တာအိုဆရာ လုံရှန်း...
Vol. 1 Ch. 2
ညအမှောင်ထုအောက်တွင် မီးတောက်များသည် ကောင်းကင်သို့ ထိုးတက်နေခဲ့ပြီး ပြင်းထန်လှသော မီးလျှံများသည် နှင်းဆီးပန်းပင်များနှင့် အဆောက်အအုံကိုပါ တစ်ပါတည်း တိုက်စားနေတော့သည်။
အနက်ရောင်ဝတ်စုံဝတ် ပုံရိပ်များမှာ တစ်ဦးပြီးတစ်ဦး သူတို့၏ရှေ့မှ တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းလာသော မီးပင်လယ်ကြီးကို အေးစက်စွာ ကြည့်ရှုနေကြ၏။ ထိုသူတို့ အမူအရာမှာ ရက်စက်ကြမ်းကြုတ်လှသည်။
ရံဖန်ရံခါတွင် ကွန်ယက်မှ လွတ်မြောက်သွားသော စံအိမ်သား တစ်ဦး ၊ နှစ်ဦးသည် မြင့်မားသောအပူချိန်ကို မခံနိုင်ဘဲ မီးပင်လယ်ထဲမှ ပြေးထွက်လာခဲ့သော်လည်း ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခြင်းကိုသာ ခံလိုက်ရရှာသည်။
သခင်ကြီးဖုန်း၏ နှုတ်ခမ်းများမှာ ဖြည်းညင်းစွာ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
သူသည် နှင်းဆီးပန်း စံအိမ် ပြာကျသွားသည်ကို သူ၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့လိုခဲ့၏။
မီးသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
အဝေး တစ်နေရာတွင် အနက်ရောင် ဝတ်စုံဝတ်
ပုံရိပ် တစ်ခု ထိတ်လန့်တကြား ပြေးလာခဲ့၏။
"သ..သခင်ကြီးဖုန်း၊ အစစ်အမှန် သိုင်းဂိုဏ်းက
တာအိုဆရာ လုံရှန်း လာနေပါပြီ။ ကျွန်တော်တို့ အခု ဆုတ်ခွာကြတော့မလား။"
သခင်ကြီးဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်လုံးများတွင် နက်ရှိုင်းသော စိုးရိမ်ကြောင့်ကြမှုများ အရောင်လက်သွားသည်။
" သောက်ဒုက္ခပဲ၊ အဲ့ဒီ မြေခွေးအိုကြီးလုံရှန်းက မနက်ဖြန်မှ လာမှာမဟုတ်ဘူးလား။ ဘာလို့ စောပြီးရောက်လာရတာလဲ။"
"ကျွန်တော်လည်း မသိပါဘူး သခင်။"
"အသုံးမကျတဲ့ ကောင်။"
သခင်ကြီးဖုန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် အမိန့်ပေးလိုက်တော့သည်။
"အားလုံးပဲ၊ ဆုတ်ခွာမယ်။"
တာအိုဆရာ လုံရှန်းသည် ပါရမီရှင်တစ်ဦးဖြစ်ပြီး အစစ်အမှန် သိုင်းအမွေအနှစ်ကို ဆက်ခံခဲ့သည်ဟု ကောလာဟလထွက်ရှိဖူးသည်။ မဟာယန်မင်းဆက်တွင် ခမ်းနားစွာ ပွဲဦးထွက်ခဲ့ပြီး ကြီးမားသော ဂုဏ်သတင်းကို ရရှိခဲ့သူ ဖြစ်၏။ သူသည် နောက်ပိုင်းတွင် အစစ်အမှန် သိုင်းဂိုဏ်းကို ပြန်လည် တည်ထောင်ခဲ့၏။ အစစ်အမှန် သိုင်းဂိုဏ်က ကမ္ဘာတစ်ဝှမ်းလုံးမှ တာအိုဂိုဏ်းများကြားတွင် ကျော်ကြားလှပေသည်။
သူသည် ကောင်းကင်ဘုံသားနယ်ပယ်သို့ ဝင်ရောက်ရန် နီးစပ်နေပြီဟု ဆိုကြရာ သူရော သူ၏လက်အောက်ငယ်သားများပါ သူ့ကို လူအင်အားဖြင့် အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။
သခင်ကြီးဖုန်းသည် ယခုအခါ မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသော စံအိမ်ကို နက်ရှိုင်းစွာ
တစ်ချက်ကြည့်လိုက်သည်။
ဤသို့သော ပြင်းထန်သည့် မီးတောက်များအောက်တွင် သာမန်သိုင်းပညာရှင်တစ်ဦး အသက်ရှင်နိုင်ဖွယ်မရှိရာ၊ မွေးကင်းစကလေးငယ်တစ်ဦးအတွက်မူ ပြောစရာပင်မလိုတော့ချေ။ ထိုကလေးမှာ ဖြစ်နိုင်သည်မှာ မေ့မြောသွားခဲ့ပြီးဖြစ်ကာ သူ၏အိပ်စက်ခြင်းထဲ၌ မီးသွေးခဲအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
အေးစက်သော အပြုံးကိုယ်စီဖြင့် အနက်ရောင်ဝတ်စုံဝတ်အဖွဲ့သည် တိုက်ခတ်လာသော လေနှင့်အတူ ထွက်ခွာသွားကြလေသည်။
...
လျှို့ဝှက်အခန်းငယ်အတွင်း၌။
နင်ချီသည် ပတ်ဝန်းကျင်အပူချိန် ဖြည်းညင်းစွာ မြင့်တက်လာသည်ကို ခံစားမိပြီး တုန်လှုပ်ကာ ဒေါသထွက်သွားသည်။
ဤလူများ ဤမျှလောက် ဆိုးယုတ်လိမ့်မည်ဟု သူထင်မထားခဲ့ပေ။ စံအိမ် တစ်ခုလုံးကို သတ်ဖြတ်ပြီးနောက် ပြာကျသွားအောင် မီးရှို့ခဲ့ကြသည်တဲ့လား။
နင်ချီ၏မျက်လုံးများတွင် အေးစက်ပြီး ချမ်းစိမ့်ဖွယ်ကောင်းသော ရည်ရွယ်ချက်များ ပြည့်နှက်၍ လာသည်။
သို့သော် ယခုမှာ ဤအရာများကို တွေးတောရမည့်အချိန် မဟုတ်ချေ။ အရေးတကြီးလုပ်ဆောင်ရမည့်အလုပ်မှာ မည်သို့အသက်ရှင်ကျန်ရစ်ရန်ကိုပင်။
မူလသန္ဓေသား အသက်ရှူခြင်းကျင့်စဉ်သည် ဆက်လက်လည်ပတ်နေပြီး တိုးဝင်လာသော အပူချိန်မြင့်မားမှုကို အတော်အတန် နှေးကွေးစေခဲ့သည်။ သို့သော်ငြားလည်း မီးသည် ပိုမိုပြင်းထန်လာပြီး လျှို့ဝှက်အခန်းငယ်ကို စတင်မျိုချလာသည့်အခါ နင်ချီသည် သေလမ်းပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူသည် ယခုမှမွေးဖွားလာကာ မလှုပ်ရှားနိုင်သေးဘဲ အစာပင် မစားရသေးချေ။ သူ ဖန်တီးခဲ့သော မူလ သန္ဓေသားအသက်ရှူခြင်းကျင့်စဉ်သာ မရှိခဲ့ပါလျှင် သူသည် ယခုအချိန်တွင် သေဆုံးနေလောက်ပြီဖြစ်သည်။
သို့ဖြစ်လင့်ကစား၊ လက်ရှိအခြေအနေမှာ မျှော်လင့်ချက်ကင်းမဲ့နေဆဲဟု ထင်ရသည်။
"ငါ ဘယ်လိုလုပ်သင့်လဲ။"
နင်ချီ၏ စိတ်သည် ဆက်လက်၍ အပြင်းအထန် လည်ပတ်နေသည်။
ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များကြားတွင် သူသည် အနက်ရောင်ဝတ်စုံဝတ်အဖွဲ့ ထွက်ခွာသွားခဲ့ပြီးဖြစ်ကြောင်းကို ခပ်ရေးရေးကြားလိုက်ရသည်။
"တာအိုဆရာ လုံရှန်း ဟုတ်လား။ အစစ်အမှန် သိုင်းဂိုဏ်းတဲ့လား။ ဒီတာအိုဆရာက ငါ့မိဘတွေရဲ့ မိတ်ဆွေလား ဒါမှမဟုတ် တခြားဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးလား။"
အတွေးများသည် နင်ချီ၏ စိတ်ထဲတွင် အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။
သူ၏ အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက်မှာ ဤတာအိုဆရာ လုံရှန်းအပေါ်တွင် မူတည်နေနိုင်သည်ကို သူသိလိုက်သည်။
သူသည် ပိုးသားအထည်ထဲတွင် တတ်နိုင်သမျှ ကွေးကွေးလေးနေလိုက်သည်။ ထိုအထည်မှာ အလွန်ထူးခြားပြီး သူ့အား အနည်းငယ်ပို၍ သက်သောင့်သက်သာရှိစေသည်။ သူသည် တာအိုဆရာ လုံရှန်း ရောက်ရှိလာသည်အထိ ကြံ့ကြံ့ခံရန်လိုအပ်ပြီး ပိုအရေးကြီးသည်မှာ တာအိုဆရာ လုံရှန်းက သူ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိကြောင်း သေချာစေရန်ဖြစ်ပါသည်။
"အသံ။"
"ငါ့မှာ လုံလောက်အောင် ကျယ်လောင်တဲ့ အသံတစ်ခုရှိမှဖြစ်မယ်၊ မဟုတ်ရင် မီးတောက်လောင်သံတွေကြားထဲမှာ ပျောက်သွားလိမ့်မယ်။"
ထိုတာအိုဆရာ လုံရှန်းသည် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း သူသာ မူလ သန္ဓေသားအသက်ရှူခြင်းအခြေအနေကို လွှတ်လိုက်သည်နှင့် သူ၏တည်ရှိမှုကို သတိပြုမိဖွယ်ရှိသော်လည်း နင်ချီသည် သူကိုယ်တိုင် အာရုံစိုက်မှုရရှိရန် တိုက်ပွဲဝင်ရန် လိုအပ်သည်ကို သိရှိသည်။
"ငါ့အသံကို ဘယ်လိုပိုကျယ်အောင် လုပ်နိုင်မလဲ။"
"အဲ့ဒါကို ငါ့ရဲ့အသက်ရှူခြင်းနဲ့ ရောစပ်ပြီး အသက်ရှူထုတ်တာနဲ့အတူ အသံကို ထုတ်လွှတ်ရမယ်... ကလေးငယ်တစ်ယောက်ရဲ့ ငိုသံက လုံလောက်အောင် စူးရှပြီးသား၊ အသံကြိုးရဲ့ တုန်ခါနှုန်းကိုသာ ပိုပြီးသင့်လျော်အောင် လုပ်နိုင်ခဲ့ရင်..."
"..."
အတွေးအခေါ်များသည် နင်ချီ၏ စိတ်ထဲတွင် ဆက်လက်၍ တဖျပ်ဖျပ်ပေါ်လာနေသည်။
သူသည် သူ၏ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် ကြိုးစားကြည့်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှ မူလချီသည် လှုံ့ဆော်ခံလိုက်ရပြီး သူအသံတစ်ချက်ပြုလိုက်သည်နှင့် ၎င်းသည် သေချာပေါက် လုံလောက်အောင် ကျယ်လောင်မည်ဟု ပြင်းထန်သော ကြိုတင်ခံစားသိမြင်မှုတစ်ခု ရှိနေခဲ့သည်။
ဤသည်မှာ အသံပိုင်းဆိုင်ရာ နည်းစနစ်တစ်ခုဖြစ်ပြီး နင်ချီက ၎င်းကို အသံလှိုင်းတုန်ခါမှုနည်းစနစ်ဟု ခေါ်ဆိုနိုင်သည်ဟု တွေးလိုက်သည်။
အလင်းတန်းတစ်ခုက နင်ချီ၏ မျက်လုံးများထဲတွင် ဖြတ်သန်းသွားသည်။
အကယ်၍ သူသာ ယခု သိုင်းပညာတတ်ကျွမ်းခဲ့ပါလျှင် သူသည် သူ၏ယခင်ဘဝမှ သိုင်းဝတ္ထုများထဲမှ ခြင်္သေ့ဟောက်သံကဲ့သို့သော အသံလှိုင်းသိုင်းပညာတစ်ခုကိုပင် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည်။
ဤသည်မှာ အဆင့်ပြည့်နားလည်နိုင်စွမ်း၏ စွမ်းအားပင်တည်း။
အရာအားလုံး အသင့်ဖြစ်နေပြီ။
သူသည် မျှော်လင့်ရန် စတင်လိုက်သည်။
"တာအိုဆရာ လုံရှန်းရေ၊ ခင်ဗျား အမြန်ဆုံးလာမှဖြစ်မယ်။"
အကယ်၍ တာအိုဆရာ လုံရှန်း နောက်ကျမှရောက်လာခဲ့ပါလျှင် သူသည် မီးလောင်ကျွမ်းနေသော အလောင်းတစ်လောင်း ဖြစ်သွားပေလိမ့်မည်။
နင်ချီသည် ယခုအခါ ပို၍၊ ပို၍ ပြင်းထန်လာသော အပူရှိန်ကို ခံစားနေရပြီး မီးတောက်များထဲမှ အဆောက်အအုံများ ပြိုကျသံများမှာလည်း အခါအားလျော်စွာ ထွက်ပေါ်နေသည်။ လျှို့ဝှက်အခန်းငယ်၏ အထူးပစ္စည်းကြောင့်သာ မဟုတ်ပါက သူသည် ကြေမွ သေဆုံးသွားလောက်ပြီဖြစ်သည်။
...
ညသည် ပို၍ နက်ရှိုင်းလာခဲ့သည်။
သို့သော် နှင်းဆီးပန်း စံအိမ်၏ ဤအပိုင်းမှာမူ နေ့ခင်းကဲ့သို့ နီရဲစွာ ထွန်းလင်းနေ၏။ မီးပင်လယ်သည် ကောင်းကင် တစ်ခြမ်းကို နီရဲသွားစေခဲ့သည်။
တာအိုဆရာ လုံရှန်း ဤနေရာသို့ ရောက်ရှိလာသည့်အခါ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသလှိုင်း တစ်ခု တိုးတက်လာခဲ့သည်။
"တောက်! ယုတ်မာလှတဲ့ သူခိုးကောင်တွေ။"
သူသည် ဖိတ်ကြားချက်အရ လာရောက်ခဲ့ခြင်းဖြစ်သော်လည်း ဤသို့သော သတ်ဖြတ်ပွဲကြီးကို တွေ့မြင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ကျူးလွန်သူ၏ နည်းလမ်းများမှာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
တာအိုဆရာ လုံရှန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏လက်ဖဝါးများအတွင်းမှ ဂိုဏ်းချီသည် မိုးစက်များ ကျသကဲ့သို့ အဆက်မပြတ် တိုးထွက်လာကာ မီးပင်လယ်ထက်သို့ ဖိနှိပ်ချလိုက်သည်။
မီးတောက်များသည် အကွက်လိုက် ငြိမ်းသွားခဲ့သော်လည်း မကြာမီမှာပင် ပို၍အားကောင်းသော မီးတောက်များ ပြန်လည်ထတောက်လာခဲ့သည်။
ဤသည်က သူ၏မျက်နှာအမူအရာကို ပို၍ပင်
ပျက်ယွင်းသွားစေခဲ့သည်။
အကယ်၍ မီးသည် ယခုမှ စတင်လောင်ကျွမ်းခြင်းသာဆိုလျှင် မိမိသည် ၎င်းကို ငြိမ်းသတ်နိုင်မည်ဟု ယုံကြည်မှုရှိသော်လည်း ယခုမူ ပြီးဆုံးသွားပြီဖြစ်သော အခြေအနေတစ်ခု ဖြစ်နေခဲ့ပြီ။
အင်အားအကုန်သုံးတိုက်ခိုက်လျှင်ပင် သူ ကယ်တင်မိသည်က အပျက်အစီးပုံကြီးသာ ဖြစ်လိမ့်မည်။
ဂိုဏ်းချီက သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားရာ သူသည် မီးတောက်များထဲတွင် မထိခိုက်ဘဲ လျှောက်လှမ်းနိုင်ပြီး အဆက်မပြတ် အော်ဟစ်လိုက်သည်။
"စံအိမ်သခင်နင်။"
"သူရဲကောင်းဒေဝီကျန်း။"
"တာအိုဆရာ လုံရှန်း ရောက်လာပါပြီ။"
လုံရှန်းသည် နင်ယဲ့စုံတွဲမှာ ကံဆိုးမိုးမှောင်ကျဖွယ်ရှိသည်ကို သိရှိသော်လည်း သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက်နှင့် စိတ်ကူးယဉ်မှု အရိပ်အယောင်တစ်ခုကို ပိုက်ထွေးထားဆဲဖြစ်သည်။ သူသည် ဆက်လက်၍ အော်ခေါ်နေခဲ့သည်။
သို့သော် အချိန်အတော်ကြာသည့်တိုင် တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိခဲ့ပါ။
တာအိုဆရာ လုံရှန်းသည် အလွန်အမင်း နှမြောတသဖြစ်မိပြီး သူသာ နာရီဝက်စောရောက်ခဲ့ပါလျှင် ဤကပ်ဆိုးကို တားဆီးနိုင်ခဲ့မည်ဟု နှမြောတသစွာ တွေးတောမိသည်။
ရုတ်တရက်...
ဒါက....
သူသည် ခေတ္တရပ်တန့်သွားပြီး မွေးကင်းစကလေးငယ်တစ်ဦး၏ ငိုသံကို ကြားလိုက်ရသည့်အလား ထင်မှတ်လိုက်မိသည်။
နားကြားမှားသည်ဟု ပင်ကိုအသိစိတ်ဖြင့် တွေးလိုက်မိ၏။
မည်သို့ပင်ဖြစ်စေ ဤသို့သော မီးပင်လယ်ထဲတွင် ကလေးငယ်တစ်ဦး မည်သို့ ရှိနေနိုင်မည်နည်း။
သို့သော် မကြာမီမှာပင် သူ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
အကြောင်းမှာ ထိုငိုသံသည် ပိုမို ကျယ်လောင်လာပြီး မီးတောက်များကို ထိုးဖောက်လာခဲ့ရာ ၎င်းသည် သေချာပေါက် နားကြားမှားတာ မဟုတ် တော့ပေ။
"ရှိနေသေးတယ်...အသက်ရှင် ကျန်ရစ်သူ ရှိနေသေးတယ်။"
တာအိုဆရာ လုံရှန်း စိတ်လှုပ်ရှားသွားသည်။
သူသည် အင်အားကို သုံး၍ လေထဲသို့ ခုန်ပျံဝဲလိုက်ပြီး အသံလာရာ ထောင့်သို့ တန်းတန်းမတ်မတ် သွားကာ သူ၏ လက်ဖဝါးထဲတွင် ဂိုဏ်းချီကို စုစည်းလိုက်ပြီး ထိုနေရာမှ မီးတောက်များကို ချက်ချင်း ငြိမ်းသတ်လိုက်သည်။
လုံရှန်းသည် ဖြည်းညင်းစွာ ချဉ်းကပ်သွားပြီး သူ၏ မျက်လုံးများမှာ အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ငိုသံသည် အမှန်တကယ်ပင် သူ၏ရှေ့မှ လျှို့ဝှက်အခန်းငယ်အတွင်းမှ ထွက်ပေါ်လာနေခြင်းတည်း။
သူ၏လက်ဖဝါးထဲမှ ဂိုဏ်းချီသည် ဓားသွားတစ်လက်ကဲ့သို့ဖြစ်နေပြီး လျှို့ဝှက်အခန်းငယ်ကို ဖြည်းညင်းစွာ ခွဲထုတ်လိုက်ရာ ပိုးသားအထည်ဖြင့် ထွေးပိုက်ထားသော ပုံရိပ်တစ်ခု သူ၏မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
သူ၏ရှေ့မှ ကလေးငယ်ကို ကြည့်လိုက်သည်။
တာအိုဆရာ လုံရှန်း၏ မျက်လုံးများထဲမှ အံ့ဩမှုမှာ ပို၍ပင် ကြီးမားလာခဲ့၏။
အကြောင်းမှာ သူ လျှို့ဝှက်အခန်းငယ်ကို ဖွင့်လိုက်ပြီးနောက် ထိုကလေးငယ်သည် ငိုနေသည်ကို ရပ်တန့်လိုက်ပြီး သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ရာ၊ ထိုငိုသံမှာ သူ့ကို ဆွဲဆောင်ရန်အတွက် သီးသန့် ဖြစ်သည့်အလားပင်။
ထို့အပြင်။
သူသည် လျှို့ဝှက် အခန်းငယ်အတွင်းမှ အပူချိန်ကို ယခုလေးတင် အာရုံခံကြည့်ခဲ့ရာ အပြင်ဘက်ထက် အနည်းငယ် သာလွန်သော်လည်း မွေးကင်းစကလေးငယ် တစ်ဦးအတွက် ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်နိုင်ခြင်းမှာ လုံးဝကို အံ့ဖွယ်ရာ တစ်ခုပင်တည်း။
သို့ဖြစ်လင့်ကစား ကလေးငယ်၏ မျက်နှာမှာ နီရဲလာနေပြီ ဖြစ်သည်။
"ဒီကလေးက တကယ်ကို အသက်ပြင်းတာပဲ။"
တာအိုဆရာ လုံရှန်းက နင်ချီကို ညင်သာစွာ ပွေ့ချီလိုက်ပြီး ပိုးသားအထည်ထဲတွင် 'ချီ' ဟု ရေးထွင်းထားသော ကျောက်စိမ်းဆွဲသီးတစ်ခုနှင့်
ညဆီးပန်းဓားသိုင်း စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိလိုက်သည်။
"ညဆီးပန်းဓားသိုင်းက စံအိမ်သခင်နင်နဲ့ သူရဲကောင်းဒေဝီကျန်းတို့ရဲ့ အထွတ်အထိပ်ဖန်တီးမှုပဲ၊ မင်းက သူတို့ရဲ့ မျိုးဆက်အမှန်ပဲ။"
တာအိုဆရာ လုံရှန်းက သက်ပြင်းချလိုက်သည်။
"ဒါက ကံကြမ္မာပဲ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မင်းကို ဒီကပ်ဘေးကနေ အံ့ဖွယ်နည်းနဲ့ အသက်ရှင်ကျန်ရစ်စေခဲ့တာက သူတို့ရဲ့ ဝိညာဉ်တွေက မင်းကို စောင့်ရှောက်နေလို့ပဲ ဖြစ်မယ်ကွ.."
"မင်းနာမည်က ဒီနေ့ကစပြီး နင်ချီပဲ။"
ထိုစကားများအဆုံးတွင်...
တာအိုဆရာ လုံရှန်းသည် သူ၏ရှေ့မှ ကလေးငယ်က ပျော်ရွှင်စွာ ပြုံးလိုက်သည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
"ကလေး၊ မင်းက ထူးကဲတဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး အကောင်းအဆိုးကို သဘာဝအတိုင်း ခွဲခြား သိမြင်နိုင်တယ်၊ အနာဂတ်မှာ သေချာပေါက် ထူးချွန်လိမ့်မယ်။"
နင်ချီသည်လည်း သူ၏ရှေ့မှ မီးခိုးရောင် တာအိုဝတ်ရုံ ဝတ်ထားပြီး မုတ်ဆိတ်မွေးနှင့် နူးညံ့သော မျက်လုံးများ ရှိသော တာအိုဆရာကို လေ့လာနေခဲ့သည်။ သူသည် တစ်ချက်ကြည့်ရုံဖြင့်
လူ တစ်ဦးအား ကောင်းမွန်သော အထင်အမြင်များ လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သည်။
တာအိုဆရာ လုံရှန်း၏ အစောပိုင်းခေါ်သံကို ကြားပြီးနောက် နင်ချီသည် အသံလှိုင်းတုန်ခါမှုနည်းစနစ်ကို ပြတ်သားစွာ အသုံးပြု၍ အော်ဟစ်လိုက်ရာ ယခုအခါ နောက်ဆုံးတွင် အန္တရာယ်မှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ စိတ်သည် ချက်ချင်းပင် ပေါ့ပါးသွား တော့သည်။
ယခုမှ ကမ္ဘာ ကူးပြောင်းလာပြီး ဤသို့သောအခြေအနေနှင့် ကြုံတွေ့ရ၏။ အထူးသဖြင့် မွေးကင်းစကလေးငယ်တစ်ဦးအနေဖြင့် တာအိုဆရာ လုံရှန်းက သူ၏အမည်မှာ နင်ချီအဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြောသည်ကိုကြားသော် နင်ချီအနည်းငယ်ပြုံးလိုက်ပြီး မနေနိုင်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
တာအိုဆရာ လုံရှန်းမှာ လန့်သွားသည်။
သူသည် နင်ချီ၏ သွေးခုန်နှုန်းကို အလျင်အမြန် စစ်ဆေးလိုက်ပြီး အလွန်အမင်း အားကုန်ခန်းသွား၍ အာဟာရ လိုအပ်ခြင်းကြောင့်သာဖြစ်ကြောင်း ရှာဖွေ တွေ့ရှိသော် စိတ်သက်သာရာရသွားသည်။ သို့သော် ထို့နောက်တွင် ချက်ချင်းပင် အံ့အားသင့်သွားပြန်သည်။
အကြောင်းမှာ သူ၏အာရုံခံစားမှုတွင် ကလေးငယ်၏အတွင်းမှ မူလချီမှာ အတော်လေး ပေါများနေသောကြောင့် ဖြစ်သည်။
"အံ့ဩစရာမရှိဘူး ၊ သူက မီးပင်လယ်ကို အခုထိခံနိုင်ခဲ့တာ၊ ပြန်စဉ်းစားကြည့်တော့ အဲ့ဒီငိုသံက နည်းစနစ် တစ်မျိုးမျိုး ကိန်းဝပ်နေပုံပဲ။"
"မွေးကတည်းက တတ်သိနားလည်သူဆိုတာ တကယ် ရှိနိုင်လို့လား။"
တာအိုဆရာ လုံရှန်းသည် နင်ချီကို ပို၍၊ ပို၍ ရင်သပ်ရှုမောစွာ ကြည့်ရှုနေမိသည်။
သံသယဖြစ်ဖွယ် မရှိ၊ ဒီကလေးက မသွေးရသေးသော ကျောက်မျက်ရတနာ တစ်ပွင့်ပင် ဖြစ်သည်။
ပင်ကို အရည်အသွေးမှာ ခိုင်မာပြီး ထူးကဲစွာ ဝိညာဉ်စွမ်းအင် မြင့်မားကာ ထူးခြားစွာ ဉာဏ်ကောင်းလှသည်။
"စံအိမ်သခင်နင်၊ ခင်ဗျားနဲ့ ခင်ဗျားဇနီးချန်ထားခဲ့တဲ့ မျိုးဆက်က အရမ်းကို ဉာဏ်ကောင်းလှပါတယ်၊ ခင်ဗျားတို့ စိတ်အေးလက်အေး နားနေနိုင်ပါပြီ။ စိတ်မပူပါနဲ့၊ ကျွန်တော်သူ့ကို တပည့်အဖြစ်လက်ခံပြီး ကောင်းကောင်းမွေးမြူသင်ကြားပေးပါ့မယ်။ ခင်ဗျားတို့ကို သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူတွေကိုတော့ ကျွန်တော်
သေချာစုံစမ်းပါ့မယ်။"
သူ၏ရှေ့မှ မီးတောက်များဖြင့် လောင်မြိုက်ခံနေရသော နှင်းဆီးပန်းစံအိမ်ကို ကြည့်ရင်း တာအိုဆရာ လုံရှန်းသည် သူ၏နှလုံးသားထဲတွင် တိတ်ဆိတ်စွာ သစ္စာ ပြုလိုက်လေသည်။
...
နောက်တစ်နေ့သ၌...
တာအိုဆရာ လုံရှန်းသည် နင်ချီကို ပွေ့ချီကာ အဝတ်အစားများမြှုပ်နှံထားသော မြေပုံတစ်ခုရှေ့တွင် ရပ်နေခဲ့သည်။
ဤသည်မှာ သူက နင်ချီ၏ မိဘများအတွက် တည်ဆောက်ပေးခဲ့သော အုတ်ဂူဖြစ်၏။ ညက မီးတောက်ကြီးသည် အလွန်ပြင်းထန်ခဲ့ရာ နင်ချီမှ လွဲ၍ စံအိမ် တစ်ခုလုံးတွင် အခြား အသက်ရှင်ကျန်ရစ်သူဟူ၍ အရိုးတစ်ချောင်းပင် ရှာမတွေ့နိုင်ခဲ့ပေ။
တာအိုဆရာ လုံရှန်း တောင်းယူလာသော အစာအချို့ကို စားသုံးပြီးနောက် နင်ချီသည် ယခုအခါ နိုးကြားနေပြီဖြစ်သည်။ သူသည် သူ၏ရှေ့မှ အဝတ်အစားမြှုပ်နှံထားသော မြေပုံကို ကြည့်နေပြီး သူ၏မျက်လုံးများတွင် ရှုပ်ထွေးမှုများပြည့်နှက်နေသည်။
ယခုမှ ကူးပြောင်းလာပြီး မိဘမဲ့ဖြစ်သွားခဲ့သော်လည်း ကျန်းရွှယ်မေ့၏ ယခင်နေ့က မိခင်မေတ္တာမှာ သူ၏စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်သည်။ မိဘနှစ်ပါးသည် နင်ချီကို ကာကွယ်ရန် မိမိကိုယ်ကို စတေးခဲ့ကြရာ ထိုသို့သော ကျေးဇူးတရားကို မေ့မရနိုင်ပေ။
"တစ်နေ့နေ့မှာ သား အဖေ၊ အမေတို့အတွက် လက်စားချေပေးမှာပါ။"
နင်ချီ တိတ်ဆိတ်စွာ သစ္စာဆိုလိုက်သည်။
သူသည် မနေ့က 'သခင်ကြီးဖုန်း' နှင့် ထိုလူသတ်သမားများကို ပြန်လည်အမှတ်ရလိုက်ရာ အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခု သူ၏နှလုံးသားထဲတွင် တိုးတက်လာခဲ့သည်။
ဤပုဂ္ဂိုလ်သည် သူ၏ မိဘအရင်းအချာများကို သတ်ဖြတ်ခဲ့ရုံသာမက သူ၏မီးပင်လယ်ထဲတွင် သေမလို ဖြစ်စေခဲ့သေးသည်။
ဒီသွေးကြွေးကို သေချာပေါက် ဆပ်ရမည်။
အဆင့်ပြည့် ဉာဏ်အလင်းဖြင့် သူလိုအပ်သည်မှာ ကြီးထွားရန် တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုသာဖြစ်ပြီး လျင်မြန်စွာ တိုးတက်ရန်၊ လက်စားချေရန်မှာ ခက်ခဲသော အလုပ်တစ်ခုမဟုတ်ဘဲ ထိုနေ့သည်လည်း သိပ်မဝေးတော့ချေ။
ပြီးတော့ ယခုအခါ တည်ငြိမ်သော ကြီးထွားမှုပတ်ဝန်းကျင်မှာ အသင့်ဖြစ်နေခဲ့ပြီ။
တာအိုဆရာ လုံရှန်း သက်ပြင်းချနေစဉ် အတွေးပေါင်းများစွာ သူ၏စိတ်ထဲတွင် ပေါ်ထွက်လာပြီး နောက်ဆုံးတွင် မေတ္တာတရား ပြည့်ဝသော အပြုံးတစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွားကာ သူသည်
နင်ချီကို ငုံ့ကြည့်လိုက်လေသည်။
"ကလေး၊ ဒီနေ့ကစပြီး မင်းက ငါ တာအိုဆရာ လုံရှန်းရဲ့ ကိုးယောက်မြောက် တပည့်ပဲ။"
"ငါနဲ့အတူ တောင်ပေါ်ကို ပြန်လိုက်ခဲ့တော့။"
ယခု နင်ချီနှင့်အတူ ရှိနေချိန်တွင် လူသတ်သမားများကို စုံစမ်းရန် အချိန်မဟုတ်သေးချေ။ နင်ချီကို နေရာချထားပြီးမှသာ သူသည် စုံစမ်းစစ်ဆေးမှုကို ဖြည်းညင်းစွာ လိုက်လံလုပ်ဆောင်နိုင်မည်ဖြစ်သည်။
နင်ယဲ့စုံတွဲမှာလည်း အားနည်းသူများမဟုတ်ကြရာ နှင်းဆီးပန်းစံအိမ်ကို တစ်ညတည်းဖြင့် သတ်ဖြတ်နိုင်သော အင်အားစုမှာ သေချာပေါက် မခေလှပေ။
နင်ချီ၏ နှုတ်ခမ်းပေါ်မှ အပြုံးကို မြင်သော်
တာအိုဆရာ လုံရှန်း၏ စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်လာသည်။
နင်ချီကို ပွေ့ချီလျက် သူသည် လေပြည်ညင်းကဲ့သို့ ညင်သာစွာ ပျံလွင့်ထွက်ခွာသွားတော့သည်။