စိတ်အာရုံ ဟွမ်သွမ့်မျိုးစေ့ကြာပန်းစိမ်း
Vol. 2 Ch. 16
မြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေအတွင်း၌ နှစ်သောင်းချီသက်တမ်းရှိသော ရေခဲတလားတစ်လုံးထဲတွင် အမှန်တကယ် မဟုတ်သကဲ့သို့ ထင်မှတ်ရလောက်အောင် လှပသော အမျိုးသမီးတစ်ဦးသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်လေသည်။
အကယ်၍ မြင့်မြတ်နယ်မြေမှ မည်သူမဆို ဤနေရာ၌ ရှိနေပါက သူတို့၏ ဦးရေပြားများ ထုံကျင်သွားသည်အထိ အလွန်အမင်း တုန်လှုပ်သွားကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ အကြောင်းမှာမူ ဤအမျိုးသမီးသည် တာယန်မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့သော တည်ထောင်သူဘိုးဘေးနှင့် တစ်ထေရာတည်း တူညီနေသောကြောင့်ပင် ဖြစ်၏။
နတ်အလင်းရောင်များ ထွက်ပေါ်လာကာ စုရွှမ်၏ ကျင့်ကြံနေသော မြင်ကွင်းသည် ထိုအမျိုးသမီး၏ မျက်လုံးများထဲတွင် ထင်ဟပ်လာလေသည်။
“ကောင်လေးကောင်းတစ်ယောက်ပါလား။ သူမှာ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ရှိနေတာပဲ။ ငါရဲ့ မြင့်မြတ်နယ်မြေက မျိုးဆက်များအကြား ဒီလိုပါရီရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မယ်လို့ ငါလုံးဝမထင်ခဲ့မိဘူး”
တစ်ခဏမျှအကြာတွင် ထိုအမျိုးသမီး၏ အပြုံးသည် ပန်းတစ်ပွင့်ကဲ့သို့ လှပကာ ကမ္ဘာလောက၏ အလှတရားအချို့ကိုပင် ဆောင်ယူသွားသကဲ့သို့ ရှိလေသည်။
“ဒါပေမဲ့ သူဒီအတိုင်း ကျင့်ကြံနေမယ်ဆိုရင် အဘိုးကြီးတချို့က သူကို ပစ်မှတ်ထားကြလိမ့်မယ်ဆိုတာ မသိဘူးလား။”
ထိုအမျိုးသမီးသည် လှဲလျောင်းနေရာမှ သူမ၏ လက်များကို အနည်းငယ် မြှောက်လိုက်သည်။ တစ်ခဏအတွင်းမှာပင် အလင်းတန်းတစ်ခုသည် တားမြစ်နယ်မြေမှ ထွက်ပေါ်လာပြီး စုရွှမ်၏ မြင့်မြတ်သားတော်ခန်းမဆီသို့ တဟုန်ထိုး သွားလေသည်။
၎င်းသည် အကာအရံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မြင့်မြတ်သားတော်ခန်း တစ်ခုလုံးကို ပြင်ပလောကနှင့် သီးခြားဖြစ်သွားစေခဲ့သည်။
“ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ လက်ရှိအခြေအနေက အရမ်းဆိုးရွားနေတယ်။ ဖြစ်နိုင်ရင် ဒီကောင်လေးကို ဒီကိုခေါ်ထားချင်မိတယ်”
“ဟွမ်သွမ့်စွမ်းအင်နဲ့ဆိုရင် ငါ ပိုမြန်မြန် ပြန်ကောင်းလာနိုင်မှာ...”
ကျင့်ကြံခြင်း၌ နစ်မြုပ်နေသော စုရွှမ်သည် ဤအရာအားလုံးကို သဘာဝကျကျပင် မသိရှိခဲ့ပေ။ ထို့အပြင် စုရွှမ်သာ သိခဲ့လျှင်ပင် သူ နားလည်ရန် ခက်ခဲပေလိမ့်မည်။
ထိုအချိန်တွင် တာယန်မြင့်မြတ်နယ်မြေ၏ တောင်ထိပ်တစ်ခုပေါ်၌။
ရုပ်ရည်ချောမောသော လူတစ်ဦးသည် မြင့်မြတ်သားတော်ခန်းမ
ကို အဝေးမှ လှမ်းကြည့်နေပြီး သူ၏ မျက်နှာမှာ ညိုမှောင်နေကာ မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်သော အကြည့်များ ထွက်ပေါ်နေလေသည်။
“လင်းယွီ၊ မင်း အဲ့ဒီ သောက်ကျိုးနည်း မြင့်မြတ်သားတော် ကို ကြည့်မရတာ ကြာပြီမလား။”
ရုတ်တရက် အခြားလူတစ်ဦး ရောက်လာပြီး လင်းယွီအနားသို့ ချဉ်းကပ်ကာ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“စွန်းဟောက် မင်းကရော အတူတူပဲ မဟုတ်ဘူးလား။”
လင်းယွီသည် စွန်းဟောက်ကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်သည်။
ထိုလူနှစ်ဦးစလုံးမှာ အသက် နှစ်ဆယ့်ငါးနှစ် သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်အရွယ်ခန့် ရှိကြပြီး သူတို့၏ ကျင့်ကြံမှုအဆင့်မှာ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် တတိယသွင်ပြောင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တာယန်မြင့်မြတ်နယ်မြေတစ်ခုလုံးတွင်ပင် သူတို့သည် အမှန်တကယ် ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးသည် စုရွှမ်ကို ကြည့်မရသည့်အပြင် မုန်းတီးကာ အထင်မြင်သေးကြလေသည်။
စုရွှမ် ရှိနေသောကြောင့်ပင် သူတို့နှစ်ဦး မည်မျှပင် ထူးချွန်စေကာမူ တောင်ကိုးလုံး၏ အဓိကတပည့်များသာ ဖြစ်နိုင်ပြီး မြင့်မြတ်သားတော်များ ဖြစ်လာနိုင်မည် မဟုတ်ပေ။ သူတို့ မကျေနပ်ကြပေ။
အဘယ်ကြောင့် စုရွှမ်သည် မြင့်မြတ်နယ်မြေသို့ ဝင်ရောက်သည်နှင့် မြင့်မြတ်သားတော်တစ်ပါး ဖြစ်လာရသနည်း။ ဤမျှနှစ်များစွာ ကြိုးစားပမ်းစား ကျင့်ကြံခဲ့ပြီးသည့်တိုင် သူတို့သည် စုရွှမ်၏ စတင်ရာနေရာသို့ပင် မည်သည့်အခါမှ မရောက်နိုင်ကြချေ။
တစ်ဦးမှာ သတ်ဖြတ်ခြင်းခုနစ်သွယ်အရှင်သခင်ခန္ဓာ ပိုင်ရှင်ဖြစ်ပြီး အခြားတစ်ဦးမှာ ဆန်းကြယ်ရေခဲခန္ဓာ ပိုင်ရှင်ဖြစ်သည်။
သူတို့သည် ပါရမီရှင်များဟု မယူဆထိုက်ကြသလော။ သို့သော် စုရွှမ်ကြောင့် သူတို့ မြင့်မြတ်နယ်မြေအတွက် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ စုရွှမ်ထက် နိမ့်ကျသူများသာ ဖြစ်ကြရသည်။ စုရွှမ်ကို မြင်သည့်အခါ သူတို့သည် မြင့်မြတ်သားတော်ဟု တလေးတစား ခေါ်ဆိုရပေမည်။
“ဒီတစ်ခေါက် တောင်ကိုးလုံးပြိုင်ပွဲမှာ ငါ ထိပ်ဆုံးက ရပ်တည်ရမယ်။
ငါ စုရွှမ်ကို စိန်ခေါ်ချင်တယ်။ မြင့်မြတ်နယ်မြေ စည်းကမ်းအရ သက်တူရွယ်တူတွေထဲမှာ အနိုင်ရတဲ့သူက မြင့်မြတ်သားတော်နေရာကို အစားထိုးနိုင်တယ်။ ငါ ဒီနေ့ကို စောင့်နေတာ ကြာပြီ။”
သတ်ဖြတ်ခြင်းခုနစ်သွယ်အရှင်သခင်ခန္ဓာပိုင်ရှင် လင်းယွီက အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“ဟားဟား၊ ငါလည်းအတူတူပဲ။ မြင့်မြတ်သားတော်နေရာကို စုရွှမ် ထိုင်နိုင်မှတော့ ငါ စွန်းဟောက် က ဘာလို့ မထိုင်နိုင်ရမှာလဲ။”
တာယန်မြင့်မြတ်နယ်မြေ၏ အပြင်ဘက်တွင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေသည် သတင်းထူးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာမှုနှင့်အတူ ဆူပွက်လာခဲ့သည်။
“ယောင်ကွမ်းမြင့်မြတ်သားတော် နှင့် ယောင်ကွမ်းမြင့်မြတ်သမီးတော် တို့သည် တာယန်မြင့်မြတ်နယ်မြေအပြင်ဘက်ရှိ ယင်းယွဲ့မျှော်စင်၌ ပေါ်ထွက်လာခဲ့သည်။ ယောင်ကွမ်းမြင့်မြတ်သခင်မသည် နောက်ထပ် အောင်မြင်မှုကြီးတစ်ခု ရရှိခဲ့ဟန်တူ၏။ သူမအား မြင့်မြတ်သော အရှိန်အဝါများက ဖုံးလွှမ်းထားပြီး သူမသည် အလွန်ပင် ထူးခြားနေလေသည်...”
“ကျီဖူမြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော်သည် တာယန်မြင့်မြတ်နယ်မြေ၏ တောင်ခြေ၌ ပေါ်လာပြီး တာယန်မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော်ကို သူ၏ ခြေဖဝါးအောက်၌ နင်းခြေမည်ဟု ခြိမ်းခြောက်ခဲ့သည်...”
“ဓားခန်းမမှ ဓားသခင်သည် ဓားသားတော်ကို တာယန်သို့ ခေါ်ဆောင်လာခဲ့သည်...”
“လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦးသည် တာယန်မြင့်မြတ်နယ်မြေ၏ တောင်ကိုးလုံးပြိုင်ပွဲသည် ကလေးကစားသကဲ့သို့သာ ဖြစ်ပြီး သူတစ်ဦးတည်းက အရာအားလုံးကို နိုင်ယူနိုင်သည်ဟု ကြေညာခဲ့သည်...”
(T/N - သတင်းစကားမို့စကားပြေပုံစံနဲ့ပဲရေးလိုက်ပါတယ်)
တာယန်မြင့်မြတ်နယ်မြေ၏ တောင်ကိုးလုံးပြိုင်ပွဲသည် အင်အားစုများနှင့် ပါရမီရှင်များစွာကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်နိုင်သော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်သော်လည်း အခွင့်အရေးကို အသုံးချကာ နာမည်ကြီးလိုသူများလည်း များစွာရှိနေလေသည်။
ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာ၏။ မြင့်မြတ်သားတော်ခန်းမဆောင်အတွင်းရှိ စုရွှမ်သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သဘာဝရတနာများအားလုံးကို စုပ်ယူရန်အတွက် သူသည် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၏ နိုးထမှုတိုးတက်နှုန်းသည်လည်း ၃ % သို့ ရောက်ရှိသွားခဲ့သည်။
ဤသည်မှာ အတော်ပင် ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်သည်။ သို့သော် ၎င်းသည် စုရွှမ်ကို ခေါင်းခဲစေခဲ့သည်။ ဆယ်နှစ်ကျော်ကြာ ကြိုးစားပမ်းစား ရယူခဲ့ရသော ရှားပါးရတနာများသည် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၏ နိုးထမှုကို ၂ % သာ အရှိန်မြှင့်ပေးနိုင်ခဲ့သည်။
ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကို အပြည့်အဝ နိုးထစေရန် နတ်ဘုရားရတနာများနှင့် မြင့်မြတ်ဆေးပင်များ မည်မျှလိုအပ်မည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ သို့သော်လည်း စုရွှမ်သည် စိတ်ဓာတ်မကျခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ခန္ဓာပေါင်း သုံးထောင်တွင် အဆင့်တစ်၌ ရပ်တည်သော အဓိပတိခန္ဓာဖြစ်ရာ နိုးထရန် ကြိုးပမ်းအားထုတ်မှု အချို့လိုအပ်သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။
တစ်နာရီအကြာတွင်။
"ဒင်! လက်ထက်ပြီး စတုတ္ထနေ့တွင် စိတ်အာရုံ ဟွမ်သွမ့်မျိုးစေ့ ကြာစိမ်းပန်းကို ဆုချီးမြှင့်ပါမည်။"
ဘုန်း!
စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည့်အခိုက်အတန့်တွင်။
ရုတ်တရက်!
စုရွှမ်၏ ခြေဖဝါးအောက်၌ တစ်စုံတစ်ခုသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာတော့မည့်အလား ဟင်းလင်းပြင်၌ လှိုင်းဂယက်များ ရုတ်တရက် ပေါ်ပေါက်လာသည်။
နောက်တစ်စက္ကန့်တွင် လှပသော နတ်အငွေ့အသက်များ ဆက်တိုက်ဆိုသလို လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး စုရွှမ်၏ ခြေဖဝါးပတ်လည်၌ ဝေ့ဝဲနေလေသည်။
နတ်အငွေ့အသက်များသည် တဖြည်းဖြည်း ပို၍ သိပ်သည်းလာပြီး နတ်ငှက်များ၏ ပုံရိပ်ယောင်အမျိုးမျိုးသည် ၎င်းအတွင်း၌ ပေါ်ပေါက်လာကာ ခုန်ပျံကခုန်နေကြသည်။
“စိတ်အာရုံ။ ဟွမ်သွမ့်မျိုးစေ့ကြာပန်းစိမ်း” စုရွှမ်သည် တုန်လှုပ်သွားသည်။
ခေတ်အဆက်ဆက်တွင် အထူးချွန်ဆုံး ပါရမီရှင်များသာလျှင် သာမန်ထက်ထူးကဲသော စိတ်အာရုံများကို ကျင့်ကြံနိုင်ခဲ့ကြပြီး ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်း၏ သင်္ကေတတစ်ခု ဖြစ်သည်။ ရှေးခေတ်ကာလများတွင် ဧကရာဇ်သားတော်အချို့ပင်လျှင် သာမန်ထက်ထူးကဲသော စိတ်အာရုံများကို မကျင့်ကြံနိုင်ခဲ့ကြပေ။
ခြွင်းချက်မရှိဘဲ သာမန်ထက်ထူးကဲသော စိတ်အာရုံများကို ရရှိခဲ့သော ပါရမီရှင်အားလုံးသည် နောက်ဆုံးတွင် မဟာဧကရာဇ်များ သို့မဟုတ် ထိုထက်ပင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ၎င်းကို မဟာဧကရာဇ်စိတ်အာရုံဟုလည်း ခေါ်ဆိုကြသည်။
စုရွှမ် အံ့အားသင့်နေစဉ်မှာပင်။ ချက်ချင်းဆိုသလိုပင် စုရွှမ်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ကွဲကြေသွားလေသည်။ အဆုံးစမဲ့သော ဟွမ်သွမ့်စွမ်းအင်များသည် စုရွှမ်ကို ဝန်းရံထား၏။
သူ့၏ ခြေဖဝါးအောက်၊ နယ်နိမိတ်မဲ့သော မြေကွက်လပ်၌ အရောင်အသွေးစုံလင်သော နတ်ရွှံ့တစ်ကွက် ရှိနေသည်။
ဘုန်း!
ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ ကြာပန်းတစ်ပွင့်သည် ရွှံ့နွံများထဲမှ ပေါ်ထွက်လာလေသည်။ ဤသည်မှာ ဟွမ်သွမ့်အငွေ့အသက်ကို ထုတ်လွှတ်နေသော ရှေးဟောင်းကြာပန်းစိမ်းတစ်ပွင့် ဖြစ်သည်။
စုရွှမ်သည် တုန်လှုပ်သွား၏။ ဤဟွမ်သွမ့်ကြာစိမ်းသည် စကြဝဠာ စတင်ဖွဲ့စည်းခဲ့သည့် ဟွမ်သွမ့်ကာလအတွင်း ပထမဆုံး ပေါ်ပေါက်ခဲ့သော သက်ရှိအပင် ဖြစ်သည်။
ယခုအခါတွင်မူ ဤဟွမ်သွမ့်ကြာပန်းစိမ်းသည် သူ၏ ကိုယ်ပိုင်စိတ်အာရုံ ဖြစ်လာခဲ့သည်။ ဟွမ်သွမ့်ကြာပန်းစိမ်းသည် စုရွှမ်၏ နောက်ကျောတွင် ပေါ်လာပြီး ကြောက်မက်ဖွယ် တာအိုသံစဉ်များဖြင့် ပြည့်နှက်ကာ ကောင်းကင်ကို ထောက်ပံ့ထားသကဲ့သို့ အလွန် မြင့်မြတ်လှသည်ကို တွေ့မြင်ရ၏။
ဤသည်မှာ စိတ်အာရုံ ဟွမ်သွမ့်ကြာပန်းစိမ်းပင်တည်း။
“ဒီစိတ်အာရုံက အစွမ်းထက်ရုံသာမက ငါ့ရဲ့ ကျင့်ကြံမှုနဲ့ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ နိုးထမှုကိုပါ အရှိန်မြှင့်ပေးနိုင်ပုံရတယ်...” စုရွှမ်သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ကြာပန်းစိမ်း ပေါ်ထွက်လာပြီး ဟွမ်သွမ့်စွမ်းအင်များ ဝေ့ဝဲနေသည်မှာ သူ၏ ကိုယ်ပိုင် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာနှင့် အပြန်အလှန် ဖြည့်ဆည်းပေးနေသကဲ့သို့ ဖြစ်ရာ သူ့အတွက် အလွန်အကျိုးရှိလှသည်။
မနက်ဖြန်တွင် သူ ထူးခြားသော ဖြစ်စဉ်ကို ထုတ်ဖော်လိုက်သည့်အခါ အင်အားစုအသီးသီးမှ ပါရမီရှင်များ ကြောက်လန့်သွားကြမည့် မြင်ကွင်းကို တွေးမိသောအခါ စုရွှမ်သည် ဖော်ပြ၍မရနိုင်သော မျှော်လင့်ချက်ကို ခံစားလိုက်ရသည်။
“ရွှေရောင်ပါရမီရှင်တို့ မနက်ဖြန်ကတော့ ငါ့ရဲ့ အိမ်ကွင်းပဲ”