ကျင့်ကြံခြင်းကမ္ဘာမှာ စနစ်ကငါကိုမိန်းမယူခိုင်းနေတယ်
Vol. 1 Ch. 1
မြောက်ပိုင်းဒေသ၊ စုမိသားစု။
"ရွှမ်အာ၊ မင်းက ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်ရဲ့ သူတော်စင်မကို လက်ထပ်ချင်တယ်လို့ ပြောလိုက်တာလား"
ပင်မခန်းမဆောင်အတွင်း၌ ဓားသွားကဲ့သို့သော မျက်ခုံး၊ ကြယ်တာရာကဲ့သို့သော မျက်လုံးများနှင့် လူတစ်ယောက်သည် သူ့ရှေ့မှ လူငယ်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။
သူ့ရဲ့ သားကောင်းသားမြတ်က ဒီလိုတောင်းဆိုမှုကို ရုတ်တရက်ကြီး ပြုလုပ်လိမ့်မယ်လို့ သူ လုံးဝမျှော်လင့်မထားခဲ့သည်မှာ ထင်ရှားသည်။
"အဖေ၊ ခွင့်မပြုဘူးလား"
ပင်မခန်းမဆောင်ထဲတွင် လူငယ်လေးသည် မားမားမတ်မတ် ရပ်နေပြီး သူ၏ ဖြူလွှသော ဝတ်ရုံမှာ ဆီးနှင်းများထက်ပင် ဖြူစင်ကာ ဖုန်မှုန်တစ်စက်မျှ စွန်းထင်းခြင်းမရှိပေ။
သူ၏ မျက်နှာမှာ ပန်းပုထုထားသကဲ့သို့ ပြစ်မျိုးမှဲ့မထင် လှပနေသည်။
သို့သော် ယခုအချိန်တွင် သူ၏ မျက်နှာပေါ်၌ စိတ်ပျက်အားငယ်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ထိုလူငယ်၏အမည်မှာ စုရွှမ်ဖြစ်ပြီး ဧကရာဇ်မျိုးနွယ် စုမိသားစု၏ သခင်ငယ်ဖြစ်၏။
တစ်ချိန်တည်းမှာပင် သူသည် တကယ့် ဝိဉာဥ်ကူးပြောင်းလာသူတစ်ဦးဖြစ်ပြီး ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သည်။
ဝိဉာဥ်ကူးပြောင်းလာသည့် အချိန်ကတည်းက စုရွှမ် သိလိုက်သည်။
ဤကမ္ဘာသည် သူ၏ ယခင်ဘဝနှင့်မတူ၊ ၎င်းသည် တကယ့် ရွှမ်းဟွမ်းကမ္ဘာတစ်ခုဖြစ်သည်။
ဤကမ္ဘာတွင် အင်အားသည် အဓိကဖြစ်ပြီး လက်သီးသည် အရာရာဖြစ်သည်။
ဤနေရာ၌ အားကြီးသူတို့သည် ကြယ်များကို ဆွတ်ခူး၍ လကို ဖမ်းဆုပ်နိုင်ကြသည်။ တောင်များကို ရွှေ့၍ ပင်လယ်များကို ဖြည့်နိုင်ကြသည်။ မြေရှိုးမိုးပျံနိုင်ကြ၏။
အားနည်းသူတို့သည် နင်းချေခံရပြီး သူတို့၏ဘဝများသည် မြက်ပင်များ၊ ပုရွက်ဆိတ်များနှယ်သာ ဖြစ်သည်။ ဤသည်မှာ အလွန် ရက်စက်ကြမ်းကြုတ်သော ကမ္ဘာတစ်ခုဖြစ်သည်။
သို့သော် ကံကောင်းသည်မှာ စုရွှမ်သည် လက်ရှိ ဧကရာဇ်မျိုးနွယ် စုမိသားစုမိသားစုခေါင်းဆောင်ကသားတော်အဖြစ် မြင့်မြတ်သောမျိုးရိုးရှိရုံသာမက။
ထို့အပြင် သူ၏ ပါရမီသည် အံ့အားသင့်ဖွယ်ဟု ဆိုနိုင်သည်။ သူသည် မွေးဖွားကတည်းက အဓိပတိအရိုးတစ်ခုကို နိုးထနိုင်ခဲ့ပြီး ဧကရာဇ်မျိုးနွယ်စုမိသားစုထံမှ ကျယ်ပြန့်သော ကျင့်ကြံမှု အထောက်အပံ့များ ရရှိခဲ့သည်။
ထို့နောက် ဆယ့်ရှစ်နှစ်တာကာလအတွင်း စုရွှမ်သည် မည်သည့် ပြဿနာမျှ မရှာခဲ့ပေ။ သူ၏ ပါရမီကောင်းချီးနှင့် မိသားစု၏ အရင်းအမြစ်များဖြင့် သူသည် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်ကို ကျော်ဖြတ်ပြီးခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် မြောက်ပိုင်းဒေသတွင် ထင်ရှားကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်လာခဲ့ပြီး မြောက်ပိုင်းဒေသမှ လူများက သူ့ကို အဓိပတိလေး ဟု ခေါ်ကြသည်။
စုရွှမ်သည် သူ၏ဘဝသည် ဤသို့ ရိုးရှင်းစွာဖြင့် ဆက်လက်သွားမည်ဟု မူလက ထင်ခဲ့သည်။
သို့သော် စုရွှမ် မမျှော်လင့်ထားခဲ့သည်မှာ...
မနေ့ကပင် သူ၏ ကျင့်ကြံနေစဉ်အတွင်း သူသည် စနစ်တစ်ခုကို နိုးထလာခဲ့သည်။ ထိုစနစ်မှ ထုတ်ပြန်သော ပထမဆုံးတာဝန်မှာ သူ့ကို အိမ်ထောင်ပြုရန်ဖြစ်သည်။ ထို့အပြင် စနစ်က သူ့အတွက် အိမ်ထောင်ဖက်ကိုပင် သတ်မှတ်ပေးခဲ့သည်။
ထိုသူမှာ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်၏ သူတော်စင်မ လမ့်ရိုလီ ဖြစ်သည်။
စနစ်၏ ရက်ရောသော ဆုလာဘ်များကို ရရှိရန်နှင့် ထာဝရတာအိုကို ရရှိရန်အတွက် စုရွှမ်သည် လမ့်ရိုလီကို အတင်းအကျပ် လက်ထပ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့ကြောင့် ယခု အခြေအနေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။
"ယွင်ထျန်း၊ ရွှမ်အာက ဆယ့်ရှစ်နှစ်ရှိပြီ သာမန်လူသားကိစ္စတွေနဲ့ မပတ်သက်ခဲ့ဘူး။ အခု သူကြိုက်တဲ့ မိန်းကလေးတစ်ယောက် ပေါ်လာပြီဆိုတော့ ရှင် သူ့ကို ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်ဆီ သွားတောင်းရမ်းပေးလိုက်ပါလား"
"ဘာပဲဖြစ်ဖြစ် အချစ်ဆိုတာ တစ်ခါလွဲသွားရင် နောက်တစ်ခါ ပြန်တွေ့ဖို့ ခက်ခဲနိုင်တယ်"
"အဲ့ဒီလိုဖြစ်သွားရင် ရွှမ်အာက အနာဂတ်မှာ အဝေးကြီးသွားနိုင်ရင်တောင် သူ့နှလုံးသားထဲမှာ နောင်တတွေ ရှိနေလိမ့်မယ်"
စုရွှမ်၏ မိခင် ကျန်းယွဲ့သည် စုယွင်ထျန်းကို ကြည့်ကာ စုရွှမ်ဘက်မှ ဝင်ပြောပေးလိုက်သည်။
"ရွှမ်အာ၊ မင်းက ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်ရဲ့ သူတော်စင်မကို ကြိုက်တယ်ဆိုရင်တော့... ရတာပေါ့"
"ငါတို့ ဧကရာဇ်မျိုးနွယ် စုမိသားစုထဲကို လက်ထပ်ဝင်လာနိုင်တာ အဲ့ဒီမိန်းကလေးအတွက် ဂုဏ်ယူစရာပဲ"
"ဒီနေ့ပဲ ငါ မင်းအတွက် သွားတောင်းရမ်းပေးမယ်"
သူ့ဇနီးက ပြောလိုက်သည်ကို မြင်သောအခါ စုယွင်ထျန်းသည် သူ၏ သဘောထားကို ချက်ချင်း ထုတ်ဖော်ပြောကြားလိုက်သည်။
"တကယ်လား"
ဤစကားကို ကြားသောအခါ စုရွှမ်၏ မျက်လုံးများမှ အလင်းရောင်တစ်ခု ရုတ်တရက် တောက်ပလာသည်။
"ဟုတ်တာပေါ့ ရွှမ်အာ။ ငါ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"
စုယွင်ထျန်းသည် စုရွှမ်ကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
"ဟုတ်တယ်။ ရှောင်ရွှမ် မင်းက ငါတို့ စုမိသားစုရဲ့ သခင်လေးပဲ, ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်က သူတော်စင်မတစ်ယောက်နဲ့ မထိုက်တန်စရာလား"
စုရွှမ်၏ အဘိုးဖြစ်သူ သူတော်စင်အဆင့် စုဝူကျီက ရယ်မောရင်း ပြောလိုက်သည်။
"ဟားးဟား၊ ငါတို့ ဧကရာဇ်မျိုးနွယ်က မြောက်ပိုင်းဒေသတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ အုပ်စိုးထားတယ်လို့ ပြောရင် လွန်ရာမကျဘူး။ ပထမတန်းစားအင်အားစုလေးတစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်က ငါတို့ကို ဘယ်လိုလုပ် ငြင်းရဲမှာလဲ။ ရှောင်ရွှမ်၊ ငါ မင်းအဖေနဲ့အတူ လိုက်တောင်းရမ်းပေးမယ်။ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်က လူတွေသာ အလိုက်မသိဘူးဆိုရင်တော့ ငါတို့ကို အပြစ်တင်လို့ မရဘူး"
စုရွှမ်၏ ဒုတိယဦးလေး
ဖြစ်သူ အရှင်မြတ်အဆင့် စုလင်းထျန်းက ပြုံး၍ ပြောလိုက်သည်။ ဤစကားများကို ကြားသောအခါ စုရွှမ်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ မိသားစုအကြီးအကဲများကို တစ်ယောက်ချင်းစီ အရိုအသေပေးလိုက်သည်။
"ဒါဆိုရင်တော့ အားလုံးကိုပဲ အပ်လိုက်ပါပြီ"
တစ်ချိန်တည်းမှာပင် စုရွှမ်သည် သူ့စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ မိသားစုနောက်ခံကောင်းတာက တကယ်ကို ကွာခြားမှုကြီးပါလား။
မြောက်ပိုင်းဒေသ၏ ပထမတန်းစားအင်အားစု၊ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်။
တိမ်နှင့် မြူများ ဖုံးလွှမ်းနေပြီး ဝိညာဉ်ချီများ ပြည့်လျှံနေသော တောင်ထွတ်တစ်ခု၏ ထိပ်တွင်။ ကြည်လင်သော အငွေ့အသက်နှင့် လှပသော ရုပ်ရည်ရှိသည့် အမျိုးသမီးတစ်ဦးသည် တောင်ထွတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင် ကျင့်ကြံနေသည်။
သူမ၏ ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ၊ နားလည်ရခက်သော ရှေးဟောင်းအက္ခရာများက သူမ၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေပြီး မှိန်ဖျော့သော အလင်းရောင်များ ထုတ်လွှတ်နေကာ မူလကတည်းက ကြည်လင်နေသော သူမကို ပို၍ပင် မြင့်မြတ်စေသကဲ့သို့ ရှိနေသည်။
ဤသူမှာ လက်ရှိ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်၏ သူတော်စင်မ လမ့်ရိုလီ ဖြစ်သည်။
ဘုန်း!
အလင်းတန်းတစ်ခု ပွင့်ထွက်လာသည်။
ရုတ်တရက်၊ လမ့်ရိုလီသည် ကြည်လင်သော ရေကန်ငယ်ကဲ့သို့ မျက်လုံးတစ်စုံကို ဖွင့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်ကို ကျော်ဖြတ်ပြီးပြီ၊ ဖီးနစ်ခန္ဓာကိုယ်ကလည်း အစပျိုးနိုးထလာပြီ။ အခု တာအိုရွှမ်နယ်မြေတစ်ခုလုံးကို ကြည့်ရင်တောင် ငါ့ကို တကယ့် ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရလောက်ပြီ"
"ငါ့ရဲ့ လက်ရှိအင်အားက ငါ့အရင်ဘဝ အထွတ်အထိပ်အချိန်ကရဲ့ တစ်သောင်းပုံတစ်ပုံတောင် မရှိသေးပေမဲ့ အတော်လေးတော့ သုံးလို့ရပါပြီ"
လမ့်ရိုလီက တည်ငြိမ်သော လေသံဖြင့် ရေရွတ်လိုက်သည်။
နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်ကို ကျော်ဖြတ်ခြင်းသည် အခြားပါရမီရှင်များအတွက်ဆိုလျှင် အလွန်ကြီးမားသော ခုန်ပျံကျော်လွှားမှုဖြစ်ပြီး သူတို့ကို ပျော်ရွှင်စေရန် လုံလောက်သည်။
သို့သော် လမ့်ရိုလီအတွက်မူ ၎င်းသည် ဘာမျှမဟုတ်၊ သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ယခင်ဘဝတွင် လမ့်ရိုလီသည် တကယ့် အမတဧကရီတစ်ပါးဖြစ်ပြီး သူမ၏ ကျင့်ကြံမှုသည် အတိတ်နှင့် ပစ္စုပ္ပန်ကို တုန်လှုပ်စေလောက်သည့် အဆင့်သို့ နီးပါး ရောက်ရှိခဲ့သည်။
ထိုအချိန်က သူမကို ဖီးနစ်ဧကရီဟု လေးစားစွာခေါ်ဝေါ်ခဲ့ကြပြီး လူသားမျိုးနွယ်သမိုင်း၏ နှစ်တစ်သိန်းအတွင်း အတော်ဆုံးအမျိုးသမီးဟုလည်း လူသိများခဲ့သည်။
သို့သော် ဝမ်းနည်းစရာမှာ အခြားနယ်ပယ်များမှ အင်အားကြီး ပညာရှင်များနှင့် ရင်ဆိုင်တွေ့ဆုံနေစဉ်တွင် တားမြစ်နယ်မြေမှ အမတအဘိုးကြီးများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး သူမ သေဆုံးခဲ့ရသည်။
သို့သော် ကံကောင်းစွာဖြင့် ဧကရီသည် သေရေးရှင်ရေး အခြေအနေတွင် ဖီးနစ်ခန္ဓာကိုယ်၏ အဆုံးစွန်သော နက်နဲမှုကို နားလည်သဘောပေါက်သွားခဲ့သည်။
"ဖီးနစ်န်ိဗ္ဗာန"
ထို့ကြောင့် သူမသည် နောက်ထပ် ဘဝတစ်ခုကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။
သူမသည် လက်ရှိတွင် အောက်ဘုံ၌ ရှိနေပြီး သူမ၏ ယခင်ဘဝ အမှတ်ဉာဏ်များကို မကြာသေးမီကမှ ပြန်လည်နိုးထလာခဲ့သော်လည်း။
သူမ၏ ယခင်ဘဝမှ ကျင့်ကြံမှု အတွေ့အကြုံကို အားကိုးကာ သူမတွင် ပြင်းထန်သော ယုံကြည်မှုရှိသည်။
သူမသည် အတိုဆုံးအချိန်အတွင်း သူမ၏ ယခင်ဘဝ၏ အထွတ်အထိပ်သို့ သေချာပေါက် ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ပြီး အမတဘုံသို့ တက်လှမ်းကာ တားမြစ်နယ်မြေမှ အမတအဘိုးကြီးများကို သတ်ပစ်မည်ဖြစ်သည်။
"အရင်ဘဝတုန်းက ငါက နယ်ခြားက ပညာရှင်တွေကို ရင်ဆိုင်ဖို့အတွက် မင်းတို့ အဘိုးကြီးတွေကို လျစ်လျူရှုထားခဲ့တာ။ ဒါပေမဲ့ မင်းတို့က ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ရဲလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး၊ နောက်ဆုံးမှာ ငါသေဆုံးသွားခဲ့ရတယ်..."
"ဒီဘဝမှာ ငါ အမတဘုံကို ပြန်ရောက်တဲ့အခါ မင်းတို့ကို သေချာပေါက် သတ်ပစ်မယ်"
သူမ၏ ယခင်ဘဝ အဖြစ်အပျက်များကို ပြန်လည်အမှတ်ရသောအခါ လမ့်ရိုလီ၏ နှလုံးသားထဲတွင် ပြင်းထန်သော မုန်းတီးမှုများဖြင့် ပြည့်နှက်သွားသည်။ သူမ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါပင်လျှင် အာကာသကို ခဲသွားစေနိုင်လောက်အောင် အေးစက်လာခဲ့သည်။
"သူတော်စင်မ၊ ဧကရာဇ်မျိုးနွယ် စုမိသားစုက လူတစ်ယောက် ရောက်လာပါတယ်၊ သူတော်စင်မကို လာတောင်းရမ်းတာလို့ ပြောပါတယ်"
ရုတ်တရက်၊ လူတစ်ယောက်သည် လေထဲမှ ပျံသန်းလာပြီး လမ့်ရိုလီ၏ ရှေ့တွင် ဆင်းသက်ကာ လေးစားစွာ သတင်းပို့လိုက်သည်။
"..."
တစ်ခဏမျှ လမ့်ရိုလီသည် သတင်းပို့သူပြောနေသည့် စကားကို နားမလည်နိုင် ဖြစ်သွားသည်။
ခဏအကြာတွင်မှ
"ဟမ်။ မင်း... ဘာပြောလိုက်တာလဲ။! တစ်ယောက်ယောက်က ငါ့ကို လာတောင်းရမ်းတယ်"
ကျင့်ကြံခြင်းအဆင့်များ: ခန္ဓာသန့်စင်ခြင်းအဆင့်၊ ပင်လယ်စက်ဝန်းအဆင့်၊ တာအိုနန်းတော်အဆင့်၊ ဆုံဘက်လေးခုအဆင့်၊ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်၊ ချမ်းသွမ့်အဆင့်၊ ဘုရင်အဆင့်၊ အရှင်မြတ်အဆင့်၊ သူတော်စင်အဆင့်၊ မဟာသူတော်စင်အဆင့်၊ သူတော်စင်ဘုရင်အဆင့်၊ ဧကရာဇ်တပိုင်းအဆင့်၊ မဟာဧကရာဇ်အဆင့်၊ အစစ်အမှန်အမတအဆင့်၊ အမတဘုရင်အဆင့်၊ အမတအရှင်မြတ်အဆင့်၊ အမတဧကရာဇ်အဆင့်။