← Chapters

အစစ်အမှန်သိုင်းဟန်ပန်ကိုးမျိုး…

Vol. 1 Ch. 9

အစစ်အမှန်သိုင်းဟန်ပန်ကိုးမျိုး…

Vol. 1 Ch. 9

တောက်ပအလင်းသိုင်းခန်းမဆောင်

အတွင်း၌။

တိတ်ဆိတ်ခြင်းက အုပ်စိုးနေခဲ့သည်။

မျက်လုံးသုံးစုံလုံးမှာ နင်ချီအပေါ်တွင် စူးစိုက်နေကြပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။

လော့ဝမ်ထျန်းသည် ရှုံးရှီ အဘယ်ကြောင့် ဤမျှ စပ်စပ်စုစုလုပ်ခဲ့သည်ကိုရော၊ သူ၏ဆရာ အဘယ်ကြောင့် သူ၏လက်ဖဝါးကို မရွှေ့သေးသည်ကိုရော နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ဂျူနီယာညီငယ်လေးရဲ့ ကျင့်ကြံခြင်းအရိုး ဖွဲ့စည်းပြီးသွားပြီတဲ့။

သူ၏အသက်ရှူသံမှာ ရုတ်တရက် လျင်မြန်လာခဲ့သည်။

"ဂျူနီယာညီငယ်လေးက သုံးနှစ်ပဲရှိသေးတာ။"

သူသည် အစစ်အမှန်သိုင်းဂိုဏ်း၏ စီနီယာအစ်ကိုကြီးဖြစ်ပြီး တာအိုဆရာ လုံရှန်း၏ ဆက်ခံသူအဖြစ် အတန်ငယ် ပြုစုပျိုးထောင်ခံနေရသူဖြစ်သည်။ သူ၏ဆန္ဒမှာလည်း အစစ်အမှန်သိုင်းဂိုဏ်းကို ပြန်လည်နိုးထစေရန်ဖြစ်ပြီး၊ ယခုအခါ နင်ချီ၏ ကျင့်ကြံခြင်းအရိုးသည် သုံးနှစ်သားအရွယ်မျှဖြင့် ဖွဲ့စည်းပြီးစီးသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ သူ၏တုန်လှုပ်မှုမှာ ကြီးမားသော ဝမ်းမြောက်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လော့ဝမ်ထျန်းသည် သူ၏လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။

ရှုံးရှီက အမှတ်မထင်ဘဲ သူ၏ရင်ဘတ်ကို ကော့လိုက်ပြီး တခစ်ခစ်ရယ်မောလိုက်သည်။

.. အခုတော့ ငါဘာလို့ဒီလောက်အလျင်လိုနေလဲ

ဆိုတာ မင်းတို့သိပြီမလား။..

သူတို့နှစ်ဦးလုံး တာအိုဆရာ လုံရှန်းကို ကြည့်လိုက်ကြသည်။

"ဆရာ၊ မှားတာတော့ မရှိဘူးမလား..."

တာအိုဆရာ လုံရှန်းသည် သူတို့ကို လျစ်လျူရှုလိုက်ပြီး နင်ချီကိုသာ ကြင်နာစွာ ကြည့်နေခဲ့သည်။

"ကိုးလေး၊ မင်းမကြာသေးခင်က ထူးခြားတာတစ်ခုခု ခံစားမိသေးလား။"

နင်ချီက ပြန်ဖြေ၏-

"တပည့်ရဲ့ခန္ဓာကိုယ်က မကြာသေးခင်က ယားယံပြီး ကျိန်းစပ်နေသလို ခံစားနေရပါတယ်၊ အထူးသဖြင့် ညဘက်တွေမှာဆို ခံစားမှုက ပိုပြင်းထန်တယ်။ ဒီမနက်မှာတော့ ကောင်းကင်နဲ့မြေကြီးနဲ့ ဆက်သွယ်မှုပိုရှိလာသလို ထင်ရပေမယ့် အဲ့ဒီခံစားမှုက မြန်မြန်ပျောက်သွားခဲ့ပါတယ်။"

သူသည် မွေးရာပါကျင့်ကြံခြင်း အရိုးပြုစုပျိုးထောင်ခြင်းကျင့်စဉ်ကိစ္စကို ယာယီဖုံးကွယ်ထားလိုက်ပြီး သိုင်းပညာလေ့ကျင့်မှု စတင်ပြီးနောက် တာအိုဆရာ လုံရှန်းအား ပြောပြရန် သင့်တော်သော အခွင့်အရေးတစ်ခုကို ရှာဖွေရန် ကြံရွယ်ထားသည်။

တာအိုဆရာ လုံရှန်းက အနည်းငယ် ဆူပူလိုက်သည်။

"ဒီအခြေအနေတွေကို မင်း ဆရာ့ကို ဘာလို့စောစောက မပြောရတာလဲ။"

ထို့နောက် သူ၏မျက်လုံးများတွင် အံ့ဩမှုများ ပေါ်လာသည်။

"မွေးရာပါကျင့်ကြံခြင်းအရိုးက ပြီးပြည့်စုံတဲ့အခါ တကယ်ပဲ လောကကြီးနဲ့ ဆက်သွယ်မှုတချို့ကို ဖန်တီးပေးတယ်။ အဲ့ဒါက အနာဂတ်မှာ တစ်ဖန်ပြန်လည်စတင်ပြီး မင်းကို သိုင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်ကိုရောက်အောင် ကူညီပေးလိမ့်မယ်။ မူလကတော့ မင်းကျင့်ကြံခြင်းအရိုးဖွဲ့စည်းဖို့ ခြောက်နှစ်သားအထိ လိုအပ်လိမ့်မယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ ဒီလောက်မြန်လိမ့်မယ်လို့တော့ မထင်ခဲ့ဘူး။ ငါမှားသွားတယ် ကိုးလေး၊ မင်းအခု သိုင်းပညာစတင်လေ့ကျင့်နိုင်ပြီ။"

နင်ချီ ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး သူသည် ရိုသေစွာ ဦးညွှတ်လိုက်သည်-

"ကျွန်တော့်ကို သင်ကြားပေးပါ ဆရာ။"

အားထုတ်မှုများစွာနှင့် မွေးရာပါကျင့်ကြံခြင်းအရိုးပြုစုပျိုးထောင်ခြင်းကျင့်စဉ်ကဲ့သို့သော ပြိုင်ဘက်ကင်းလျှို့ဝှက်နည်းစနစ်တစ်ခုကို အပင်ပန်းခံဖန်တီးပြီးနောက်၊ သိုင်းပညာကို စောစီးစွာ လေ့ကျင့်နိုင်ရန်အတွက်သာ မဟုတ်ပါလော။ ယခုအခါတွင်မူ ပန်းတိုင်သည် နောက်ဆုံးတွင် အောင်မြင်တော့မည်ဖြစ်သည်။

တာအိုဆရာ လုံရှန်းသည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ရယ်မောလိုက်ရာ လော့ဝမ်ထျန်းနှင့် ရှုံးရှီတို့လည်း ဝမ်းမြောက်စွာ ပြုံးလိုက်ကြသည်။

သူတို့သည် အစစ်အမှန်သိုင်းဂိုဏ်း၏ အလားအလာရှိသော အနာဂတ်ကို နင်ချီထံတွင် မြင်တွေ့နေကြရသည်။

"အခွင့်အရေးရတဲ့အခါ ဒီအကြောင်းကို ချင်းဟယ်တို့ဆီ ပြောပြလိုက်၊ ဒါပေမဲ့ လောလောဆယ် တခြားသူတွေကိုတော့ မပြောပြနဲ့ဦး။"

လော့ဝမ်ထျန်းနှင့် ရှုံးရှီနှစ်ဦးလုံးက ရိုသေစွာ ခေါင်းညိတ်လိုက်ကြသည်။

"ကိုးလေး၊ ဆရာ့နောက် လိုက်ခဲ့။"

တာအိုဆရာ လုံရှန်းသည် လော့ဝမ်ထျန်းနှင့် ကိစ္စများကို ဆက်လက်ဆွေးနွေးရန် ရည်ရွယ်ချက်မရှိတော့ဘဲ၊ သူသည် ယခုအခါ နင်ချီ၏ သိုင်းလမ်းစဉ်ပေါ်မှ စွမ်းဆောင်ရည်ကိုသာ မြင်တွေ့လိုတော့သည်။

လော့ဝမ်ထျန်းနှင့် ရှုံးရှီတို့မှာ ကြောင်တစ်ကောင်ကုတ်ခြစ်နေသည့်အလား နှလုံးသားထဲတွင် ယားယံနေပြီး အကြည့်ချင်းဖလှယ်ကာ နောက်မှလိုက်ပါသွားကြသည်။

တောက်ပအလင်း သိုင်းခန်းမဆောင်၏ နောက်ကွယ်တွင်။

အလယ်အလတ်အရွယ်အစားရှိသော သိုင်းကစားကွင်းတစ်ခုရှိ၏။ ၎င်းမှာ အပြင်စည်း သို့မဟုတ် အတွင်းစည်းတပည့်များ ခြေမချနိုင်သော နေရာတစ်ခုဖြစ်သည်။

တာအိုဆရာ လုံရှန်းသည် သူ၏လက်များကို နောက်ပစ်ကာ ရပ်နေခဲ့သည်။

"ကိုးလေး၊ သိုင်းလမ်းစဉ်ရဲ့ ကနဦးနယ်ပယ်တွေကို မင်း အပြည့်အဝ ရင်းနှီးပြီးပြီလား။"

နင်ချီက ခေါင်းညိတ်လိုက်သည်။

"သိုင်းလမ်းစဉ်ရဲ့ အစက ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်ရှစ်ခုပါ- အရေပြားကိုသန့်စင်ခြင်း၊ အသားကိုသန့်စင်ခြင်း၊ အရွတ်တွေကိုသန့်စင်ခြင်း၊ အရိုးကိုသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါတွေကိုသန့်စင်ခြင်း၊ ခြင်ဆီကိုသန့်စင်ခြင်း၊ သွေးကိုသန့်စင်ခြင်းနဲ့ ဝိညာဉ်ကိုသန့်စင်ခြင်းတို့ပါပဲ။"

"သွေးကိုသန့်စင်ခြင်း ပြီးဆုံးသွားတာနဲ့ ရောဂါအားလုံးကနေ ကင်းဝေးနိုင်ပါတယ်။ ဒါ့အပြင် နတ်ဘုရားအာရုံနဲ့ ပေါင်းစည်းသွားရင် အတွင်းအားပေါ်ထွက်လာပြီး အတွင်းစွမ်းအင်နယ်မြယ်ထဲကို ခြေချနိုင်မှာဖြစ်ပါတယ်။"

ထိုစဉ် တာအိုဆရာ လုံရှန်း၏ တာအိုဝတ်ရုံသည် လေမတိုက်ဘဲ လှုပ်ရှားသွားပြီး သိုင်းဆရာကြီးတစ်ဦး၏ ဟန်ပန်မှာ သဘာဝအတိုင်း ထင်ရှားပေါ်ထွက်လာသည်။

"သိုင်းလမ်းစဉ်က ခက်ခဲကြမ်းတမ်းတယ်၊ ခြေလှမ်းတိုင်းကို မြေကြီးပေါ်မှာ ခိုင်ခိုင်မာမာချရမယ်၊ နယ်ပယ်တစ်ခုထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်။ မင်းမှာ အသင့်အတင့်ပါရမီရှိပေမယ့် လုံ့လဝီရိယရှိရှိ ကြိုးစားဖို့လည်းလိုတယ်၊ မဟုတ်ရင် သိုင်းလမ်းစဉ်ကို အောင်မြင်ဖို့ခက်ခဲတယ်။"

နင်ချီက ခိုင်မာသော လေသံဖြင့် ပြန်ဖြေ၏-

"တပည့် မှတ်သားထားပါ့မယ်။"

တာအိုဆရာ လုံရှန်းက ပြုံးလိုက်ပြီး စိတ်ထိခိုက်သွားကာ ခြောက်လသားအရွယ် နင်ချီက သူ့အား သိုင်းလမ်းစဉ်မှတစ်ဆင့် ထာဝရ အသက်ရှည်ခြင်းအကြောင်း မေးခဲ့သည့် မြင်ကွင်းကို ပြန်လည် အမှတ်ရလိုက်သည်။

ဤတပည့်ငယ်လေး၏ စိတ်သည် သာမန်လူများထက် များစွာ ပို၍ ရင့်ကျက်သည်မှာ ရှင်းလင်း၏။ ထိုအချိန်ကတည်းက သိုင်းလမ်းစဉ်၏ အထွတ်အထိပ်သို့ တက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားဖွယ်ရှိသည်။

"ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်က သိုင်းလမ်းစဉ်ရဲ့အစဖြစ်သလို သူ့ရဲ့အရေးကြီးတဲ့ အချက်လည်း ဟုတ်တယ်။ ခိုင်မာတဲ့ အခြေခံအုတ်မြစ်က နောက်ပိုင်းမှာ အားကောင်းတဲ့ တိုးတက်မှုကို ဖြစ်စေလိမ့်မယ်။ ခန္ဓာကိုယ်ကို သန့်စင်ဖို့ဆိုရင် ခန္ဓာကျင့်စဉ် လိုအပ်တယ်။"

နင်ချီ၏ မျက်လုံးများမှာ အလွန်တောက်ပနေခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ အံ့ဩမှုတစ်စုံတစ်ရာမရှိခဲ့ပေ။

ဤသုံးနှစ်တာကာလအတွင်း သိုင်းပညာမလေ့ကျင့်နိုင်သော်လည်း သူသည် ရှေ့ကလူများ မလျှောက်လှမ်းခဲ့ဖူးသော သိုင်းလမ်းစဉ်သစ်တစ်ခုကို ဖောက်လုပ်နိုင်မလားဟု စဉ်းစားခဲ့ဖူးသော်လည်း နောက်ဆုံးတွင် လက်လျှော့ခဲ့သည်။ ၎င်းမှာ မဖြစ်နိုင်သောကြောင့်မဟုတ်ဘဲ အချိန်များစွာလိုအပ်ပြီး မထိုက်တန်သောကြောင့် ဖြစ်သည်။

သို့ဖြစ်လင့်ကစား သူ၌ စိတ်ကူးစိတ်သန်းများစွာ ရှိနေခဲ့သည်။

ခန္ဓာကျင့်စဥ်အား အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်ခြင်းမှာ ထိုအထဲမှ တစ်ခုဖြစ်သည်။

"လောကမှာ ထိပ်တန်း၊ အလယ်အလတ်နဲ့ အဆင့်နိမ့် ခန္ဓာကျင့်စဥ်တွေရှိတယ်၊ ကျွမ်းကျင်မှုသာလွန်လေလေ၊ သူတည်ဆောက်ပေးတဲ့ အခြေခံအုတ်မြစ်က ပိုခိုင်မာလေလေပဲ။"

"ပြီးတော့ ငါ့ရဲ့အစစ်အမှန်သိုင်းဂိုဏ်းမှာ သာလွန်မြင့်မြတ်တဲ့ ခန္ဓာကျင့်စဥ်အား ကိုးမျိုးရှိတယ်။"

"ဒါတွေက အစစ်အမှန်သိုင်းဟန်ပန်ကိုးမျိုးပဲ။"

ဤနေရာတွင် တာအိုဆရာ လုံရှန်း၏ မျက်လုံးများတွင် ဂုဏ်ယူမှုအရိပ်အယောင်တစ်ခု ပေါ်လာပြီး လော့ဝမ်ထျန်းနှင့် ရှုံးရှီတို့မှာ အမှတ်မထင်ဘဲ သူတို့၏ရင်ဘတ်ကို ကော့လိုက်ကြသည်။ အပြင်လူများမှာ အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်ကို မသိရှိကြဘဲ သူတို့တပည့်အရင်းများသာ သိရှိကြသည်။

"နဂါးမှာ သားတော်ကိုးယောက်ရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။"

"အစစ်အမှန်ခန္ဓာကျင့်စဥ်ကိုးမျိုးက နဂါးရဲ့သားတော်ကိုးပါးနဲ့ ကိုက်ညီတယ်-

ချုံနျုံ၊ ယားဇီ၊ ချောင်ဖုန်း၊ ဖူလောင်၊ ဆွမ်းနီ၊ ပါးရှား၊ ပိအန်း ၊ ဖုရှီ၊ ချီဝန်တို့ပဲ။"

[တရုတ်ဒဏ္ဍာရီမှာ "နဂါးမှာ သားကိုးယောက်ရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး" (龙生九子,各有不同) ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဒီသားတော်တွေဟာ နဂါးစစ်စစ်ပုံစံ မဟုတ်ဘဲ တိရစ္ဆာန်အမျိုးမျိုးနဲ့ ရောစပ်ထားတဲ့ ပုံပန်းသဏ္ဌာန်တွေ ရှိကြပြီး တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ စိတ်နေစိတ်ထားနဲ့ နှစ်သက်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် သူတို့ကို တရုတ်ဗိသုကာ၊ အနုပညာနဲ့ အသုံးအဆောင် ပစ္စည်းတွေမှာ အများအပြား တွေ့မြင်နိုင်ပါတယ်။

အဓိကအားဖြင့် လူသိများတဲ့ သားတော်ကိုးပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

၁။ 囚牛, Qiúniú-ချုံနျုံ-

နဂါးသားတော်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး ဂီတကို အလွန်နှစ်သက်တဲ့ နဂါးတစ်ပါး ဖြစ်ပါတယ်။ သူ့ရဲ့ပုံကို တရုတ်တူရိယာတွေဖြစ်တဲ့ တယော၊ ဗျပ်စောင်း စတာတွေရဲ့ ထိပ်ပိုင်းမှာ ထွင်းထုလေ့ ရှိကြပါတယ်။

၂။ 睚眦, Yázì- ယားဇီ-

နဂါးခေါင်းနဲ့ မြေခွေးခန္ဓာကိုယ် ရှိပါတယ်။

သူဟာ စိတ်ကြီးပြီး တိုက်ခိုက်သတ်ဖြတ်ရတာကို အလွန်နှစ်သက်တဲ့ စစ်နတ်ဘုရားတစ်ပါးလို ဖြစ်ပါတယ်။ လက်စားချေလိုစိတ် ပြင်းပြတယ်လို့ ဆိုကြပါတယ်။

ဓား၊ လှံ၊ လက်နက်တွေရဲ့ လက်ကိုင်၊ အစောင့်နေရာတွေမှာ ရန်သူကို အနိုင်ယူနိုင်စွမ်း တိုးစေဖို့ ထွင်းထုလေ့ရှိပါတယ်။

၃။ 嘲风, Cháofēng- ချောင်ဖုန်း-

နဂါးနှင့်တူသော သတ္တဝါဆန်းတစ်မျိုး ဖြစ်ပါတယ်။ သူက ငါးနဲ့ မဆက်စပ်ပါဘူး။ စွန့်စားရတာ၊ အမြင့်ကနေ အဝေးကို ငေးကြည့်ရတာ ကြိုက်တဲ့အတွက် ခန့်ညားပြီး လျင်မြန်တဲ့ ဟန်ပန်ရှိပါတယ်။ သူက အဆောင်အယောင်၊ အစောင့်အရှောက် ဖြစ်ပြီး မကောင်းဆိုးဝါးများကို နှင်ထုတ်သူ ဖြစ်ပါတယ်။ အဆောက်အဦးရဲ့ အမိုးထောင့်စွန်းတွေမှာ တွေ့ရပါတယ်။ သူက အမိုးထောင့်ကနေ အဝေးကို လှမ်းကြည့်ပြီး အန္တရာယ်တွေကို စောင့်ကြပ်ပေးနေတဲ့ ပုံစံပါ။ သူ့နောက်မှာ တခြားအရုပ်လေးတွေ တန်းစီပြီး လိုက်နေတာကို တွေ့ရတတ်ပါတယ်။

၄။ 蒲牢, Púláo - ဖူလောင်

- အသံကျယ်ကျယ် အော်ဟစ်ရတာကို ကြိုက်တဲ့ နဂါးငယ်လေး ဖြစ်ပါတယ်။ နဂါးငယ်လေးတစ်ကောင်ရဲ့ ပုံစံရှိပါတယ်။

အကျယ်လောင်ဆုံး အော်ဟစ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ဝေလငါးကို အလွန်ကြောက်ပါတယ်။ ဘုရားကျောင်းတွေက ခေါင်းလောင်းကြီးတွေရဲ့ ချိတ်ဆွဲတဲ့ ထိပ်ပိုင်းနေရာမှာ သူ့ရုပ်ကို ထုလုပ်ထားပါတယ်။ ခေါင်းလောင်းထိုးတဲ့ တုတ်တံကိုလည်း ဝေလငါးပုံစံ လုပ်ထားပြီး ဝေလငါးနဲ့ လာရိုက်တဲ့အခါ ဖူလောင်က ကြောက်လန့်တကြား အော်ဟစ်တယ် (ခေါင်းလောင်းမြည်တယ်) လို့ ဆိုကြပါတယ်။

၅။ 狻猊, Suānní -ဆွမ်းနီ

- ခြင်္သေ့နဲ့ တူတဲ့ သတ္တဝါ ဖြစ်ပြီး ငြိမ်သက်စွာထိုင်နေရတာနဲ့ မီးခိုးအနံ့၊ အမွှေးတိုင် အနံ့ကို ရှူရှိုက်ရတာ နှစ်သက်ပါတယ်။ သူ့ကို ဗုဒ္ဓဘုရားရှင်ရဲ့ ပလ္လင်ခြေရင်းတွေနဲ့ အမွှေးတိုင်ထွန်းတဲ့ အိုးတွေမှာ ထုလုပ်ထားလေ့ ရှိပါတယ်။

၆။ 霸下, Bàxià-ပါးရှား

- လိပ်နဂါး (လိပ်ကိုယ်ပေါ်မှာ နဂါးခေါင်းတင်ထားတဲ့ပုံ)ပါ။ အလွန်အမင်း အားအင်ကြီးမားပြီး အလေးအပင်တွေကို သယ်ပိုးရတာ နှစ်သက်ပါတယ်။သူ့ကို ပိရှီ (Bìxì) ဆိုတဲ့ နာမည်နဲ့လည်း လူသိများပါတယ်။ ကျောက်စာတိုင်ကြီးတွေ၊ အထိမ်းအမှတ်ကျောက်တိုင်တွေရဲ့ အောက်ခြေခုံတွေမှာ ထွင်းထုထားတာကို တွေ့ရတတ်ပါတယ်။ ကျောက်တိုင်ကြီးတစ်ခုလုံးရဲ့ အလေးချိန်ကို သူက ထမ်းထားတဲ့ပုံစံမျိုးပါ။

၇။ 狴犴, Bì'àn- ပိအန်း

-ကျားနဲ့ တူတဲ့ သဏ္ဌာန် ရှိပါတယ်။ တရားမျှတမှုကို ကိုယ်စားပြုပြီး အမှားအမှန်ကို ကောင်းစွာခွဲခြားနိုင်စွမ်း ရှိပါတယ်။ တရား စီရင်ရတာကို နှစ်သက်ပါတယ်။ တရားရုံးတွေနဲ့ အကျဉ်းထောင်တွေရဲ့ တံခါးပေါက်တွေမှာ

သူ့ရုပ်ကို ထွင်းထုပြီး အစောင့်အဖြစ် ထားရှိပါတယ်။

၈။ 蝮𧈢, Fùxì- ဖုရှီ-ရေကို ချစ်သော တံတားစောင့်နဂါးပါ။ ဖုရှီ ရဲ့ ပုံစံက တခြားနဂါးတွေလို မိုးပေါ်ပျံဝဲဖို့ ဒါမှမဟုတ် တိုက်ခိုက်ဖို့ ဖန်တီးထားတာ မဟုတ်ပါဘူး။ သူက ရေနဲ့ တစ်သားတည်းကျအောင် ဖန်တီးထားတဲ့ "ရေရဲ့ နဂါး" စစ်စစ်တစ်ကောင်ပါ။ ရေစီးရေလာ ကောင်းမွန်စေပြီး ရေဘေးအန္တရာယ်မှ ကာကွယ်တယ်လို့ အယူရှိကြပါတယ်။ သူ့ကို တံတားတိုင်တွေ၊ ရေကာတာတွေနဲ့ ရေနဲ့ဆက်စပ်တဲ့ နေရာတွေမှာ အလှဆင်ထွင်းထုလေ့ ရှိပါတယ်။ သူ့ကို ကုန်းဖု (Gōngfù) လို့လည်း ခေါ်ကြပါတယ်။

၉။螭吻, Chīwěn-ချီဝန်- နဂါးခေါင်း နှင့် ငါးကိုယ်/ငါးအမြီး ရှိပါတယ်။ သူဟာ ရေကို အလွန်နှစ်သက်ပြီး အရာဝတ္ထုတွေကို မျိုချရတာ ကြိုက်ပါတယ်။ ဒါကြောင့် သူ့ကို "ရေရဲ့ စွမ်းအင်" နဲ့ ဆက်စပ်ပြီး မီးဘေးအန္တရာယ်မှ ကာကွယ်ပေးသူ အဖြစ် သတ်မှတ်ကြပါတယ်။

ဘုရားကျောင်း၊ နန်းတော်တွေရဲ့ အဓိက အမိုးကြီးရဲ့ ထိပ်နှစ်ဖက်စလုံးမှာ တွေ့ရပါတယ်။ သူက အမိုးတစ်ခုလုံးကို မျိုချထားသလို ဟန်ပန်နဲ့ မီးဘေးရန်ကနေ ကာကွယ်ပေးနေတဲ့ပုံစံပါ။]

"မင်းရဲ့စီနီယာအစ်ကိုအစ်မရှစ်ယောက်က ခန္ဓာကျင့်စဉ်ရှစ်မျိုးကို ရွေးချယ်ပြီးသွားပြီ။ ကိုးလေး၊ မင်း

က ပိအန်း ခန္ဓာကျင့်စဉ်ကို လေ့ကျင့်နိုင်တယ်။"

သူက ကျေနပ်အားရစွာ ကြည့်လိုက်သည်။

သူတပည့်အရင်း ကိုးယောက်ကို လက်ခံခဲ့သည့် အကြောင်းရင်းမှာ ဤအစစ်အမှန်သိုင်း ခန္ဓာကိုးမျိုးကြောင့်ပင် ဖြစ်သည်။

သူတပည့်တစ်ဦးကို လက်ခံသည့်အခါတိုင်း သူသည် မည်သည့်ခန္ဓာကျင့်စဉ်က တပည့်နှင့် သင့်တော်သည်ကို ကြည့်ရှုလေ့ရှိပြီး၊ အချို့တပည့်များမှာ ခန္ဓာကျင့်စဉ်များစွာနှင့် သင့်တော်သော်လည်း၊( ဥပမာ ချင်ယွင်နှင့် နင်ချီတို့ကဲ့သို့) သူသည် သူတို့ကို ထပ်မနေသော ခန္ဓာကျင့်စဉ်များကို အမြဲရွေးချယ်ခိုင်းခဲ့သည်။

နင်ချီက မေးလိုက်သည်-

"ကျွန်တော်မေးခွင့်ပြုပါ ဆရာ၊ အစစ်အမှန်သိုင်း ခန္ဓာကိုးမျိုးက ဘာကိုဆိုလိုပါသလဲ။"

တာအိုဆရာ လုံရှန်း၏ အသံတွင် တောင့်တမှုအရိပ်အယောင်တစ်ခု ပါဝင်နေသည်-

"အစစ်အမှန်သိုင်းခန္ဓာ ကိုးမျိုးထဲမှာ အဆင့်အတန်းခွဲခြားမှုမရှိဘူး။ ကောလာဟလတွေအရတော့ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ အထွတ်အထိပ်အချိန်အခါတုန်းက အစစ်အမှန်သိုင်း ခန္ဓာကိုးမျိုးမှာ

ထူးချွန်တဲ့သူတွေက အစစ်အမှန်သိုင်းသားတော်ကိုးပါး

ဖြစ်လာကြပြီး၊ အစစ်အမှန်သိုင်းသားတော်ကိုးပါးသာ ကောင်းကင်ဘုံသားတွေဖြစ်ခဲ့ရင် သူတို့က သိုင်းသူတော်စင်တွေကို တိုက်ခိုက်နိုင်တယ်တဲ့။"

နင်ချီ၏ အသက်ရှူသံ အနည်းငယ် ရပ်တန့်သွားသည်။

သူသည် ယခုအခါ သိုင်းသူတော်စင်များမှာ မည်သို့သော တည်ရှိမှုမျိုးဖြစ်သည်ကို သိရှိနေပြီဖြစ်သည်။ သူတို့သည် တစ်ခေတ်ကို လွှမ်းမိုးထားသော ပြိုင်ဘက်ကင်းစွမ်းအားရှင်များဖြစ်ကြသည်။ တူညီသောခေတ်တွင် အခြားသိုင်းသူတော်စင်များ မမွေးဖွားလာလျှင် သူတို့တွင် ပြိုင်ဘက်မရှိပေ။

ယခင်က အစစ်အမှန်သိုင်းသားတော်ကိုးပါးသည် သိုင်းသူတော်စင်များကို တိုက်ခိုက်နိုင်ခဲ့သည်။

ဤသည်မှာ မည်မျှအားကောင်းသော ဓမ္မနည်းလမ်းတစ်ခု ဖြစ်ရမည်နည်း။

ဤသည်က အစစ်အမှန်သိုင်းဂိုဏ်း၏ မျိုးဆက်တိုင်းတွင် သိုင်းသူတော်စင်အဆင့် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု မဆိုလိုပေဘူးလား။

ဤမျှအားကောင်းသော အစစ်အမှန်သိုင်းဂိုဏ်းသည် မည်သို့ယိုယွင်းပျက်စီးသွားနိုင်သည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။

သို့သော်လည်း နင်ချီက သိုင်းသူတော်စင်များကို တိုက်ခိုက်ရန် အစစ်အမှန်သိုင်းခန္ဓာ ကိုးမျိုးမှာ အခြေခံမျှသာဖြစ်နိုင်ပြီး ပိုမိုနက်ရှိုင်းသော လျှို့ဝှက်နည်းစနစ်များနှင့် ဓမ္မနည်းလမ်းများ ပါဝင်ရမည်ဟု ခန့်မှန်းမိသည်။

သူ၏ဆရာက သူ့ကို အစောပိုင်းရက်များတွင် တောင်ပေါ်သို့ ပွေ့ချီလာစဉ်က စီနီယာအစ်ကိုရှစ်က အစစ်အမှန်သိုင်းသားတော် ကိုးပါး နောက်ဆုံးတွင် စုစည်းမိပြီဟု အော်ဟစ်ခဲ့သည်မှာ အံ့ဩစရာ မရှိပေ။

နင်ချီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လေးနက်စွာ ဆိုလိုက်သည်။

"ကျွန်တော့်ကို ပိအန်းခန္ဓာကျင့်စဉ်ကို သင်ကြားပေးပါ ဆရာ။"

"ကောင်းပြီ၊ သေချာကြည့်။"

ဤသို့ပြောပြီးနောက် တာအိုဆရာ လုံရှန်း၏ အမူအရာမှာ လေးနက်သွားသည်။

သူ၏ခြေထောက်များ ခွဲလိုက်ပြီး သူ၏အရှိန်အဝါမှာ ရုတ်တရက်ပြောင်းလဲသွားကာ တောင်တန်းများထဲမှ ကြောက်မက်ဖွယ်ကောင်းသော ကျားတစ်ကောင်ကဲ့သို့... မဟုတ်သေး၊ ကြောက်မက်ဖွယ်ကောင်းသော ကျားတစ်ကောင်ထက် အဆတစ်ရာပို၍ ကြောက်စရာကောင်းလှသည်။

ထို့နောက် သူလှုပ်ရှားလိုက်၏။ လှုပ်ရှားမှုများမှာ နှေးကွေးသော်လည်း ၎င်းတို့တွင် လျှို့ဝှက်ဆန်းကြယ်သော စည်းချက်တစ်မျိုးဖြင့် ပြည့်နှက်နေသည်။

"ခန္ဓာကျင့်စဉ်က လှုပ်ရှားနေနိုင်သလို ငြိမ်သက်နေနိုင်တယ်၊ အပြင်ပန်းပုံစံက ဒုတိယပဲ၊ အနှစ်သာရက အတွင်းထဲမှာရှိတယ်၊ သူ့ရဲ့နတ်ဘုရားအာရုံကို ရယူဖို့အတွက် အသက်ရှူသွင်း၊ ရှူထုတ်ရတယ်..."

"ပိအန်းကို မြင်ယောင်ကြည့်၊ မိုးကြိုးလို အသက်ရှူ..."

တာအိုဆရာ လုံရှန်း၏ အသံမှာ တည်ငြိမ်ပြီး ဖြည်းညင်းစွာ ပြောဆိုနေသည်။

လှုပ်ရှားမှုများကို ပြသနေစဉ်တွင် သူသည် အမျိုးမျိုးသော သတိထားရမည့်အချက်များကို ပြောကြားခဲ့သည်။ သာမန်လူတစ်ဦးအတွက်မူ ကြည့်ရှုရသည်မှာ မျက်စိလည်သွားဖွယ်ရှိသည်။

သာလွန်မြင့်မြတ်သော ခန္ဓာကျင့်စဉ်များသည် သဘာဝအတိုင်း ကောင်းမွန်သော အခြေခံအုတ်မြစ်ကို ချပေးသော်လည်း ၎င်းတို့သည် ကျွမ်းကျင်ရန် အလားတူပင် ခက်ခဲလှသည်။

နင်ချီသည် စေ့စေ့စပ်စပ် ကြည့်ရှုနေပြီး လောကကြီးသည် သူ၏မျက်စိရှေ့တွင် အလွှာလိုက်ကွာကျသွားသည့်အလား ခံစားလိုက်ရသည်။

တာအိုသိုင်းဆရာ လုံရှန်၏ လှုပ်ရှားမှုများသည် သူ၏မျက်ဆံများထဲတွင် ထင်ဟပ်နေ၏။ သူသည် မျက်နှာပြင် အပေါ်ယံကို ကျော်လွန်၍ အနှစ်သာရကို မြင်တွေ့ခဲ့ရသည်။ လှုပ်ရှားမှုများမှာ အရေပြား လှိုင်းထနေသကဲ့သို့ဖြစ်ပြီး အသက်ရှူ စည်းချက်ပြောင်းလဲမှုက အတွင်းစွမ်းအင်ကို တိုးတက်စေကာ ပိအန်း၏ နတ်ဘုရားအာရုံမှာ အတွင်းမှ ပေါ်ထွက်လာခဲ့သည်... ။

တာအိုဆရာ လုံရှန်း၏ ပြသမှုနှင့်အတူ ပိအန်းခန္ဓာကျင့်စဉ်၏ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်များသည် နင်ချီ၏ မျက်စိရှေ့တွင် ဖွင့်လှစ်ပြသပြီးဖြစ်နေခဲ့သည်။

"ဒီသာလွန်မြင့်မြတ်တဲ့ ခန္ဓာကျင့်စဉ်က တော်တော်လေး ရိုးရှင်းပုံရပါလား၊"

ဟု နင်ချီတွေးလိုက်သည်။

All Chapters