ကပ်ဆိုးကြီးလာနေပြီ
Vol. 3 Ch. 169
ဟိရာကလိက ပုဆိန်နှစ်ဖက်ကို ဆွဲမလိုက်ပြီး နက်ဆန်ဆီကို တည့်တည့်ပြေးဝင်လာတယ်။ နက်ဆန်က ပျင်းရိနေတဲ့ပုံစံနဲ့ ပလ္လင်ပေါ်မှာ ဆက်ထိုင်နေသေးပြီး မေးကိုလက်ထောက်လို့ သူ့ဆီပြေးဝင်လာတဲ့ ဆီနိတ်တာကို မကြောက်မရွံ ကြည့်လို့နေပါတယ်။
“ရိုင်းစိုင်းလိုက်တာ...”
ထန်း...
သတ္တုချင်းထိခတ်မိသံတချို့ ထွက်ပေါ်လာပြီးနောက် ဟိရာကလိက ရှေ့ဆက်မဆက်နိုင်တော့ဘဲ သူ့ရှေ့က မြင်ကွင်းကို ကြည့်လိုက်တယ်။ မော်လီရဲ့အိမ်စေ ဝတ်စုံက လှုပ်ခတ်နေပြီး သူ့လက်ထဲက ကြိုးတပ်တံစဥ်က ပုဆိန်တွေကိုရစ်ပတ်တားဆီး ထားခဲ့ပါတယ်။ ခန်းမကြီးတစ်ခုလုံးကို အေးစက်စက် ခံစားချက်တစ်ခုက ဖုံးလွှမ်းထားတဲ့အတွက် ဆဲလ်ဆာအဖွဲ့ဝင်တွေ နောက်ကိုဆုတ်သွားကြရတယ်။
သူတို့ကို ဧရာမသားရိုင်းကြီးတစ်ကောင်က အမဲလိုက်ဖို့ချောင်းနေတယ်လို့ခံစားရပြီး အဲဒီအကြောက်တရားကြောင့် သူတို့စိတ်တွေဟာ မခိုင်မာတော့ဘဲ ကြမ်းပြင်မှာမားမားမတ်မတ် ရပ်နိုင်ဖို့တောင်မှ ရုန်းကန်နေရတယ်။
ဟိရာကလိကတော့ ပုဆိန်ကိုပိုအားစိုက်လိုက်ပြီး မော်လီကိုပြန်တွန်းထုတ်ဖို့ ကြိုးစားနေပါတယ်။
“ခွန်အားသုံးပြီး ဆီးနိတ်နဲ့ဆဲလ်ဆာတွေအပေါ် ဖိအားပေးမယ့် မင်းဆိုးမင်းညစ်အယ်ဒါတစ်ယောက်ကို ကျုပ်မလိုချင်ဘူး။ ဒီကလေးက အမှောင်ကျောင်းတော်ကို ဖျက်ဆီးပစ်လိမ့်မယ်။”
ဟိရာကလီက အော်ဟစ်လိုက်တယ်။ သူ့လေသံက မာကျောလှပြီး သတ္တိရှိတဲ့လူမှန်တစ်ယောက်လို ထင်ရပေမဲ့ မော်လီနှုတ်ခမ်းက ကွေးညွှတ်သွားတယ်။
“ဟမ်... အင်အားသုံးပြီး သခင့်ကိုဖိနှိပ်ဖို့ လုပ်နေတာ ဘယ်သူလဲ။ ကြောက်စိတ်ကို အော်ဟစ်ပြီးဖျောက်ဖို့ ကြိုးစားနေတာရပ်လိုက်တော့။ ရှင့်လက်တွေ တုန်နေပြီ။”
“ဟမ်....”
ဟိရာကလိက သူ့လက်သူကြည့်လိုက်တယ်။ တကယ်ပဲမော်လီပြောတဲ့အတိုင်းပဲ သူ့လက်တွေဟာ အကြောက်လွန်နေသူတစ်ယောက်လိုမျိုး တုန်ယင်လို့ နေခဲ့ပါတယ်။ ဟိရာကလိ သူ့ကိုယ်သူထိန်းချုပ်ဖို့အတွက် ကြိုးစားလိုက်ပေမဲ့ မော်လီက သူ့ထက်ပိုမြန်တယ်။
“အားနည်းတယ်...”
ဘုန်း...
မော်လီရဲ့ညာခြေက မြောက်တက်လာပြီး ဟိရာကလိ ရင်ဝကိုလာထိမှန်တယ်။ ဂါဝန်အနားစက လိုက်ကာ တစ်ခုလိုမျိုး တဖြတ်ဖြတ်လှုပ်ယမ်းနေပြီး စည်းချက် ညီစွာနဲ့ဟိရာကလိ နောက်ကိုလွင့်ထွက်သွားကာ ကြေးတံခါးဘောင်နဲ့ ဝင်တိုက်မိတယ်။
“မဖြစ်နိုင်တာ... မင်းကဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ။”
ဟိရာကလိပြန်ပြုတ်ကျလာချိန်မှာတော့ နှုတ်ခမ်း ထောင့်ကနေ သွေးတွေစီးကျနေပါပြီ။ သူပြုတ်ကျတဲ့ နေရာမှာ အက်ကွဲကြောင်းတွေကျန်နေရစ်တယ်။ ဆဲလ်ဆာအဖွဲ့တွေကတော့ အခြေအနေမဟန်မှန်း သိတဲ့အတွက်ကြောင့် ခန်းမထဲကနေ အပြီးထွက်ပြေးဖို့ ကြိုးစားနေကြပြီ။
“သိပ်တော့ မအံ့ဩမိပါဘူး။ မင်းကဖုတ်ကောင် ဘုရင်မပဲဥစ္စာ။ ဒါပေမဲ့ အဆင့်တူအယ်ဒါကို နာခံအောင်လုပ်နိုင်တဲ့ နတ်ဆိုးဝင်စားသူကိုတော့ နည်းနည်းပိုစိတ်ဝင်စားမိသွားပြီ။”
“ဒါပေမဲ့ ဒါက ဇာတ်သိမ်းမဟုတ်သေးဘူး။”
ဟိရာကလိက သူသယ်လာတဲ့အိတ်ကြီးကို ဖွင့်လိုက်တယ်။ အတွင်းမှာရွှေစင်အတိနဲ့လုပ်ထားတဲ့ သိမ်းငှက်ရုပ်ပါပြီး သူ့လက်နဲ့ထိလိုက်တာနဲ့ သိမ်းငှက်က မျက်လုံးတွေပွင့်လာကာ သူ့အနားမှာ ပတ်ပျံပါတယ်။
“အခုမှ တကယ့်တိုက်ပွဲကစတာ။” ဟိရာကလိက သူ့လက်မောင်းကိုသူ ဓားနဲ့လှီးဖြတ်လိုက်တယ်။ သူ့သွေးစက်တွေက မြေပေါ်ကိုကျသွားရမယ့်အစား အပ်ချည်မျှင်တန်းတွေအဖြစ်ပြောင်းသွားပြီး အနားမှာရှိနေသေးတဲ့ ဆဲလ်ဆာအဖွဲ့ဝင် ရာကျော်ဆီပြေးဝင်သွားတယ်။
“အား....”
အော်ဟစ်သံတွေ ပြီးဆုံးသွားတဲ့အချိန်မှာတော့ ဆဲလ်ဆာအဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး ရုပ်သေးဆန်ဆန် နက်ဆန်နဲ့အဖွဲ့ဆီ လှည့်ကြည့်လိုက်ကြတယ်။ သူတို့ခန္ဓာကိုယ်ပေါ်မှာ ရွှေရောင်အလင်းလွှာတစ်ခုရှိနေပြီး ကြောက်စရာ စွမ်းအားကြီးတစ်ခုကျဆင်းလာသလိုမျိုး အားလုံး ခံစားလိုက်ရပါပြီ။
“မကောင်းတော့ဘူး၊ ဒီကောင်က အမှောင် ကျောင်းတော်ရဲ့တားမြစ်မှော်ပညာ သွေးရုပ်သေးအကကို သူ့လူတွေအပေါ်သူ ပြန်သုံးနေတာပဲ။”
အသစ်ဆက်ဆက်ခန့်အပ်ခံထားရတဲ့ ဆီနိတ်တာ မက်ဆီမက်က မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ပြောလိုက်တယ်။ နက်ဆန်ကတော့ ပလ္လင်ပေါ်ကနေ ထလိုက်ပြီး ဟိရာကလိကိုပြောလိုက်တယ်။
“အခုဆဲလ်ဆာအဖွဲ့ကို ဖိအားပေးပြီးထိန်းချုပ်နေတာ ဘယ်သူလဲ ဆီနိတ်တာဟောင်းကြီးဟိရာကလိ။”
နက်ဆန်က ရှေ့ကိုလျှောက်ထွက်လာတယ်။ သူ့လက်ကို ဖြန့်လိုက်တာနဲ့ ပါစီဗယ်က ဓားအဖြစ်ပြောင်းပြီး လက်ထဲရောက်လာတယ်။ တခြားဆီနိတ်တာတွေဖြစ်တဲ့ မော်လီ၊ နာတာရှာ၊ အိုလီရာနာ၊ မက်ဆီမက်၊ ဩတေဗီယန်၊ မိုက်ကယ်တို့က နက်ဆန်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ နေရာဝင်ယူလိုက်တယ်။ ဆယ်ဗီကတော့ ပလ္လင်နောက်မှာ ဝင်ပုန်းနေပြီး မိုနီကာကိုတော့ ဘယ်နေရာမှာမှမတွေ့ရတော့ဘူး။
“သခင်၊ ဆဲလ်ဆာအဖွဲ့ဝင်တွေက အသက်ရှိနေတုန်းပဲ။ သခင့်အမိန့်ကိုပြောပါ။”
မော်လီက နက်ဆန်ကိုသတိပေးလိုက်တယ်။ နက်ဆန့်မျက်နှာပေါ်မှာ အနည်းငယ်တွေဝေနေတဲ့ ပုံစံမျိုးပေါ်လာပြီးပြောလိုက်တယ်။
“ သူတို့ကို မသေစေနဲ့။”
အဲဒီနောက်တော့ နက်ဆန်နဲ့အသစ်ဆက်ဆက် ခန့်အပ်ခံထားရတဲ့ ဆီနိတ်တာအုပ်စုက ထိန်းချုပ်ခံ ဆီနိတ်တာရာဂဏန်းနဲ့ဟီရာကလိကို ရင်ဆိုင်ဖို့ ဖြစ်လာခဲ့တယ်။
...
“အို့ရာ... ကြည့်ရတာ တိုက်ပွဲစနေပြီနဲ့တူတယ်။”
မြေပြင်က သိမ့်ခနဲလှုပ်သွားတဲ့အတွက် ဓာတ်တိုင် တစ်တိုင်ကိုမှီရင်း အဝေးကိုငေးကြည့်နေခဲ့တဲ့ အယ်မာက ပြောလိုက်တယ်။ သူ့ဘေးနားမှာတော့ ဒါလီယာရှိနေပြီး သူတို့တွေက နန်းတက်ပွဲလုပ်နေတဲ့ ချက်ကျောင်းနဲ့ မနီးမဝေးနေရာမှာ ရှိနေခဲ့ကြတာပါ။
တီ.. တီ... တီ...
အဲဒီအချိန်မှာပဲ အယ်မာရဲ့ဖုန်းက တုန်ခါလာတယ်။ အယ်မာက ဖုန်းကိုဖွင့်လိုက်တော့ နံပါတ်စိမ်းတစ်ခု ဖြစ်နေခဲ့ပေမဲ့မချဘဲ ကိုင်လိုက်တယ်။
“ဟယ်လို၊ ဘယ်သူလဲ။”
“အခုပြောနေတာ EUOC ကောင်မရှင်နာမင်းကြီးပဲ။ မစ်အယ်မာ၊ ငါမင်းကို တပ်ဖွဲ့၆ရဲ့တပ်မှူးအဖြစ် ရာထူးခဏတိုးပေးလိမ့်မယ်။ တပ်ဖွဲ့၆က မင်းနဲ့ လာပူးပေါင်းလိမ့်မယ်။”
အယ်မာက ဒီစကားကိုကြားတော့ မျက်ခုံးပင့်ရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတယ်။ ဘင်ကားတွေ အများကြီးပါဝင်တဲ့ ကားတန်းတစ်တန်းက သူ့အနားမှာထိုးရပ်တယ်။ အနက်ရောင် လေကာမျက်မှန်၊ အနက်ရောင်ကျည်ကာဝတ်စုံတွေ ဝတ်ဆင်ထားပြီး မှော်စွမ်းအင်ကျည်သုံးသေနတ် ကိုင်ဆောင်ထားကြတဲ့ တပ်သားသုံးရာခန့်က ကားတွေပေါ်ကနေ ဆင်းလိုက်ပြီး သူ့ရှေ့မှာ အသင့်အနေအထားနဲ့ရပ်နေပါတယ်။
“ဘာတွေဖြစ်နေတာလဲ။ ရှင်ပဲကျွန်မကို ရာထူးချထားတာမဟုတ်ဘူးလား။”
အယ်မာက ပြန်မေးတော့ တစ်ဖက်က သက်ပြင်း ချလိုက်ရင်းနဲ့
“အခုက အရေးပေါ်အခြေအနေပဲ။ ဓားသူတော်စင် ဆားဗီးရပ်က ရောမမြို့နားကိုရောက်နေပြီ။ တပ်ဖွဲ့ ၂၊ တပ်ဖွဲ့ ၅နဲ့ တပ်ဖွဲ့ ၉က သူ့ကိုတားဖို့လုပ်ပေမဲ့ မအောင်မြင်ဘူး။ မင်းလုပ်ရမယ့်မစ်ရှင်က အဲဒီသွေးစာနေတဲ့ကောင်ကို အမှောင်ကျောင်းတော်နား ပေးမကပ်ဖို့ပဲ။”
မစ်ရှင်အကြောင်းနားထောင်ပြီးတဲ့နောက် အယ်မာရဲ့ခန္ဓာကိုယ်က အနည်းငယ်တောင့်တင်း သွားပြီး လက်ထဲမှာအသင့်ကိုင်ထားတဲ့ မှော်နှင်တံ အောက်ကိုပြုတ်ကျသွားတယ်။
ချောက်....
“ရှင်က ကျွန်မကို ရှင့်အတွက် အသေခံခိုင်းနိုင်တာလား။”
“ဆားဗီးရပ်က နက်ဆန်နဲ့တွေ့ရင် လုံးဝ ညှာနေမှာမဟုတ်ဘူး။ ရောမနဲ့ရောမမြို့မှာနေနေတဲ့ လူဦးရေ၂.၇သန်းလုံး ပြာဖြစ်သွားလိမ့်မယ်။ မင်းလုပ်ရမှာက ဂျေဇူးဝပ်တွေနဲ့ငါတို့ လူတွေကို ပြောင်းရွှေ့နေတုန်း အဲဒီကောင်ကိုအချိန်ဆွဲထားဖို့ပဲ။ လူလုပ်နတ်တစ်ပိုင်းကို ထိန်းကျောင်းရတဲ့သူရဲ့တာဝန်က ဒါပဲလေ။”
တူ... တူ... တူ...
စကားကုန်ပြောပြီးတဲ့နောက်တော့ တစ်ဖက်က ဖုန်းချလိုက်တဲ့အတွက် အယ်မာတောက်တစ်ချက် ခေါက်လိုက်တယ်။ အဲဒီနောက် မှော်နှင်တံကို ပြန်ကောက်ယူလိုက်ရင်း ဒါလီယာကိုကြည့်လိုက်တယ်။
“ငါ့ကို သူက ဒီကလေးမနဲ့ ရှေးအယ်ဒါအဆင့် ရောက်လုနီးပါးလူတစ်ယောက်ကို ယှဥ်စေချင်တာလား။”
အယ်မာက အဆင့်မြင့်မှော်ဆရာတစ်ယောက်သာ ဖြစ်တဲ့အတွက်ကြောင့် ဆားဗီးရပ်ကိုတားဖို့အတွက် မဖြစ်နိုင်ပါဘူး။ ဒါလီယာက အစွမ်းထက်ပြီးတော့ စွမ်းအားတွေကို ပုံတူကူးနိုင်တယ်ဆိုပေမဲ့...
...
“ဂါး....”
အသိစိတ်မဲ့နေတဲ့ ဆဲလ်ဆာတစ်ယောက်က နာတာရှာကို တိုက်ခိုက်လိုက်တယ်။ နာတာရှာက မှော်နှင်တံကို ဝေ့ယမ်းလိုက်ပြီး လေလှိုင်းတစ်ခု ဖန်တီးကာ တားဆီးလိုက်ပါတယ်။ ဒါပေမဲ့ နောက်ထပ်ဆဲလ်ဆာတွေအများကြီး လာနေဆဲဖြစ်ပြီး ဆိနိတ်တာခြောက်ယောက်လုံးက လွှမ်းမိုးခံနေရပါတယ်။
“ဘယ်လိုလဲ၊ အဲယ်ဒါဖြစ်ချင်တဲ့ကောင်လေးရ။ အခုတော့ အမြီးလေးကုပ်လို့ပါလား။”
နက်ဆန်က မျက်မှောင်ကုပ်ထားပြီး သူ့ရဲ့ဓားနဲ့ ဟိရာကလိကို လိုက်လံထိုက်ခိုက်နေပါတယ်။ သူ့ပုံစံက အေးဆေးတည်ငြိမ်နေပြီး ပုဆိန်နှစ်လက်အပြင် ပျံသန်းနေတဲ့ရွှေငှက်ကြောင့် ပိုစွမ်းအားကြီးနေတဲ့ ဟီရာကလိကို တန်းတူပြန်ပြီး ရင်ဆိုင်နိုင်နေတယ်။
ဟီရာကလိက တည့်တိုးသမားပါ။ ရော့ဝဲလ်လို အယ်ဒါအဆင့်ရောက်နေသူမဟုတ်သလို မာရီယာလိုလည်း အကြံမများပါဘူး။ ဒီအတိုင်း ဆီနိတ်တာတစ်ယောက်ရဲ့စွမ်းအားမျိုးသာရှိပါတယ်။ ဒါပေမဲ့ ရွှေသိမ်းငှက်ရုပ်က သူ့ကိုအယ်ဒါနဲ့ညီမျှတဲ့ စွမ်းအားမျိုးပေးထားပြီး ရက်စက်စွာနဲ့ ဆဲလ်ဆာ အဖွဲ့ဝင်တွေကို ထိန်းချုပ်ထားတဲ့အတွက် ဆီနိတ်တာတွေအပေါ် ဝန်ပိုလာစေပါတယ်။
“ချုပ်နှောင်စမ်း....” မက်ဆီမက်က မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။ ဧရာမအခေါင်းကြီးတစ်ခုက လေထုထဲမှာတင်ထွက်ပေါ်လာပြီး ဆဲလ်ဆာအဖွဲ့ဝင် ဆယ်ယောက်ကျော်ကို ပိတ်လှောင်ပစ်လိုက်တယ်။ ဒါပေမဲ့ နောက်ထပ်ဆယ်ဆာဒါဇင်ကျော်ဝင်လာလို့ နေရာမှာရပ်တည်မနေနိုင်ဘဲ ထွက်ပြေးရပြန်တယ်။
ဩတေဗီယန်ကတော့ အနက်ရောင်ဝတ်ရုံကြီးတွေ ဖန်ဆင်းပြီးတော့ ဆဲလ်ဆာအဖွဲ့ဝင်တွေကိုတုပ်နှောင် နေသလို မော်လီကလည်းသံကြိုးတွေကိုအသုံးပြုပြီး ဆဲလ်ဆာတွေကိုအလားတူ ဖမ်းဆီးနေပါတယ်။
“သခင်က ဆဲလ်ဆာအဖွဲ့ဝင်တွေမသေစေနဲ့လို့ အမိန့်ပေးထားတယ်။ သတိထားကြ။”
“နားလည်ပြီ....” အိုလီရာနာကလည်း နွယ်ပင်တွေကို ဖြန့်ကျက်လိုက်ပြီး ဆဲလ်ဆာတွေကိုဖမ်းဆီးပါတယ်။ သူတို့တွေက အတွဲညီညီလုပ်ဆောင်နေပေမဲ့ ရွှေသိမ်းငှက်ရုပ်ရဲ့စွမ်းအားမြှင့်ထားတဲ့ ဆဲလ်ဆာတွေက အရေအတွက်များသလို အားလုံးလိုလိုက အဆင့်မြင့်မှော်ဆရာတွေလိုမျိုး အားကောင်းနေပြန်ပါတယ်။
ဘုန်း... ဘုန်း...
သတိမထားမိလိုက်တာနဲ့ မက်ဆီမက်ရဲ့ခေါင်းတလားကြိီးပေါက်ကွဲသွားပြီး အထဲကဆဲလ်ဆာတွေက အနားကလူတွေကို တိုက်ခိုက်လိုက်တယ်။ စိတ်ညို့မျှော်ပညာနဲ့ ဆဲလ်ဆာတချို့ကိုထိန်းထားတဲ့မိုက်ကယ်လည်း တိုက်ခိုက်ခံရလိုက်ရပြီး သူထိန်းထားတဲ့ဆဲလ်ဆာတွေ လွတ်ကုန်ပါတယ်။ အဲဒီကနေတစ်ဆင့် ဩတေဗီယန်၊ အိုလီရာနာ၊ မော်လီစသည်ဖြင့် ဟန်ချက်ပျက်ကုန်ပြီး ပြန်လည်ရုန်းကန်ကြရပြန်တယ်။
“ကြည့်စမ်းပါဦး၊ မင်းလူတွေက ဘယ်လောက်ထိ ခုခံနိုင်မှာမလို့လဲ။ ကြာလာလေလေ လက်ပန်းကျလေဖြစ်ပြီး ရှုံးနိမ့်ကုန်တော့မှာ။”
ထန်း...
ဟိရာကလိက နက်ဆန်ရဲ့ဓားချက်ကိုပယ်လိုက်ရင်း နက်ဆန်ကိုတန်ပြန် တိုက်စစ်ပြန်ဆင်ပါတယ်။ နက်ဆန်လည်း နောက်ကိုပြန်ဆုတ်ပေးရတော့တာပေါ့။
...
“ငါဘာလုပ်ရမလဲ၊ ဘီရန်ကာ။ ငါ့ကိုသူက ဆီနိတ်တာလို့သတ်မှတ်ထားပေမဲ့ ငါကဘာမှ မလုပ်တတ်ဘူးလေ။”
ကျောက်ပလ္လင်ကြီးအကွယ်မှာတော့ ဆယ်ဗီက ခွဲစိတ်ဓားကိုကိုင်ကြီး ဘီယန်ကာဆီကနေ အကြံတောင်းနေတယ်။ ရုတ်တရက်သူ့ကုတ်ပေါ်ကို တစ်ယောက်ယောက်တက်ခွနေသလိုခံစားရပြီး နားနားကိုဘီယန်ကာက တီးတိုးပြောလိုက်တယ်။
“အပေါ်ထပ်ကို မော့ကြည့်လိုက်....”
ဆယ်ဗီလည်း ပြောတဲ့အတိုင်းမော့ကြည့်လိုက်တော့ အပေါ်ထပ်ဝရံတာမှာရပ်နေတဲ့ မိုနီကာကိုမြင်လိုက်ရတယ်။ မိုနီကာက ခန်းမထဲမှာ လျင်မြန်စွာပျံသန်းနေတဲ့ သိမ်းငှက်ရုပ်ကို မှော်နှင်တံနဲ့ချိန်ပြီးတစ်ခုခုလုပ်ဖို့ကြိုးစားနေပေမဲ့ မအောင်မြင်သေးဘူး။
“နင်တစ်ခုခုနဲ့အဲဲဒီအရုပ်ကို ပေါက်ကောက်လိုက်။ အဲဒါဆိုရင် ခဏလောက်ရပ်သွားပြီး မိုနီကာကို ကူသလိုဖြစ်သွားလိမ့်မယ်။”
“နားလည်ပြီ။” ဆယ်ဗီလည်း ချက်ချင်းဆိုသလိုပဲ အကြံရလာပြီး စီးထားတဲ့ဖိနပ်တစ်ဖက်နဲ့ သိမ်းငှက်ရုပ်ကို လှမ်းပစ်တယ်။
“အောင်မလေးဗျ....”
ဒါပေမဲ့ ကံမကောင်းစွာနဲ့ အဖိုးကြီးမက်ဆီမက်ရဲ့ မျက်နှာကိုသွားမှန်ပြီး ဆဲလ်ဆာတွေနဲ့တိုက်နေတဲ့ အဖိုးကြီးခင်ဗျ နှောင့်ယှက်ခံလိုက်ရတာကြောင့် လူအုပ်ကြားထဲပြုတ်ကျပြီး အထောင်းခံရတော့တာပဲ။
“နောက်တစ်ကြိမ်...” ဒါပေမဲ့ဆယ်ဗီက ထပ်တွေးနေဖို့ အချိန်မရတာကြောင့် နောက်ထပ် ဖိနပ်တစ်ဖက်နဲ့ ကောက်ပေါက်လိုက်ပါတယ်။
ဘုတ်....
ဖိနပ်က ငှက်ရုပ်အတောင်ကိုသွားရိုက်မိပြီး ငှက်ရုပ် အရှိန်ခဏသေသွားတယ်။ ဒါကို မိုနီကာက လက်လွှတ်မခံဘဲ မှော်နှင်တံနဲ့ချိန်ကာ ဂါထာရွတ်လိုက်ပါပြီ။
“ ဂလာချက်....”
ဖန်း....
အလင်းတန်းတစ်ခုက သိမ်းငှက်ရုပ်ကိုထိမှန်ပြီး သိမ်းငှက်ရုပ်က လေထဲကနေပြုတ်ကျတယ်။ ဟီရာကလိကိုကာကွယ်ပေးထားတဲ့ ရွှေရောင် အလင်းတွေလည်းပျောက်ကွယ်သွားပြီး....
“အား.....”
နက်ဆန်နဲ့တိုက်နေတဲ့ ဟီရာကလိဆီကနေအော်သံ ထွက်ပေါ်လာတယ်။ သူ့ရင်ဘတ်ကနေ သွေးစွန်းနေတဲ့ တစ်ဝက်တစ်ပြတ်သာမြင်နိုင်တဲ့ လက်ကြီးတစ်ဖက်ဖောက်ထွက်နေတယ်။ မကြာခင်မှာပဲ အဲဒီလက်ပိုင်ရှင်က ကိုယ်ပျောက်နေရာကနေ ဖြည်းဖြည်းချင်း ပြန်ပေါ်လာခဲ့ပါပြီ။ အဲဘတ်ပါ။
“ဒါအလစ်တိုက်တာပဲ....” ဟီရာကလိက အဲဘတ်ရဲ့လက်ကို ပုဆိန်နဲ့ပိုင်းဖြတ်ဖို့ ကြိုးစားတဲ့အတွက် အဲဘတ်နောက်ကို ခုန်ဆုတ်ရတယ်။ ဟိရာကလိကဒဏ်ရာအကြီးအကြီး ရထားပေမဲ့ မားမားမတ်မတ်ရပ်နေဆဲပါ။ သူကလက်ကို မြှောက်လိုက်ပြီး မှော်သင်္ကေတ တချို့ကိုရေးဆွဲဖို့ကြိုးစားတယ်။
“မကောင်းတော့ဘူး... ဒီလူက ဆဲလ်ဆာတွေကို လူသားဗုံးအဖြစ်ပြောင်းပြီး ဖောက်ခွဲပစ်ဖို့ ကြံနေတာပဲ။”
ဩတေဗီယန်က လှမ်းအသိပေးတယ်။ ဆယ်ဗီလည်း အချိန်ဆွဲမနေတော့ဘဲ ခွဲစိတ်ဓားနဲ့ ဟီရာကလိကိုထိုးချိန်တယ်။
“ဘီယန်ကာ၊ သူ့ကိုအပိုင်းပိုင်းဖြတ်ပစ်...”
ဖြန်း....
ဆယ်ဗီစကားမဆုံးခင်မှာပဲ ဟီရာကလိရဲ့ခန္ဓာကိုယ်က သုံးပိုင်းပိုင်းပြီးသား ဖြစ်သွားပြီး မြေပေါ်ကိုတအိအိပြိုလဲသွားတော့တယ်။
“နက်ဆန်... ရှင်ဘာမှမဖြစ်...” ဆယ်ဗီက စိုးရိမ်စွာနဲ့ နက်ဆန်ဆီကိုပြေးသွားလိုက်ချိန်ပေမဲ့ မိုနီကာက ဒုတိယထပ်ကနေ ခုန်ချပြီးဖြစ်ကာ နက်ဆန်ကို သူ့ရင်ထဲ ဆွဲသွင်းပြီးသားဖြစ်နေပြီ။
“ဒါလင်... ကျွန်မဘယ်လိုလုပ်လိုက်လဲ ရှင်မြင်လိုက်လား... အဲဘတ်ကိုကိုယ်ပျောက်ဆေး တိုက်ပြီးတော့ တစ်ချိန်လုံးအခြေအနေ စောင့်ကြည့်နေခဲ့တာလေ။ အားဟားဟားဟား...”
ဆယ်ဗီရဲ့ခြေလှမ်းတွေက ရပ်တန့်သွားခဲ့တယ်။ စိတ်ထဲမှာမတရားသလို ခံစားမိပေမဲ့ ပျော်ရွှင်နေတဲ့ မိုနီကာရဲ့ပုံစံကို တွေ့လိုက်ရပြီးနောက်မှာတော့ ခေါင်းကိုသာ ငုံ့ထားမိလေတော့တယ်။