ငါဟာ ပထမဆုံးသူ ဖြစ်လာရမယ်
Vol. 1 Ch. 12
"သမိုင်းတစ်လျှောက်မှာ ဘယ်သူမှ တကယ်မအောင်မြင်ခဲ့ဘူး..."
ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးကြီးရဲ့ စကားလုံးတွေက စုရွှမ်ရဲ့ နှလုံးသားကို ပြင်းထန်စွာ ထိုးနှက်လိုက်တဲ့ နတ်ဘုရားရဲ့ မိုးကြိုးသံလိုပါပဲ။
ဘယ်သူမှ မလုပ်နိုင်သေးဘူး၊ ငါကရော...
ငါက ပထမဆုံးသူ ဖြစ်နိုင်ပါ့မလား။
သူ တကယ်ပဲ ကျမ်းစာကို ပြောင်းလေ့လာသင့်သလား။
ဒါပေမဲ့ ဒါက အစကနေ ပြန်စရမယ့် သဘောမဟုတ်ဘူးလား။
"ဘာလဲ၊ မင်း နောင်တရနေပြီလား။" ၁၈ ဆက်မြောက် ဘိုးဘေးကြီးက စကားစလိုက်သည်။
စုရွှမ်က တိတ်ဆိတ်နေပြီး ခေါင်းကိုငုံ့ကာ အဝေးသို့ လှမ်းမျှော်ကြည့်ရင်း သူ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို စဉ်းစားနေမိသည်။ ခဏအကြာမှာတော့ စုရွှမ် နောက်ဆုံးတွင် ခေါင်းမော့လာပြီး ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးကြီးကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"မဟုတ်ဘူး၊ ကျွန်တော် နောင်တမရပါဘူး။ ကျွန်တော် ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်တယ်။"
"ဒီလမ်းကို ဘယ်သူမှ မလျှောက်ဖူးသေးဘူးဆိုရင် ကျွန်တော်က ပထမဆုံး လျှောက်တဲ့သူ ဖြစ်လာရမယ်။"
"ကျွန်တော်က အသန်မာဆုံးပဲ။ ဘာအပြင်ဘက်က အကူအညီမှမလိုဘူး။ ကျွန်တော်တစ်ယောက်တည်းနဲ့လည်း ထိပ်ဆုံးကို ရောက်နိုင်တယ်။"
စုရွှမ်ရဲ့ စကားလုံးတွေက ကျယ်လောင်ပြတ်သားပြီး မေးခွန်းထုတ်စရာမရှိတဲ့ စိုးမိုးနိုင်စွမ်းတွေနဲ့ ပြည့်နှက်နေသည်။ အကယ်၍ မူလ စုရွှမ်သာ သူလျှောက်နေတဲ့လမ်းမှာ ရှေ့က သွားခဲ့တဲ့သူ မရှိဘူးဆိုတာ သိခဲ့ရင် သူ လက်လျှော့ဖို့ ရွေးချယ်လောက်သည်။
ဒါပေမဲ့ အခု စုရွှမ်က စနစ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့လူ!
လောကကြီးက ဒီလောက်ကျယ်ပြောတာ၊ မဖြစ်နိုင်တာ ဘာရှိလို့လဲ။
"ဟင်၊ ဒီကောင်လေး ဘယ်လိုဖြစ်ပြီး ရုတ်တရက် ခြား လူတစ်ယောက်လို ပြောင်းသွားရတာလဲ၊ အရင်ကထက်တောင် ယုံကြည်မှု ပိုရှိနေသေး..."
"ဒီကောင်လေးက ပြီးပြည့်စုံတဲ့အဓိပတိရိုးနတ်စွမ်းရည််ကို ရုတ်တရက် ပိုင်ဆိုင်သွားတယ်လို့ ကြားတယ်။ အခွင့်အရေးကောင်းကြီးတစ်ခုခုများ ရသွားတာလား။"
"ဟားဟားဟား၊ ဒီဘဝမှာတော့ ငါတို့ စုမိသားစု ကံကြမ္မာအတွက် တိုက်ပွဲဝင်ဖို့ အခွင့်အရေးရှိလာပုံပဲ။"
"စုရွှမ်ကောင်လေး၊ မင်းမှာ ဒီလောက် ယုံကြည်မှု ရှိနေမှတော့ ငါလည်း ဘာမှ မပြောတော့ဘူး။ မင်းကို အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။"
၁၈ ဆက်မြောက် ဘိုးဘေးကြီးက သူ့ရဲ့ အရက်ဘူးကို မြှောက်ကာ တစ်ကျိုက်မော့သောက်လိုက်သည်။ သူ့ပုံစံက အလွန်လွတ်လပ်ပေါ့ပါးနေသည်။
"ဟုတ်ကဲ့ပါ ၁၈ ဆက်မြောက် ဘိုးဘေးကြီး၊ ကျွန်တော် အဆင်ပြေပါတယ်။" စုရွှမ်က ပြောလိုက်သည်။
"ကောင်းပြီ၊ ငါတောင်ပေါ်ပြန်တော့မယ်။"
၁၈ ဆက်မြောက် ဘိုးဘေးကြီးက အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။
"စကားမစပ် စုရွှမ်၊ မင်း ထိုက်ချူမြင့်မြတ်နယ်မြေက သားတော်ကို သတ်လိုက်တယ်လို့ ကြားတယ်။ ငါ အပြင်ထွက်ပြီး မင်းအတွက် ဖြေရှင်းပေးရဦးမလား။"
"ဟုတ်ကဲ့။" စုရွှမ်က ခေါင်းညိတ်လိုက်သည်။
သူက ထိုက်ချူမြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေကို အလေးအနက်မထားပေမဲ့ ၁၈ ဆက်မြောက် ဘိုးဘေးကြီးကသာ ရှေ့ထွက်ပြီး ဖြေရှင်းပေးမယ်ဆိုရင်တော့ ဒါက အကောင်းဆုံးဖြစ်ပြီး သူ့အတွက် စိတ်ပူစရာတွေ အများကြီး သက်သာသွားမှာဖြစ်သည်။
"နောက်တစ်ခါ ပြန်လာရင်တော့ ပိုကောင်းတဲ့အရက်လေးယူခဲ့ဦး။"
ပေါ့ပါးတဲ့ စကားအနည်းငယ်ကို ချန်ထားခဲ့ပြီးနောက် ၁၈ ဆက်မြောက် ဘိုးဘေးကြီးရဲ့ ပုံရိပ်က နေရာမှာပင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
"ကျောထောက်နောက်ခံ မိသားစုရှိတာ တကယ်ကောင်းတာပဲ။"
စုရွှမ်က ခပ်တိုးတိုးရယ်မောလိုက်ပြီး တခြားတစ်ဖက်ရှိ လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ကို ကြည့်လိုက်သည်။
"မနက်ဖြန်မှ သွားမယ်။ ဒီနေ့တော့ လျှို့ဝှက်နယ်မြေထဲမှာ တစ်ရက်လောက် ကျင့်ကြံအားထုတ်ရမယ်။"
"ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်သီးသိုင်း၊ သူ့ရဲ့ စွမ်းပကားကို မြင်ရဖို့ ငါ မစောင့်နိုင်တော့ဘူး..."
လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် စုရွှမ်က နေရာကောင်းတစ်ခု ရှာပြီး ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်သီးသိုင်းကို စတင်လေ့ကျင့်တော့သည်။
ထိုက်ချူမြင့်မြတ်နယ်မြေ တည်ရှိရာနေရာသည် မြင့်မြတ်ပြီး လောကီနဲ့ ကင်းလွတ်တဲ့ အမတနတ်ဘုံတစ်ခုလိုပါပင်။ တိမ်မြူများကို ဖယ်ပြီး သေချာကြည့်လိုက်ရင် နန်းတော်များစွာကို သင် တွေ့နိုင်လိမ့်မည်။
ကောင်းကင်နဲ့ မြေကြီးကြားမှာ တည်ရှိနေပြီး လေထဲမှာ ဆိုင်းထားတဲ့ တောအုပ်တစ်ခုလိုပင်။ လူတွေနဲ့ စည်ကားနေ၏။ ပင်လယ်ထဲက ကျွန်းတစ်ကျွန်းလို မျက်စိတစ်ဆုံး ကျယ်ပြောလှသည်။
ထိုက်ချူခန်းမဆောင်။
မြင့်မြတ်နယ်မြေ၏ အရှင်သခင်က အမြင့်ဆုံးနေရာမှာ ထိုင်နေပြီး မြင့်မြတ်နယ်မြေ၏ အကြီးအကဲ ဒါဇင်ပေါင်းများစွာက ဘေးတစ်ဖက်တစ်ချက်စီ၌ထိုင်နေကြသည်။
မြင့်မြတ်နယ်မြေ၏အရှင်သခင်က ခန်းမတစ်ခုလုံးကို လျှပ်စီးလက်သလို ထက်မြက်တဲ့ မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။ ရုတ်တရက်ထိုက်ချူနန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ခပ်ဖျော့ဖျော့ အသက်ရှူသံကလွဲလို့ ဘာအသံမှ မရှိတော့ပေ။ လေထုက တင်းမာနေခဲ့၏။
"အားလုံးပဲ ဒီနေ့ မင်းတို့ကို ဘာလို့ စုဝေးခိုင်းလဲဆိုတာ သိလောက်ကြမှာပါ"
ထိုက်ချူမြင့်မြတ်နယ်မြေ၏အရှင်သခင်က ဖြည်းညှင်းစွာ စကားပြောလိုက်သည်။ သူ့ရဲ့လေသံက အေးစက်နေပြီး စိန်ခေါ်လို့မရတဲ့ ဖိအားတွေနဲ့ ပြည့်နှက်နေ၏။
"အရှင် ကျွန်တော်တို့ မြင့်မြတ်နယ်မြေရဲ့ သားတော် ဝမ့်ချုံးက စုမိသားစုရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပြီး စုမိသားစုရဲ့ ဧကရာဇ်သားတော် လက်ချက်နဲ့ အသတ်ခံခဲ့ရတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်" အကြီးအကဲတစ်ယောက်က မကျေမနပ်ဖြစ်နေတဲ့ မျက်နှာထားနဲ့ ပြောလိုက်သည်။
"တကယ်ပဲ ဝမ့်ချုံးက အလားအလာရှိတဲ့ လူငယ်တစ်ယောက်၊ အနာဂတ် အရှင်သခင်လောင်းတစ်ယောက် ဖြစ်ပေမဲ့ စုမိသားစုမှာ ကျဆုံးခဲ့ရတယ်"
"ဒါဆို၊ ဝမ့်ချုံး ဘာလို့သေလဲဆိုတာ မင်းတို့သိလား။"
ထိုက်ချူမြင့်မြတ်နယ်မြေရဲ့ အရှင်သခင်က ထပ်မေးလိုက်သည်။
"မြင့်မြတ်သားတော်ရဲ့ ချစ်မြတ်နိုးရတဲ့ အမျိုးသမီးက စုမိသားစုရဲ့ဧကရာဇ်သားတော်နဲ့ လက်ထပ်သွားလို့ပါ။ သူ့ချစ်သူအတွက် ဒေါသထွက်ပြီး စုမိသားစုရဲ့ဧကရာဇ်သားတော်နဲ့ သေခြင်းရှင်ခြင်ဲးတိုက်ပွဲ ဆင်နွှဲခဲ့ရာကနေ ဧကရာဇ်သားတော်ရဲ့ လျှို့ဝှက်သိုင်းကွက်သုံးပြီး အသတ်ခံလိုက်ရတာပါ" ထိုက်ချူမြင့်မြတ်နယ်မြေရဲ့ ပထမအကြီးအကဲက တရားနည်းလမ်းကျစွာ ပြောဆိုလိုက်သည်။
ဒါဟာ လုပ်ကြံဖန်တီးထားတာ ဖြစ်ပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာက အလွန်ပုံမှန်ဖြစ်နေပြီး သူပြောနေတာတွေက အမှန်တရားတွေလို ထင်ရသည်။
"ဟုတ်တယ်။ အဲ့အတိုင်းပဲ"
ထိုက်ချူမြင့်မြတ်နယ်မြေရဲ့ အရှင်သခင်က အတည်ပြုပြောလိုက်သည်။
"အကြီးအကဲတို့ ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။"
အရှင်သခင်ရဲ့ လေသံက အေးစက်ပြီး အလွန်ထေ့ငေါ့နေ၏။
"သတ်ပစ်၊ မြင့်မြတ်နယ်မြေက ဘိုးဘေးကြီးတွေကို ထွက်လာခိုင်းပြီး စုမိသားစုကို သွားသတ်ခိုင်းရမယ်။" တစ်စုံတစ်ယောက်က ချက်ချင်း အော်ဟစ်လိုက်သည်။
ထို့နောက်မှာတော့ ထောက်ခံတဲ့ အသံတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အဓိပ္ပာယ်ကတော့ ဘိုးဘေးကြီးကို နှိုးပြီး စုမိသားစုကိုရှင်းပစ်ဖို့ပါပဲ။
"ဟားဟား၊ ငါ ထိုက်ချူမြင့်မြတ်နယ်မြေကို မလာဖြစ်တာ နှစ်ရာနဲ့ချီနေပြီ။ ဒီမျိုးဆက်ရဲ့ အရှင်သခင်က အသုံးမကျပေမဲ့ လိမ်လည်ဇာတ်လမ်းဆင်တဲ့နေရာမှာတော့ တော်သားပဲ။"
ထိုအချိန်မှာပဲ မိုးကြိုးထစ်ချုန်းသံလို အသံတစ်ခုက ထိုက်ချူခန်းမဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး နေရာတစ်ခုလုံးကို ကြေမွသွားစေလုနီးပါး ဖြစ်သွားသည်။
ဘာဖြစ်တာလဲ။
တစ်ခဏအတွင်းမှာပဲ ထိုက်ချူမြင့်မြတ်နယ်မြေရဲ့ အရှင်သခင်နဲ့ ဘေးနှစ်ဖက်က အကြီးအကဲ ဒါဇင်ပေါင်းများစွာဟာ တည်ငြိမ်မနေနိုင်တော့ပေ။ သူတို့ရဲ့ မျက်နှာတွေက သိသိသာသာ ပြောင်းလဲသွားပြီး ကောင်းကင်ကို ကြောက်ရွံ့တုန်လှုပ်စွာနဲ့ မော့ကြည့်လိုက်ကြသည်။
တစ်ခဏအတွင်းမှာပဲ ထိုက်ချူနန်းတော်ထဲက လူတိုင်းဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွေက လှုပ်မရတော့ဘူးဆိုတာကို ထိတ်လန့်တကြား တွေ့လိုက်ရတယ်။ နေရာမှာတင် ခဲသွားသလိုပင်။
ထိုအချိန်မှာ သူတို့အားလုံးဟာ ဒီနေရာတစ်ခုလုံးက စိတ်ကူးမမီနိုင်တဲ့ အရှိန်အဝါတစ်ခုနဲ့ ဖုံးလွှမ်းနေတယ်ဆိုတာကို ခံစားမိလိုက်ကြသည်။
ဒါဟာ သူတို့ရဲ့ ဝိညာဉ်တွေ တုန်လှုပ်သွားစေတဲ့ အလွန်ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခုပေါ့။ အချိန်ခဏလေးအတွင်းမှာပဲ ထိုက်ချူအရှင်သခင် အပါအဝင် လူတိုင်းဟာ မြေပေါ်မှာ ဝပ်တွားချင်စိတ် ပေါက်သွားကြသည်။
"အရှင်၊ အသင်က ဘယ်သူလဲ။"
ထိုက်ချူအရှင်သခင်က မျက်နှာဖြူဖျော့သွားပြီး ဖိအားကို ကြိတ်မှိတ်ခံရင်း အားယူကာ ပြောလိုက်သည်။ ထိုအချိန်မှာပင် ထိုက်ချူခန်းမဆောင်ထဲတွင် ပြင်းထန်သည့်တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် အဖြူရောင်ဝတ်စုံနဲ့ အဘိုးအိုတစ်ယောက်ရဲ့ ပုံရိပ်က လေဟာနယ်ထဲကနေ လျှောက်ထွက်လာသည်။
ဒါဟာ အဘိုးအိုတစ်ယောက်၊ နတ်ဘုရားလို ရုပ်ဆင်းအင်္ဂါရှိပြီး ဆံပင်ဖြူဖြူနဲ့ မယုံနိုင်လောက်အောင် မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ရှိသည့်အဘိုးအိုတစ်ယောက်ပင်။
ဒီလူကတော့ စုမိသားစုရဲ့ ၁၈ ဆက်မြောက် ဘိုးဘေးကြီးပင်ဖြစ်၏။
အဘိုးအိုက ခန်းမထဲက လူတိုင်းကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်ပြီး တင်းမာတဲ့ လေသံနဲ့ ပြောလိုက်သည်။
"မင်းတို့ ခုနက ပြောခဲ့တဲ့ စကားတစ်လုံးချင်းစီကို ငါ ကြားခဲ့တယ်။
အခု၊ အဲ့ဒါကို နောက်တစ်ခေါက် ပြန်ပြောရဲလား။"
၁၈ ဆက်မြောက် ဘိုးဘေးကြီးရဲ့ လေသံဟာ ရေခဲတမျှ အေးစက်နေပြီး လူတိုင်းရဲ့ နားထဲမှာတော့ သေမင်းရဲ့ ကျိန်စာလို ထင်မှတ်နေကြသည်။
တစ်ခဏအတွင်းမှာပဲ ခန်းမတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။ လူတိုင်းက ခေါင်းငုံ့ထားကြပြီး အဘိုးအိုကို ပြန်ဖြေဖို့ ဘယ်သူမှ မရဲကြပေ။
အထူးသဖြင့် ထိုက်ချူအရှင်သခင်ဆိုလျှင် သူ့ခေါင်းက သူ့ပေါင်ကြားထဲ ရောက်တော့မတတ် ငုံ့ထားခဲသည်။ ခုနက ခန့်ညားထည်ဝါနေတဲ့ ပုံစံက အခုတော့ ကြောက်ရွံ့နေတဲ့ ခွေးတစ်ကောင်လို ဖြစ်လိုနေ၏။ သူဟာ ၁၈ ဆက်မြောက် ဘိုးဘေးကြီးရဲ့ အကြည့်ကို ရင်ဆိုင်ဖို့တောင် ခေါင်းမဖော်ရဲပေ။ သူ တကယ်ကို ကြောက်နေပြီ။
"ပြောစမ်း"
ဂျိန်း ဂျလိန်း!
တစ်ခဏအတွင်းမှာပင် ခန်းမဆောင်တစ်ခုလုံးကို မိုးကြိုးတွေနဲ့ ရစ်ပတ်ထားသလို မိုးခြိမ်းသံတွေ ဆက်တိုက်ထွက်ပေါ်လာသည်။
ဒီနေရာမှာ ရှိတဲ့ ဘယ်သူမှ ဒီလောက် ကြောက်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့တွေက ပိုလို့တောင် ကြောက်ရွံ့လာပြီး လိပ်တွေလို သူတို့ရဲ့ခေါင်းတွေကို ရင်ဘတ်ထဲထိ ငုံ့ထားကြသည်။
ထိုက်ချူအရှင်သခင်က ကြောက်လွန်းလို့ သူ့ပေါင်နှစ်ဖက်ကို ဆွဲစေ့ထားပြီး သူ့စိတ်ထဲမှာတော့ မြင်းကောင်ရေတစ်ထောင်လောက် ပြေးလွှားလို့နေ၏။
စုမိသားစုမှာ ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့လူကြီး ရောက်လာရတာလဲ။ ထိုအချိန်မှာပင် ထိုက်ချူအရှင်သခင်က သူ့စိတ်ထဲကနေ မြင့်မြတ်နယ်မြေရဲ့ ဘိုးဘေးကြီးကို သတင်းပို့လိုက်ပြီးဖြစ်သည်။