← Chapters

တာယန်ဘိုးဘေးကြီးလား

Vol. 2 Ch. 22

တာယန်ဘိုးဘေးကြီးလား

Vol. 2 Ch. 22

တားမြစ်နယ်မြေအတွင်းရှိ ရေခဲခေါင်းတလားထဲ၌ ထိုအမျိုးသမီးသည် မျက်လုံးများ ဖွင့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ချက် လက်ခနဲဖြစ်သွားပြီး နောက်တစ်စက္ကန့်တွင် စုရွှမ် ကျင့်ကြံနေသည့် မြင်ကွင်းသည် သူမ၏ မျက်စိရှေ့၌ ပေါ်ထွက်လာ၏။

ထိုပုံရိပ်ထဲ၌ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် တင်ပလ္လင်ခွေထိုင်နေလေသည်။ သူ၏ နောက်ကျောဘက်၌ ဟွမ်သွမ့်ကြာပန်းစိမ်းသည် ယိမ်းနွဲ့နေကာ ဟွမ်သွမ့်အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ ဦးခေါင်းအထက်တွင်မူ ရွှေရောင်အင်သင်္ကေတများက အချင်းချင်း ယှက်နွှယ်ကာ စီးဆင်းနေကြသည်။ မြင်ကွင်းတစ်ခုလုံးမှာ အမှန်တကယ်ပင် မှော်ဆန်လှပေသည်။

"ဒါက... မဟာဧကရာဇ်ရဲ့ ပုံရိပ်ယောင် ဟွမ်သွမ့်မျိုးစေ့ကြာပန်းစိမ်းပါလား။ ပြီးတော့ ဒီလျှို့ဝှက်ကျမ်း... ငါတောင် တစ်ခါမှ မမြင်ဖူးဘူး။ ဒီကောင်လေးက ဘယ်သူ့ရဲ့ အမွေအနှစ်ကို ဆက်ခံထားတာလဲ။"

ထိုအမျိုးသမီးသည် အလွန်တရာ တုန်လှုပ်သွားသည်။ သူမ၏ ခေတ်အခါကပင် ဤကဲ့သို့သော ပါရမီရှင်တစ်ယောက် လောက၌ ပေါ်ပေါက်လာသည်ကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။

"ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၊ ဟွမ်သွမ့်မျိုးစေ့ကြာပန်းစိမ်းရယ်... ဒါ ငါရှာနေတဲ့လူ မဟုတ်ဘူးလား..."

"မဟုတ်ဘူး... ငါ့ရဲ့ စွမ်းအားတွေ အကုန်ကုန်သွားရင်တောင်မှ သူ့ကို လမ်းညွှန်ပေးပြီး တားမြစ်နယ်မြေကို လာခိုင်းရမယ်..." အမျိုးသမီး၏ မျက်ဝန်းများထဲ၌ စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်တစ်ချက် လက်ခနဲ ဖြစ်သွားလေသည်။ သူမ၏ ကျောက်စိမ်းလက်ချောင်းလေးများကို ညင်သာစွာ လှည့်ယှက်လိုက်ရာ သူတော်စင်အလင်းတန်းတစ်သွယ် ပျံထွက်သွားပြီး စုရွှမ်ရှိရာ မြင့်မြတ်သားတော်ခန်းမဆောင်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။ မျက်စိတစ်မှိတ်အတွင်း၌ မြင့်မြတ်သားတော်ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ စုရွှမ်၏ အငွေ့အသက်ကို ဖုံးကွယ်ထားလိုက်လေသည်။

"ခုနက... ငါ တစ်ခုခု ထူးဆန်းတာကို ခံစားလိုက်ရသလိုပဲ..."

စုရွှမ်သည် မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏ ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ သားတော်ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။

"စိတ်ထင်တာများလား။"

စုရွှမ်သည် ခေါင်းခါလိုက်ပြီး မျက်လုံးများ မှိတ်ကာ ဆက်လက်ကျင့်ကြံနေလိုက်သည်။

"လူငယ်လေး... အချိန်ရရင် မြင့်မြတ်နယ်မြေရဲ့ တားမြစ်နယ်မြေကို လာခဲ့ပါ။ မင်းရဲ့ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကို ပိုမြန်မြန် နိုးထလာအောင် ငါ ကူညီပေးနိုင်တယ်"

ဟမ်။

ရုတ်တရက် စုရွှမ်သည် သူ၏ မျက်လုံးများကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်ပြီး အသံလာရာ အရပ်သို့ ကြည့်လိုက်သော်လည်း ထိုနေရာ၌ မည်သည့်အရာမျှ မရှိဘဲ လစ်လပ်နေလေသည်။

"ခုနက အသံက ဘာလဲ။ တစ်ယောက်ယောက်က ငါ့ကို တကယ်ခေါ်နေခဲ့တာလား။"

"အသံက မသဲမကွဲနဲ့ တိုးလျပြီး စကားပြောတဲ့သူက အရမ်းအားနည်းနေပုံပဲ..."

"ငါ့ကို မြင့်မြတ်နယ်မြေရဲ့ တားမြစ်နယ်မြေကို သွားခိုင်းတယ်။ ပြီးတော့ ငါ့ရဲ့ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ နိုးထလာတာကို အရှိန်မြှင့်ပေးမယ်တဲ့..."

"ဟူး... မနက်ဖြန်ကျမှ မြင့်မြတ်သခင်ကို သွားမေးကြည့်တာပေါ့..."

စုရွှမ် ထာဝရဧကရာဇ်ကျမ်းကို ဆက်လက်ကျင့်ကြံလေသည်။

အရုဏ်တက်ချိန်၌ စုရွှမ်သည် မြင့်မြတ်သခင်ကို ရှာတွေ့ခဲ့သည်။

"မြင့်မြတ်သခင်... ကျွန်တော် မြင့်မြတ်နယ်မြေရဲ့ တားမြစ်နယ်မြေအကြောင်း မေးချင်လို့ပါ"

မြင့်မြတ်သခင်ကို မြင်သောအခါ စုရွှမ်သည် ညင်သာစွာ ပြောလိုက်သည်။

"မြင့်မြတ်နယ်မြေရဲ့ တားမြစ်နယ်မြေ ဟုတ်လား။ ဘာလို့ အဲ့ဒါကို မေးရတာလဲ။ မင်း အဲ့ကို သွားချင်လို့လား။" ဤစကားကို ကြားသောအခါ မြင့်မြတ်သခင်၏ မျက်နှာထက်၌ အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာကာ စုရွှမ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဟုတ်ကဲ့" စုရွှမ်က ခေါင်းညိတ်လိုက်သည်။ "မနေ့ညက အသံတစ်သံ ကျွန်တော့်ကို တားမြစ်နယ်မြေကို သွားဖို့ ပြောနေသလို ကြားလိုက်ရလို့ပါ"

"မင်းဆိုလိုတာက အမျိုးသမီးအသံလား။" မြင့်မြတ်သခင်၏ အမူအရာသည် ရုတ်ခြည်း တည်ကြည်လေးနက်သွားသည်။ မြင့်မြတ်သခင်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသောအခါ စုရွှမ်သည်လည်း စပ်စုချင်စိတ် ဖြစ်လာသည်။

"ဟုတ်... ဟုတ်တယ် ထင်ပါတယ်" စုရွှမ်က ခေါင်းညိတ်လိုက်သည်။

"မင်းပြောတဲ့အတိုင်းဆိုရင် ဒါက ဘိုးဘေးကြီးတာယန်က မင်းဆီကို သတင်းစကားပို့လိုက်တာ ဖြစ်နိုင်ခြေ အရမ်းများတယ်..."

"ဘိုးဘေးကြီးတာယန်က... အမျိုးသမီးလား။"

စုရွှမ်သည် အနည်းငယ် တုန်လှုပ်သွားသည်။ မြင့်မြတ်နယ်မြေတစ်ခုကို တည်ထောင်ခဲ့သူသည် အနည်းဆုံး ဧကရာဇ်အဆင့်တွင် ရှိရပေမည်။ ယင်းက အမျိုးသမီးတစ်ယောက် ဖြစ်နေသည်တဲ့လား။ မြင့်မြတ်သခင်သည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူသွင်းကာ စုရွှမ်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။

"မှန်တယ်၊ ငါတို့ တာယန်မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့သူက တကယ်တော့ အမျိုးသမီးတစ်ယောက်ပဲ။ ပြီးတော့ ဘာပါရမီမှမရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့"

"ပါရမီမရှိဘူး။"

စုရွှမ်သည် နားမလည်နိုင် ဖြစ်သွားသည်။

"ဒါဆို သူက ဘယ်လိုလုပ်ပြီး ဧကရာဇ်ဖြစ်လာပြီး မြင့်မြတ်နယ်မြေကို တစ်ယောက်တည်း တည်ထောင်နိုင်ခဲ့တာလဲ။"

"ဟားဟား... ငါတို့ရဲ့ တာယန်ဘိုးဘေးကြီးက ပါရမီမရှိပေမဲ့ ဓားလမ်းစဉ်အပေါ်မှာတော့ အလွန်အမင်း စိတ်နှစ်မြှုပ်ထားခဲ့တယ်။ သူက သူရဲ့ ပထမအဆင့် သာမန်သေမျိုးခန္ဓာကိုယ်ကို အားကိုးပြီးတော့ သူ့ခေတ်က ပါရမီရှင်ပေါင်းမရေမတွက်နိုင်အောင်ကို ချေမှုန်းခဲ့တယ်၊ ဓားသိုင်းကြီးကိုးကွက်ကို ဖန်တီးခဲ့ပြီးတော့ အသိဉာဏ်အလင်းပွင့်ကာ ဧကရာဇ်ဖြစ်လာခဲ့တာပဲ။"

"ဓားနဲ့ ဧကရာဇ်ဖြစ်လာတာ၊ ဓားဧကရာဇ်လား။"

စုရွှမ်သည် တုန်လှုပ်သွားသည်။ သူသည်လည်း ယခင်က တာယန်ဓားသိုင်းကိုးကွက်ကို ကျင့်ကြံဖူးသော်လည်း အခြေခံမျှသာ တတ်မြောက်ခဲ့ပြီး ပို၍ နက်ရှိုင်းသော နယ်ပယ်သို့ ဘယ်သောအခါမျှ မဝင်ရောက်နိုင်ခဲ့ပေ။

"ဟုတ်တယ်။ တာယန်ဘိုးဘေးကြီးက ဓားဧကရာဇ်တစ်ပါးပဲ၊ ဓားခန်းမရဲ့ ဘိုးဘေးကြီးထက်တောင် ပိုပြီး အစွမ်းထက်ခဲ့တယ်"

ဤသို့ ပြောလိုက်သောအခါ မြင့်မြတ်သခင်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"ဟူး... ငါတို့ တာယန်ဘိုးဘေးကြီးက ဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

စုရွှမ် သက်ပြင်းတစ်ချက်ကို ညင်သာစွာချကာ စိတ်လှုပ်ရှားမှုကို အနည်းငယ် ခံစားလိုက်ရသည်။ တာယန်ကို တည်ထောင်သူသည် ဓားဖြင့် ဧကရာဇ်ဖြစ်လာခဲ့ပြီး ဓားခန်းမကို တည်ထောင်သူထက် ပို၍ အားကောင်း၏။ သို့သော် ယနေ့ခေတ် တာယန်မြင့်မြတ်နယ်မြေသည် ဓားသိုင်းပညာ၌ ဓားခန်းမထက် များစွာ နိမ့်ကျနေလေသည်။ ဤသည်မှာ အမှန်ပင် အနည်းငယ် ရှက်ဖွယ်ကောင်းလှသည်။

"ဒါဆိုရင် ဘိုးဘေးကြီးတာယန်က... အခုထိ သက်ရှိထင်ရှား ရှိနေသေးလား။"

မဟာဧကရာဇ်တစ်ပါး၏ သက်တမ်းသည် နှစ်ပေါင်းတစ်သောင်းသာ ရှိသည်ကို သိထားရမည်။ ယခုမူ ဘိုးဘေးကြီးတာယန်၏ ခေတ်မှ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်လေသည်။

"ငါမသိဘူး၊ ဘယ်သူမှလဲ မသိဘူး။ ဒါပေမဲ့ ညွှန်ကြားချက်တွေ ရှိနေမှတော့ သွားလိုက်ပါ။ မင်းအတွက် ငါ လမ်းပြပေးမယ်"မြင့်မြတ်သခင်သည် ညင်သာစွာ ပြောလိုက်သည်။

ထို့နောက်တွင် စုရွှမ်သည် မြင့်မြတ်သခင်၏ နောက်မှလိုက်၍ မြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေသို့ သွားခဲ့လေသည်။ ဤသည်မှာ တောင်ကြီးတစ်လုံး ဖြစ်သည်။ နေရောင်ခြည်သည် အောက်သို့ ဖြာကျနေပြီး တောင်တန်းများနှင့် တောအုပ်များသည် တိတ်ဆိတ်ငြိမ်သက်ကာ ရှေးဟောင်းသစ်ပင်ကြီးများမှာ မိုးထိအောင် မြင့်မားလှသည်။ လေထုထဲ၌ ကြောက်မက်ဖွယ်ကောင်းသော ဓားအသိများဖြင့် ပြည့်နှက်နေ၏။ ဤနေရာ၌ ရှိနေခြင်းသည် ဓားတောအုပ်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားရလေသည်။

"ဓားအသိတွေ အများကြီးပဲ။"

စုရွှမ်သည် တုန်လှုပ်စွာဖြင့် သက်ပြင်းချလိုက်သည်။ သူသည် ဤမျှများပြားသော ဓားအသိကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ ထို့အပြင် ဤဓားအသိများသည် အလွန်အားကောင်းပြီး ထိုနေ့က ဓားခန်းမ၏ ဆက်ခံသူထက် များစွာ ပို၍ အားကောင်းလေသည်။

ဤအခိုက်အတန့်တွင် မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးသည် လဟာနယ်ထဲမှ ထွက်ပေါ်လာပြီး မမြင့်မြတ်သခင်နှင့် စုရွှမ်တို့၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ သူတို့နှစ်ဦးကို တည့်တည့် ကြည့်လိုက်သည်။

"တာယန်မြင့်မြတ်နယ်မြေရဲ့ (၄၈) ဆက်မြောက် မြင့်မြတ်သခင်က တားမြစ်နယ်မြေသို့ ဝင်ရောက်ခွင့်ပြုဖို့တောင်းဆိုပါတယ်"

ဤသည်ကိုမြင်လျှင် စုရွှမ်သည် ချက်ချင်း အတုယူလိုက်၏။

"တာယန်မြင့်မြတ်နယ်မြေရဲ့ (၄၈) ဆက်မြောက် မြင့်မြတ်သားတော်သည် တားမြစ်နယ်မြေသို့ ဝင်ရောက်ခွင့်ပြုဖို့တောင်းဆိုပါတယ်"

မျက်စိတစ်မှိတ်အတွင်း၌ မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအို၏ နောက်ကျိနေသော မျက်လုံးများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အင်းသင်္ကေတအချို့ ပေါ်ထွက်လာသည်။ လူနှစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပြီးနောက် မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် လေထဲ၌ ခြေတစ်ချက် ဆောင့်လိုက်သည်။

ဘုန်း။

တားမြစ်နယ်မြေတစ်ခုလုံး တုန်ခါသွား၏။

နောက်တစ်စက္ကန့်တွင် လေဟာနယ်၌ လှိုင်းဂယက်များ ပေါ်လာပြီး လေဟာနယ်တံခါးတစ်ခုသည် အလိုအလျောက် ပေါ်ထွက်လာသည်။

"ဝင်သွားလိုက်ပါ" မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

"မင်းဝင်သွားလိုက်၊ ငါမဝင်တော့ဘူး၊ မင်းကို ဒီမှာ စောင့်နေမယ်" မြင့်မြတ်သခင်က ဆိုသည်။

"ကောင်းပါပြီ"

ချက်ချင်းပင် စုရွှမ်သည် ခြေတစ်လှမ်းလှမ်းကာ လေဟာနယ်တံခါးထဲသို့ ဝင်ရောက်ပြီး နေရာလွတ်ထဲတွင် ပျောက်ကွယ်သွားလေသည်။

"ဒီကလေးက တော်တော်လေး ကောင်းတာပဲ..." မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုက မှတ်ချက်ပေးလိုက်သည်။

"ဟုတ်တယ်။ ဒါကြောင့်လည်း သူက ဘိုးဘေးကြီးရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတာ..."

မြင့်မြတ်သခင်သည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

တာယန်မြင့်မြတ်နယ်မြေ၊ တားမြစ်နယ်မြေအတွင်း၌။

မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေကာ မြူနှင်းများဆိုင်းနေပြီး တိမ်ပင်လယ်သည် လွင့်မျောနေသည်။ ဤသည်မှာ တာယန်ဘိုးဘေးကြီး ဖွင့်လှစ်ခဲ့သော နေရာဖြစ်သည့် တာယန်တားမြစ်နယ်မြေပင် ဖြစ်လေသည်။

စုရွှမ် ဝင်ရောက်သွား၏။ ကျယ်ပြန့်သော တောင်တန်းများကြားတွင် မြင့်မားသော တောင်တစ်လုံး ထီးထီးကြီး ရပ်တည်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ကောင်းကင်သို့ ထိုးထွက်နေသော ဓားကြီးတစ်ချောင်းနှင့်ပင် တူလှသည်။

၎င်းသည် ကောင်းကင်သို့ ထိစပ်နေပြီး မြေကြီးကို ယင်နှင့်ယန် လောကနှစ်ခုအဖြစ် ပိုင်းခြားထားလေသည်။ ကောင်းကင်၌ ကြယ်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လက်နေသော ဓားအလင်းရောင်ကို ကြည့်ရင်း အရပ်မျက်နှာအားလုံးမှ တလိပ်လိပ်တက်လာသော ဓားစွမ်းအင်ကို ခံစားရင်း စုရွှမ်သည် မှင်တက်မိသွားသည်။

ဤသည်မှာ သူ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။

"ကောင်လေး ငါ့ဆီကို လာခဲ့"

စုရွှမ် တုန်လှုပ်နေစဉ်မှာပင် ရုတ်တရက် တိုးလျသော အသံတစ်သံကို ကြားလိုက်ရသည်။ မနေ့ညက အသံနှင့် တထေရာတည်းပင်။

"ဟုတ်တယ်... ဒီအသံပဲ။ ဘိုးဘေးကြီးတာယန်က သက်ရှိထင်ရှား ရှိနေသေးပုံပဲ..."

All Chapters