ကျွန်တော့်မိန်းမ ထွက်ပြေးသွားပြီလား
Vol. 1 Ch. 10
စုရွှမ်သည် အိပ်ရာမှထကာ သူ့အခန်းထဲမှ ထွက်လာခဲ့ပြီး ကျယ်ဝန်းလှသော ရင်ပြင်ကျယ်ဆီသို့ ရောက်ရှိလာကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ထိုအခါ ချက်ချင်းဆိုသလိုပင် စုရွှမ်သည် သူ့၏ခန္ဓာကိုယ်အတွင်း၌ ချီများ လျင်မြန်စွာ လည်ပတ်နေသည်ကို ခံစားလိုက်ရလေသည်။
"ဘုရားရေ။ ငါက အသက်ရှူသွင်းလိုက်ရုံနဲ့တင် အားကောင်းလာတာပါလား။"
စုရွှမ်သည် အနည်းငယ် မယုံနိုင်သလို ခံစားလိုက်ရပြီး အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
သိထားရမည်မှာ ချီလည်ပတ်နှုန်းက ကျင့်ကြံခြင်းအရှိန်ကို ကိုယ်စားပြုပြီး ထိုအရာက ကျင့်ကြံခြင်းပါရမီပင် ဖြစ်ပေသည်။
ယခင်က ချီတစ်ပတ်ပြည့်ရန်အတွက် အသက်အကြိမ်များစွာ ရှူခဲ့ရ၏။
သို့တိုင်အောင် သူသည် မြောက်ပိုင်းဒေသရှိ ဤမျိုးဆက်တွင် ပါရမီအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသေးသည်။
သို့သော် ယခုမူ အသက်တစ်ချက်ရှူရုံဖြင့် တစ်ပတ်ပြည့်မြောက်သွားလေပြီ။ ဤသည်မှာ မည်သို့သော ပါရမီမျိုးဖြစ်သနည်း။ အကယ်၍ ဤကျင့်ကြံခြင်းအရှိန်သာ လူသိရှင်ကြားဖြစ်သွားခဲ့ပါက မြောက်ပိုင်းဒေသတစ်ခုလုံး၊ တာအိုရွှမ်နယ်မြေ တစ်ခုလုံးပင် အကြီးအကျယ် ဂယက်ရိုက်သွားနိုင်ဖွယ်ရှိသည်။
သို့သော် စုရွှမ်သည် မကြာမီမှာပင် ရှာဖွေတွေ့ရှိသွားခဲ့၏။
သူ၏ ကျင့်ကြံခြင်းအရှိန်သည် လျင်မြန်သော်လည်း ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာသည် အဆင့်တစ်ခု တက်လှမ်းရန်အတွက် ချီစွမ်းအားပိုမိုလိုအပ်၏။
ဤသို့ တွက်ချက်ကြည့်မည်ဆိုလျှင် သူ၏အဆင့်တက်နှုန်းသည် ယခင်ကနှင့် သိပ်မကွာခြားလောက်ပေ။
"ရွှမ်အာ၊ မင်း ကြည့်ရတာ စိတ်ဓာတ်တက်ကြွနေပါလား။"
စုရွှမ်သည် လျင်မြန်စွာ အားကောင်းလာသည့် အခြေအနေတွင် နစ်မျောနေစဉ်မှာပင် စုရွှမ်၏ နောက်ကျောဘက်မှ ခပ်သြသြအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အဖေ။"
စုရွှမ်သည် ထိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်းသိလိုက်သည်။ သူသည် လှည့်ကြည့်လိုက်ပြီး စုယွင်ထျန်းကို မြင်သောအခါ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
စုရွှမ်သည် သူ့အဖေကို လေးစား၏။ သူသာမရှိလျှင် ယနေ့စုရွှမ်ဆိုသည်မှာလည်း ရှိလာမည်မဟုတ်ပေ။
"ငါ့ချွေးမလေးရော ဘယ်မှာလဲ။"
သူတော်စင်အဆင့်ရှိ ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် စုယွင်ထျန်းသည် သူ၏နတ်အာရုံကို ထုတ်လွှတ်လိုက်ရုံဖြင့် လမ့်ရိုလီသည် စုမိသားစုတစ်ခုလုံးတွင် မရှိတော့ကြောင်း ချက်ချင်းသိရှိလိုက်သည်။
"သူမ သွားပြီ၊ ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်ကို ပြန်သွားလောက်ပြီ။"
စုရွှမ်သည် အနည်းငယ်ပြုံးလိုက်ပြီး စိတ်ပျက်အားငယ်သည့် ခံစားချက်မရှိဘဲ ခပ်အေးအေးပင် ပြောလိုက်သည်။
"မိန်းမ ထွက်ပြေးသွားပြီလား။ မင်းကတော့ မဟုတ်သေးဘူးကွာ ဒီကောင်လေး။" စုယွင်ထျန်းသည် စုရွှမ်ကို စိုက်ကြည့်ရင်း ရယ်မောကာ နောက်ပြောင်လိုက်သည်။
"ကျွန်တော် သူမကို ကျွန်တော့်မိန်းမအဖြစ် ဆန္ဒအလျောက် ဖြစ်လာစေရမယ်။" ထိုစကားကို စုရွှမ်သည် ခပ်ဖွဖွရယ်မောရင်း ပြန်ပြောလိုက်သည်။
"ဟားဟားဟား၊ မင်းကို အဖေ ယုံပါတယ်။ အရင်တုန်းက အဖေလည်း ဒီလိုပဲ ကြုံခဲ့ရတာပဲ။ ငါ့သားတစ်ယောက်အနေနဲ့ မင်းက ငါ့ထက်တော့ အများကြီး မညံ့လောက်ပါဘူး။" စုယွင်ထျန်းက ပြုံးရင်း ပြောလိုက်သည်။
စုရွှမ်က ရယ်မောလိုက်ပြီး "အဖေက အတော်ဆုံးပါပဲ၊ ကျောက်စိမ်းရေကန်ရဲ့ သူတော်စင်မကိုတောင် လှည့်စားနိုင်ခဲ့တာပဲ။"
"ဟားဟား ဒါပေါ့ကွ၊ မဟုတ်ရင် မင်း ဘယ်ကထွက်လာမှာလဲ။"
ဤအချိန်တွင် စုယွင်ထျန်း၏ မျက်နှာပေါ်၌ မယုံနိုင်လောက်အောင် ဂုဏ်ယူနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ မှန်ပေ၏။ စုရွှမ်၏ မိခင်သည် ယခင်မျိုးဆက် ကျောက်စိမ်းရေကန်၏ သူတော်စင်မ ဖြစ်ခဲ့၏။
သူမသည် ငယ်စဉ်က ပြိုင်ဘက်ကင်းသော အလှပိုင်ရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူ့အဖေနှင့် လက်ထပ်ပြီးနောက်တွင်မှ သူမသည် တဖြည်းဖြည်းဖြင့် သိုင်းလောကမှ အနားယူသွားခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ထိုမျိုးဆက်၏ ကျောက်စိမ်းရေကန် မြင့်မြတ်နယ်မြေမှ သူတော်စင်သည် စုယွင်ထျန်းကို အကြိမ်များစွာ ဖိနှိပ်ခဲ့ဖူးသေးသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုရန်ငြိုးများသည် လေနှင့်အတူ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။
"သားအဖနှစ်ယောက် ဘာတွေပြောပြီး ဒီလောက်ပျော်နေကြတာလဲ။"
ထိုအချိန်တွင် နတ်တေးသံကဲ့သို့သော အသံတစ်ခုသည် ဤနေရာ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ သားအဖနှစ်ယောက်လုံး ကြက်သေသေသွားခဲ့သည်။ ဤအသံသည်ကား သဘာဝအတိုင်းပင် ယခင် ကျောက်စိမ်းရေကန်၏ သူတော်စင်မ၊ ယခု စုမိသားစု၏ အိမ်ရှင်မဖြစ်သူ ကျန်းယွဲ့ပင် ဖြစ်သည်။
"အမေ။"
စုရွှမ်သည် ကျန်းယွဲ့ကို တောက်ပစွာ ပြုံးပြလိုက်သည်။
သူ့အမေသည် သူ့အပေါ် အလွန်အမင်း အလိုလိုက်ခဲ့သည်။
ငယ်စဉ်မှစ၍ အရွယ်ရောက်သည်အထိ သူလိုချင်သမျှကို မည်သို့ပင်ဖြစ်စေ ရှာဖွေပေးခဲ့သည်။
"ဟားဟားဟား၊ ယွဲ့အာ ငါတို့ရဲ့ချွေးမလေး ထွက်ပြေးသွားပြီထင်တယ်။"
ကျန်းယွဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ စုယွင်ထျန်း၏ မျက်နှာသည် တောက်ပသော အပြုံးဖြင့် ပြည့်နှက်နေခဲ့သည်။
"အမ်။ မိန်းမက ထွက်ပြေးသွားပြီဟုတ်လား။"
ကျန်းယွဲ့သည် အံ့အားသင့်သွားပြီး စုရွှမ်ကို စူးစိုက်ကြည့်ကာ "မင်းကောင်စုတ်လေး၊ သူ့ကို စိတ်ဆိုးပြီး ထွက်ပြေးအောင် လုပ်လိုက်တာလား။"
ကျန်းယွဲ့သည် လမ့်ရိုလီကို အလွန်ချစ်ခင်သောကြောင့် ချွေးမထွက်ပြေးသွားပြီဟု ကြားသောအခါ မသိစိတ်က ဤသို့ထင်မြင်သွားခြင်း ဖြစ်သည်။
"ဘယ်ဟုတ်ပါ့မလဲ အမေရယ်၊ ကျွန်တော် ကျိန်ပြောရဲပါတယ်။ကျွန်တော် သူ့ကို တကယ် စိတ်ဆိုးအောင် မလုပ်ခဲ့ပါဘူး။ ရိုလီက ကျွန်တော့်ကို လက်မခံသေးလို့ ဖြစ်မှာပါ..." စုရွှမ်၏ မျက်နှာသည် ညှိုးကျသွားသည်။
အမေက ဘာကြောင့် သူ့ကို ဒီလိုထင်ရတာလဲ။ ပြီးတော့ လမ့်ရိုလီက အခုမှ လက်ထပ်ထားတာ မဟုတ်ဘူးလား။ ဘာကြောင့် သူ့မိသားစုဝင်တွေက သူမဘက်က ပါနေကြတာလဲ။
"ဒါဆိုရင်တော့ တော်သေးတာပေါ့။ မင်းကောင်စုတ်လေး၊ သူမက နုပျိုလှပတဲ့ အရွယ်မှာ မင်းကို လက်ထပ်ထားတာ၊ မင်း သူမကို စိတ်မပျက်စေရဘူးနော်။" ကျန်းယွဲ့က စုရွှမ်ကို လေးလေးနက်နက် မှာကြားလိုက်သည်။
"ကျွန်တော် သိပါတယ် အမေ၊ ကျွန်တော် ရိုလီကို အမြန်ဆုံး လက်ခံလာအောင် လုပ်မှာပါ။" စုရွှမ်က ညင်သာစွာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းပါတယ်။ အော် ဟုတ်သားပဲ၊ ရွှမ်အာ၊ မင်း မကြာခင်မှာ ဘာအစီအစဉ်တွေ ရှိလဲ။"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း လျှို့ဝှက်နယ်မြေကနေ ပြန်လာပြီး လက်ထပ်ဖို့ ကမ်းလှမ်းခဲ့တယ်။"
"အခု လက်ထပ်ပြီးပြီဆိုတော့ မိသားစုမှာပဲ ကျင့်ကြံမလား၊ ဒါမှမဟုတ် မြင့်မြတ်နယ်မြေကို ပြန်မှာလား။" ကျန်းယွဲ့က စုရွှမ်ကို ညင်သာစွာ မေးလိုက်သည်။
သူမသည် စုရွှမ်ကို မိသားစုမှာပဲ နေစေချင်သည်။ သို့သော် သူမ သိသည်။ ငြိမ်သက်သော သမုဒ္ဒရာသည် အားအကောင်းဆုံး သင်္ဘောသားများကို မွေးထုတ်ပေးနိုင်စွမ်း မရှိပေ။
"အင်း..."
စုရွှမ်သည် ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်
"ကျွန်တော် မြင့်မြတ်နယ်မြေကို ပြန်ဖို့ ပြင်ဆင်နေပါတယ်။ မြင့်မြတ်နယ်မြေက မကြာခင်မှာ တောင်ထွတ်ကိုးခု ပြိုင်ပွဲကြီး ကျင်းပတော့မယ်ထင်တယ်။ မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော် တစ်ယောက်အနေနဲ့ ကျွန်တော် အမြန်ဆုံး ပြန်သွားရပါမယ်။"
"အင်း၊ ဒါလည်း ကောင်းတာပါပဲ။ ဘယ်တော့ သွားမှာလဲ။"
ကျန်းယွဲ့သည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် စုရွှမ်၏အဖြေကြောင့် သိပ်ပြီး စိတ်မပျက်ခဲ့ပေ။
"မနက်ဖြန်လောက် ဖြစ်မယ်ထင်တယ်။ ဒီနေ့တော့ ဘိုးဘေးကြီးကို တွေ့ဖို့ ဘိုးဘေးကျောင်းဆောင်ကို သွားရဦးမယ်။"
"ကောင်းပြီ၊ သွားနှင့်လိုက်တော့။ ဘိုးဘေးကြီးက မင်းကို တွေ့ချင်တယ်ဆိုပြီး ကျင့်ကြံရာကနေ အကြိမ်များစွာ ထွက်လာခဲ့ဖူးတယ်။"
စုယွင်ထျန်းက ရယ်မောရင်း ပြောလိုက်သည်။
သူ့သားသည် စုမိသားစုအတွင်းမှာပင် နှစ်တစ်ရာအတွင်း ရှားရှားပါးပါး တွေ့ရခဲသော ပါရမီရှင်တစ်ဦးဖြစ်ပြီး အလွန်ထူးချွန်သည်။ ယခုအခါတွင်မူ သူသည် ထိပ်သီးခန္ဓာကိုယ်ဆယ်မျိုးထက် မနိမ့်ကျသော ပြီးပြည့်စုံသည့် အဓိပတိရိုးနတ်စွမ်းအားကိုပင် နိုးထစေနိုင်ခဲ့ပြီ။ ဤခတ်ကြီးတွင် စုမိသားစုသည် မဟာဧကရာဇ်တစ်ပါးကို မွေးထုတ်နိုင်စွမ်း မရှိဟု မဆိုနိုင်တော့ပေ။
"ဟုတ်ကဲ့"
ထိုနှစ်ယောက်ကို အရိုအသေပြုပြီးနောက် စုရွှမ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဘိုးဘေးကျောင်းဆောင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။
"ဝိုး။ အဲ့ဒါ ဧကရာဇ်သားတော် မဟုတ်လား။ အရမ်းခန့်တာပဲ၊ နတ်လောကကနေဆင်းလာတဲ့ နတ်ဘုရားလေးအတိုင်းပဲ။"
"အင်းလေ၊ ဧကရာဇ်သားတော် ဒီလောက်စောစော လက်ထပ်သွားလိမ့်မယ်လို့ တကယ်မထင်ထားဘူး။ ငါက ဧကရာဇ်သားတော်နဲ့ အနာဂတ်ရှိနိုင်သေးတယ်လို့ တွေးနေတာ..."
"ဟိဟိ၊ ဧကရာဇ်သားတော် လက်မထပ်ရင်တောင် နင့်အလှည့် ရောက်မှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။"
"ဟုတ်ပါ့၊ ပြီးတော့ ဧကရာဇ်သားတော် လက်ထပ်ပြီးတော့ရော ဘာဖြစ်လဲ။ နောက်တစ်ယောက် ထပ်ယူလို့မရဘူးလား။ ငါ့လို ရင်သပ်ရှုမောစရာကောင်းတဲ့ မိန်းမတစ်ယောက်ကို ဧကရာဇ်သားတော် မြင်ရင် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်လောက်ဘူး။"
"..."
စုမိသားစု ဘိုးဘေးကျောင်းဆောင်သို့ သွားရာလမ်းတွင် စုမိသားစုဝင် အများအပြားသည် စုရွှမ်၏ ပုံရိပ်ကြောင့် ဆွဲဆောင်ခံရပြီး အံ့ဩချီးကျူးစကားများ ဆိုနေကြလေသည်။