့ နှင်းဆီးပန်းစံအိမ်မှာ ကြက်တစ်ကောင်၊ ခွေးတစ်ကောင်မကျန် အကုန်သတ်ပစ်။"
"ပုရွက်ဆိတ် တစ်ကောင်တောင် အလွတ်မပေးနဲ့။"
"ဟိတ်ယား..သေကြစမ်း"
"ချွင် ချွင်..."
အေးစက်ပြီး ရက်စက်သော ကြွေးကြော်သံများသည် ချမ်းစိမ့်သော လေကို ထိုးဖောက်ကာ အရိုးထဲထိ စိမ့်ဝင်သွားစေသော ခံစားမှုကို ဖြစ်ပေါ်စေသည်။
ဤသို့သော ပတ်ဝန်းကျင်ထဲ၌ပင် နင်ချီ၏ အသိစိတ်သည် ပြန်လည်နိုးထလာခဲ့၏။
"ငါ... ကမ္ဘာကူးပြောင်းလာတာလား။"
သူ့အနေဖြင့် ဤသို့ တွေးမိခြင်းမှာ အဆန်းတကြယ်တော့ မဟုတ်ပါ။ လွန်ခဲ့သော စက္ကန့်ပိုင်းလောက်က သူသည် ဆေးရုံကုတင်ပေါ်တွင် သေမင်း၏ ခေါ်သံကို စောင့်ဆိုင်းနေခဲ့သည်မှာ ထင်ရှားလှပါသည်။ သို့သော် နောက်တစ်ခဏတွင် သူသည် အရွယ်ရောက်ပြီးသူ တစ်ဦးမှ မွေးကင်းစကလေးငယ် တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှု တစ်ခုထဲတွင် ပါဝင်နေပုံရလေသည်။
ဟုတ်ပါသည်။
နင်ချီ အသေအချာသိလိုက်၏။
ယခု သူက ပိုးသားအထည်ဖြင့် ထွေးပိုက်ခံထားရသော မွေးကင်းစ ကလေးငယ်လေး တစ်ဦး ဖြစ်နေခဲ့သည်။ ထိုနွေးထွေးမှုက သူ၏ ခန္ဓာကိုယ် သေးသေးလေးကြောင့် ဖြစ်ပေါ်လာသည့် မသက်မသာဖြစ်မှုကို အတန်ငယ် သက်သာစေပါ၏။ သို့တိုင်အောင် ၎င်းသည် သူ၏ယခင်ဘဝထက် များစွာသာလွန်နေပါသေးသည်။
သူ၏ယခင်ဘဝတွင် သူသည် ငယ်ရွယ်စဉ်ကတည်းက ရှားပါးသော ALS ရောဂါတစ်မျိုးကို ခံစားခဲ့ရပြီး သူ၏နောက်ဆုံးအချိန်များကို အိပ်ရာထဲတွင် လဲလျောင်းရင်း အမှောင်နှင့် အထီးကျန်ခြင်းထဲ၌ အဆုံးသတ်ခဲ့ရသည်။
[ALS (Amyotrophic Lateral Sclerosis) ဆိုတာ ကတော့ ဦးနှောက်နဲ့ ကျောရိုးမှာရှိတဲ့ လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အာရုံကြောဆဲလ် (motor neurons) တွေ တဖြည်းဖြည်း ပျက်စီးပြီး သေဆုံးသွားတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါကို လူးဂဲရစ် ရောဂါ (Lou Gehrig's disease) လို့လည်း လူသိများပါတယ်။
ပြောရရင် ဦးနှောက်ကနေ ကြွက်သားတွေကို လှုပ်ရှားဖို့ အမိန့်ပေးတဲ့ "ဝါယာကြိုး" တွေ ပျက်စီးသွားတာနဲ့ တူပါတယ်။ ဒီအာရုံကြောဆဲလ်တွေ ပျက်စီးသွားတဲ့အခါ ဦးနှောက်က ကြွက်သားတွေကို အချက်ပြလို့ မရတော့တဲ့အတွက် ကြွက်သားတွေ အားနည်းလာပြီး တဖြည်းဖြည်း ကျုံ့သွားကာ နောက်ဆုံးမှာ လုံးဝ မလှုပ်ရှားနိုင်တော့တဲ့ အခြေအနေကို ရောက်သွားပါတယ်။
ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အာရုံကြောစနစ်ကို တိုက်ခိုက်တဲ့ ပြင်းထန်ပြီး
ကုရာနတ္ထိ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လူနာဟာ ကိုယ်ခန္ဓာလှုပ်ရှားနိုင်စွမ်းကို တဖြည်းဖြည်း ဆုံးရှုံးသွားပေမယ့် စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ကတော့ ကောင်းမွန်နေတတ်တာက ဒီရောဂါရဲ့ အဓိကအချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ]
"ဟူး...အနည်းဆုံးတော့ ငါအသက်ရှင်နေသေးတာပဲ... အခြေအနေက သိပ်မကောင်းပေမယ့်ပေါ့။"
ကမ္ဘာ ကူးပြောင်းလာခြင်းကြောင့်လား မပြောတတ်ပါ၊ နင်ချီသည် အသံများထဲတွင် ပါဝင်သော အဓိပ္ပာယ်များကို လွယ်ကူစွာ နားလည်နိုင်နေပါသည်။
သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသော အသံများ ထိုးဖောက်ဝင်ရောက်လာသည်ကို နင်ချီကြားလိုက်ရသည်။ ထိုအခိုက်အတန့်မှာ သူ့ကိုပွေ့ချီကာ ပြေးလွှားနေသော အမျိုးသမီး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားစေပြီး
နင်ချီ့ကိုပါ စိတ်လှုပ်ရှားသွားစေသည်။ ဖြစ်နိုင်လျှင် မည်သူက ပြန်လည်မွေးဖွားလာပြီးပြီးချင်း သေခြင်းတရားကို တစ်ဖန် ပြန်လည် ကြိုဆိုချင်မည်နည်း။
နင်ချီသည် မျက်လုံးများကို ကြိုးစားဖွင့်ကြည့်ခဲ့သော်လည်း သူ၏ မျက်ခွံများမှာ ခြောက်သွေ့နေသော အရည်များနှင့် ကပ်စေးနေဆဲ ဖြစ်သည်။
သူ၏အမြင် အာရုံမှ သူသည် ထိုအမျိုးသမီး၏ မျက်နှာ အစစ်အမှန်ကို မမြင်နိုင်ခဲ့သော်လည်း သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော မေးစေ့ကို မြင်ရုံမျှဖြင့်ပင် နူးညံ့သိမ်မွေ့သော နွေးထွေးမှုများဖြင့် သူ့ကို ပြည့်နှက်သွားစေခဲ့၏။ နင်ချီသည် သူနှင့် ထိုအမျိုးသမီးကြားတွင် သွေးသားတော်စပ်မှု၏ ပဲ့တင်ထပ်သံကဲ့သို့သော ဆက်နွယ်မှုတစ်ခုကို ခံစားနေရသကဲ့သို့ပင်။
"သူက ဒီဘဝက ငါ့ရဲ့အမေများလား။"
နင်ချီထံ၌ ဤအတွေးလေး ပေါ်ထွက်လာခိုက်မှာပင် ထိုအမျိုးသမီးငယ်သည် စာကြည့်ခန်းတစ်ခုထဲသို့ လျင်မြန်စွာ ပြေးဝင်သွားပြီးနောက် စက်ယန္တရားတစ်ခုပေါ်တွင် သတ်မှတ်ထားသော ပုံစံအတိုင်း တစ်စုံတစ်ခုကို ဖိနှိပ်လိုက်ရာ လျှို့ဝှက်အခန်းငယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုအမျိုးသမီးက သူမကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး နင်ချီအား လျှို့ဝှက်အခန်းငယ်အတွင်းသို့ ညင်သာစွာ ထည့်ပေးလိုက်၏။
အလင်းရောင် ခပ်မှိန်မှိန်မှာပင် နင်ချီသည် နောက်ဆုံး၌ ထိုအမျိုးသမီး၏ မျက်နှာအသွင်အပြင်ကို မြင်တွေ့လိုက်ရသည်။
သူမသည် သက်သောင့်သက်သာရှိလှသော နူးညံ့သိမ်မွေ့မှုကို ပိုင်ဆိုင်ထားပြီး သူမ၏
ဇင်ယောင်တောင် မျက်ခုံးတန်းများမှာ နူးညံ့မှုတို့ဖြင့် ပြည့်နှက်နေကာ သူမ၏ မိခင်မေတ္တာရောင်ခြည်သည် လူတစ်ဦး၏ နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်သော သူ၏ မိခင်အသစ်စက်စက် တစ်ဦး ဖြစ်ပါသည်။
ထိုအခိုက်ဝယ် ထိုအမျိုးသမီး၏ အားနည်းပြီး ဝမ်းနည်းပူဆွေးနေသော အသံက ထွက်ပေါ်လာခဲ့၏။
"နင်အာ... သားလေး အသက်ရှင်အောင် နေရမယ်နော်။ မေမေက သားဖေဖေနဲ့အတူ ရန်သူကို သွားရင်ဆိုင်ရတော့မယ်။ သားကို နတ်ဒေဝါတွေက စောင့်ရှောက်မှာပါ၊ သားမိဘတွေကို အပြစ်
မတင်ပါနဲ့ကွယ်။"
တဆက်တည်း၌ နင်ချီသည် သူ၏ နဖူးပေါ်သို့ နွေးထွေးသော နှုတ်ခမ်းတစ်စုံ ကျရောက်လာသည်ကို ခံစားလိုက်ရပြီး မျက်ရည်စအနည်းငယ်က သူ၏မျက်နှာပေါ်သို့ ညင်သာစွာ ကျဆင်းလာသည်။ ထိုအမျိုးသမီး၏ မျက်လုံးများတွင်မူ လက်ဆုပ်လက်ကိုင်ပြနိုင်သော စွန့်လွှတ်မသွားလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
ထို့နောက်တွင် ထိုအမျိုးသမီးသည် ပြတ်သားစွာ လှည့်ထွက်သွားခဲ့ပြီး စက်ယန္တရား၏ အသံက ပဲ့တင်ထပ်သွားကာ အမှောင်ထုက နင်ချီကို
တစ်ဖန် ပြန်လည် လွှမ်းခြုံသွားတော့သည်။
ထိုအခါ ဝမ်းနည်းပူဆွေးမှုလှိုင်းတစ်ခုက
နင်ချီု၏ နှလုံးသားထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။
သူသည် ယခုလေးတင် ကမ္ဘာ ကူးပြောင်းလာခဲ့သော်လည်း သူ၏သွေးထဲတွင် ခံစားနေရသော ပဲ့တင်ထပ်သံမှာ ငြင်းဆန်၍မရအောင် စစ်မှန်လှ၏။ ဤသည်မှာ သူ၏အရင်းအချာ မွေးမိခင်ပင် ဖြစ်သည်။ ခေတ္တခဏ ထိတွေ့ဆက်ဆံရုံမျှဖြင့် သူသည် မိခင်၏ ကာကွယ်လိုစိတ်ကို အပြည့်အဝ ခံစားနိုင်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ အခြေအနေမှာ ဆိုးရွားလှပုံ ရသည်။
သူ၏မိခင်၏ အားနည်းသော လေသံအရဆိုလျှင် ရှင်းလင်းနေသည်မှာ သူမသည် ကလေးမွေးပြီးပြီးချင်း ရန်သူကို ရင်ဆိုင်ရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။ အခြေအနေမှာ ဆိုးရွားလှကာ ရန်သူများမှာ မည်သူမည်ဝါမှန်း မသိသော်လည်း အဆိပ်ပြင်းသော မြွေများ ထိုးနှက်သကဲ့သို့ ဤအခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်ထားရာ လွယ်လွယ်ကူကူ လက်လျှော့မည်မဟုတ်ပေ။
ဤသို့သော ဘေးအန္တရာယ်ထဲသို့ ကူးပြောင်းလာပြီးပြီးချင်းမှာပင် နင်ချီ၏ အာရုံကြောများမှာ တင်းမာနေခဲ့ပြီ ဖြစ်သည်။
သူသည် ဤသို့ဤပုံဖြင့် သေဆုံးသွားရန် ဆန္ဒမရှိခဲ့ပါ။
ဟုတ်ပြီ၊ သူ ဂရုတစိုက်နားစွင့်ရမည်။
လျှို့ဝှက်အခန်းငယ်၏ ထူထဲသောနံရံများက အသံအများစုကို တားဆီးထားသော်လည်း သတ်ဖြတ်သံများ တဖြည်းဖြည်း နီးကပ်လာသည်ကိုလည်းကောင်း၊ သတ္တုချင်း ထိတိုက်သံများနှင့် အမျိုးမျိုးသော ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေသည်ကိုလည်းကောင်း နင်ချီ ကြားနေရသေးသည်။
နင်ချီသည် သတင်းအချက်အလက် နှစ်ခု ကောက်ချက်ချလိုက်၏။
ပထမတစ်ချက်- ဤကမ္ဘာ၏ သိုင်းပညာစွမ်းပကားမှာ သံသယဖြစ်ဖွယ်မရှိ မြင့်မားလှသည်။
ဒုတိယတစ်ချက်မှာမူ သူ၏ မွေးရပ်မြေ ဖြစ်သော နှင်းဆီးပန်း စံအိမ်သည် ပြိုလဲတော့မည် ဖြစ်သည်။
သူ၏နှလုံးသားမှာ အဆက်မပြတ် ညှိုးငယ်သွားခဲ့တော့သည်။
"ဘယ်လိုလုပ်ရမလဲ။ ဒီရန်သူတွေသာ စံအိမ်ထဲက လူအားလုံးကို သတ်ပစ်လိုက်ရင် ငါ
သူတို့ လိုက်ရှာတာကို ရှောင်နိုင်ပါ့မလား။"
လက်ရှိတွင် လျှို့ဝှက်အခန်းငယ်ထဲ၌ လုံခြုံနေသော်ငြားလည်း အကယ်၍ ရန်သူများက တစ်စုံတစ်ရာသော အာရုံခံစားမှု သို့မဟုတ် အသက်ရှူခြင်းနည်းစနစ်ဖြင့် သူ၏ တည်ရှိမှုကို ထောက်လှမ်းမိသွားလျှင်ရော။
သိုင်းပညာ မြင့်မားသော ကမ္ဘာ တစ်ခုတွင်
နင်ချီသည် ပေါ့ဆ၍ မဖြစ်နိုင်ပေ။
နင်ချီသည် ပိုးသားအထည်အတွင်း၌ သူ၏လှုပ်ရှားမှုများကို တတ်နိုင်သမျှ လျှော့ချရန် စတင်လိုက်ပြီး သူ၏အသက်ရှူခြင်းကိုလည်း အနည်းဆုံးအဖြစ် ထိန်းသိမ်းထားလိုက်သည်။
သို့တိုင်အောင် စိတ်မအေးနိုင်သော ခံစားမှုက
ရင်တွင်း ရှိနေဆဲ ဖြစ်သည်။
အထူးသဖြင့် ညာသံပေးကာ စူးရှရှ တိုက်ခိုက်ဟစ်ကြွေးသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်နှင့်အမျှ ခြေသံ ပြင်းပြင်းများ၊ တံခါးရိုက်ချိုးသံများနှင့် အသက်ချမ်းသာပေးဖို့ အော်ဟစ် ငိုယိုသံများ တိုးပွားလာသည့်အခါ စိတ်မအေးနိုင်မှုမှာ ပိုမို ပြင်းထန်လာခဲ့သည်။
သူ ရှာဖွေ တွေ့ရှိခံရတော့မည်၊
တွေ့ရှိသွားတော့မည်ဟု ပြင်းထန်သော ကြိုတင်ခံစား သိမြင်မှု တစ်ခု ရှိနေခဲ့သည်။
နင်ချီ သိလိုက်သည်မှာ နှင်းဆီးပန်း စံအိမ်သည် ကံဆိုးမိုးမှောင်ကျနေပြီ ဖြစ်သည်။
သူ၏ဖခင်နှင့် မိခင်သည်လည်း ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
သို့သော် နင်ချီထံ၌ ဝမ်းနည်းပူဆွေးရန် အချိန်မရှိခဲ့ပေ၊ လေးလံသော ဘေးအန္တရာယ် ခံစားမှုက သူ့အား အခြားအတွေးများအတွက် နေရာ မပေးခဲ့ပါ။
"ရှာစမ်း။ သေချာရှာကြစမ်း။"
"ဘယ်ထောင့်တစ်နေရာကိုမှ မျက်စိအောက်က
အလွတ်မခံနဲ့၊ အသက်တစ်ချောင်းတောင် ချန်မထားနဲ့။"
"အထူးသဖြင့် နင်ယဲ့နဲ့ ကျန်းရွှယ်မေ့တို့ရဲ့ ကလေးကိုရှာ၊ သူတို့ကို အမြစ်ပါမကျန် ရှင်းပစ်ရမယ်။"
မကောင်းသောစိတ်များ ပြည့်နှက်နေသော
ဩရှသည့်အသံက နင်ချီ၏ နှလုံးသားကို ပြင်းထန်စွာ ခုန်လှုပ်သွားစေသည်။
သူသည် သူ၏လှုပ်ရှားမှုကို အသည်းအသန် လျှော့ချရန် ကြိုးစားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်၏ ပင်ကိုတုံ့ပြန်မှုများမှာ ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။
"ဘုရားရေ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။"
နင်ချီ၏ စိတ်သည် တန်ပြန်နည်းလမ်းများကို တွေးတောရင်း အပြင်းအထန် လည်ပတ်နေတော့သည်။
သူသည် ယခုအခါ မည်သည့်ခုခံနိုင်စွမ်းမျှမရှိသော ကလေးငယ်တစ်ဦးမျှသာဖြစ်ပြီး လှုပ်ပင်
မလှုပ်နိုင်ရာ ထွက်ပြေးရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
တစ်ခုတည်းသော ရွေးချယ်စရာမှာ ရန်သူများ၏ ရှာဖွေတွေ့ရှိခြင်းကို ရှောင်ရှားရန်သာဖြစ်ပြီး သို့မဟုတ်ပါက သူသည် သေချာပေါက် သေဆုံးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဤအခိုက်အတန့်၌ပင်...
ကမ္ဘာလောကကြီးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
အလင်းနှင့် အချိန်တို့သည် ၎င်းတို့၏ အဓိပ္ပာယ်ကို ဆုံးရှုံးသွားခဲ့သည့်အလားပင်။
နင်ချီသည် သူ၏စိတ်မှာ ချက်ချင်းဆိုသလို အံ့ဖွယ်ကောင်းသော အခြေအနေ တစ်ခုထဲသို့ ဝင်ရောက်သွားသည်ကို ခံစားလိုက်ရပြီး သူသည် အရာအားလုံးကို တတ်စွမ်းနိုင်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သည့်အလား ထင်မှတ်လိုက်မိသည်။
သို့သော် ဤခံစားမှုမှာ ခေတ္တခဏမျှသာဖြစ်ပြီးနောက် ကမ္ဘာလောကကြီးသည် တစ်ဖန်ပြန်လည် ဆူညံလာခဲ့သည်။
ထို့နောက်တွင် ဝိညာဉ်အလင်းတန်းတစ်ခုက သူ၏စိတ်ထဲသို့ ဖြတ်သန်းသွားခဲ့သည်။
၎င်းက နင်ချီအား ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်းနားလည်သွားစေခဲ့၏။
သူသည် ကမ္ဘာကူးပြောင်းခဲ့ပြီး ဘဝတစ်ခုကို ပြန်လည်ရှင်သန်ခဲ့ရာ မယုံနိုင်လောက်ဖွယ်ရာ တစ်စုံတစ်ခုကို အသက်သွင်းလိုက်မိပုံရသည်။
သူသည် ယခုအခါ သူ၏အတွေးများ အလွန်အမင်း ထက်မြက်စွာ ခုန်ပျံနေသည်ကိုသာ ခံစားမိပြီး နားလည်နိုင်စွမ်းမှာလည်း ထူးကဲစွာ မြှင့်တင်ခံလိုက်ရသည်။
ဝိညာဉ်အလင်းတန်းသည် အတိတ်နှင့် ပစ္စုပ္ပန်ဘဝများကို ထွန်းလင်းပြသခဲ့ပြီး ဤသည်မှာ သူ၏ရာပြည့်ဘဝဖြစ်ကြောင်းနှင့် ယခင်
ကိုးဆယ့်ကိုးဘဝလုံးမှာ ဒုက္ခများဖြင့် ပြည့်နှက်နေခဲ့ကြောင်း သူ့အား သိရှိစေခဲ့သည်။
ဤရာပြည့်ဘဝ၏ အစသည်ပင်လျှင် ဒုက္ခများဖြင့် စတင်ခဲ့လေသည်။
"ဘဝတစ်ရာလုံး ဒုက္ခတွေနဲ့ချည်းပဲ၊ ကောင်းကင်ဘုံကတောင် မကြည့်ရက်နိုင်တော့လို့ ငါ့ကို ရွှေလက်ချောင်းတစ်ခု ပေးချင်နေတာလား။"
နင်ချီ မှင်သက်သွားသည်။
ထို့နောက်တွင်မူ ဝမ်းမြောက်မှုက ရောက်ရှိလာခဲ့သည်။
သူသည် လက်ရှိဘေးအန္တရာယ်ကို မမေ့သေးဘဲ ချက်ချင်းပင် နားလည်ရန် စတင်လိုက်သည်။
ဝိညာဉ်အလင်းတန်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ သူ၏လက်ရှိနားလည်နိုင်စွမ်းမှာ လက်ရှိဘဝပြင်းအားတွင် ထိန်းသိမ်းထားနိုင်သော အသန်မာဆုံးဖြစ်ပြီး မည်သူမျှ
မကျော်လွန်နိုင်ကြောင်းကိုလည်း သူ့အား နားလည်သွားစေခဲ့လေသည်။
"ဒါဆိုရင် တူညီတဲ့ ဘဝပြင်းအားအောက်မှာ ငါ့ရဲ့နားလည်နိုင်စွမ်းက ထိန်းသိမ်းထားနိုင်တဲ့ ကန့်သတ်ချက်အထိ ရောက်နေတာပဲ၊ ဒါက ပြိုင်ဘက်ကင်းတယ်၊ ပြီးတော့ ဒါတင်မကဘူး၊ အနာဂတ်မှာ ငါ့ရဲ့ဘဝပြင်းအားက ခုန်တက်သွားရင်တောင် နားလည်နိုင်စွမ်းက အမြဲတမ်း
အသန်မာဆုံး အဆင့်ပြည့် အခြေအနေမှာ ရှိနေဦးမှာပဲ။"
"ဒါက အဆင့်ပြည့် ဉာဏ်အလင်းပဲ၊ ဘယ်အချိန်ဖြစ်ဖြစ် အမြဲတမ်း အဆင့်ပြည့်ပဲ။"
နင်ချီသည် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားသည်။
ဤသည်မှာ သူ၏အရုဏ်ဦး ဖြစ်ကောင်းဖြစ်ပေမည်။
သူသည် ဤအခိုက်အတန့်တွင် သူ၏စိတ်သည် မကြုံစဖူး တက်ကြွနေသည်ကို ခံစားနိုင်ခဲ့ပြီး မည်သည့်သာမန်အတွေးတစ်ခုမဆို အတွေးပေါင်းထောင်ချီ၍ မွေးဖွားပေးနိုင်ကာ သာမန်လူနားမလည်နိုင်သော အံ့ဖွယ်ရာများကို ဖန်တီးနိုင်နေသည်။
"အဆင့်ပြည့် ဉာဏ်အလင်းက အံ့မခန်းပဲ၊ ဒါပေမဲ့ ဒါက ငါ့ကို ချက်ချင်းကြီး ပြိုင်ဘက်ကင်းကျွမ်းကျင်သူ တစ်ယောက် ဖြစ်သွားစေတာမှမဟုတ်တာ၊ အရေးတကြီးလုပ်ရမှာက ဒီအကျပ်အတည်းထဲကနေ အရင်ဆုံး လွတ်အောင်လုပ်ဖို့ပဲ။"
ယခင်က နင်ချီသည် သူ၏ အသက်ရှူခြင်းနှင့် နှလုံးခုန်သံကို မထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါ မတူတော့ချေ။ သူသည် သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို အပြည့်အဝသိရှိနိုင်ပြီး ပုံစံများကို ရှာဖွေတွေ့ရှိနိုင်နေပြီ ဖြစ်သည်။
ထိုအခိုက်အတန့်မှာ အပြင်ဘက်မှ ဝုန်းဝုန်း ဒိုင်းဒိုင်း လှုပ်ရှားသံများမှာ ပို၍၊ ပို၍ ပြင်းထန်လာနေခဲ့၏။
နင်ချီ၏ အတွေးများမှာ အလျင်အမြန် ပြေးလွှားနေသည်။
"အရင်ဘဝတုန်းက ပါးစပ်နဲ့ နှာခေါင်းကို မသုံးဘဲ အသက်ရှူတာမျိုး ကြားဖူးတယ်၊ သန္ဓေသားအိမ်ထဲမှာ နေသလိုမျိုးပေါ့၊ အဲ့ဒါက သန္ဓေသားအသက်ရှူခြင်းပဲ။"
"ငါက အခုမှ မွေးတာ၊ ငါ့ခန္ဓာကိုယ်က အပြင်လောကရဲ့ ညစ်ညမ်းမှုတွေနဲ့ အပြည့်အဝမထိတွေ့ရသေးဘူး၊ ရံဖန်ရံခါဆို သန္ဓေသားအသက်ရှူခြင်းအခြေအနေထဲကို ဝင်နိုင်တယ်၊ ဒါပေမဲ့
အရင်ကတော့ အဲ့ဒါကို ငါ မဖမ်းဆုပ်နိုင်ခဲ့ဘူး။ အခုတော့ မတူတော့ဘူး၊ ငါက ဖမ်းဆုပ်နိုင်ရုံတင်မကဘူး၊ ပုံစံတွေကိုရှာပြီး ထိန်းချုပ်လို့တောင်ရနေပြီ..."
"ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ နွေးထွေးတဲ့ အသက်ငွေ့ငွေ့လေးက ကလေးငယ်တွေမှာရှိတဲ့ မူလချီများလား။ အံ့ဩစရာပဲ။ ဒါသာ သတ်မှတ်ထားတဲ့ပုံစံတွေနဲ့ စီးဆင်းပြီး ငါ့အတွင်းက မူလချီအားလုံးကို မပျံ့လွင့်အောင် စုစည်းလိုက်ရင် ဒီနွေးထွေးမှုက အကြီးအကျယ် မြှင့်တင်ခံရပြီး ငါ့ရဲ့ကလေးငယ်ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်မှာပဲ။"
"..."
အတွေးများ လျင်မြန်စွာ ခုတ်မောင်းသွားသည်နှင့်အမျှ နင်ချီသည် ထိုအံ့ဖွယ်ကောင်းသော အခြေအနေကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်ခဲ့ပြီး မူလချီနှင့်ပင် ပိုမိုပေါင်းစပ်နိုင်ခဲ့သည်။
မျက်စိဖြင့်မြင်နိုင်သော အရှိန်ဖြင့် သူ၏မူလက
မညီမညာဖြစ်နေသော နှလုံးခုန်သံနှင့် အသက်ရှူသံမှာ ညီညာပြီး တိုးလျှိုးလာကာ လုံးဝပျောက်ကွယ်သွားသည့်တိုင်အောင် ဖြစ်သွားတော့သည်။
အကယ်၍ နင်ချီသာ ဤအခိုက်အတန့်တွင် မျက်လုံးများကို မှိတ်ထားလိုက်ပါက အခြားသူများက သူ့ကို သေဆုံးနေသော ကလေးငယ်တစ်ဦးဟု ထင်မှတ်သွားပေလိမ့်မည်။
နင်ချီ၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်နေခဲ့သည်။
"ဒီအသက်ရှူစွမ်းရည်ကို မူလသန္ဓေသားအသက်ရှူခြင်းကျင့်စဉ်လို့ပဲ ခေါ်လိုက်တော့မယ်။"
ဤသည်မှာ အထွတ်အထိပ် သိုင်းလမ်းစဉ်
စွမ်းရည် တစ်ခု မဟုတ်ဘဲ ကလေးငယ်
တစ်ဦး၏ အထူး အခြေအနေကို အခြေခံထားသော အတွင်းအသက်ရှူခြင်း နည်းစနစ် တစ်ခုမျှသာ ဖြစ်သော်လည်း မူလချီ ဖြည့်စွက်မှုဖြင့် မယုံနိုင်လောက်အောင် အံ့ဖွယ်ကောင်းလှသည်။
နင်ချီသည် သူ ယခုလေးတင် ဖန်တီးခဲ့သော မူလ သန္ဓေသား အသက်ရှူခြင်း ကျင့်စဉ်ကို အပြည့်အဝ လည်ပတ်ရန် စတင်လိုက်သည်။
ဤအခိုက်အတန့်၌ပင်...
နွေးထွေးသော အသက်ငွေ့သည် နင်ချီအတွင်း၌ စီးဆင်းနေသည်နှင့်အမျှ သူ၏ပါးစပ်နှင့် နှာခေါင်းကို တင်းတင်းပိတ်ထားသော်လည်း သူသည် မည်သည့် မသက်မသာဖြစ်မှုကိုမျှ မခံစားရပေ။
သူ၏ခန္ဓာကိုယ်ပေါ်မှ ချွေးပေါက်တိုင်းသည် အသက်ရှူခြင်းကို အစားထိုးရန် အနည်းငယ် ပွင့်လိုက်ပိတ်လိုက်လုပ်နေပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမို ပြင်းထန်လာသော ငတ်မွတ် ဆာလောင်မှုပင်လျှင် များစွာ ပျောက်ကွယ်သွားခဲ့သည်။
မူလသန္ဓေသားအသက်ရှူခြင်းကျင့်စဉ်။
၎င်းမှာ အမှန်တကယ်ပင် မယုံနိုင်လောက်အောင် အံ့ဖွယ်ကောင်းလှပါ၏။
ထို့နောက်မှာတော့ နင်ချီကို ရစ်ပတ်ထားသော စိုးရိမ်ပူပန်မှုသည်လည်း နောက်ဆုံးတွင် သိသိသာသာ လျော့ကျသွားခဲ့သည်။
နင်ချီသည် မူလသန္ဓေသား အသက်ရှူခြင်းအခြေအနေထဲသို့ ဝင်ရောက်သွားပြီး သူ၏ အာရုံခံစားမှုမှာ ထူးကဲစွာ ထက်မြက်လာကာ အပြင်ဘက်မှ အခြေအနေကို ရှင်းလင်းစွာ ကြားနိုင်စွမ်းရှိလာသည်။
ရှုပ်ထွေးပြီး ထူထပ်သော ခြေသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး သူတည်ရှိရာ စာကြည့်ခန်းထဲသို့ တစ်ကြိမ်ထက်မက ဝင်ရောက်လာကာ ဓားနှင့် လှံများ ဝှေ့ယမ်းသံများနှင့် အမျိုးမျိုးသော ဟိန်းဟောက်သံများ ပါဝင်ပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို ကြမ်းတမ်းစွာ ဖျက်ဆီးနေပုံ ရသည်။
၎င်းမှာ ဓားသွားချီ သို့မဟုတ် ဓားချီဖြစ်နိုင်သည်ဟု ခန့်မှန်းမိပြီး နင်ချီ လန့်သွားရသည်။
ကံကောင်းစွာဖြင့် နှင်းဆီးပန်း စံအိမ်မှာ အလုံအလောက် ကြီးမားလှသည်။ နင်ချီတည်ရှိရာ စာကြည့်ခန်းမှာ ထင်ရှားခြင်းမရှိဘဲ ခြေရာများမပေါ်ပေါက်ဘဲ အာရုံစိုက် မခံခဲ့ရပေ။
ထိုအစား အချို့သော ပုန်းအောင်းနေသည့် အစေခံများကို ဖမ်းမိပြီး ထိုနေရာတွင်ပင် သတ်ဖြတ်ခြင်းခံခဲ့ရသည်။
နှင်းဆီးပန်း စံအိမ်၏ အမိုးထိပ်တွင်...
အနက်ရောင်ဝတ်စုံဝတ်ထားသော ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည့်
အားကောင်းမောင်းသန် ယောက်ျား တစ်ဦးက မျက်မှောင်ကြုတ်နေပြီး သူ၏ ဘယ်လက်ဖြင့် သူ့ပခုံးကို ဖိထား၏။ ထိုနေရာတွင် သွေးသံရဲရဲဓားဒဏ်ရာကြီး ရှိနေသည်။
သူ၏ညာလက်ဖြင့်မူ ရံဖန်ရံခါ ဓားချီများ ပစ်လွှတ်လိုက်ရာ အိမ်များကို နှစ်ပိုင်းပိုင်းသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားရှိ သည်။ ရံဖန်ရံခါတွင် အသက်ရှင်ကျန်ရစ်သူအချို့ကို တွေ့ရှိခဲ့သော်လည်း ဤသည်မှာ သံသယဖြစ်ဖွယ်မလို၊ မထိရောက်လှပါပေ။
ထို့အပြင် သူ အလိုရှိဆုံးမှာ နင်ယဲ့၏ သားကို ရှာဖွေရန် ဖြစ်သော်လည်း မည်သည့် အရိပ်
အခြေမျှ မရှိခဲ့ပေ။ သူ၏အတွင်းစိတ်မှ စိတ်
မရှည်မှုများ တိုးပွားလာခဲ့တော့သည်။
ထိုစဉ် အရပ်လေးမျက်နှာမှ အနက်ရောင် ဝတ်စုံဝတ်လူများ စုရုံးရောက်ရှိလာပြီး သူ့အား ရိုသေစွာဖြင့်-အသိပေးလာသည်။
"သခင်ကြီးဖုန်း၊ ရှာသင့်တဲ့နေရာ အားလုံးကို ကျွန်တော်တို့ ရှာပြီးပါပြီ၊ လှုပ်ရှားမှု တစ်စက်မှ
မတွေ့ရပါဘူး၊ လက်အောက်ငယ်သားတွေလည်း ထောင့်တိုင်းကို သေချာ အာရုံခံကြည့်ခဲ့ပေမယ့် ကလေး ငိုသံ ဒါမှမဟုတ် နှလုံး ခုန်သံလည်း
မတွေ့ရပါဘူး၊ ဖြစ်နိုင်တာက..."
ထိုငယ်သား၏ စကားမဆုံးမီမှာပင်
သခင်ကြီးဖုန်းက လက်ဝေ့ယမ်းကာ တားဆီးလိုက်ပြီး အေးစက်စွာဖြင့် အော်ဟစ်လေသည်။
"လုံးဝမဖြစ်နိုင်ဘူး။"
"ကျန်းရွှယ်မေ့က အခုမှ ကလေး မွေးထားတာ၊ လင်မယားနှစ်ယောက်လုံး ငါ့လက်ထဲမှာ သေပြီးသွားပြီ၊ ဒီကလေးကို ဒီလောက်မြန်မြန် ပို့လိုက်နိုင်မှာမဟုတ်ဘူး။"
ခက်ထန်ကြမ်းကြုတ်သော အကြည့်ဖြင့် သူသည် သတိကြီးစွာ ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ပြီး ကြီးမားသော ဓားချီများကို ဝှေ့ယမ်းကာ စိတ်ကျေနပ်မှုရယူလျက် စံအိမ်ပတ်လည်တွင် လျင်မြန်စွာ ခုန်ပျံသွားလာနေသော်လည်း ကလေးငယ်တစ်ဦး၏ အရိပ်အယောင်အနည်းငယ်မျှကိုပင် ခံစားမိခြင်းမရှိခဲ့ပေ။
နောက်ဆုံးတွင် သခင်ကြီးဖုန်းက ဆိုးယုတ်စွာ ပြုံးလိုက်သည်။
"တကယ်ကို ပုန်းနိုင်တာပဲ။"
"ငါ့အတွက် မီးရှို့ကြစမ်း။ နှင်းဆီးပန်းစံအိမ်ကို ပြာကျသွားအောင် မီးတိုက်ပစ်။"