မျောက်ဖြူ တရားရှာ....
Vol. 2 Ch. 22
~“ကိုးလေး… နင့်ရဲ့ရယ်သံကို အောင့်ထားလွန်းနေပြီဟယ်။”
ယဲ့ချင်းဟယ်၏ အသံက ထွက်ပေါ်လာသည်။
သူမသည် နင်ချီ၏ ဘေးသို့ လျှောက်သွားပြီးနောက်၊ ခါးထောက်ကာ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်၏။
တဟားဟားနှင့် အရိုင်းဆန်စွာ ရယ်မောလိုက်ရာ၊ သူမ၏ ရယ်သံများက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားပြီး အဝေးမှ ငှက်များကိုပင် လန့်ဖျပ်ကာ ဝဲပျံသွားစေတော့သည်။
“မြင်တယ်မလား။ နောက်ဆို ဒီလိုရယ်၊ ဒါမှ ရန်သူက ဘာမှ မလုပ်ရသေးခင်မှာတင် မင်းကို နည်းနည်းလောက်တော့ ကြောက်သွားမှာ ပေါ့။”
နင်ချီမှာ စကားမဲ့သွားသည်။
ဒီလောက် မောက်မာတဲ့ ရယ်သံမျိုးကို ကြားရတဲ့ ဘယ်သူမဆို မသိရင် ဉာဏ်အလင်းရသွားပြီလို့တောင် ထင်မိမှာပဲ။
နင်ချီ အလျှော့ပေးလိုက်သည်ကို မြင်သောအခါ၊ ယဲ့ချင်းဟယ်သည် ယခင်က ငြူစူခဲ့သော အရိပ်အယောင်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ပို၍ပင် လွတ်လပ်စွာ ရယ်မောလိုက်တော့သည်။
“အမြင်အာရုံနဲ့ပတ်သက်ရင်တော့ ငါက နင့်လောက်မကောင်းဘူး။ ဒါပေမဲ့ တခြားအပိုင်းတွေမှာတော့…ကိုးလေး… မင်းက နည်းနည်းတော့ နုံသေးတယ်။”
ယဲ့ချင်းဟယ်သည် နင်ချီ မည်သည့်ခန္ဓာကျင့်စဉ် သိုင်းစွမ်းရည်ကို နားလည်သဘောပေါက်သွားသည်ကို မမေးခဲ့ပေ။
သူမ သိလိုစိတ် ဖြစ်နေသော်လည်း၊ စိတ်ဓာတ်ကျ မခံချင်သောကြောင့် ဖြစ်၏။
နှစ်ဦးသားသည် ကျောက်ဖျာကြီးပေါ်တွင် အချိန် အတော်ကြာအောင် ရှိနေခဲ့ကြသည်။
မျောက်ဝိုင်ကို သောက်လိုက်၊ ရှုခင်းကို ခံစားလိုက်ဖြင့် ထူးခြားသော အရသာတစ်မျိုးကို ခံစားနေရ၏။
ယဲ့ချင်းဟယ်မှာ ထွက်ခွာသွားရန်ပင် နှမြောနေပြီး၊ ယခင်က ငြီးငွေ့ဖွယ် ကောင်းခြင်းတို့မှာ လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။
“ ငါတို့ ကိုးလေးက တကယ့်ကို ကံကောင်းစေတဲ့ ကြယ်လေးပဲ။ နောက်တစ်ခါ အပြင်ထွက်ပြီး ပျော်ပါးမယ်ဆိုရင်၊ နင့်ရဲ့ စီနီယာအစ်မကို သေချာပေါက် ခေါ်သွားရမယ်နော်။”
ထိုသို့ ပြောဆိုကာ ယဲ့ချင်းဟယ်က ခစ်ခနဲ ရယ်မောလိုက်သည်။
ထို့နောက် သူမသည် မျောက်ဖြူလေးအား ဝိုင်ထပ်မထည့်ရန် တားလိုက်ပြီး၊ မတ်တပ်ထကာ ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်၏။
“ငါတို့ အခု ပြန်ဖို့ သင့်ပြီဟယ်။”
နင်ချီက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
“မျောက်ဖြူလေး… ငါတို့ရဲ့ တွေ့ဆုံမှုက ရေစက်ပဲ။ နောက်တစ်ခါ မင်းကို ငါပြန်တွေ့တဲ့အချိန်မှာတော့၊
လက်မောင်းရှည် မျောက်တစ်အုပ်က မင်းကို လိုက်ဖမ်းမနေတော့ဘူးလို့ မျှော်လင့်ပါတယ်။”
ယဲ့ချင်းဟယ်က ရယ်မောရင်း ထောက်ခံလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့ဒါ အရမ်းအရှက်ရဖို့ကောင်းတာပဲ၊ မျောက်လေးရဲ့။”
သို့သော်လည်း၊ ဤမျောက်ဖြူလေးသည် ရိုးရှင်းမည်မဟုတ်ဟု သူမ ခံစားနေမိ၏။
ဆန်းကြယ်သော အသီးနီကို စားပြီးနောက်၊ ၎င်းတွင် အံ့ဩဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ အပြည့်အဝ ဖွံ့ဖြိုးပြီးသေးမည် မဟုတ်ပေ။
မျောက်ဖြူလေးမှာတော့ ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်နေသည်။
သူတို့နှစ်ဦးနှင့် မျောက်လေးတို့သည် ရေတံခွန်ကို တစ်ဖန်ပြန်၍ ဖြတ်ကျော်ကာ၊ ဂူထဲသို့ ပြန်ရောက်လာကြသည်။
ထို့နောက် ဂူထဲမှတစ်ဆင့် တောအုပ်ထဲသို့ လျှောက်လာကြပါသည်။
နေဝင်ဆည်းဆာ၏ အရိပ်များမှာ တဖြည်းဖြည်း ရှည်လျားလာပြီး၊ တောအုပ်ကို ပို၍ပင် အသွေးအရောင် စုံလင်နေစေသကဲ့သို့ ရှိလေသည်။
မျောက်ဖြူလေးသည် သူတို့နှစ်ဦးကို နှုတ်ဆက်ရန် ဝန်လေးနေဟန်ဖြင့် ကြည့်နေ၏။
၎င်းက သူတို့ကို ထွက်မသွားစေရန် တားဆီးနေသည့်အလား လက်များကို ဝှေ့ယမ်းပြနေသည်။
နင်ချီက အပြုံးဖြင့် ခေါင်းခါလိုက်ပြီး…
“ငါတို့က ကိုယ့်ဂိုဏ်းကို ပြန်ရမှာ။ အချိန်လည်း နောက်ကျနေပြီ၊ တောက အန္တရာယ်များတယ်၊ မင်းလည်း စောစောပြန်သင့်တယ်။”
ထိုစကားများအပြီးတွင်…
နှစ်ဦးသားမှာ လက်ပြကာ ဆက်လျှောက်သွားကြတော့သည်။
မျောက်ဖြူလေးသည် စိတ်ဓာတ်ကျစွာဖြင့် သူတို့နှစ်ဦး၏ ပုံရိပ်များ တောအုပ်ထဲတွင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။
ထိုအခိုက်တွင် ရုတ်တရက် တုန်ခါမှုတစ်ခုက မျောက်ဖြူလေးကို နိုးကြားသွားစေပြီး၊ အစောပိုင်းက နင်ချီ လက်သီးကျင့်နေပုံ၊ ရွှေမျောက် မေးခွန်းများမေးနေသည့် မြင်ကွင်းတို့မှာ ပို၍ပို၍ ထင်ရှားလာကာ၊ သူ၏စိတ်ပိုင်းဖြတ်မှုမှာလည်း ခိုင်မာသွားတော့သည်။
“ကွိ ကွိ…”
မျောက်ဖြူလေးသည် မည်သည့် နေရာမှ အားအင်များ ရလာသည်မသိ၊ နှစ်ကြိမ်မျှ အော်မြည်လိုက်ပြီး ရှေ့သို့ တရှိန်ထိုး ပြေးထွက်သွားလေသည်။
နင်ချီနှင့် ယဲ့ချင်းဟယ်တို့မှာ စကားပြောရင်း ရယ်ကာ မောကာ လျှောက်လာကြ၏။
ရုတ်တရက်…
သူတို့နှစ်ဦးလုံး ခြေလှမ်းများ ရပ်တန့်သွားပြီး၊ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။
မျောက်ဖြူလေးသည် အသက်ကို မောဟိုက်စွာ ရှူရင်း သူတို့ အရှေ့သို့ ခုန်ပျံ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်လေ။
ယဲ့ချင်းဟယ်က ရယ်လိုက်သည်။
“အဟင်း..မျောက်လေး… မင်း ငါတို့နဲ့ အတူတူ လိုက်ချင်လို့လား။”
မျောက်ဖြူလေးသည် အသက်ကို အနည်းငယ်ရှူသွင်းကာ စိတ်ကိုငြိမ်အောင်ထားလိုက်၏။
ရုတ်ချည်းဆိုသလို ၎င်းသည် ဒူးထောက်ချလိုက်ပြီး၊ လူသားတစ်ဦးနှင့် ထူးမခြားနားသော အမူအရာဖြင့် နင်ချီအား အလွန်တရာ ရိုသေစွာဖြင့် အရိုအသေပေးလိုက်တော့သည်။
နင်ချီနှင့် ယဲ့ချင်းဟယ်တို့၏ အံ့အားသင့်မှုမှာ ပို၍နက်ရှိုင်းသွားရသည်။
ယဲ့ချင်းဟယ်က အံ့ဩတကြီး ရေရွတ်လိုက်၏။
“ကြည့်ရတာ သူက ငါတို့ဆီကို လိုက်ချင်တာမဟုတ်ဘူး၊နင့်ဆီ လိုက်ချင်တာပဲ၊ ကိုးလေး…”
နင်ချီက မေးလိုက်သည်။
“မင်း ငါတို့နဲ့အတူ ပြန်လိုက်ချင်လို့လား။”
မျောက်ဖြူလေး၏ မျက်လုံးများ အရောင်တောက်ပသွားပြီး၊ အကြိမ်ကြိမ် ခေါင်းညိတ်ပြကာ၊ လက်ဟန်ခြေဟန်များဖြင့် အသည်းအသန် ပြသနေရှာသည်။
နောက်ဆုံးတွင် သူ၏ မျက်နှာထက်၌ သတိကြီးစွာထားသော အမူအရာတစ်ခု ပေါ်လာ၏။
နင်ချီမှာ မှင်သက်သွားသည်။
သူ၏ “အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်” မှ အနေအထားအချို့ကို မျောက်ဖြူက အတုခိုးနေသည်ကို သူ သဘောပေါက်လိုက်သည်လေ။
ယဲ့ချင်းဟယ်က ဝိုင်တစ်ငုံ သောက်လိုက်ရင်း…ရှင်းပြလာသည်။
“ဒီမျောက်လေး အစောက တိတ်တိတ်လေး ခိုးသင်နေတာပဲ။ အခုတော့ သူ နင်နဲ့အတူ ပြန်လိုက်ပြီး အဲ့ဒီခန္ဓာကျင့်စဉ် သိုင်းစွမ်းရည်ကို လေ့ကျင့်ချင်နေပုံပဲ။”
ထိုအခါ နင်ချီမှာ အံ့ဩစွာ ရယ်မောလိုက်မိသည်။
အသင်္ချေ ဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ် ခန္ဓာကျင့်စဉ်သည် မယုံနိုင်လောက်အောင် ခက်ခဲလှသည်။
အစစ်အမှန်သိုင်းဂိုဏ်း၏ အပါရမီ အရှိဆုံး ဖြစ်သော ချင်ယွင်ပင်လျှင် ၎င်းကို သင်ယူနိုင်မည် မဟုတ်ရာ၊ မျောက်ဖြူလေး တစ်ကောင်အတွက်မူ ပြောစရာပင်မရှိပေ။
မျောက်ဖြူလေးသည် ထိုအထဲမှ သင့်တော်မည့် ‘ပုံရိပ်’ အချို့ကို မြင်တွေ့သွားပြီး ၎င်းအတွက် သင့်တော်မည်ဟု ထင်နေကြောင်း နင်ချီ နားလည်လိုက်သည်။
ဤသို့ ပြောပြီးနောက်၊ ယဲ့ချင်းဟယ်က အနည်းငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် ဆက်ပြောသည်။
“ဟွန့်၊ ဒီမျောက်လေးက လူမရွေးတတ်ဘူး။ ငါက နင့်ထက် အများကြီး ပိုအားကောင်းတာကို၊ သူက ငါ့ကို မရွေးဘဲ နင့်ကို ရွေးတယ်တဲ့ဟယ်၊ တုံးလိုက်တဲ့ မျောက်လေး။”
မျောက်ဖြူလေးက ချက်ချင်းပင် မျက်နှာချိုသွေးသော အပြုံးတစ်ခုကို ပြသပြီး၊ ယဲ့ချင်းဟယ်အား လက်မပင် ထောင်ပြလိုက်ပါသေးသည်။
“ခစ်ခစ်ခစ်ခစ်…”
ယဲ့ချင်းဟယ်မှာ အလွန် ပျော်ရွှင်သွားပြီး အားရပါးရ ရယ်မောလိုက်တော့သည်။
သူမက စဉ်းစားနေသော နင်ချီကို ကြည့်လိုက်ပြီး အကြံပြုလိုက်သည်။
“ကိုးလေး… မျောက်လေးကို ငါတို့နဲ့အတူ ပြန်ခေါ်သွားလိုက်ပါလား။ အစစ်အမှန်သိုင်းဂိုဏ်းက မျောက်လေး တစ်ကောင် မွေးတာကိုတော့ တတ်နိုင်မှာပါ။”
ဤမျောက်ဖြူလေးသည် ချစ်စရာကောင်းသည်မှာ အကြောင်းရင်းတစ်ခု။
နောက်အကြောင်းရင်းတစ်ခုမှာမူ၊ ကိုးလေး… အနည်းငယ် အထီးကျန်ဆန်နေသည်ဟု သူမ ခံစားရသောကြောင့် ဖြစ်၏။
အကြောင်းမူကား၊ သည်လောက် ငယ်ရွယ်သော အရွယ်တွင် သိုင်းပညာလေ့ကျင့်ခြင်းနှင့် စာဖတ်ခြင်းတို့ဖြင့် တစ်ယောက်တည်း အချိန်များစွာ ကုန်ဆုံးနေပါက၊ ကိုးလေး၏စရိုက်သည် တဖြည်းဖြည်း တသီးတသန့်ဖြစ်သွားလျှင် မကောင်းပေ။ ဤမျောက်ဖြူလေးသည် အလွန်တရာ တက်ကြွလှသောကြောင့်၊
မျောက်ဖြူသာ ကိုးလေး…နှင့်အတူ အဖော်ပြုနိုင်မည်ဆိုလျှင် ကောင်းသော အရာ တစ်ခု ဖြစ်ပေလိမ့်မည်။
ဤသည်မှာ သူမ သူ့ကို ဖျောင်းဖျနေခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။
နင်ချီက ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်ကို မျောက်ဖြူလေး မသင်ယူနိုင်သော်လည်း၊ သူ့အနေနှင့် ၎င်း၏ အစိတ်အပိုင်းတစ်ခုကို ရိုးရှင်းအောင်ပြုလုပ်ပြီး မျောက်ဖြူလေးအတွက် သင့်တော်သော ခန္ဓာကျင့်စဉ်တစ်ခုကို ဖန်တီးပေးနိုင် လောက်ပါသည်။
ဆန်းပြား သားရဲတစ်ကောင်က လူသားမျိုးနွယ်ရဲ့ သိုင်းပညာကို လေ့ကျင့်ရင် ဘာဖြစ်သွားမလဲ။
နင်ချီမှာ ရုတ်တရက် အနည်းငယ် သိလိုသွားသည်။
ဤမျောက်ဖြူလေးသည် အနည်းငယ် အဆော့မက်သော်လည်း၊ ကြမ်းကြုတ်သော သတ္တဝါ
တစ်ကောင်မဟုတ်၍ သူ အတော်ပင် သဘောကျမိသည်။
သူ လှမ်းကြည့်လိုက်ရာ၊ မျောက်ဖြူလေးသည် ချက်ချင်းပင်
စိုးရိမ် ပူပန်သလို ဟန်ဖြစ်လာ၏။
နင်ချီက ပြုံးလိုက်ပြီး ဆို၏။
“ကောင်းပြီလေ… ဒါဆိုရင် မင်း ငါတို့နဲ့အတူ လိုက်ခဲ့လို့ ရတယ်။”
မျောက်ဖြူလေး၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျယ်သွားပြီးနောက်၊ ၎င်းသည် စိတ်လှုပ်ရှားစွာဖြင့် လူးလိမ့်ခုန်ပျံကာ တောအုပ်ထဲတွင် လွှဲခိုကစားတော့သည်။
ထိုအခါ နင်ချီနှင့် ယဲ့ချင်းဟယ်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
…
အစစ်အမှန်သိုင်းဂိုဏ်း…
ကံကောင်းစွာပင် ညရောက်နေပြီဖြစ်သောကြောင့်ပင်။
သို့မဟုတ်ပါက သူတို့၏ လူနှစ်ဦးနှင့် မျောက်တစ်ကောင် ပါသော အဖွဲ့သည် အတော်ပင် အာရုံစိုက်မှုကို ဆွဲဆောင်မိပေလိမ့်မည်။
ယဲ့ချင်းဟယ်က သူမ စုဆောင်းခဲ့သော မျောက်ဝိုင်ကို ဦးစွာ ဖွက်ထားလိုက်ပြီးနောက်၊ သူမ၏ အတွင်းအားကို လည်ပတ်လိုက်ကာ ကိုယ်ပေါ်မှ အရက်နံ့များကို ဖယ်ရှားလိုက်ပြီးမှ ပြောလိုက်သည်။
“ ငါတို့ ဆရာ့ဆီ သွားတွေ့ကြရအောင်။”
အကြောင်းမှာတော့၊ သူတို့သည် ဆန်းပြား သားရဲဖြစ်သော မျောက်ဖြူလေးကို နင်ချီ၏ စောင့်ရှောက်မှုအောက်သို့ ခေါ်ဆောင်လာခဲ့သည်ဖြစ်ရာ၊ ဆရာ့ကို အသိပေးရန် လိုအပ်သည်ဟု သူမ ခံစားမိသောကြောင့် ဖြစ်၏။
နင်ချီကလည်း ခေါင်းညိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ မျောက်ဖြူလေးသည် အနည်းငယ် စိတ်ပူသလို ဖြစ်လာ၏။
အမှန်တကယ်တော့၊ ၎င်း အစစ်အမှန်သိုင်းဂိုဏ်းသို့ ခြေချမိသည့်အချိန်မှ စ၍ အနည်းငယ် ပူထူနေခဲ့သည်။
နင်ချီက အားပေးလိုက်သည်။
“ဟေ့ကောင်..စိတ်မပူပါနဲ့… ဆရာက ကြင်နာပြီး မေတ္တာကြီးပါတယ်။”
မျောက်ဖြူလေးသည် အနည်းငယ် စိတ်အေးသွားပြီး၊ နင်ချီ၏ ခြေလှမ်းများနောက်သို့ တစ်လှမ်းချင်း လိုက်ပါလာသည်။
“တပည့်တို့ ဆရာ့ကို ဂါရဝပြုပါတယ်ခင်ဗျာ။”
နှစ်ဦးသား ရိုသေစွာ ဂါရဝပြုလိုက်ရာ၊ မျောက်ဖြူလေးသည်လည်း အတုယူ၍ လိုက်လုပ်လေသည်။
တာအိုဆရာလုံရှန်းသည် နင်ချီကို ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
နင်ချီသည် ဤနေရာသို့ ရှားရှားပါးပါးသာ လာရောက်လေ့ရှိပြီး၊ များသောအားဖြင့် ပြဿနာတစ်ခုခု ကြုံမှသာ လာရောက်
လည်ပတ်တတ်သည်။
ထို့နောက် သူက ယဲ့ချင်းဟယ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းအသာခါလိုက်သည်။
အရက်နံ့ကို ဖယ်ရှားထားသော်လည်း၊ သူ့ထံမှတော့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ယဲ့ချင်းဟယ်မှာ ချက်ချင်းပင် မျက်နှာနီမြန်းသွားပြီး ရှက်ရွံ့စွာဖြင့် အနည်းငယ် နေရာရွှေ့လိုက်သည်။
လုံရှန်းက သူတို့နောက်သို့ ကြည့်လိုက်ရာ၊ မျောက်ဖြူလေးသည် သူ၏ ကိုယ်အများစုကို နင်ချီ၏ နောက်တွင် ဖွက်ထားသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း၊ နင်ချီမှာ လေးနှစ်အရွယ်မျှသာ ရှိသေးပြီး၊ မျောက်ဖြူလေးက သူ့ထက်ပင် အရပ်မြင့်နေရာ၊ သူ၏လုပ်ဆောင်မှုမှာ အနည်းငယ် အပိုဖြစ်နေသည်။
အနည်းငယ် ရယ်စရာကောင်းနေသေးသည်။
သူ၏အကြည့်များ အနည်းငယ် စူးရှသွား၏။
ယဲ့ချင်းဟယ်က အလျင်အမြန် ဆိုလိုက်၏။
“တပည့် ဆရာ့ကို အသိပေးမလို့ပါပဲ။”
ထိုသို့ပြောပြီးနောက်၊ သူမသည် သူတို့၏ ဇာတ်လမ်းကို အသေးစိတ် စတင်ပြန်ပြောပြတော့သည်။
သံမဏိလက်မောင်းမျောက်နှင့် ကြုံတွေ့ရသည်မှအစ၊ မျောက်ဖြူလေးက သူ၏ လျှို့ဝှက်ကျမ်းကို ပေးအပ်ခြင်း၊ ထူးဆန်းသော မြင်ကွင်းများကို ကြည့်ရှုခဲ့ရခြင်း၊ နှင့် နောက်ဆုံးတွင် သူတို့နောက်သို့ လိုက်လာခြင်းအဆုံး၊ အစိတ်အပိုင်းတစ်ခုမျှ မချန်ဘဲ ပြောပြခဲ့ပါသည်။
“ဒါက မျောက်ဖြူလေး.. ကျွန်မတို့ကို လက်ဆောင်ပေးတဲ့ လျှို့ဝှက်ကျမ်းပါပဲ။”
ယဲ့ချင်းဟယ်က လက်ဟန်ပြလိုက်ရာ၊ နင်ချီက သူ၏ အင်္ကျီထဲမှ ရေခဲပိုးမျှင်အားကို ထုတ်ယူလိုက်သည်။
တာအိုဆရာလုံရှန်းသည် နားထောင်နေရင်း တဖြည်းဖြည်းနှင့် အတွေးနက်ထဲသို့ နစ်မြုပ်သွားတော့သည်။