အဓိပတိလျှို့ဝှက်နယ်မြေ ပွင့်လာပြီး ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များ စုဝေးခြင်း
Vol. 2 Ch. 26
ဤနေ့တွင် စုရွှမ်သည် ဓားဆန္ဒကို နားလည်သဘောပေါက်ရန် မြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့သည်။
နေ့တစ်နေ့ ကုန်ဆုံးသွားသောအခါ စုရွှမ်သည် မူလဓားဆန္ဒ ၇၀ ကို နားလည်သဘောပေါက်သွားခဲ့ပြီး သူ၏လက်ကို မြှောက်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အဆုံးမဲ့ဓားအလင်းတန်းများ ပေါ်ထွက်လာလေသည်။ ယခုအခါ အဆင့်တူသူများကို လက်တစ်ဖက် ယမ်းလိုက်ရုံမျှဖြင့် ဖိနှိပ်နိုင်၏။
ညနေခင်းအချိန်တွင် နာရီဝက်ခန့် လေ့ကျင့်ပြီးနောက် စုရွှမ်သည် တာယန်ဘိုးဘေးကြီးကို ကြည့်လိုက်သည်။
"ဘိုးဘေး... တပည့် မနက်ဖြန် အပြင်ထွက်ပြီး လေ့ကျင့်ရတော့မှာ ပြန်မလာဖြစ်မှာကိုလည်း စိုးရိမ်မိတယ်။ ဒါက ဘိုးဘေးအပေါ် ဘာသက်ရောက်မှုမှ မရှိဘူးမလား"
"ပြဿနာမရှိဘူး။ ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ မင်းရဲ့အကူအညီနဲ့ ငါ့အခြေအနေက နည်းနည်း ပြန်ကောင်းလာခဲ့တယ်။ သိပ်များများစားစားတော့ မဟုတ်ပေမဲ့ ဒါနဲ့ဆို လုံလောက်ပါတယ်"
"သွားပါ... တာယန်ရဲ့ ဂုဏ်သတင်းကို တစ်လောကလုံး သိအောင် သွားပြသပေးလိုက်"
တာယန်ဘိုးဘေးကြီးသည် ညင်သာစွာ ပြောလိုက်သည်။ စုရွှမ်သည် သူ၏မျိုးဆက်မှ မည်သည့်ပါရမီရှင်ကိုမဆို ချေမှုန်းနိုင်စွမ်း ရှိသည်ဟူ၍ သူမ၌ သံသယမရှိပေ။ စုရွှမ်သည် သူ၏ မြင့်မြတ်သားတော်တောင်ထိပ်သို့ ချက်ချင်းပင် ပြန်လာခဲ့သည်။
အနားယူကာ အားအင်များ ပြန်လည်ဖြည့်တင်းပြီး မနက်ဖြန် လျှို့ဝှက်နယ်မြေသို့ ခရီးထွက်ရန်အတွက် ပြင်ဆင်လိုက်သည်။ နောက်တစ်နေ့တွင် စုရွှမ်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
"ဒင်! လက်ထပ်ပြီး ရှစ်ရက်မြောက်နေ့အတွက် ဆုလာဘ် နတ်အာရုံထွက်ပေါ်ခြင်း - အမတဘုရင် ကောင်းကင်ဘုံကိုးခုမှဆင်းသက်ခြင်း"
တစ်ခဏအတွင်း၌ ခမ်းနားထည်ဝါသော တောင်တန်းများနှင့် မြစ်ချောင်းများသည် စုရွှမ်၏ နောက်ကျော၌ ပေါ်လိုက်ပျောက်လိုက် ဖြစ်ပေါ်နေလေသည်။
အမတဘုရင်တစ်ပါးသည် ကောင်းကင်ဘုံကိုးခုထက်၌ ထိုင်နေပြီး သူ၏ တစ်ကိုယ်လုံးအား မသဲမကွဲသော အမတအလင်းတန်းများဖြင့် ဖုံးလွှမ်းထားသည်။ သူသည် အလွန်တရာ ခန့်ညားထည်ဝါကာ ထာဝရအခတ်၏အချိန်ကိုပင် ဖိနှိပ်ထားနိုင်လေ၏။
နောက်ထပ် မဟာဧကရာဇ် နတ်အာရုံတစ်ခုပင်တည်း။ ၎င်းသည် ကျင့်ကြံခြင်းကို အရှိန်မြှင့်ပေးနိုင်ရုံသာမက အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသည်။
"ဟွမ်သွမ့်ကြာပန်းစိမ်းတစ်ပွင့် ပွင့်လန်းပြီး အမတဘုရင်က ကောင်းကင်ဘုံကိုးခုထက်ကို ကြွဆင်းလာတယ်။ ပါရမီရှင်တို့ မင်းတို့ကို နဂါးဆိုတာဘာလဲဆိုတာပြရမယ့်အချိန် ရောက်ပြီ" စုရွှမ်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။
အရုဏ်တက်ချိန်တွင် စုရွှမ်သည် မြင့်မြတ်သားတော်ခန်းမမှ ထွက်ခွာလာပြီး မြေအောက်လောကကိုးခုငှက်ကို ခေါ်ကာ ဆယ်နှစ်တစ်ကြိမ် ပွင့်သော အဓိပတိလျှို့ဝှက်နယ်မြေသို့ တန်းတန်းမတ်မတ် ဦတည်သွားလေသည်။
"ဘုရားရေ မြင့်မြတ်သားတော်က အတွေ့အကြုံသစ်တွေရဖို့ မြင့်မြတ်နယ်မြေကနေ နောက်တစ်ခါ ထွက်သွားတော့မှာလား"
"သေစမ်း မြင့်မြတ်သားတော်က ပိုပြီးတောင် ချောလာပြန်ပြီ။ သူ့ရဲ့အရှိန်အဝါက တကယ်ကို အံ့ဩစရာပဲ"
"ဝါးးးဝါးး.. ဒီဘဝမှာ မြင့်မြတ်သားတော်ကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ချင်တော့ဘူး"
“…”
စုရွှမ် ထွက်ခွာသွားသည်ကိုမြင်သောအခါ တာယန်မြင့်မြတ်နယ်မြေမှ တပည့်များသည် အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။ ထိုနေ့က စုရွှမ်သည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ဖော်ပြသကာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ထိပ်သီးပါရမီရှင်သုံးဦးကို ချေမှုန်းခဲ့သည့် အချိန်မှစ၍ စုရွှမ်သည် တာယန်မြင့်မြတ်နယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ကိုးကွယ်ရာ ဖြစ်လာခဲ့သည်။
စုရွှမ်၌ ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ မျိုးဆက်သစ်များကို ချေမှုန်းနိုင်သည့် တိုက်ခိုက်ရေးစွမ်းအား ရှိနှင့်နေပြီဟူ၍ ပြင်ပလောက၌ ကောလာဟလများပင် ထွက်ပေါ်နေလေသည်။
သို့သော် ဤပြောစကားကို လုံးဝ ချဲ့ကားပြောဆိုခြင်းဖြစ်သည်ဟု ယုံကြည်ကာ လုံးဝသဘောမတူသူ အများအပြားလည်း ရှိနေသေးသည်။
မည်သို့ပင်ဖြစ်စေ မြင့်မြတ်နယ်မြေသုံးခုနှင့် ဓားခန်းမအပြင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၌ အဓိကနတ်ဂိုဏ်းကြီးနှစ်ခု၊ ဧကရာဇ်မျိုးနွယ်လေးခုနှင့် လောကကြီးနှင့် အဆက်ဖြတ်ကာ ပုန်းကွယ်နေကြသူများလည်း ရှိနေသေးသည် မဟုတ်ပါလော။
အမြင်အမျိုးမျိုးနှင့် အဆုံးမရှိသော ငြင်းခုံမှုများ ရှိနေ၏။ ထို့အပြင် မကြာသေးမီ ရက်များအတွင်း ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၌ အမျိုးသမီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူမသည် အလွန်အမင်း လှပပြီး နတ်သမီးကဲ့သို့သော ပုံစံရှိကာ သူမ၏ ရန်သူအားလုံးကို ဖိနှိပ်ခဲ့လေသည်။
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ ဧကရာဇ်မျိုးနွယ်ဖြစ်သော ချန်မိသားစုမှ ဧကရာဇ်သားတော်ပင်လျှင် သူမ၏လက်ဖြင့် အနိုင်ပိုင်းခံခဲ့ရရာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုအမျိုးသမီး၏ ဇစ်မြစ်ကို မည်သူမျှ မသိကြဘဲ သူမသည် အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ ကောလာဟလများအရ သူမသည် ပုန်းကွယ်နေသော နတ်ဘုရားဂိုဏ်းတစ်ခု၏ အမွေဆက်ခံသူဖြစ်သည်ဟု ဆိုကြ၏။
တာယန်မြင့်မြတ်နယ်မြေမှ ထွက်ခွာပြီးနောက် စုရွှမ်သည် သက်တံအလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ အဓိပတိလျှို့ဝှက်နယ်မြေသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။ ထိုအချိန်၌ပင် အဓိကနတ်ဘုရားဂိုဏ်းကြီးနှစ်ခု၊ ဧကရာဇ်မျိုးနွယ်လေးခု၊ ယောင်ကွမ်းမြင့်မြတ်သမီးတော်၊ ကျီဖူမြင့်မြတ်သားတော်နှင့် ယခင်က စုရွှမ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော ဓားသားတော်တို့လည်း ခရီးထွက်ခွာခဲ့ကြသည်။
ပါရမီရှင်များသည် လောက၏ စမ်းသပ်မှုများကို တွေ့ကြုံခံစားသင့်ပြီး သူ၏ မျိုးဆက်တူများကို ဖိနှိပ်သင့်သည်။ သူတို့အားလုံး ဤအမှန်တရားကို သိကြ၏။ ထို့ကြောင့် လျှို့ဝှက်နယ်မြေ ပွင့်လာသောအခါ သူတို့ လက်လွှတ်မခံနိုင်ကြပေ။
"ဒီတစ်ခေါက် အဓိပတိလျှို့ဝှက်နယ်မြေထဲမှာ အမတဆေး ရှိတယ်လို့ ဆိုကြတယ်။ ဟားဟား၊ ဒါက ငါ့အတွက် ဖြစ်ရမယ်"ဆံပင်ထူထူ ဓားသွားကဲ့သို့ ထက်ရှသော မျက်နှာသွင်ပြင် ဓားသွားကဲ့သို့သော မျက်ခုံးနှင့် ကြယ်တာရာကဲ့သို့သော မျက်လုံးများ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် လူငယ်တစ်ဦးသည် ဟင်းလင်းပြင်ထဲ၌ လျှောက်လှမ်းနေ၏။ သူ၏ မျက်လုံးများမှာ အေးစက်သော လျှပ်စီးများဖြင့် လက်နေပြီး ယုံကြည်မှု အပြည့်ရှိနေသည်။
ဘူထျန်းဂိုဏ်း၏ မြင့်မြတ်သားတော် တောက်ရီပင်။
"ဟားဟား၊ တောက်ရီမင်း ဘာတွေ စဉ်းစားနေတာလဲ။ ငါတယောက်လုံး ရှိနေတာ မင်းက ဘယ်လိုလုပ် အမတဆေးကို ရနိုင်မှာလဲ"
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန့်ညားသော အမူအရာနှင့် နဂါးတစ်ကောင်ကဲ့သို့ လျှောက်လှမ်းတတ်သော လူငယ်တစ်ဦးက မာန်ပါပါနှင့် ပြောလိုက်သည်။
"လောကရဲ့ ကြီးကျယ်တဲ့ တိုက်ပွဲကြီးမှာ ကံကြမ္မာက ငါ့ဘက်မှာ ရှိတယ်။ အခွင့်အလမ်းအားလုံးလည်း ငါ့အတွက်ပဲ ဖြစ်သင့်တယ်"
ကျဲ့ထျန်းဂိုဏ်း၏ မြင့်မြတ်သားသားတော် နျဲချန်းပင်။
ထို့အပြင် ဧကရာဇ်မျိုးနွယ်ကြီးလေးခုဖြစ်သော ကျန်း၊ ရဲ့၊ ချန်နှင့် လင်းမျိုးနွယ်တို့မှ ဧကရာဇ်သားတော်များသည်လည်း ယုံကြည်မှုအပြည့် ရှိနေကြပြီး အဓိပတိလျှို့ဝှက်နယ်မြေသို့ သွားရောက်ကာ အခွင့်အရေးကို ဆုပ်ကိုင်ရန် သန္နိဋ္ဌာန်ချထားကြသည်။
"အဓိပတိလျှို့ဝှက်နယ်မြေ ပွင့်ပြီ၊ ခရီးထွက်ဖို့ အချိန်တန်ပြီ"
စံအိမ်တစ်ခုအတွင်း၌ လမ့်ရိုလီသည် ကြယ်များကဲ့သို့ တောက်ပသော သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
ဤအခိုက်အတန့်၌ လမ့်ရိုလီ၏ အမူအရာမှာ အေးစက်နေဆဲဖြစ်သော်လည်း ယခင်ကထက်မူ သူမသည် ပို၍ မာန်ပါလာသည်။ ဧကရီတစ်ပါး၏ အမူအရာမှာ အများအပြား ပြန်လည်ရရှိလာခဲ့သည်။
သူမသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေသို့ ရောက်နေသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် လူအများအပြားနှင့် ကြုံတွေ့ခဲ့ရကာ ထိုသူအားလုံးမှာ သူမ၏ လက်ဖြင့် ဖိနှိပ်ခြင်း ခံခဲ့ရသည်။ ဤရက်များအတွင်း သူမ၏ ကျင့်ကြံခြင်းသည် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်၏ သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အဆင့်တက်နှုန်းမှာ အလွန်အမင်း အံ့ဩဖွယ်ကောင်းလှသည်။
"အဓိပတိလျှို့ဝှက်နယ်မြေ ပွင့်တဲ့အခါ စုရွှမ် သွားမလားတော့ မသိဘူး။ သူ့ကိုသာ တွေ့ရင် ငါ သူ့ကို သေချာပေါက် ဖိနှိပ်ပစ်ရမယ်"
လမ့်ရိုလီသည် မတ်တပ်ထရပ်လိုက်ရာ လောကကြီးကို အထင်သေးသော အရှိန်အဝါတစ်ခုသည် သူမထံမှ ပေါ်ထွက်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ထို့နောက် ၎င်းသည် သက်တံအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ စံအိမ်ထဲမှ ပျောက်ကွယ်သွားသည်။
အဓိပတိလျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် ကျယ်ပြောလှသော တောအုပ်ကြီးတစ်ခု ရှိသည်။
မဟာစွန့်ပစ်တောအုပ်ကြီး။
၎င်း၏ အတွင်း၌ ရှေးဟောင်းအမွေအနှစ်များ ရှိနေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် အဓိပတိလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လိုပါက ရှေးဦးစွာ မဟာစွန့်ပစ်တောအုပ်ကြီးကို ဖြတ်ကျော်ရပေမည်။
ဤအချိန်တွင် မဟာစွန့်ပစ်တောအုပ်ကြီးသည် အလွန်အမင်း ဆူပွက်နေသော အခြေအနေ၌ ရှိနေသည်။ အဓိပတိလျှို့ဝှက်နယ်မြေ ပွင့်လာသောကြောင့် မဟာစွန့်ပစ်တောအုပ်ကြီးထဲမှ ရှေးဟောင်းမျိုးဆက်များသည်လည်း စိတ်လှုပ်ရှားလာကြသည်။
သူတို့သည်လည်း အခွင့်အရေးအတွက် ယှဉ်ပြိုင်လိုကြ၏။ မကြာမီမှာပင် လူငယ်ပါရမီရှင်အုပ်စုတစ်စုသည် တောအုပ်၏ အဝင်ဝသို့ ရောက်ရှိလာကြသည်။ ဤလူငယ်ပါရမီရှင်အုပ်စုသည် အင်အားစုအမျိုးမျိုးမှ လာကြပြီး သူတို့၏ အရှိန်အဝါမှာ အားကောင်းလှသည်။ သူတို့အထဲတွင် ကြယ်များ ဝန်းရံထားသော လမင်းကဲ့သို့ အလယ်၌ ရပ်နေသော လူငယ်တစ်ဦး ရှိ၏။
ထိုလူငယ်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် ချောမောပြီး သူ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်။
အထူးခြားဆုံးအရာမှာ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော မှိန်ဖျော့ဖျော့ ရွှေရောင်အင်းကွက်များဖြစ်ပြီး ၎င်းတို့သည် အကာအကွယ်အတားအဆီးတစ်ခုကဲ့သို့ သူ့ကို ဖုံးလွှမ်းထားကာ သူရဲကောင်းဆန်သော အသွင်ကို ပေါင်းထည့်ပေးထားသည်။
ဤလူငယ်သည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင်များစာရင်းတွင် နံပါတ်တစ် ဖြစ်လေသည်။
ပုန်းကွယ်နေသောရှေးဟောင်းဂိုဏ်းဖြစ်သည့် ထိုက်ရွှမ်ဂိုဏ်း၏ မျိုးဆက် ဧကရာဇ်လင်းပင်။
သူ မွေးဖွားသည့်နေ့တွင် ထူးဆန်းသော ဖြစ်ရပ်များက ကောင်းကင်ထက်၌ ပြည့်နှက်နေပြီး နတ်နဂါးများနှင့် နတ်ဖီးနစ်များကိုပင် အရိုအသေပြုရန် ဆွဲဆောင်ခဲ့သည်ဟု ဆိုကြသည်။ သူသည် မွေးရာပါ သူတော်စင်တစ်ဦးဖြစ်ပြီး အရာရာကို မွေးကတည်းက သိရှိနားလည်သူ ဖြစ်သည်။
"ဒီတစ်ခေါက် အဓိပတိလျှို့ဝှက်နယ်မြေ ပွင့်လာပြီ။ မမျှော်လင့်တာတစ်ခုခု မဖြစ်ခဲ့ရင် ညီလေးလင်းက ပထမနေရာကို နောက်တစ်ခါ ယူဦးမှာပဲ ဟုတ်တယ်မလား"
ထူးကဲသော အရှိန်အဝါရှိသည့် လူငယ်တစ်ဦးက မြှောက်ပင့်သော လေသံဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဒါပေါ့။ ညီလေးလင်းက မွေးရာပါ သူတော်စင်၊ ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင်စာရင်းမှာ နံပါတ်တစ်အဆင့်ပဲ။ သူက ငါတို့နဲ့ တစ်တန်းတည်း မဟုတ်ဘူး"
"ဟားဟား၊ မြှောက်ပင့်စရာ မလိုပါဘူး"
ဧကရာဇ်လင်းသည် တည်ငြိမ်စွာ လက်ဝှေ့ယမ်းကာ လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။ သူ့ထံတွင် လူများကို မသက်မသာဖြစ်စေသည့် မာနကြီးသော အရှိန်အဝါတစ်ခု ရှိနေသည်။
သို့သော် သူသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင်စာရင်းတွင် နံပါတ်တစ်အဖြစ် အဆင့်သတ်မှတ်ခံထားရသဖြင့် သူ၌ မာနထောင်လွှားရန် အကြောင်းပြချက် ရှိပေသည်။
"တာယန်မြင့်မြတ်နယ်မြေက မြင့်မြတ်သားတော်က ပြည့်စုံတဲ့ အဓိပတိရိုးကို နိုးထပြီး ဟွမ်သွမ့်ကြာပန်းစိမ်းကိုလည်း ကျင့်ကြံထားတယ်။ ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ထိပ်သီးပါရမီရှင်ဆယ်ဦးထဲက သုံးဦးကို တစ်ယောက်တည်းနဲ့ နိုင်ယူခဲ့တယ်လို့ ကြားတယ်" ဧကရာဇ်လင်းက သံသယအပြည့်ဖြင့် ပြောလိုက်သည်။
လွန်ခဲ့သော အချိန်အတန်ကြာက သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ထိုသတင်းကို ချက်ချင်း မသိခဲ့ပေ။ မနေ့ကမှ ဂိုဏ်းအကြီးအကဲများထံမှ ဤအကြောင်းကို သူ သိရှိခဲ့ခြင်း ဖြစ်သည်။
"တာယန်မြင့်မြတ်သားတော်က ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ပါရမီရှင်အားလုံးကို ချေမှုန်းနိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီးသားလို့လည်း ကောလာဟလတွေ ရှိနေသေးတယ်"
"ဒီအပေါ်ကို မင်းတို့ ဘယ်လိုထင်လဲ"
ဤစကားများ ပြောလိုက်သည်နှင့် မူလက သက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဖျော့တော့သော ဖိနှိပ်မှုအငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။
"ဟားဟား၊ ဒါကတော့ တကယ်ကို ချဲ့ကားပြောတာပဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တာယန်မြင့်မြတ်သားတော်က အရင်က ထျန်းကျောင်းစာရင်းမှာ အဆင့်ဆယ်ပဲ ရှိခဲ့တာ၊ ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ထိပ်သီးပါရမီရှင်တွေကြားထဲမှာ စာရင်းရဲ့ အောက်ဆုံးမှာ ရှိနေခဲ့တာလေ။ ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီလောက်မြင့်တဲ့အဆင့်ကို ရောက်သွားဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါလည်း အဲ့လိုပဲထင်တယ်။ ဒါက လုံးဝ ကောလာဟလပဲ။ တာယန်မြင့်မြတ်သားတော် ဘယ်လောက်ပဲ အစွမ်းထက်ထက် ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ထိပ်သီးပါရမီရှင်သုံးယောက်ကို တစ်ချိန်တည်းမှာ နိုင်ယူဖို့ဆိုတာ လိုးဝမဖြစ်နိုင်ဘူး"
"သူက ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ပါရမီရှင်အားလုံးကိုတောင် အနိုင်ယူနိုင်တယ်ဆိုပဲ။ ငါ့အမြင်မှာတော့ သူက ညီလေးလင်းရဲ့ ဖိနပ်ကို သယ်ဖို့ပဲ တန်တယ်"
"အိုး။ တကယ်ပဲလား။ ဒါပေမဲ့ တာယန်မြင့်မြတ်သားတော်က အဓိပတိလျှို့ဝှက်နယ်မြေကို လာမလားတော့ မသိဘူး။ ငါ သူ့ကို တွေ့ချင်မိတယ်"
ရွှစ် ရွှစ် ရွှစ်
ရုတ်တရက် ဟင်းလင်းပြင်သည် တုန်ခါသွားသည်။ လူငယ်ပါရမီရှင်များ၏ ပုံရိပ်များသည် ဤနေရာ၌ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာသည်။
ဧကရာဇ်မျိုးနွယ်ကြီးလေးခုမှ ဧကရာဇ်သားတော်များဖြစ်သော ကျန်းဝူကျီ၊ ရဲ့ယွင်၊ ချန်းချန်ရှန်၊ ပိုင်ရှန်း၊ နတ်ဘုရားဂိုဏ်းကြီးနှစ်ခုမှ မြင့်မြတ်သားတော်များ၊ မြင့်မြတ်နယ်မြေမှ မြင့်မြတ်သားတော်၊ ဓားခန်းမ၏ အမွေဆက်ခံသူ မင်းဆက်များနှင့် မျိုးနွယ်များမှ ပါရမီရှင်အချို့လည်း ရှိကြသည်။
ဤအခိုက်အတန့်တွင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ထိပ်သီးပါရမီရှင်များအားလုံးနီးပါးသည် ဤနေရာ၌ စုဝေးနေကြသည်။