လှောင်ချိုင့်အတွင်းမှ နဂါး...
Vol. 2 Ch. 18
~အစစ်အမှန်သိုင်းတောင်သည် ချင် ပြည်နယ်နှင့် ယွင်ပြည်နယ်တို့၏ နယ်စပ်တွင် တည်ရှိပြီး
ထက်ရှသော ဓားတစ်စင်းကဲ့သို့ ကောင်းကင်ကို ထိုးဖောက်ထားလေသည်။
တာအိုဆရာ လုံရှန်းက ဤနေရာကို အစစ်အမှန်သိုင်းဂိုဏ်း ပြန်လည် တည်ထောင်ရန် ရွေးချယ်ပြီးနောက် တောင်များကို စေ့စေ့စပ်စပ် ရှင်းလင်းခဲ့သည်။ တောရိုင်းတိရစ္ဆာန်အချို့ ကျန်ရှိနေသေးသော်လည်း ကြီးမားသော ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မရှိဘဲ တပည့်များအတွက် လေ့ကျင့်ရေး နည်းလမ်းတစ်ခုအဖြစ် အသုံးတော်ခံနိုင်ပေသည်။
သို့သော် ယနေ့တွင်မူ နင်ချီသည် ပိုမိုအန္တရာယ်များသော အစစ်အမှန်သိုင်းတောင်၏ အပြင်ဘက်တောင်တန်းများဆီသို့ သွားရန် စီစဉ်ထားပါသည်။ ဤလောကကြီးတွင် ဆန်းပြား သားရဲများဟု သိကြသော အားကောင်းသည့် သားရဲများ ရှိပါ၏။
၎င်းတို့ထဲမှ အားအကောင်းဆုံးများမှာ ကောင်းကင်ဘုံသား အဆင့်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကာ တောင်များကို ရွှေ့နိုင်ပြီး မိုးကို ဆင့်ခေါ်နိုင်စွမ်းရှိသဖြင့် သားရဲဘုရင်ဟူသော ဘွဲ့ထူးကိုပင် ရရှိကြလေသည်။
အစစ်အမှန်သိုင်းတောင်၏ အပြင်ဘက် ဧရိယာသည် ထိုမျှ မချဲ့ကားလွန်းသော်လည်း ကျွမ်းကျင်သူ တစ်ဦးနှင့် အတူ လိုက်ပါသွားခြင်းကမူ ပိုမို ဘေးကင်းလုံခြုံစေမည်မှာ အမှန်ပင်။
သူတို့ နှစ်ဦးသည် တောအုပ်ထဲတွင် ခုန်ပျံကျော်လွှားသွားကြသည်။
ယဲ့ချင်းဟယ်၏ မျက်ဝန်းကလေးများထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ထင်ဟပ်နေသည်။ သူမ၏ ဂျူနီယာ
မောင်လေး၏ ကိုယ်ဖော့သိုင်းမှာ လျင်မြန်ပြီး ကျက်သရေရှိလှကာ သူမနှင့် လုံးဝအမီလိုက်နိုင်လေသည်။ တည်ငြိမ်မှုပင် မပျက်ယွင်းသည်ကို သူမ ခံစားမိလေသည်။ သူမ အစွမ်းကုန် မထုတ်သုံးသေးသည်မှန်သော်လည်း ဤသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်နေသေးသည်။
"ကိုးလေး၊ ဆရာက နင့်ကို သီးသန့်သင်ခန်းစာတွေ ထပ်ပေးနေပြန်ပြီမလား။"
ယဲ့ချင်းဟယ်က နှုတ်ခမ်းစူကာ ဆိုလိုက်သည်။
နင်ချီက အသာအယာ ပြုံးလိုက်၏။
"ဒါကို ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတာ။ အကယ်၍ စီနီယာ အစ်မ သုံး သင်ချင်တယ်ဆိုရင် ကျွန်တော် အစ်မကို သင်ပေးနိုင်ပါတယ်။"
နင့်ချီ့စကားကို ယဲ့ချင်းဟယ်က တခစ်ခစ် ရယ်မောလိုက်ပြီး နင်ချီ နောက်နေသည်ဟုသာ မှတ်ယူလိုက်သည်။
သူတို့နှစ်ဦးသည် ချောက်ကမ်းပါးစွန်းတစ်ခုတွင် ရပ်တန့်လိုက်ကြသည်။
ထိုချောက်ကမ်းပါးမှာ အလွန်မြင့်မားသဖြင့် အောက်ခြေကို မမြင်ရချေ။ တိမ်စိုင်မြူခိုးတို့သည် ချောက်ကမ်းပါး ပတ်ပတ်လည်၌ ရေနွေးငွေ့များအဖြစ် လှည့်ပတ်နေ၏။
မြူခိုးတို့က နေရောင်ခြည်နှင့် ရောယှက်ကာ သက်တန့်ရောင်စဉ်များအဖြစ်သို့ ပြောင်းလဲနေပါ၏။
နင်ချီ၏ မျက်လုံးများက အရောင်တောက်သွားပြီး ယဲ့ချင်းဟယ်၏ အံ့ဩနေသော အကြည့်များကြားထဲတွင် သူက ဖြည်းညှင်းစွာ တင်ပျဉ်ခွေထိုင်ချလိုက်ကာ ရွေ့လျားနေသော တိမ်တိုက်များကို နစ်မြုပ်စွာ ကြည့်ရှုနေတော့သည်။
တိမ်တွေက ပုံသဏ္ဌာန် မရှိ၊ အသွင်သဏ္ဌာန် ကင်းမဲ့တယ်၊ လေနဲ့အတူ စုစည်းပြီး လေနဲ့အတူ ကွဲလွင့်သွားတယ်…
ယဲ့ချင်းဟယ်သည် သူ၏ဘေးတွင် ကြည့်ရှုနေရင်း စိတ်ထဲတွင် ရှုပ်ထွေးနေမိသည်။ သူမသည် နင်ချီ၏ တိမ်ကြည့်ခြင်းကို အတုယူကြည့်သော်လည်း ၎င်းသည် သာမန် မြူခိုးမျှသာ ဖြစ်ပြီး လှပသော်လည်း ထို့ထက် မပိုဟုသာ ခံစားရလေသည်။
သူမ မေးချင်သော်လည်း နင်ချီကို အနှောင့်အယှက်ပေးမည်ကို စိုးရိမ်နေမိသည်။
အချိန်အတော်ကြာပြီးနောက်…
နင်ချီ၏ ကိုယ်သည် တုန်ခါသွားပြီး သူသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ရာ သူ၏ မျက်လုံးများမှာ ဝိညာဉ် အလင်းရောင်များဖြင့် တောက်ပနေသည့်အလားပင်။
ယဲ့ချင်းဟယ်က လျင်မြန်စွာ မေးလိုက်၏။
"ကိုးလေး .. ခုနက ဘာလုပ်နေတာလဲ။"
"တိမ်ကြည့်နေတာပါ။"
"အစစ်အမှန်သိုင်းတောင်စွန်းက တိမ်တွေက အများကြီး ပိုလှသေးတယ်၊ မင်းက ဒီကို လာပြီး ကြည့်နေရသေးလားဟယ်။"
"တချို့က တူတယ်၊ တချို့က ကွဲပြားပါတယ်။"
"ငါ့အမြင်မှာတော့ အားလုံးက တိမ်တွေလိုပဲ။ ဘာက ကွဲပြားနေလို့လဲ။"
" စီနီယာ အစ်မ သုံးရဲ့ အာရုံခံနိုင်စွမ်းက လုံလောက်အောင် မထက်မြက်သေးဘူး။"
ယဲ့ချင်းဟယ်သည် ချက်ချင်းပင် မကျေမချမ်း ဖြစ်သွားသည်။
တစ်ခါတစ်ရံတွင် သူမ၏ ဂျူနီယာမောင်လေး ပြောဆိုသော စကားများမှာ အမှန်တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသော်လည်း ပြန်မချေပနိုင်ပေ။
နင်ချီ ထွက်ခွာသွားသည်ကို ကြည့်ရင်း
ယဲ့ချင်းဟယ် အလျင်အမြန် လိုက်ပါသွားသည်။
သို့သော် မကြာမီမှာပင် သူမသည် နင်ချီသည် ထူးခြားသော ကျောက်တုံး တစ်တုံး၏ ရှေ့တွင် ထိုင်နေသည်ကို ထပ်မံ မြင်တွေ့လိုက်ရသည်။
ထိုကျောက်တုံးသည် လူအများအပြား၏ အရပ်အမောင်းအထိ မြင့်မားပြီး လူတစ်ဦး၏ ပုံသဏ္ဌာန်နှင့် ဆင်တူနေသည့်အလားပင်။
သူ အခု ဘာလုပ်နေပြန်ပြီလဲ။
သူမသည် စိတ်ထဲ၌ တွေးတောရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။
ခဏအကြာတွင် နင်ချီသည် တစ်ဖန်ပြန်လည် မတ်တပ်ထရပ်လိုက်ရာ သူ၏ စိတ်အစဉ်မှာ ပို၍ပင် တောက်ပလာသည်။
ဤတစ်ကြိမ်တွင်မူ ယဲ့ချင်းဟယ် မေးမြန်းခြင်း
မပြုတော့ပေ။ သူမ၏ ဂျူနီယာမောင်လေးသည် အမြဲတမ်းပင် ထူးခြားနေခဲ့သည်သာ။
သူမသည် နင်ချီနှင့် အခြားအကြောင်းအရာများကိုသာ ရောက်တတ်ရာရာ ပြောဆိုနေလိုက်သည်။
ဆက်လက်၍…
နင်ချီသည် ရံဖန်ရံခါတွင် ရပ်တန့်ကာ လေ့လာရှုစားလေ့ရှိသည်။
ချောက်ကမ်းပါးများကြားမှ တိမ်တိုက်များဖြစ်စေ၊ ထူးဆန်းသော ကျောက်တုံးများဖြစ်စေ၊ အပြင်သို့ ထိုးထွက်နေသော အမြစ်များနှင့် ပင်စည်များ ဖြစ်စေ၊ တောင်လေများ ဖြစ်စေ၊ သစ်ရွက်တစ်ရွက် သို့မဟုတ် ရွှံ့တစ်စိုင်အခဲပင် ဖြစ်နေပါစေ…
ယဲ့ချင်းဟယ်အတွက်မူ ဤအရာများသည် သာမန် အရာများဟု ထင်ရသော်လည်း
နင်ချီသည် ရပ်တန့်ကာ တင်ပျဉ်ခွေထိုင်ချပြီး နစ်မြုပ်စွာ ရှုစားနေတတ်သည်။
ယဲ့ချင်းဟယ်ခမျာ နဖူးကို လက်ဖြင့် အုပ်ကာ ခါးသီးစွာ ပြုံးနိုင်ရုံသာ တတ်နိုင်တော့သည်။
နားမလည်နိုင်စရာ၊ တကယ်ကို နားမလည်နိုင်စရာပါပဲ။
နင်ချီသည် အဓိပ္ပာယ်မဲ့သော အရာ တစ်ခုကို လုပ်ဆောင်နေခြင်း မဟုတ်သည်ကိုမူ သူမ သိ၏။
ထို့အတူ နင်ချီသည်လည်း အမှန်တကယ်ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
ဤမျှ ကြာအောင် အကျဉ်းကျနေခဲ့ပြီးနောက် သဘာဝတရားထံသို့ ပြန်လည် ရောက်ရှိလာခြင်းက လန်းဆန်းစေခဲ့သည်။
ဤနေရာမှ အရာများသည် အစစ်အမှန်သိုင်းတောင်ပေါ်မှ အရာများနှင့် များစွာ မကွဲပြားသော်လည်း အဓိက သော့ချက်မှာ စိတ်အစဉ်ပင် ဖြစ်သည်။ ပတ်ဝန်းကျင် ပြောင်းလဲမှုက နင်ချီအား ကွဲပြားသော ခံစားမှု တစ်ခုကို ပေးစွမ်းခဲ့သည်။
ဤလေ့လာရေး ခရီးသည် မှန်ကန်သော ရွေးချယ်မှု တစ်ခု ဖြစ်သည်ဟု သူ ခံစားမိလေသည်။
အမြင့်မြတ်ဆုံး ခန္ဓာကျင့်စဉ်သည် သူ၏ စိတ်ထဲတွင် ပုံပေါ်လုနီးပါး ဖြစ်နေချေပြီ။
"ကိုးလေး၊ ငါတို့ ပိုပြီး စိတ်ဝင်စားစရာကောင်းတာ တစ်ခုခု သွားရှာကြည့်ကြမလား။"
နင်ချီ သူ၏စိတ်ကို ရှင်းလင်းပြီးနောက် ယဲ့ချင်းဟယ်က ညင်သာစွာ မေးလိုက်သည်။
နင်ချီသည် တစ်စုံတစ်ခုကို နားလည်ခံစားနေသည်ဟု သူမ ခံစားမိသော်လည်း သူ တစ်ယောက်တည်း အကြာကြီးနေပါက အနည်းငယ် ထူးဆန်းသွားမည်ကို သူမ စိုးရိမ်နေမိသည်။
နင်ချီသည် အသိစိတ်ပြန်ဝင်လာပြီး ပျင်းလွန်း၍ သေတော့မည့် ယဲ့ချင်းဟယ်ကို မြင်သောအခါ…
"ဖြစ်တာပေါ့။"
ခဏအကြာတွင်…
သူတို့သည် သစ်ရွက်များကို တွန်းဖယ်ကာ စပ်စုသော မျက်လုံးများဖြင့် ချောင်းကြည့်လိုက်ရာ အနက်ရောင်မြွေ နှစ်ကောင် သည်းကြီးမည်းကြီး ရစ်ပတ်နေကြသည်ကို တွေ့လိုက်ရသည်။
မြွေနှစ်ကောင်သည် တိုက်ခိုက်နေကြခြင်း မဟုတ်ဘဲ ပို၍ ပြင်းထန်သော အရာ တစ်ခု၌ ပါဝင်နေကြခြင်း ဖြစ်သည်။
ယဲ့ချင်းဟယ်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
"ကိုးလေး၊ မင်း ဒါကို စိတ်ဝင်စားစရာလို့ ထင်နေတာလား။"
"ထင်တာပေါ့၊ ဒါ သက်ရှိတို့ရဲ့ ဇာစ်မြစ်ပဲလေ။"
နင်ချီက လေးနက်စွာ တုံ့ပြန်လိုက်ပြီး စူးစိုက်ကြည့်ရှုကာ တစ်ဖန် ပြန်လည် နစ်မြုပ်သွားတော့သည်။
ယဲ့ချင်းဟယ်မှာ ဆွံ့အသွားရသည်။
သို့သော် ဒါက ကျောက်တုံးများကို စိုက်ကြည့်နေရသည်ထက်တော့ ပို၍ စိတ်ဝင်စားစရာကောင်းပါသေးသည်။ သူမသည် အဝေးမှ နေ၍ မြွေနှစ်ကောင်ကို ထိန်းချုပ်နေသည့်အလား ရံဖန်ရံခါ တီးတိုး ရေရွတ်နေမိသည်။
မကြာမီမှာပင် နင်ချီသည် ကျေနပ်သွားပြီး သူတို့ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။
ထို့နောက်တွင်မူ…
နင်ချီသည် သားရဲများနှင့် ပတ်သက်၍ စိတ်ပိုင်းဖြတ်ထားပုံရသည်။
ယဲ့ချင်းဟယ်သည် သူ့ကို တောအုပ်ထဲတွင် လမ်းပြ ခေါ်ဆောင်သွားသည်။
အမျိုးမျိုးသော ကြမ်းကြုတ်သည့် သားရဲများနှင့် ဆန်းပြား သားရဲများကိုပင် အနီးကပ် မပြတ်မလပ် လေ့လာရှုစားနေခဲ့သည်။
တောအုပ်ထဲမှ ကျားတစ်ကောင်၏ ဟိန်းသံ။
ယုန်တစ်ကောင်ကို အမဲလိုက်နေသော သိမ်းငှက်တစ်ကောင်။
အသိုက်ရွှေ့နေသော ပုရွက်ဆိတ်များ။
အုပ်စုဖွဲ့ အမဲလိုက်နေသော ဝံပုလွေများ။
...
ဤသို့သော မြင်ကွင်းများက နင်ချီအား စွဲမက်စေခဲ့သည်။
ဟုတ်ပေသည်၊ ဤသို့ အနီးကပ်လေ့လာခြင်းများက ရံဖန်ရံခါတွင် ဒုက္ခကို ဖိတ်ခေါ်တတ်သည်။
ဥပမာအားဖြင့် သူတို့သည် တစ်ကြိမ်တွင် အတွင်းအနှစ်သာရ နယ်ပယ်မှ သိုင်းသမားတစ်ဦးနှင့် တိုက်ခိုက်နိုင်စွမ်း ရှိသော သွေးချိုဝံပုလွေ ထူးခြားဆန်းကြယ် သားရဲ တစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသည်။ အကယ်၍ နင်ချီ တစ်ယောက်တည်းသာ ကြုံတွေ့ခဲ့ပါက ကမန်းကတန်း ဆုတ်ခွာခဲ့ရပေလိမ့်မည်။
သူတို့သည် အားနည်းသော ဆန်းပြား သားရဲအချို့နှင့်လည်း ကြုံတွေ့ခဲ့ရသေးသည်။
ကံကောင်းစွာပင် ယဲ့ချင်းဟယ် ပါလာခဲ့ပါသည်။
၎င်းတို့ကို လွယ်ကူစွာပင် နှိမ်နင်းနိုင်ခဲ့၏။
ယဲ့ချင်းဟယ်သည် ပင်ပန်းနွမ်းနယ်နေသော်လည်း နင်ချီ၏ မျက်နှာထက်မှ အပြုံးကို မြင်သောအခါ သူမ၏ မကျေမနပ်ချက်များကို လွှတ်ချလိုက်ပြီး နင်ချီ၏ ပါးကို ပွတ်သပ်လိုက်သည်။ နင်ချီ၏ ပါးကို နမ်းရန် လက်တစ်ဆစ်အလိုတွင် ရပ်တန့်လိုက်သည်။ နင်ချီ ကလေးငယ်ဘဝက သူမ သူ့ကို နမ်းရှုံ့လေ့ရှိသော်လည်း လှုပ်ရှားနိုင်စွမ်း အနည်းငယ်ရလာကတည်းက နင်ချီက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။
ယဲ့ချင်းဟယ်သည် စိတ်ထဲ၌ လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။
ငါ့ဂျူနီယာ မောင်လေးက အရမ်းမြန်မြန် ကြီးပြင်းလာတာပဲ။
မသိလိုက် မသိဘာသာပင်…
ကောင်းကင်သည် နေဝင်ဆည်းဆာရောင်ခြည်တို့ဖြင့် ပြည့်နှက်နေချေပြီ။
နင်ချီက မော့ကြည့်လိုက်ရာ သူ၏ စိတ်ဓာတ်တို့မှာ အပြည့်အဝ တက်ကြွနေသည်။
ဆန့်ကျင်ဘက်အားဖြင့် ယဲ့ချင်းဟယ်မှာမူ လုံးဝဥဿုံ နွမ်းနယ်နေပုံရသည်။
အရမ်းပျင်းစရာကောင်းတာပဲ။
အကယ်၍ သူမ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ရန် သေရည် သောက်သုံးခြင်းသာ မရှိခဲ့ပါက သူမ ယခုအချိန်တွင် လဲကျသွားလောက်ပြီ ဖြစ်သည်။
နင်ချီက ကြည့်ကာ ပြုံးလိုက်၏။
"စီနီယာအစ်မ၊ ကျွန်တော်တို့ ပြန်ကြရအောင်။"
ယနေ့၏ ရည်မှန်းချက်များမှာ အောင်မြင်ခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
သုံးရက်အတွင်း အမြင့်မြတ်ဆုံး ခန္ဓာကျင့်စဉ်သည် ပြည့်စုံမည်ဟု နင်ချီ ယုံကြည်မှုအပြည့်ရှိသည်။
သူ အိမ်ပြန်ရောက်သည့်အခါ ၎င်းကို စီစဉ်စုစည်းရန်သာ လိုအပ်တော့သည်။
"ဒီအတိုင်းဆိုရင် လောကကြီးနဲ့ လှုပ်ရှား သက်ဝင်နေတဲ့ ဘဝကို ခရီးထွက်ပြီး မျက်မြင်တွေ့ဖို့ အခွင့်အရေးတွေ ပိုများလာတော့မယ် ထင်တယ်။"
ယဲ့ချင်းဟယ်၏ မျက်လုံးများက အရောင်တောက်သွားပြီး သူမ ခုန်ထလိုက်ကာ နင်ချီကို ဆွဲ၍ ထွက်ခွာရန် ပြင်တော့သည်။
နင်ချီသည် အလိုလို ပြုံးလိုက်မိပြီး
ယဲ့ချင်းဟယ်အား စနောက်လိုသောဟန်ဖြင့် ကတိပေးလိုက်၏။
"စိတ်ချပါ ..စီနီယာအစ်မ သုံး၊ ဂျူနီယာ မောင်လေး ပြိုင်ဘက်ကင်း ဖြစ်လာတဲ့အခါ ခင်ဗျားအတွက် လောကကြီးမှာ အကောင်းဆုံး သေရက်ကို ရှာပေးမယ်။"
ယဲ့ချင်းဟယ်က ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။
"ဟုတ်ပြီနော်၊ အဲ့ဒီစကားကို ငါ မှတ်ထားမယ်နော်။"
ထို့နောက်…သူမ ခဏရပ်တန့်သွားပြီး သူမ၏ နှုတ်ခမ်းများက ကွေးတက်သွားကာ မျက်လုံးများမှာလည်း တလက်လက် တောက်ပလာ၏။
"လောကကြီးမှာ အကောင်းဆုံး ဖြစ်ဖို့ကိုတော့ လောလောဆယ် မစဉ်းစားသေးဘူး၊ အရင်ဆုံး ငါ့ကို မျောက်သေရည် အရင် ရှာပေးပါလား။"
နင်ချီသည်လည်း ရှေ့မှ လှုပ်ရှားမှုကို အာရုံခံမိလိုက်သည်။
ထိုထူးခြားသော အော်ဟစ်သံက လက်ရှည်မျောက်များ ရှိနေကြောင်းကို ရှင်းလင်းစွာ ဖော်ပြနေ၏။
သွက်လက်သော လက်များ ပိုင်ဆိုင်သော လက်ရှည်မျောက်များသည် ထူးခြားသော အရသာရှိသည့် မျောက်သေရည်ကို ချက်လုပ်ကြသည်။
ထိုအကြောင်းကို တွေးမိရုံမျှဖြင့် ယဲ့ချင်းဟယ်၏ နှုတ်ခမ်းထောင့်တွင် တောက်ပမှုတစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ရပ်တန့်လိုက်ကြကာ
သူတို့နှစ်ဦးလုံးအံ့အားသင့်သွားကြ၏။
တောအုပ်ထဲမှ မျှော်လင့်ထားသည့် လက်ရှည်မျောက်များ ထွက်ပေါ်လာမည့်အစား နင်ချီထက် ခေါင်းတစ်လုံးသာ မြင့်ပြီး လက်ရှည်များ ရှိသော နှင်းကဲ့သို့ ဖြူဖွေးသည့် မျောက်တစ်ကောင် ထွက်ပေါ်လာသည်။ နင်ချီနှင့် ယဲ့ချင်းဟယ်ကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် လူသားဆန်သော ထိတ်လန့်မှု တစ်ခု ထင်ဟပ်နေလေ၏။
နင်ချီ၏ မျက်လုံးများထဲတွင် စနောက်လိုသော အရိပ်အယောင်တို့ ထင်ပေါ်လာသည်။
ထို့နောက်…
အမည်းရောင်အမွှေးများ ရှိသော လက်ရှည်မျောက်အချို့သည် တောအုပ်ထဲမှ ပြေးထွက်လာကြပြီး မျောက်ဖြူကို ရန်လိုစွာ စိုက်ကြည့်နေကြ၏။ နင်ချီနှင့် ယဲ့ချင်းဟယ်ကို မြင်သောအခါ သူတို့သည် ထိန်းချုပ်မှု တစ်စုံတစ်ရာမရှိဘဲ သွားများကိုဖြဲကာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာကို ပြသလိုက်ကြသည်။
ထိုအခါ ယဲ့ချင်းဟယ်က လက်ပိုက်လိုက်ပြီး သူမ၏ အကြည့်များကို မျောက်ဖြူထံမှ နင်ချီထံသို့ ပျင်းရိစွာ ရွှေ့ပြောင်းလိုက်လေ၏။
"ကိုးလေး ၊ စီနီယာအစ်မသုံး ပင်ပန်းနေပြီ။ ဒီမျောက်လေးတွေကို မင်းပဲ သင်ခန်းစာပေးလိုက်ပါလား။”