ရိုးသားပြီးသားပါ...
Vol. 2 Ch. 19
~ယဲ့ချင်းဟယ်သည် ဝင်ရောက်တိုက်ခိုက်ရန် စိတ်ကူးတစ်စိုးတစ်စိမျှ မရှိခဲ့ပေ။
လက်ရှည်မျောက်များသည် ဆန်းပြား သားရဲများ မဟုတ်ကြချေ။ သာမန်လူများအတွက်မူ ၎င်းတို့ကို ကြမ်းကြုတ်သော သတ္တဝါများဟု သတ်မှတ်နိုင်သော်လည်း သိုင်းသမားများအတွက်မူ ကြီးမားသော ပြဿနာတစ်ရပ် မဟုတ်ပေ။
သူမ ပျင်းရိနေချင်သည်။
ထို့အပြင် သူမသည် နင်ချီ၏ လက်ရှိအစွမ်းကိုလည်း သိချင်နေမိသည်။
နင်ချီ သိုင်းပညာလမ်းကြောင်းသို့ စတင်ဝင်ရောက်စဉ်က သူ၏ မိစ္ဆာဆန်သော ပါရမီသည် သူမအပေါ်၌ နက်ရှိုင်းသော အမှတ်သညာတစ်ခုကို ချန်ထားရစ်ခဲ့သည်။ သူမ၏ ဂျူနီယာ
မောင်လေး၏ ပါရမီနှင့်ဆိုလျှင် သူသည် အနည်းဆုံးတော့ အသားသန့်စင်ခြင်းနယ်ပယ်၏ မဟာအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေသင့်ပြီး ပြည့်စုံခြင်းအဆင့်သို့ပင် ရောက်ကောင်းရောက်နိုင်ပါသည်။ ဤသို့သော အစွမ်းနှင့်ဆိုလျှင် လက်ရှည်မျောက်အနည်းငယ်ကို ဖြေရှင်းရန်မှာ ပြဿနာမရှိသင့်ပေ။
နင်ချီသည် ယဲ့ချင်းဟယ်၏ ပြုံးရွှင်နေသော အကြည့်များနှင့် ဆုံမိသောအခါ အသာအယာ ပခုံးတွန့်ပြလိုက်သည်။
"ကောင်းပြီလေ။"
သူသည် ယဲ့ချင်းဟယ်ကို သက်တော်စောင့်အဖြစ် အမြဲအသုံးချနေရသဖြင့် အနည်းငယ် အားနာမိသည်။ သို့သော် သူ၏ အစောပိုင်းကတိစကားများက အဘယ်ကြောင့် ဤမျှ ဆွဲဆောင်မှုရှိခဲ့ရသနည်း။ ယခု မျောက်သေရည် ရရှိရန် အခွင့်အရေးက သူ့ရှေ့မှောက်သို့ ရောက်ရှိလာပြီဖြစ်ရာ သူ လက်လွှတ်ခံ၍မဖြစ်ပေ။ ထို့အပြင် ဤသည်မှာ ရိုးရှင်းသော အလုပ်တစ်ခုဖြစ်ပြီး သူ့ကို အကာအကွယ်ပေးရန် လိုက်ပါလာခဲ့သော သူ၏ စီနီယာအစ်မအား ဆုချသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်တကား။
နင်ချီက မျောက်ဖြူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ရှေ့သို့ ဖြည်းညှင်းစွာ ခြေလှမ်းတိုးလိုက်၏။
မျောက်ဖြူသည် အခြေအနေကို အကဲခတ်မိသည်နှင့် ချက်ချင်းပင် သူတို့ နှစ်ဦး၏ နောက်သို့ ရောက်ရှိသွားသည်။
မျောင်ဖြူက ယဲ့ချင်းဟယ်၏ အကြည့်များနှင့် ဆုံမိသောအခါ မျက်နှာချိုသွေးသော ဟန်ဖြင့် အကြိမ်ကြိမ် ဦးညွှတ်ပြလိုက်ရာ သူမထံမှ မျက်လုံးလှန်ပြခြင်းကိုသာ ပြန်လည်ရရှိခဲ့ပြီး ၎င်းမှာ အနေခက်စွာဖြင့် ခေါင်းကိုသာ ကုတ်ခြစ်နေတော့သည်။
ဤအခိုက်အတန့်၌…
နင်ချီ ရှေ့သို့ တိုးလာသည်ကို မြင်သောအခါ လက်ရှည်မျောက် အများအပြားမှာ ကြမ်းတမ်းစွာ သွားဖြဲပြကြပြီး လေသံတိုးတိုးဖြင့် ဟိန်းဟောက်နေကြသည်။
နင်ချီ နောက်ထပ် ခြေနှစ်လှမ်းခန့် လှမ်းလိုက်သည်နှင့် လက်ရှည်မျောက် တစ်ကောင်သည် ကျောက်တုံး တစ်တုံးကို ဆွဲမကာ ပစ်လွှတ်လိုက်သည်။ လေခွင်းသံမှာ ကျယ်လောင်ပြီး အားပြင်းလှသည်။ လက်ရှည်မျောက် အားလုံးသည် တိုက်ခိုက်ရန် ပြေးဝင်လာကြ၏။ ဤမျောက်တို့မှာ နင်ချီနှင့် ယဲ့ချင်းဟယ်တို့ ဘာမှ မလုပ်လျှင်ပင် ဝင်ရောက် တိုက်ခိုက်မည့် ရန်လိုသော သားရဲများ ဖြစ်ကြသည်။
နင်ချီက သူ၏ ခြေဖျားကို ညင်သာစွာ တို့ထိလိုက်ပြီး ပျံသန်းလာသော ကျောက်တုံးကိုအသာအယာ ဘေးသို့ ယိမ်းနွဲ့ ရှောင်တိမ်းလိုက်ရာ ထိုမြင်ကွင်းက ယဲ့ချင်းဟယ်၏ အာရုံကို ဖမ်းစားသွားသည်။ သူမကို ပို၍ အံ့အားသင့်သွားစေသည့် အရာမှာ နောက်တွင် ရောက်ရှိလာခဲ့၏။ နင်ချီက လက်လှမ်းကာ လက်ရှည်မျောက်
တစ်ကောင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ဗုဒ္ဓ၏ ဆင်ပစ်ပေါက်ကွက်ဖြင့် လွှင့်ပစ်လိုက်သည်ကို သူမ မြင်လိုက်သည်။ ထိုလက်ရှည်မျောက်သည် အလေးချိန် မရှိသကဲ့သို့ ဖြစ်သွားတော့သည်။
မည်သို့ပင် ဖြစ်စေကာမူ လက်ရှည်မျောက်၏ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် နင်ချီ၏
သေးငယ်သော ကိုယ်လုံးလေး၏ မြင်ကွင်းမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။
ဘုန်း။
သစ်ပင်ပင်စည်နှင့် ဆောင့်မိရာမှ ထွက်ပေါ်လာသော အသံက ပဲ့တင်ထပ်သွားသည်။
ထိုလက်ရှည်မျောက်သည် ညည်းညူရင်း ပြန်လည်ထမလာနိုင်တော့ချေ။
နင်ချီသည် သိုးအုပ်ထဲမှ ကျားတစ်ကောင်ပမာ လက်ရှည်မျောက်အုပ်ထဲသို့ တိုးဝင်သွားပြီး တစ်ကောင်ချင်းစီကို ဆွဲယူကာ တောအုပ်ထဲသို့ လွှင့်ပစ်နေတော့သည်။
သူ၏နောက်တွင် မျောက်ဖြူသည် မထိန်းနိုင်၊
မသိမ်းနိုင် တုန်ယင်နေ၏။ ဤလူသားကလေးသည် အလွန်တရာ ကြမ်းကြုတ်လှပေသည်။
နင်ချီ၏ မျက်နှာအမူအရာမှာမူ ခံစားချက်ကင်းမဲ့နေဆဲပင်။
သူ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် လက်ရှည်မျောက်များကို ဖြေရှင်းခြင်းသည် လူကြီးတစ်ဦးက ကလေးတစ်ဦးကို တိုက်ခိုက်ခြင်းနှင့် ဘာမျှမခြားနားပေ။ ဤအရာများကို အပြီးသတ်ပြီးနောက် နင်ချီသည် ဆက်လက် လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။
ယဲ့ချင်းဟယ်သည်လည်း ထိုဘက်သို့ ကြည့်လိုက်ရာ သူမ၏ မျက်နှာ အမူအရာမှာ အနည်းငယ် ညှိုးနွမ်းသွားသည်။
စူးစူးဝါးဝါး ဟိန်းသံ တစ်သံ ထွက်ပေါ်လာပြီး မည်းနက်သော ပုံရိပ် တစ်ခုသည် အဝေးမှ ချဉ်းကပ်လာကာ လက်ရှည်မျောက် တစ်ကောင်ကဲ့သို့ မတ်မတ်ရပ်လိုက်သည်။ သို့သော် ၎င်းသည် ပိုမို အားကောင်းပြီး ဖောင်းကြွနေသော ကြွက်သားများမှာ ပေါက်ကွဲထွက်တော့မည့်အလားပင်။ အထူးသဖြင့် ၎င်း၏ လက်မောင်းတစ်စုံမှာ သံမဏိကဲ့သို့ မည်းနက်နေပြီး ဧရာမ
တူကြီးများသဖွယ် ဖြစ်နေသည်။
သံမဏိ လက်မောင်း မျောက်ကြီး။
ဤသည်မှာ ထူးခြားဆန်းကြယ် သားရဲ
တစ်ကောင်ဖြစ်ပြီး လက်ရှည်မျောက်များ၏ မျိုးကွဲတစ်ခုဖြစ်ကာ အံ့မခန်းသော အားအင်ကို ပိုင်ဆိုင်ထားသည်။ လက်မောင်းတစ်ဖက်စီသည် အနည်းဆုံး ပေါင်တစ်ထောင်ခန့် လေးလံပြီး သံမဏိလက်မောင်းများမှာ ပြိုင်ဘက်ကင်းအောင် မာကျောလှသည်။ ၎င်းတို့ထဲမှ အကောင်းဆုံးများမှာ အရိုးသန့်စင်ခြင်းနယ်ပယ်မှ ပညာရှင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။
ယဲ့ချင်းဟယ်သည် ပင်ကိုအသိစိတ်အရ ရှေ့သို့ ခြေလှမ်းရန် ပြင်လိုက်သော်လည်း ထို့နောက်တွင်မူ နောက်သို့ ပြန်ဆုတ်လိုက်သည်။
သူမ၏ မျက်လုံးများထဲတွင် သိလိုစိတ်အရိပ်အယောင် တစ်ခု ထင်ဟပ်နေသည်။
နင်ချီသည် အစောပိုင်းက အလွန်တရာ သက်သောင့်သက်သာရှိလှသဖြင့် သူမသည် သူမ၏ ဂျူနီယာမောင်လေးကို လျှော့တွက်မိခဲ့သည်ဟု သဘောပေါက်လိုက်သည်။
ဒီသံမဏိလက်မောင်းမျောက်ကြီးကို အသုံးချပြီး ဂျူနီယာမောင်လေးရဲ့ ကန့်သတ်ချက်ကို ကြည့်ရှုရင်း သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုပါ သွေးပေးလိုက်တာ ကောင်းလိမ့်မယ်။
သို့ဖြစ်သော်ငြားလည်း…
သူမ၏ စိတ်အစဉ်မှာ အပြည့်အဝ စုစည်းထားပြီး အကယ်၍ နင်ချီ မယှဉ်နိုင်ပါက ဝင်ရောက်တိုက်ခိုက်ရန် အသင့်ပြင်ထားပါသည်။ သူမသည် နင်ချီအား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေမည် မဟုတ်ပေ။
နင်ချီသည်လည်း အနည်းငယ် တက်ကြွနေပုံ ရသည်။
သူသည် အကြိမ်များများ တိုက်ခိုက်ခဲ့ဖူးခြင်းမရှိပေ။ ရံဖန်ရံခါတွင် ယားယံလာသည့်အခါ သို့မဟုတ် သူ၏သိုင်းပညာကို စမ်းသပ်လိုသည့်အခါ သူသည် အစစ်အမှန်သိုင်းတောင်မှ သားရဲအချို့ကို ရှာဖွေလေ့ရှိသည်။ သို့သော် ဤအဆင့်ရှိ သံမဏိ လက်မောင်းမျောက်ကြီး တစ်ကောင်နှင့်မူ သူ မည်သည့်အခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
သံမဏိလက်မောင်းမျောက်ကြီးသည် ကြောက်မက်ဖွယ်ကောင်းပြီး သူ၏မျက်လုံးများမှာလည်း ကြမ်းတမ်းလှသည်။ ၎င်းသည် အဝေးမှ မျောက်ဖြူကို စူးစိုက်ကြည့်လိုက်ပြီးနောက် အကြိမ်ကြိမ် ဟိန်းဟောက်ကာ နင်ချီအား သူ၏နယ်မြေမှ ထွက်ခွာသွားရန် အချက်ပြလိုက်သည်။
နင်ချီက ၎င်းကို လျစ်လျူရှုလိုက်သည်။
နောက်တစ်ခဏမှာပင်…သံမဏိ
လက်မောင်းမျောက်ကြီးသည် သတိပေးခြင်း မရှိဘဲ တိုက်ခိုက်လာတော့သည်။
သစ်ပင်ပင်စည် တစ်ခုကို ဆုပ်ကိုင်လျက် ၎င်းသည် ခုန်ပျံတက်လာပြီး ကြီးမားသော အရှိန်အဟုန်ဖြင့် အထက်မှနေ၍ ပစ်ဆင်းတိုက်ခိုက်လာသည်။ ၎င်း၏ သံမဏိလက်မောင်းများသည် တူကြီးများပမာ ထုချလိုက်ပြီး စူးရှသော လေညင်းသံနှင့်အတူ ခေါင်းပင် မူးဝေသွားစေလောက်သည်။
ယဲ့ချင်းဟယ်၏ မျက်နှာအမူအရာမှာ တင်းမာသွား၏။ ဤသံမဏိ လက်မောင်းမျောက်ကြီးသည် သာမန် သားရဲ တစ်ကောင် မဟုတ်ပေ။
သူမ၏ အတွင်းအားမှာ စုစည်းပြီးဖြစ်ကာ မည်သည့်အချိန်မဆို တိုက်ခိုက်ရန် အသင့်ရှိနေလေသည်။
နင်ချီ၏ ငယ်ရွယ်သော ပုံရိပ်လေးမှာ သံမဏိလက်မောင်းမျောက်ကြီး၏ ရှေ့မှောက်တွင် ပုရွက်ဆိတ် တစ်ကောင်မျှသာ ထင်ရသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ပကတိ ငြိမ်သက်နေ၏။
နင်ချီသည် သူ၏ လက်များကို ဆန့်တန်းလိုက်ပြီး
မလိုအပ်သော လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိဘဲ
ဆွဲယူ ပွေ့ဖက်လိုက်ကာ သံမဏိလက်မောင်း အကောင်ကို သူ၏ လက်မောင်းများထဲတွင် ဖမ်းချုပ်လိုက်သည်။ ထို့နောက် ရှေးခေတ်ဘုရင်တစ်ပါး ပြန်လည်ဝင်စားသည့်အလား သူသည် သံမဏိလက်မောင်းမျောက်ကြီး တစ်ကောင်လုံးကို ဆွဲမကာ အောက်သို့ ဆောင့်ချလိုက်တော့သည်။
ဘုန်း။
တောအုပ် တစ်ခုလုံး တုန်ခါသွားပြီး သစ်ရွက်များ ကြွေကျလာသည်။
"တော်တော်လေးတော့ မာကျောသားပဲ။"
နောက်တစ်ကြိမ် ညာဘက်သို့ လွှဲရိုက်လိုက်သည့်အခါ သံမဏိလက်မောင်း မျောက်ကြီးမှာ လုံးဝဥဿုံ ရှုံးနိမ့်သွားခဲ့သည်။ သူ၏ ယခင်က ကြမ်းတမ်းလှသော မျက်နှာ အမူအရာမှာ ယခုအခါတွင်မူ ကြက်သေသေနေကာ သူ၏ အရိုးများအားလုံး နေရာလွဲသွားသကဲ့သို့ ခံစားနေရသည်။
အဝေးမှ မျောက်ဖြူသည် တုန်ယင်နေပြီး သူ၏ အမွှေးများမှာလည်း ထောင်ထနေ၏။
ကြမ်းတမ်းလိုက်တာ။
အရမ်းကို ကြမ်းတမ်းတာပဲ။
ယဲ့ချင်းဟယ်မှာ စကားမပြောနိုင်တော့ဘဲ သူမ စုစည်းထားသော အတွင်းအားများမှာလည်း
ပြေလျော့သွားပြီး မိမိကိုယ်ကိုယ် ဒဏ်ရာရလုနီးပါး ဖြစ်သွားသည်။
သူမသည် ဖြစ်နိုင်ခြေများစွာကို စဉ်းစားခဲ့သော်လည်း ဤတစ်ခုကိုမူ မည်သည့်အခါမျှ
မမျှော်လင့်ထားခဲ့ပေ။ ငယ်ရွယ်သော
ကောင်လေးက မျောက်ကြီးကို လွှဲရိုက်နေသော မြင်ကွင်းက သူမအား လက်တွေ့ဘဝကို မေးခွန်းထုတ်စေပြီး သူမ အိပ်မက်မက်နေသလားဟုပင် ထင်မှတ်သွားစေသည်။
ဒါ တကယ်ပဲ ငါ့ရဲ့ လေးနှစ်အရွယ် ဂျူနီယာ
မောင်လေး ဟုတ်ရဲ့လား။
နင်ချီ၏ အသံက သူမအား အတွေးများထဲမှ ပြန်လည်ဆွဲခေါ်လိုက်သည်။
"ဟေး၊ အကောင်ကြီး၊ ငါ့စီနီယာအစ်မက မျောက်အရက် သောက်ချင်လို့တဲ့။ ငါတို့ကို မျောက်အရက် ပေးမယ်ဆိုရင် မင်းကို အသက်ချမ်းသာပေးမယ်ကွ"
နင်ချီက သံမဏိ လက်မောင်းမျောက်ကြီး၏ ပခုံးပေါ်တွင် ရပ်လျက် မေးလိုက်ရာ ယဲ့ချင်းဟယ်အား စိတ်လှုပ်ရှားသွားစေသည်။ ဤဂျူနီယာမောင်လေးသည် အမှန်တကယ်ပင် ချစ်ခင်မြတ်နိုးထိုက်ပါပေသည်။
သံမဏိ လက်မောင်းမျောက်ကြီးမှာ မူးဝေနေပြီး သူ၏ လက်မောင်း ကြွက်သားများမှာ စုတ်ပြဲလုနီးပါး ဖြစ်နေကာ နင်ချီအား ကြောက်ရွံ့စွာ ကြည့်ရင်း သူပြောနေသည်ကို လုံးဝ နားမလည်နိုင်ဖြစ်နေသည်။ ဆန်းပြား သားရဲများတွင် အသိဉာဏ်အနည်းငယ်ရှိသော်လည်း လူသားဘာသာစကားကို နားလည်ရန်မှာ အတပ်မပြောနိုင်ပါချေ။
နင်ချီက တစ်ဖန်ပြန်လည် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သောအခါ သံမဏိလက်မောင်းမျောက်ကြီးမှာ ဝူးဝူးဝါးဝါးဖြင့် အလန့်တကြား ထအော်လိုက်သည်။
အဝေးမှ မျောက်ဖြူသည် လျင်မြန်စွာ ပြေးလာသည်။ ၎င်းသည် ဦးစွာ နင်ချီအား အကြိမ်ကြိမ် ဦးညွှတ်ပြပြီးနောက် သူ့ကိုယ်သူနှင့် သံမဏိလက်မောင်းမျောက်ကြီးကို ညွှန်ပြကာ သူက ဆက်သွယ်ပေးမည်ဖြစ်ကြောင်း အချက်ပြသည့်အလားပင်။
နင်ချီက အံ့ဩစွာ ကြည့်လိုက်သည်။
ဤမျောက်ဖြူသည် ဆန်းပြား သားရဲတစ်ကောင်နှင့် တူသော်လည်း အလွန်တရာ အားနည်းပြီး လက်ရှည်မျောက်အနည်းငယ်ကိုပင် မနိုင်ချေ။ အကယ်၍ ၎င်းသာ သာမန်သားရဲတစ်ကောင်ဖြစ်ပါက လူစကား နားလည်လောက်အောင် အလွန်ပင် ပါးနပ်လှပေသည်။
သူ အသာအယာ ခေါင်းညိတ်လိုက်သည်။
မျောက်ဖြူသည် ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် နင်ချီ အလစ်တွင် သံမဏိလက်မောင်းမျောက်ကြီး၏ မျက်နှာကို ကန်ကျောက်လိုက်သည်။
ထိခိုက်မှုမှာ မမြင့်မားသော်လည်း စော်ကားမှုမှာမူ အလွန်ကြီးမားလှသည်။
နင်ချီက နောက်မှ လှုပ်ရှားမှုကို ကြားသောအခါ တခစ်ခစ် ရယ်မောလိုက်သည်။
ဒီမျောက်ဖြူလေးက တော်တော်လေးတော့ စိတ်ဝင်စားစရာကောင်းတာပဲ။
သံမဏိလက်မောင်းမျောက်ကြီးမှာ ဒေါသထွက်နေပြီး သူ၏နှာခေါင်းမှာပင် ကောက်ကွေးနေသော်လည်း ပြန်လည်တုံ့ပြန်ရန် မဝံ့ရဲချေ။
မျောက်ဖြူသည် ဂုဏ်ယူစွာဖြင့် ခါးထောက်ရပ်လိုက်ပြီးနောက် အမူအရာအမျိုးမျိုးဖြင့် တတွတ်တွတ်ပြောဆိုနေ၏။ နင်ချီသည် သံမဏိလက်မောင်းမျောက်ကြီး၏ မျက်နှာထက်မှ ဝန်လေးသော အမူအရာကို ရှင်းလင်းစွာ မြင်လိုက်ရပြီရ၏။
နောက်ဆုံးတွင်မူ အသက်ရှင်ခြင်းက အသက်ဆုံးရှုံးခြင်းထက် ပိုကောင်းသည်ကို သိသောကြောင့် လက်လျှော့လိုက်သည်ကို သူ တွေ့လိုက်ရသည်။
သူ၏အလုပ်ကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်ပြီးနောက် မျောက်ဖြူသည် နင်ချီနှင့် ယဲ့ချင်းဟယ်တို့၏ ရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် လူးလိမ့်ခုန်ပေါက်နေတော့သည်။
နင်ချီက ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"လမ်းပြတော့။"
ဒီစကားပြန်က တော်တော်လေးတော့ အထင်ကြီးစရာပဲ။
သူတို့နှစ်ဦးသည် သံမဏိလက်မောင်း
မျောက်ကြီးနှင့် မျောက်ဖြူနောက်သို့ လိုက်ပါကာ တောအုပ်ထဲသို့ ဝင်ရောက်သွားကြသည်။
ယဲ့ချင်းဟယ်သည် နောက်ဆုံးတွင် နင်ချီအား မေးမြန်းရန် အချိန်ရသွားပြီးတစ်ယောက်ယောက် ကြားသွားမည်ကို စိုးရိမ်သည့်အလား လေသံတိုးတိုးဖြင့် ဆိုလာသည်။
"ကိုးလေး၊ ငါ့ကို ရိုးရိုးသားသားပြော။ နင် အခု ဘယ်နယ်ပယ်မှာ ရှိနေပြီလဲ။"
နင်ချီက ခဏမျှ စဉ်းစားလိုက်ပြီး တုံ့ပြန်လိုက်သည်။
"အရိုးသန့်စင်ခြင်းနယ်ပယ်ပါ။"
သူ အရိုးသန့်စင်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုမူ ထည့်မပြောခဲ့ပေ၊ ယဲ့ချင်းဟယ်အား တုန်လှုပ်သွားစေမည်ကို စိုးရိမ်သောကြောင့်တည်း။
အရိုးသန့်စင်ခြင်း အထွတ်အထိပ်ကလည်း အရိုးသန့်စင်ခြင်းပဲ မဟုတ်လား။ ဒါက လိမ်ညာတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား။
ယဲ့ချင်းဟယ်မှာ မှင်သက်သွားသည်။
တစ်နှစ်အချိန်အတွင်းမှာ အရိုးသန့်စင်ခြင်းနယ်ပယ်ကို ရောက်သွားတယ် ဟုတ်လား။
ဘာလို အကြွင်းမဲ့ ပါရမီရှင်မျိုးလဲ။
ယခုအခါတွင် သူမတို့၏ ဆရာက အဘယ့်ကြောင့် သူတို့၏ ဂျူနီယာမောင်လေးအား သူ၏ သိုင်းပညာလေ့ကျင့်မှုအကြောင်း အများအပြား မေးမြန်းခြင်းမပြုရန် သတိပေးခဲ့သည်ကို သူမ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဒါက ဂျူနီယာမောင်လေးကို ကာကွယ်ဖို့မဟုတ်ဘဲ ငါတို့ကို ကာကွယ်ဖို့ပဲကိုး။
ယဲ့ချင်းဟယ်သည် နင်ချီ၏ အပြစ်ကင်းစင်သော မျက်နှာလေးကို တသသဖြစ်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
သူမ နောက်တစ်ကြိမ် ဘယ်တော့မှ မမေးတော့ရန် ဆုံးဖြတ်လိုက်လေတော့သည်။