တာယန်မြင့်မြတ်နယ်မြေသို့ ပြန်လာခြင်း
Vol. 1 Ch. 14
"ဟား ဟား ဟား... လင်းအာ... ထွက်မပြေးနဲ့လေ။ ငါ နောက်နှစ်အနည်းငယ်လောက် ကြိုးစားလိုက်ရင် စုရွှမ်ဆိုတဲ့ မင်းသားလေးက ဘာမှမဟုတ်တော့ဘူး။ ငါ့ကိုယုံစမ်းပါ၊ ငါ သူ့ထက်မနိမ့်ကျပါဘူး။"
"လင်းအာ၊ ငါ့မှာ လျှပ်စီးခန္ဓာကိုယ် ရှိတယ်။ မင်း ငါ့ကိုပြေးကျော်နိုင်မယ်လို့ သေချာလို့လား။"
"မင်း ငါ့နောက်လိုက်တာ မကောင်းဘူးလား။ နောင်တစ်ချိန် ငါအောင်မြင်လာတဲ့အခါ မင်းကိုပါ အထွတ်အထိပ်ဆီ ခေါ်သွားနိုင်တာပေါ့။"
နောက်မှလိုက်လာသော အမျိုးသားသည် အပေါ်ပိုင်းဗလာဖြင့် အလွန်မောက်မာသောလေသံဖြင့် အဆက်မပြတ်အော်ဟစ်နေသည်။
"ထွက်သွားစမ်းပါ။ ရှင်က အရမ်းရွံစရာကောင်းတယ်။ လှဲသေလိုက်လို့ မရဘူးလား။" ရှေ့တွင် စုလင်းအာ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့ဝဲနေပြီး ပါးပြင်ပေါ်သို့ စီးကျလာသည်။
သူမနှင့် မျိုးရိုးခွဲတစ်ခုတည်းမှ ဆင်းသက်လာသော စုမိုသည် ဤကဲ့သို့ တိရစ္ဆာန်လိုလူစားမျိုး ဖြစ်နေလိမ့်မည်ဟု သူမ အိပ်မက်ထဲမှာပင် မထင်ထားခဲ့ပေ။ သူတို့နှစ်ယောက် အတူတကွ ကျင့်ကြံရန် သဘောတူခဲ့ကြသော်လည်း ကျင့်ကြံနေစဉ်အတွင်း သူက သူမအပေါ် မကောင်းကြံစည်ခဲ့သည်။ ထို့ထက်ပို၍ မုန်းစရာကောင်းသည်မှာ သူမတွင် ခုခံနိုင်စွမ်း မရှိခြင်းပင်။
သက်တံရောင်တိမ်တိုက်ကို စီးပြီ ကျွန်မကို ကယ်တင်ပေးမယ့် သူရဲကောင်းတစ်ယောက်ပေါ်လာရင် သိပ်ကောင်းမှာပဲ။
သူ၏ လျှပ်စီးခန္ဓာကိုယ်ကို အသုံးပြုလိုက်သော စုမိုသည် သူမနှင့် တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ စုလင်းအာမှာ အနည်းငယ် မျှော်လင့်ချက်မဲ့သွားသည်။ လက်တွေ့ဘဝသည် ဒဏ္ဍာရီပုံပြင်မဟုတ်, သူရဲကောင်းဆိုတာ ဘယ်ကလာမှာလဲ။
မျှော်လင့်ချက်မဲ့နေစဉ်တွင် စုလင်းအာသည် သူမသေရင်တောင်မှ ထိုတိရစ္ဆာန်ဆန်သော စုမိုကို အောင်မြင်ခွင့်ပေးမည်မဟုတ်ဟု တွေးလိုက်သည်။
"မင်းက နေ့ခင်းကြောင်တောင်မှာ ဒီလို တိရစ္ဆာန်ဆန်တဲ့အလုပ်တာကိုတောင်အားမရဘူး။ အခု ငါ့ကိုပါ ဆွဲထည့်နေသေးတယ်။ ပြော မင်း ဘယ်လိုသေချင်တာလဲ။"
စုလင်းအာ မျှော်လင့်ချက်မဲ့သွားချိန်မှာပင် အေးစက်သော အသံတစ်ခုသည် ဤနေရာလပ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
အမ်
ဒီအသံ... ရင်းနှီးနေသလိုပဲ။
ဒါက... ဧကရာဇ်သားတော်ပဲ။
ဒါ ဧကရာဇ်သားတော်ပဲ။
သဘောပေါက်သွားပြီးနောက် စုလင်းအာ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး အလွန်ပင် လင်းလက်လာသည်။
"အရှင် ဧကရာဇ်သားတော်။"
"စုရွှမ် သူက ဘာလို့ဒီရောက်နေတာလဲ။ ဒီလောက်တောင် တိုက်ဆိုင်ရသလား။"
သူ၏ ကာမစိတ်ကြောင့် ကျုံ့ဝင်နေသော စုမို၏ ဦးနှောက်သည် နောက်ဆုံးတွင် အလုပ်လုပ်သွားပြီး သူ၏ မျက်နှာသည် ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားသည်။
စုရွှမ် အနားမှာမရှိလျှင် သူ စုရွှမ်ကို ဘယ်လိုပဲ အထင်သေးစကားပြောပြော ရ၏၊၊ အဘယ်ကြောင့်ဆိုသော် တခြားတစ်ဖက်က သိနိုင်မည်မဟုတ်သောကြောင့်ပင်။
သို့သော် ယခု စုရွှမ်က ဒီမှာရောက်နေ၏။ ထို့ကြောင့် သူ့မှာ သတ္တိတစ်ရာရှိလျှင်ပင် လေလည်ဖို့တောင် မဝံ့ရဲပေ။
"ဧက... ဧကရာဇ်သားတော်။"
သူ့ရှေ့တွင် ရောက်ရှိနေပြီး သူ့ကို ပြုံးပြုံးလေး ကြည့်နေသော အဖြူရောင်ဝတ်လူသားကို ကြည့်ရင်း စုမိုသည် ခေါင်းငုံ့ကာ တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ စုရွှမ်၏ မျက်လုံးကိုပင် စေ့စေ့မကြည့်ရဲပေ။
စုရွှမ်သည် နေမင်းနှယ် သူ၏ အလင်းရောင်သည် အလွန်တောက်ပသဖြင့် သူ့ကို သိမ်ငယ်စိတ်ဝင်စေပြီး မော့ကြည့်ဖို့ သတ္တိပင် မရှိတော့ချေ။
"မင်း ခုနက ငါ့အကြောင်း တစ်ခုခုပြောလိုက်တယ်မလား"
စုရွှမ်သည် သူ သိပ်မမှတ်မိသော ရှေ့မှလူကို စိုက်ကြည့်ရင်း ခပ်ပေါ့ပေါ့ပြောလိုက်သည်။ သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း စုရွှမ်၏ စကားလုံးများသည် ဤနေရာလပ်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ ထိုအသံက စုမို၏ စိတ်ထဲတွင် တဝီဝီမြည်ဟီးနေသည်။
"မဟုတ်... မဟုတ်ပါဘူး။"
စုမို ခေါင်းကိုငုံ့ရင်း တုံ့ဆိုင်းစွာ တုံ့ပြန်လိုက်သည်။
"ဘာလို့ ဒီလောက် ကိုယ့်ကိုယ်ကို နှိမ်ချနေရတာလဲ။ မင်း ခုနက ဒီလိုမဟုတ်ပါဘူး။"စုရွှမ်၏ မျက်နှာပေါ်တွင် ကစားလိုသော အမူအရာတစ်ခု ပေါ်လာသည်။
"ငါ...ငါ"
"စကားတောင် ကောင်းကောင်းမပြောနိုင်တော့ဘူးလား။ မင်းက တကယ့်အမှိုက်ပဲ။ မင်းကို ဒီမှာထားရင် စုမိသားစုအတွက် အရင်းအမြစ်ပိုကုန်တာပဲ ရှိလိမ့်မယ်။"
စုရွှမ်က အေးစက်စွာပြောရင်း သူ၏ လက်စကို ဝှေ့ယမ်းလိုက်သည်။
တစ်ခဏအတွင်းမှာပင် ထိတ်လန့်ဖွယ် လက်သီးရောင်ခြည်တစ်ခု ထွက်ပေါ်လာသည်။
"ငါ..."
ဘုန်း!
လက်သီးရောင်ခြည်အောက်တွင် သွေးမြူတစ်ခုသာ ကျန်ရစ်ခဲ့၏။
စကားမဆုံးမီမှာပင် လျှပ်စီးခန္ဓာကိုယ်ပိုင်ရှင် စုမိုသည် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ ထိုအချိန်တွင် စုရွှမ်သည် သူ့နောက်မှ မိန်းကလေးကို ကြည့်လိုက်ရာ သူမသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ကို အထင်ကြီးလေးစားတဲ့အကြည့်နဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။
အယ်။
ဒီလို ချစ်စရာကောင်းတဲ့ မိန်းကလေးကို မြင်တော့ စုရွှမ် သက်ပြင်းချလိုက်မိသည်။
ချစ်စရာတော့ ကောင်းသား... ဒါပေမဲ့ နည်းနည်း... တုံးအတယ်။
"သခင်လေး ဧကရာဇ်သားတော် က တကယ်ကို အံ့မခန်းပဲ"
စုရွှမ်က သူမကို ကြည့်နေသည်ကိုမြင်တော့ စုလင်းအာသည် အနည်းငယ် ရှက်သွားဟန်ဖြင့် ပါးပြင်များ နီရဲလာပြီး စုရွှမ်ကို ချီးကျူးလိုက်သည်။
"မင်း ဘာဖြစ်သွားသေးလဲ။"
စုရွှမ်က ခပ်ဖျော့ဖျော့ပြုံးရင်း မေးလိုက်သည်။
သေစမ်း။ ဧကရာဇ်သားတော်က ငါ့ကိုပြုံးပြနေတယ်။
စုရွှမ်၏ အပြုံးကြောင့် စုလင်းအာမှာ တစ်ခဏမျှ ကြက်သေသေသွားသည်။
"အဟမ်း... မင်း ဘာမှမဖြစ်ရင် သွားတော့လေ။"
စုရွှမ်က သူ့အသံထဲတွင် အားမလိုအားမရဖြစ်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။ မိန်းကလေးငယ်တစ်ယောက်ကို ဆွဲဆောင်ရတာ လွယ်လိုက်တာ ငါ့ရဲ့ ဒီရုပ်ရည် ကိုပဲ အပြစ်တင်ရတော့မှာပဲ...
"အိုး... အိုး။"
စုလင်းအာသည် စုရွှမ်၏ အသံကြောင့် လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။ သူမသည် နာခံစွာ ခေါင်းညိတ်ပြီး ထွက်သွားလေသည်။
စုလင်းအာ တွေးလိုက်သည်မှာ ဒီတစ်ခေါက် အပြင်ထွက်လာချိန်တွင် လျှို့ဝှက်နယ်မြေထဲက သူမ၏ အတွေ့အကြုံကို သူ့မိတ်ဆွေညီအစ်မများကို ပြန်ပြောပြရမည်ဟုပင်။
စုရွှမ်က ပြုံးလိုက်ပြီး ခေါင်းခါကာ ကျင့်ကြံခြင်းကို ဆက်လုပ်နေလိုက်သည်။
နောက်တစ်နေ့။
စုရွှမ်သည် သူ၏ ဆယ့်ရှစ်ဆက်မြောက်ဘိုးဘေး၊ မိဘများနှင့် အခြားမျိုးနွယ်ဝင်များကို နှုတ်ဆက်ပြီးနောက် စုမိသားစုမှ ထွက်ခွာကာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေရှိ တာယန်မြင့်မြတ်နယ်မြေသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
စုရွှမ် မြေအောက်လောကကိုးခုငှက်ကို စီးနင်း၍ ခရီးသွားနေစဉ် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော မျက်လုံးများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
"ဘုရားရေ။ ဒါ ဘယ်ဂိုဏ်းရဲ့ မျိုးဆက်သခင်လေးလဲ။ ဒီလောက် ခမ်းနားထည်ဝါစွာ ခရီးသွားရဲတာလဲ။ မြေအောက်လောကကိုးခုငှက်ကို စီးနေတာလား။"
"ဟားဟား၊ မြောက်ပိုင်းနယ်မြေတစ်ခုလုံးမှာ စုမိသားစုနဲ့ ထိုက်ချူမြင့်မြတ်နယ်မြေကလွဲပြီး ဘယ်သူက ဒီလောက် ခမ်းနားနိုင်မှာလဲ။"
"အခုချိန်မှာ ထိုက်ချူမြင့်မြတ်နယ်မြေက စုမိသားစုရဲ့ ဖိနှိပ်မှုကို ခံနေရတော့ အရာရာကို ခပ်အေးအေးပဲ လုပ်နေတယ်။ ပြီးတော့ အဲ့ဒီလူက အရမ်းငယ်သေးတာကို ငါမြင်တယ်။"
"ဖြစ်နိုင်တာကတော့ စုမိသားစုရဲ့ ဧကရာဇ်သားတော်ပဲ ဖြစ်ရမယ်။"
"ဪ... စုမိသားစုရဲ့ ဧကရာဇ်သားတော်ကိုး။ ဒါကြောင့် ဒီလောက် ထင်ပေါ်နေတာကိုး။ ဒါနဲ့ သူ ဘယ်သွားနေတာလဲ။"
"ဟားဟား၊ မင်းတို့ ဒါတော့ မသိဘူးမလား။ စုမိသားစုရဲ့ ဧကရာဇ်သားတော်က စုမိသားစုရဲ့ ဧကရာဇ်သားတော် ဖြစ်ရုံတင်မကဘူး၊ ရှေ့ပိုင်းစွန့်ပစ်နယ်မြေက တာယန်မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော်လည်း ဟုတ်တယ်။"
"လတ်တလောမှာ တာယန်မြင့်မြတ်နယ်မြေက တောင်ထိပ်ကိုးခုပြိုင်ပွဲကို ကျင်းပတော့မှာ။"
"ဒါကြောင့် စုမိသားစုရဲ့ ဧကရာဇ်သားတော်က ရှေ့ပိုင်းစွန့်ပစ်နယ်မြေကို သွားနေတာ ဖြစ်ဖို့များတယ်။"
"ရှီး... ရှေ့ပိုင်းစွန့်ပစ်နယ်မြေက တာယန်မြင့်မြတ်နယ်မြေဆိုတာ ငါတို့ မြောက်ပိုင်းနယ်မြေက ထိုက်ချူမြင့်မြတ်နယ်မြေထက် ပိုကြောက်စရာကောင်းတဲ့ အင်အားစုကြီးပဲ။"
"စုမိသားစုရဲ့ ဧကရာဇ်သားတော်က တာယန်မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သားတော် ဖြစ်နေပါလား။"
"ထိုက်ချူမြင့်မြတ်နယ်မြေရဲ့ သားတော်မြတ်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တဲ့ လူတစ်ယောက်ပီသပါပေတယ်။ တကယ်ကို အံ့မခန်းပဲ။"
"တကယ်ကို အံ့မခန်းပဲ၊ ဒါပေမဲ့ စုမိသားစု ဧကရာဇ်သားတော်ရဲ့ ပါရမီနဲ့ဆိုရင်တော့ ပါရမီရှင်တွေစုဝေးရာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေကို သွားပြီး အဓိကအင်အားစုတွေနဲ့ ယှဉ်ပြိုင်သင့်တယ်။"
"ဘာပဲဖြစ်ဖြစ်၊ ငါတို့ မြောက်ပိုင်းနယ်မြေကတော့ အရမ်းကို ခေါင်လွန်းတယ်။"
"..."
မြောက်ပိုင်းနယ်မြေနှင့် နှိုင်းယှဉ်လျှင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေသည် အမှန်တကယ်ပင် ပို၍ တောက်ပသည်။
ကျုံးကျိုးမှလွဲလျှင် ဤနေရာတွင် တာအိုဂိုဏ်းများစွာ စုဝေးနေသည်။
ဒါအိုရွှမ်နယ်ပယ်တစ်ခုလုံးတွင် အစည်ကားဆုံးနေရာဖြစ်သည်။
၎င်းသည် ရွှေခေတ်တစ်ခုပင်။ ဤနေရာတွင် ပါရမီရှင်အမျိုးမျိုး ပေါ်ထွက်၏။ ပြီးတော့ ပါရမီရှင်များ အသစ်ပေါ်ထွက်လာမှုနှင့် အစားထိုးမှုနှုန်းသည် အလွန်မြန်ဆန်သည်။
နေ့တိုင်းလိုလို ကြယ်ပွင့်အသစ်များ ထွက်ပေါ်နေသည်။
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ အင်အားအကြီးဆုံး အဖွဲ့အစည်းများမှာ လေးမျိုးနွယ်၊ သုံးနယ်မြေ၊ နှစ်ဘာသာ၊ တစ်နန်းတော် တို့ဖြစ်သည်။
၎င်းတို့မှာ ကျန်း၊ ယဲ့၊ ချန် နဲ့ ပိုင် ဧကရာဇ်မျိုးနွယ်လေးခု၊ တာယန်မြင့်မြတ်နယ်မြေ၊ ယောင်ကွမ်းမြင့်မြတ်နယ်မြေ နဲ့ ကျီဖူမြင့်မြတ်နယ်မြေဆိုတဲ့ မြင့်မြတ်နယ်မြေသုံးခု၊ ဘူထျန်းဂိုဏ်း နဲ့ ကျဲ့ထျန်းဂိုဏ်းဆိုတဲ့ နတ်ဘုရားဂိုဏ်းကြီးနှစ်ခု နဲ့ ကျန့်ကော တို့ဖြစ်ကြသည်။ သို့သော် ထိုမျှသာ မဟုတ်သေးပေ။
ပြင်ပကမ္ဘာက မသိသော လျှို့ဝှက်ဂိုဏ်းအချို့လည်း ရှိသေးသည်။
တစ်နေ့တစ်ဝက်ခရီးနှင်ပြီးနောက် စုရွှမ်သည် နောက်ဆုံးတွင် တာယန်မြင့်မြတ်နယ်မြေသို့ ပြန်ရောက်လာခဲ့သည်။ ပထမဆုံး မျက်စိထဲဝင်လာသည်မှာ တာယန်မြင့်မြတ်နယ်မြေ၏ မြင်ကွင်းဖြစ်သည်။
ရွှေရောင်တောက်ပမှုများ၊ နေရာအနှံ့ရှိ မြင့်မြတ်သောတံတားများ၊ တန်ဆာဆင်ထားသကဲ့သို့ ပျံသန်းနေသော ကြိုးကြာငှက်အုပ်များနှင့် တောင်ထိပ်များမှ ထူးဆန်းသော အလင်းတန်းများ ထုတ်လွှတ်နေသည့် မြင်ကွင်းသည် မျက်စိကျိန်းလောက်အောင်ပင်။
"ငါ မပြန်လာတာ တစ်လနီးပါးရှိပြီပဲ"
ရင်းနှီးနေသော မြင်ကွင်းကို ကြည့်ရင်း စုရွှမ် သက်ပြင်းချလိုက်သည်။