အပြောင်းအလဲ
Vol. 23 Ch. 332
သားရဲကြီးများကြောင့် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုက ရှောက်ရွှမ် ထင်ထားသည်ထက် ကြီးမားနေသည်။ ရှောက်ရွှမ်သည် နီလာလေး၏ စွမ်းရည်ကို လျှော့တွက်မိသွားသည်။ နောက်ပြီးတော့ အရေးကြီးသည်မှာ အချိန်ဖြစ်သည်။
လပြည့်သောအချိန်သည် သားရဲများ အားနည်းသွားသောအချိန်ဖြစ်ပြီး ထိုအချိန်တွင် ဆူပူသောင်းကျန်းကြခြင်း ဖြစ်သည်။
သို့သော် ကျွန်ပိုင်ရှင်များကတော့ သားရဲကြီးများ ဒေါသူပုန်ထပြီး အချင်းချင်း တိုက်ခိုက်ကြခြင်းကို သဘောကျနေ၏။ သူတို့အတွက်တော့ ထိုအခြေအနေသည် ဖျော်ဖြေမှု ပေးနိုင်သော အခြေအနေဖြစ်နေပေသည်။
တိုက်ပွဲဝင်သားရဲများ ဆူပူအုံကြွမှုဖြစ်ပေါ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားချေ။ သားရဲမြို့တော်သို့ ပြန်ရောက်သောအခါ သူတို့၏ စိတ်ထဲတွင် အပြစ်ရှိသူများအဖြစ် ခံစားရမည်လား။
ရှောက်ရွှမ်သည် မြင့်မားသော သဲသောင်ကုန်းလေးပေါ်မှ ရပ်ပြီး အဝေးတွင်ရှိသော လော့ယဲ့မြို့တော်နှင့် သားရဲမြို့တော်တို့ကို ကြည့်နေသည်။
ထိုနေ့ညက လဲ့နှင့်ထွော်တို့သည် ရှားရှားပါးပါး နှစ်ခြိုက်စွာအိပ်ပျော်သွားသည်။ အဖမ်းခံရသောအချိန်များတုန်းကဆိုလျှင် နေ့ညမပြတ် သတိဝီရိယနှင့် နေခဲ့ရသည်။ အခုတော့ ရှောက်ရွှမ်နှင့် ချာချာရှိနေသဖြင့် သူတို့ စိတ်သက်သာရာရသွားသည်။ ကောင်းကောင်းအိပ်ပျော်သွားပါက မြန်မြန် နာလံထလာပေမည်။
ညသန်းခေါင်ကျော်သောအခါ ငှက်တစ်ကောင်သည် လော့ယဲ့မြို့ဘက်သို့ ပျံသန်းသွားသည်ကို
ရှောက်ရွှမ်တွေ့လိုက်ရသည်။ ထို့နောက် သိပ်မကြာခင် အချိန်အတွင်း အဖွဲ့တစ်ဖွဲ့သည် လော့ယဲ့မြို့မှလူများ စခန်းချရာနေရာသို့ ဝင်ရောကသ်သွားသည်။ ထိုသူများသည် အသံမထွက်ဘဲ လျင်မြန်စွာ ပြေးသွားသည်ကို မြင်လိုက်ရသည်။ ထိုသူများမှာ လော့ယဲ့ဘုရင်က သတင်းစုံစမ်းရန် စေလွှတ်လိုက်သူများ ဖြစ်လိမ့်မည်။
ထိုလူများ အလျင်စလို ပြန်ရောက်လာခြင်းနောက်ကွယ်တွင် အကြောင်းရင်းတစ်ခု ရှိရမည်။
နောက်တစ်နေ့တွင် ရှောက်ရွှမ်သည် စူးကုကို ရှာဖွေရန် တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူသည် လဲ့နှင့်ထွော်တို့ကို ခေါ်မနေတော့ဘဲ အနားယူရန် ထားခဲ့ခြင်း ဖြစ်သည်။ အနားများများယူမှ နေမြန်မြန်ပြန်ကောင်းမည် မဟုတ်ပါလား။ သူတို့နောက်ကို လိုက်နေသော သူရှိ၊မရှိ ရှောက်ရွှမ် ဆုံးဖြတ်ရတော့မည်။ အထူးသဖြင့် သားသတ်ကွင်းကြီးထဲတွင် ရှောက်ရွှမ်ကို လက်ပြခဲ့သော တောက်ယွီဖြစ်သည်။ အခြားလူများက အရေးမလုပ်လျှင်တောင် တောက်ယွီတွင်တော့
အကြံအစည် တစ်ခုခုရှိရမည် ဖြစ်သည်။
အခြေအနေများ ပိုမိုတင်းမာလာသည့်အချိန်မျိုးတွင် သတိဝီရိယအပြည့်နှင့်နေမှ တော်ကာကျမည် ဖြစ်သည်။
စူးကုထံမှ ထိုကဲ့သို့ အံ့ဩစရာသတင်းမျိုးကြားရလိမ့်မည်ဟု ရှောက်ရွှမ် မမျှော်လင့်ထားပါ။
“ပိုင်ရှီမြို့တော်ဘုရင် သေသွားပြီ ဟုတ်လား”
“အင်း…မနေ့ညက လူတစ်ယောက်လာပြောသွားတာ…ငါ့အဖေကလည်း ငါ့ကို ခေါ်ခိုင်းနေတယ်လေ…ငါ့အဖေက ငါ့ကို စခန်းကနေထွက်မသွားခိုင်းဘူး…ဒီနေရာကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်မယ်လို့တော့ ပြောတာပဲ” စူးကုသည် အနည်းငယ် မောပန်းနေဟန်ပေါက်နေပါသည်။ စူးကုသည် ရှောက်ရွှမ်အနေဖြင့် ကျွန်ပြုသည့် မီးတောက်ကို ဘယ်လိုလုပ်လဲ သိချင်နေပါသည်။ သို့သော် အခုလို အခြေအနေမျိုးတွင် မျိုးနွယ်စုဝင်များ၏ကိစ္စကို အရေးလုပ်မနေနိုင်ပါ။ ထို့ပြင်
စူးကုသည် ရှောက်ရွှမ်၏ အကူအညီကို လိုအပ်သေးသဖြင့် ရှောက်ရွှမ်ကို အတင်းဖိအားပေးပြီး မခိုင်းစေရဲပေ။
ရှောက်ရွှမ်သည် စူးကုပြောသောစကားများကို စဉ်းစားကြည့်နေသည်။
ပိုင်ရှီမြို့တော်ဘုရင် အသတ်ခံရသည်တဲ့လား။ မနေ့ကပင် ပိုင်ရှီမြို့တော်ဘုရင်သည် သားသတ်ကွင်းကြီးထဲတွင် ဒေါသူပုန်ထနေသေးသည်။ ပြန်သွားသည့်အခါတွင် အသတ်ခံရခြင်းလား။
“သူ့ကို ဘယ်သူသတ်သွားတာလဲ သိလား” ရှောက်ရွှမ်က မေးလိုက်သည်။
စူးကုက ခေါင်းခါလိုက်ပြီး “မသိဘူး” ဟု ဖြေလိုက်သည်။
“တောက်ယွီကကော…” ရှောက်ရွှမ်က ထပ်မေးလိုက်ပြန်သည်။
“ငါမသိဘူး…ဒါပေမဲ့ ပိုင်ရှီဘုရင်ရဲ့ကိုယ်ရံတော်သုံးယောက်ထဲက တစ်ယောက်သေသွားတယ်လို့ ကြားတယ်” စူးကုက စကားကို ရပ်လိုက်ပြီး ခဏအကြာတွင် “ သေသွားတာတော့ တောက်ယွီမဟုတ်ဘူး” ဟုပြောလိုက်သည်။
သားသတ်ကွင်းကြီးထဲတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့တော်တစ်ခု၏ ဘုရင်တစ်ပါး အသတ်ခံလိုက်ရသည်။ ထို့ကြောင့် သားရဲများ တိုက်ပွဲများကို ဆက်လက်ကျင်းပ၍ မရတော့ပေ။
သတင်းများကို မကြားသေးခင်အချိန်က နှင်းမြို့တော်ဘုရင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ရသည့် အကြောင်းရင်းကို သိရရန် သူ့လူများအား စုံစမ်းခိုင်းနေသည်။ အခုတော့ ဘုရင်တစ်ပါး အသတ်ခံလိုက်ရပြီ ဖြစ်သည်။ နေ့လယ်ခင်းအချိန်လောက်တွင် နှင်းမြို့တော်ဘုရင်သည် ထိုသတင်းများကို ကြားသွားပြီး၊ ထွက်ခွာသွားလေသည်။
နှင်းမြို့တော်ဘုရင်က “အရေးပေါ်အခြေအနေ
ဖြစ်နေပြီ...ဒီနေရာမှာ ဘယ်သူအုပ်ချုပ်အုပ်ချုပ် ငါလိုဘုရင်အတွက် အရေးမကြီးဘူး” ဟုပြောသွားလေသည်။
“ဘာတွေ ဖြစ်နေလို့ နှင်းမြို့တော်ဘုရင်က ဒီလောက် စိတ်လှုပ်ရှားနေတာလဲ မသိဘူး” ရှောက်ရွှမ် ဝေခွဲမရ ဖြစ်သွားသည်။
“ငါကြားတာတော့ နှင်းမြို့တော်မှာ အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခု ပျောက်သွားတယ်တဲ့” စူးကုက ပြောလိုက်သည်။
“အဲဒီလောက် အရေးကြီးတာ ဘာပစ္စည်းဖြစ်မလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
“ဘာပစ္စည်းလဲတော့ ငါလည်းမသိသေးဘူး…စုံစမ်းတုန်းပဲ…ဒါပေမဲ့ မင်းတို့ မျိုးနွယ်စုနဲ့ ပတ်သက်နေတဲ့ ပစ္စည်းလို့တော့ ပြောတယ်” စူးကုက ပြန်ပြောလိုက်သည်။
ရှောက်ရွှမ် မျက်လုံးပြူးသွားသည်။ အခြားမျိုး
နွယ်စုဝင်များ၏ လျှို့ဝှက်ရည်ရွယ်ချက်သည် ဘာကိုရည်ရွယ်သနည်း။ ရှောက်ရွှမ်ထင်ထားသည်မှာ သတ္တုတွင်းများကို ရှာဖွေရန် ဖြစ်သည်။ သတ္တုတွင်းများကို ၎င်းတို့ တွေ့သွားပြီလား။
သူတို့နှင့်အတူ ပြန်လာသော ယုမျိုးနွယ်စုနှင့် ထျန်းရှန်မျိုးနွယ်စုဝင်များက မနေ့ညက ပြန်သွားပြီ ဖြစ်သည်။ သူတို့သည် လော့ယဲ့မြို့တော်မှ လူများကို နှုတ်ပင်မဆက်တော့ပါ။ ထို့ကြောင့် ရှောက်ရွှမ်သည် ထိုသူများကို တွေ့ချင်လျှင်တောင် ရှာ၍ရတော့မည် မဟုတ်ပေ။
“မျိုးနွယ်စုတွေနဲ့ သက်ဆိုင်နေတဲ့ကိစ္စဆိုရင် မင်းစောစောစီးစီး ရှောင်နေတာ ကောင်းလိမ့်မယ်…ငါတို့ လော့ယဲ့မြို့တော်ကလူတွေက မျိုးနွယ်စုဝင်တွေကို လက်ခံနေတာပဲ” စူးကုက ပြောလိုက်သည်။
အခြေအနေများမှာ စူးကုပြောသည့်အတိုင်းပင်။ ညနေ နေဝင်ခါနီးချိန်တွင်၊ လော့ယဲ့ဘုရင်
သည် သူ၏လူများ၊သားရဲများကို ခေါ်ကာ ထွက်ခွာသွားကြလေသည်။
မူလတုန်းက ရှောက်ရွှမ်သည် ထွော်နှင့်လဲ့တို့ကို ချာချာနှင့်အတူ ပြန်ခိုင်းရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် စူးကုက လဲ့နှင့်ထွော်တို့ကို သူနှင့်အတူ ခရီးသွားရန် ဖိတ်မန္တက ပြုသည်။ လမပြည့်ခင် ၂ရက်နှင့် လပြည့်ကျော်၂ရက်အတွင်းတွင်၊ သဲကန္တာရသည် အလွန်အန္တရာယ်များပြီး ပေါ့ဆ၍မရချေ။
ရှောက်ရွှမ်သည် ထိုအချက်ကို စဉ်းစားမိသွားပြီး သဘောတူလိုက်သည်။
သားရဲကန္တာရမှ ထွက်ခွာသောနေ့တွင် လော့ယဲ့ဘုရင်သည် သူတို့၃ယောက်ကို မြင်လိုက်သော်လည်း စကားတခွန်းမှ မပြောပေ။
ပိုင်ရှီမြို့တော်မှ လူများကတော့ ဘုရင်အသတ်ခံလိုက်ရသဖြင့်၊ ကျွန်ပိုင်ရှင်များသည် ကျွန်များကို ခေါ်ကာ ထွက်ခွာသွားကြသည်။ ထီးနန်း
အတွက် တိုက်ပွဲမဝင်ခင် သူတို့သည် မြို့တော်သို့ အရင်ပြန်ကြမည် ဖြစ်သည်။
ပိုင်ရှီနှင့် လော့ယဲ့မြို့မှ လူများသာမက အခြားမြို့များမှ လူများသည်လည်း တစ်ဖွဲ့ပြီး တစ်ဖွဲ့ အမြန်ပြန်ကုန်ကြသည်။ မကြာခင်တွင် တိုက်ခတ်တော့မည့် မုန်တိုင်းကြောင့် အမြန်ထွက်ခွာကုန်ကြသည်။
မြို့ထဲမှ လူများထွက်ခွာသွားသောအခါ သားရဲမြို့တော်၏ အစောင့်များသာ ကျန်ခဲ့တော့သည်။ မြို့တော်သုံးခုမှ အစောင့်များသည် တစ်ဖွဲ့ကိုတစ်ဖွဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေကြပေသည်။
နှင်းမြို့တော်မှ အစောင့်၁ယောက်သည် ထိုနေ့ညက စိတ်ပြေလက်ပျောက် အပြင်ထွက်လာပါသည်။ ညအခါတွင် လသာနေသောကြောင့် သဲပြင်ကြီးက တောက်ပနေသည်။
ထိုသူသည် သားရဲတွင်းတစ်ခုနားသို့ ကပ်သွားသည်။ တွင်းထဲတွင်တော့ အလောင်းများက
တောင်ပုံရာပုံပင် ဖြစ်နေ၏။ အများအားဖြင့် လွန်ခဲ့သော ၂ရက်အတွင်း ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သူများ ဖြစ်ကြသည်။ အရင်တုန်းကဆိုလျှင်တော့ သေနေသော သားရဲများကို ကျွန်များကို စားရန် ပေးလိုက်မည် ဖြစ်သည်။ အခုတော့ လူအားလုံထွက်ခွာသွားသဖြင့် တွင်းထဲတွင် အသေကောင်များ တောင်ပုံရာပုံဖြစ်နေပါသည်။ ထိုအသေကောင်များကို စားသောက်မည့် အသေကောင်စားသတ္တဝါများနှင့် ပိုးကောင်များရောက်ရှိလာပြီ ဖြစ်သည်။ နောက်ဆယ်ရက်လောက်ကြာလျှင်တော့ အရိုးများသာ ကျန်ပေတော့မည်။
အစောင့်သည် သမ်းဝေလိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအခါ သူနှင့် သိပ်မဝေးသော နေရာတစ်ခုတွင် ရပ်နေသော သူ့အဖော်မှအပ အခြားလူများကို တစ်ယောက်မှ မတွေ့ရပေ။ ထိုအခါ သူသည် စိတ်သက်သာရာ ရသွားပြီး အပေါ့သွားရန် ပြင်လိုက်သည်။
အပေါ့သွားခါနီးတွင် သူသည် အသံတိုးတိုလေး
များကို ကြားလိုက်ရသည်။ ဘေးဘီသို့ အကဲခတ်လိုက်သောအခါတွင်လည်း အရာအားလုံးက ပုံမှန်ပင် ဖြစ်သည်။ သေချာစွာနားထောင်ကြည့်လိုက်သောအခါမှ အသံများသည် တွင်းကြီးအောက်ခြေမှ လာနေကြောင်း သူသိသွားသည်။
တွင်းထဲတွင် အသက်ရှင်နေသေးသော တိုက်ပွဲဝင်သားရဲ တစ်ကောင်များ ရှိနေတာလား။
သားသတ်ကွင်းကြီးထဲတွင် ဖြစ်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများကို ပြန်စဉ်းစားမိသောအခါ ထိုအစောင့်သည် တံတွေးမျိုချမိသွားသည်။ သူသည် လက်နက်ကို ကိုင်ရင်း ဦးခေါင်းကို ငဲ့၍ တွင်းထဲသို့ ငုံ့ကြည့်လိုက်သည်။ ထိုအခါ တွင်းထဲမှ အမည်းရောင် ချေးပိုးထိုးကောင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်လာသည်ကို မြင်လိုက်ရသည်။ မကြာမီတွင် အသေကောင်များပေါ်တွင် ချေးပိုးထိုးများအပြည့်နေရာယူပြီးသား ဖြစ်သွားသည်။
အစောင့်သည် တွင်းထဲသို့ ကြည့်နေရင်းနှင့်
အသေကောင်များ တဖြည်းဖြည်းလုံးပါးပါးကုန်သည်ကို တွေ့လိုက်သည်။ သူ့မျက်လုံးအောက်တွင်ပင် ကြွက်သားများ ခြောက်ကပ်ကုန်သည်ကို တွေ့လိုက်ရသည်။
အသေကောင်စားသတ္တဝါများ အလောင်းကောင်တစ်ကောင်ကို လျင်မြန်စွာ ဖျက်ဆီးပစ်သည်ကို မြင်ဖူးသော်လည်း သားရဲတိရစ္ဆာန်ပေါင်းစုံဝိုင်းဖျက်ဆီးသောကြောင့် လျင်မြန်စွာ ပျက်စီးသွားခြင်းဖြစ်သည်။ အခုတော့ တွင်းထဲတွင် ချေးပိုးထိုးတစ်မျိုး တည်းက အသေကောင်များကို လျင်မြန်စွာ စားသောက်နေကြသည်။ လရောင်အောက်တွင် ချေးပိုးထိုးများ၏ အနက်ရောင် အခွံမာများက တလက်လက် ဖြစ်နေသည်။
ထိုအစောင့်သည် သားရဲမြို့တော်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်လာသူ ဖြစ်သော်လည်း ထိုကဲ့သို့ မြင်ကွင်းမျိုးကို လုံးဝမမြင်ဖူးပေ။ သူ့အတွေ့အကြုံအရဆိုလျှင် ထိုမျှများပြားသော အသေကောင်များကို ရှင်းလင်းရန် အချိန်၁၀ရက်
ခန့်ယူရမည် ဖြစ်သည်။ သို့သော် သူမြင်နေရသော အခြေအနေအရဆိုလျှင်တော့ ၁၀ရက်ကြာတော့မည် မဟုတ်။ မနက်ဖြန်မနက် နေမထွက်မီအချိန်အတွင်းမှာပင် ထိုအလောင်းများ ပျောက်ကွယ်သွားတော့မည်ပင်။ အရိုးများနှင့် မာကြောသော အကြေးခွံများသာ ကျန်ခဲ့ပေလိမ့်မည်။
အစောင့်သည် ချွေးစီးများ ယိုစီးလျက် တွင်းနှုတ်ခမ်းနားတွင် ရပ်နေပေသည်။ သူ့ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ့အဖော်ရှိရာဆီသို့ အော်ဟစ်ကာ ပြေးသွားရင်း အဖြစ်အပျက်ကို ပြောပြလိုက်သည်။
“ပိုးကောင်လေးတွေဟုတ်လား…ချေးပိုးထိုးလေးတွေကို ပြောတာမဟုတ်လား” သူ့အဖော်က မယုံသင်္ကာဖြင့် မေးလိုက်သည်။
“ငါတကယ်ပြောနေတာ…မယုံရင် မင်းကိုယ်တိုင်သွားကြည့်”
အခြားအစောင့်က မယုံသဖြင့် သွားကြည့်ရန်
ပြင်လိုက်သည်။ မကြာသေးမီက ဖြစ်ခဲ့သော အဖြစ်အပျက်များကြောင့် သူတို့သည် ကြောက်ရွံ့နေကြသည်။ လူတစ်ယောက်၊နှစ်ယောက်လောက်နှင့် သူတို့သည် လျှောက်မသွားရဲပေ။
သို့သော် တွင်းကြီးထဲသို့ သွားကြည့်သောအခါတွင် ချေးပိုးထိုးကောင်များကို မတွေ့ရတော့။ သို့သော် အလောင်းကောင်များပေါ်တွင် ၎င်းတို့စားသောက်သွားသည့် ခြေရာလက်ရာများကိုတော့ တွေ့ရပေသည်။
“ဘယ်လိုဖြစ်တာလဲ…ဘယ်တွေရောက်ကုန်တာလဲ…ခုနလေးကတင် ရှိသေးတယ်”
အစောင့်သည် တွင်းနှုတ်ခမ်းနားတွင် လျှောက်ရှာကြည့်သော်လည်း ချေးပိုးထိုး တစ်ကောင်ပင် မတွေ့ချေ။
ထိုအချိန်တွင်တော့ အလောင်းကောင်များကို စားသောက်ခဲ့သော ချေးပိုးထိုးများသည် အပြာရောင်ချေးပိုးထိုးတစ်ကောင်နောက်မှ လိုက်ပါ
ရင်း သားရဲမြို့တော်မှ ထွက်ခွာသွား၏။
နောက်တစ်နေ့ နေထွက်သောအချိန်တွင်တော့ သားရဲမြို့တော်အတွင်းတွင် အန္တရာယ်မရှိဟု ထင်ရသော ချေးပိုးထိုးများ လက်တဆုပ်စာလောက်သာရှိပါတော့သည်။ ကျန်သော ချေးပိုးထိုးကောင်များ ထွက်ခွာသွားပြီပင်။