ရုပ်ခန္ဓာကိုယ်၏ ပြည့်စုံခြင်း...
Vol. 2 Ch. 25
~အစစ်အမှန်သိုင်းတောင်၌ နှစ်ကာလတို့ မသိ။
ဆောင်းကုန်၊ နွေရောက်ပြီးနောက်၊ ဆောင်းဦးသည် တစ်ဖန်ပြန်၍ အပြည့်အဝရောက်ရှိလာပြန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ နောက်ထပ်တစ်နှစ်နီးပါး ကုန်လွန်သွားခဲ့ပြီး၊ ဆောင်းရာသီတွင် မွေးဖွားခဲ့သော နင်ချီသည် မကြာမီ ငါးနှစ်ပြည့်တော့မည် ဖြစ်သည်။
နင်ချီသည် အရပ်ထပ်ရှည်လာပြန်ပြီး၊ ယခုအခါ မျောက်ဖြူလေးထက်ပင် အနည်းငယ် အရပ်မြင့်ကာ၊ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ဦးနှင့် ဘာမှ
မခြားနားတော့ပေ။
ဤတစ်နှစ်နီးပါးကာလအတွင်း၊ အစစ်အမှန်သိုင်းဂိုဏ်းသည် များစွာပြောင်းလဲသွားခဲ့၏။
တာအိုဆရာလုံရှနသည် ကောင်းကင်ဘုံပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန် အဆင့်တက်ခြင်းအခွင့်အရေးကို ရှာဖွေရန်အတွက် မကြာခဏ တံခါးပိတ်ကျင့်ကြံလေသည်။
သူသည် အရေးကိစ္စကြီးငယ်အားလုံးကို သူ၏ ပထမ တပည့်ကြီး လော့ဝန်ထျန်းအား စီမံခန့်ခွဲရန် လွှဲအပ်ခဲ့ပြီး၊ အခြားတပည့်များစွာကလည်း ကူညီဆောင်ရွက်ကြ၏။
အစစ်အမှန်သိုင်းဂိုဏ်းသည် တပည့်များခေါ်ယူရန် တံခါးများကို တဖြည်းဖြည်း ဖွင့်လှစ်ခဲ့သည်။ ယခုအချိန်အထိ တွက်ရလျှင်၊ တပည့်ဦးရေမှာ အယောက် တစ်ထောင် ကျော်လွန်သွားခဲ့လေပြီ။
တတိယ မျိုးဆက်တပည့် အများအပြားပင် ရှိနေလေသည်။
နင်ချီ၏ ဂုဏ်ဝုဒ်မှာ တစ်ဆင့်ထပ်မံ မြင့်တက်သွားခဲ့ပြန်၏။
သူ့ကို ကိုးယောက်မြောက် ဆရာဦးလေး ဟု ခေါ်ဆိုလာကြတော့သည်။
သို့သော်…
နင်ချီသည် အလွန်နက်နဲပြီး တိတ်ဆိတ်စွာ
နေတတ်သောကြောင့်၊ တပည့်အများစုမှာ ဤနက်နဲသော ကိုးယောက်မြောက် ဆရာဦးလေးအပေါ်တွင် သိပ်ပြီး ဓာတ်မသိကြပေ။
ထိုအစား၊ သူတို့သည် ဤကိုးယောက်မြောက် ဆရာဦးလေး၏ လက်အောက်မှ မျောက်ဖြူလေးနှင့်မူ အတော်ပင် ရင်းနှီးကျွမ်းဝင်နေကြသည်။
နင်ချီ၏ တပည့် တစ်ဦးအနေဖြင့်၊ မျောက်ဖြူလေးသည် သဘာဝအတိုင်း အစစ်အမှန် သိုင်းဂိုဏ်း၏ တတိယမျိုးဆက် တပည့်တစ်ဦးအဖြစ် သတ်မှတ်ခံရပါသည်။
အစပိုင်းတွင် သတိကြီးစွာနေခြင်းမှ နောက်ဆုံးတွင် သူ၏ပင်ကိုယ်သဘာဝကို ထုတ်ဖော်ပြသကာ၊ ဆော့ကစားပြီး တက်ကြွလာရန်အတွက်၊ မျောက်ဖြူလေးသည် တစ်လသာ အချိန်ယူခဲ့ရလေ၏။
အကြောင်းမူကား၊ သူသည် နင်ချီကဲ့သို့ အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိသူမဟုတ်ဘဲ၊ ပင်ကိုသဘာဝအရ တက်ကြွသူဖြစ်သောကြောင့်တည်း
သူက မကြာခဏ အပြင်ထွက်ကစားလေ့ရှိသည်။
ထို့အကျိုးဆက်ကြောင့် သူသည် အစစ်အမှန်သိုင်းဂိုဏ်းမှ တပည့်များစွာနှင့် အလွန်ရင်းနှီးနေလေသည်။
အစစ်အမှန်သိုင်းဂိုဏ်း၏ တပည့်များမှာလည်း မျောက်ဖြူလေးကဲ့သို့သော အထူးတတိယမျိုးဆက်တပည့်တစ်ဦးနှင့် လုံးဝအသားကျနေကြပြီး၊ သူတို့သည် ဆော့ကစားတတ်သော မျောက်ဖြူလေးကို အလွန်ချစ်ခင်ကြပါသည်။
နင်ချီကတော့ မျောက်ဖြူကို လွှတ်ထားပေးလိုက်၏။
နင်ချီသည် လူတိုင်းကို မိမိကဲ့သို့ဖြစ်ရန် အတင်းအကျပ် မတိုက်တွန်းပေ။
သူ့အတွက်မူ၊ ဉာဏ်အလင်း ပွင့်ခြင်းနှင့် ကျင့်ကြံခြင်းတို့သည် ထိပ်တန်းအဆင့် ပျော်ရွှင်မှုများဖြစ်သော်လည်း၊ အခြားသူများအတွက်မူ ထိုသို့မဟုတ်နိုင်ပေ။
သို့ဖြစ်သော်ငြားလည်း…
မျောက်ဖြူလေးသည် ရည်မှန်းချက် မရှိသူတော့မဟုတ်။
ဒါက သူ၏ မျိုးရိုး သဘာဝမျှသာ။
အမှန်တကယ်တွင်…
မျောက်ဖြူလေးသည် လူအများစုထက် ပို၍ ကြိုးစားအားထုတ်လေသည်။
လွန်ခဲ့သော ခြောက်လကျော်က…
နင်ချီသည် လူသားတို့၏ ခန္ဓာကျင့်စဉ်သိုင်းကွက်များမှ စိတ်ကူးစိတ်သန်း ယူလိုက်၏။ အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်မှ မျောက်ရုပ်သဏ္ဌာန်ကို ယူ၍ မျောက်ဖြူလေးအတွက် သိုင်းကွက် တစ်ခုကို ဖန်တီးပေးခဲ့လေသည်။
အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်ကို ဖန်တီးခဲ့သည့် အတွေ့အကြုံဖြင့်၊ နင်ချီ၏ သိုင်းလမ်းစဉ်ပေါ်မှ အခြေခံအုတ်မြစ်မှာ သိသာစွာ တိုးတက်လာခဲ့သည်။
သိပ်ပြီး အားစိုက်ထုတ်စရာမလိုဘဲ၊ သူသည် မျောက်ဖြူလေး၏ ကျင့်ကြံမှုအတွက် သင့်တော်သော မျောက်ဘုရင်ခန္ဓာကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့၏။
ထိုအချိန်မှ စ၍…
မျောက်ဖြူလေးသည် ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ တရားဝင် ခြေချခဲ့လေတော့သည်။
မျောက်ဖြူ တစ်ကောင်၏ ခန္ဓာကိုယ်ဖြင့် မျောက်ဘုရင် ခန္ဓာကျင့်စဉ်ကို လေ့ကျင့်ရာတွင်၊ သူသည် အမှန်ပင် တစ်မူထူးခြားစွာ ပါရမီ ပါရှိပြီး၊ မျောက်ဘုရင်နတ်ဘုရားစိတ်ဆန္ဒကို မွေးရာပါ နားလည်နိုင်စွမ်းရှိသည်။
သူ၏ဉာဏ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ၊ သူသည် အလွန်လျင်မြန်စွာ ကျင့်ကြံနိုင်၏။
နင်ချီလောက် မမြန်သော်ငြားလည်း၊ သူသည် လူသားများကြားမှ ပြိုင်ဘက်ကင်းသော ပါရမီရှင်များထက်ပင် ပို၍ မြန်ဆန်လေသည်။
နင်ချီမှာ အံ့ဩသွားပြီး ဂရုတစိုက် လေ့လာကြည့်ရှုလိုက်တော့သည်။
သားရဲများ၏ ခန္ဓာကိုယ်များသည် ပင်ကိုအားဖြင့် လူသားများထက် ပိုမို သန်မာသောကြောင့်၊ ခန္ဓာကိုယ်သန့်စင်ခြင်းမှာ ပို၍လွယ်ကူခြင်းဖြစ်နိုင်သည်ဟု နင်ချီ တွေ့ရှိခဲ့၏။
ထိုဆန်းကြယ်သော အသီးနီ၏ လွှမ်းမိုးမှုလည်း ရှိနိုင်ပေသည်။
သို့သော် မည်သည့်အရာကြောင့်ပင်ဖြစ်စေ…
နင်ချီက မျောက်ဖြူလေးအား သတိပေးချက်တစ်ခု ပေးခဲ့သည်။
မိမိ၏ခွင့်ပြုချက်မရှိဘဲ၊ မျောက်ဖြူသည် သိုင်းလမ်းစဉ်နှင့် ပတ်သက်သည့်အကြောင်းကို ပေါ့ပေါ့ဆဆ ထုတ်ဖော်ခြင်းမပြုရ။
သို့မဟုတ်ပါက မျောက်ဖြူကို နှင်ထုတ်မည် ဖြစ်သည်။
မျောက်ဖြူလေး၏ ထူးခြားမှုသာ ပေါ်ထွက်သွားပါက၊ အစွမ်းထက်သော ဆန်းပြား သားရဲများ သတင်းကြားပြီး ရောက်ရှိလာမည်ကို နင်ချီ စိုးရိမ်သောကြောင့်တည်း။
မျောက်ဖြူလေးမှာ သဘာဝအတိုင်း နာခံစွာ သဘောတူခဲ့လေသည်။
ထို့ကြောင့်၊ ယခုအချိန်ထိ၊ နင်ချီ့အပြင်၊ အစစ်အမှန်သိုင်းဂိုဏ်းထဲတွင် မျောက်ဖြူလေးသည်လည်း သိုင်းလမ်းစဉ် စတင်ခဲ့ပြီး မသေးငယ်လှသော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မည်သူမျှ မသိရှိကြပေ။
သို့ရာတွင်၊ အစစ်အမှန်သိုင်းဂိုဏ်းနှင့် မျောက်ဖြူလေးတို့၏ ပြောင်းလဲမှုများမှာ ဒုတိယအဆင့်မျှသာ ဖြစ်သည်။
တကယ့် အပြောင်းအလဲမှာ…
နင်ချီ ကိုယ်တိုင်ပင် ဖြစ်ပါသည်။
—-------
ယခုအခါ တာအိုရှာဖွေခြင်း ကျောင်းတော်အတွင်း၌…
နင်ချီသည် ခန္ဓာကျင့်စဉ်သိုင်းကွက်ကို လေ့ကျင့်နေသည်။
သူ၏လက်သီးချက်များနှင့် ခြေကန်ချက်များမှာ နှေးကွေးညင်သာပြီး အထူးဆွဲဆောင်မှုတစ်ခု ရှိနေ၏။
သို့သော် ဒါက ကျင့်ကြံခြင်းမဟုတ်ဘဲ၊ လွန်ခဲ့သော နှစ်နှစ်အတွင်း စုပုံလာခဲ့သော ပင်ကိုအသိစိတ်ဖြင့် လေ့ကျင့်ခြင်းမျှသာ ဖြစ်သည်။
ဤလွန်ခဲ့သော တစ်နှစ်အတွင်းမှ ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်လည်သုံးသပ်ရင်း၊ နင်ချီမှာ အနည်းငယ် အံ့ဩမိသလို ခံစားလိုက်ရပါသည်။
အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်ကို ဖန်တီးခဲ့သည်မှစ၍…
နှစ်လအတွင်းမှာပင်…
သူသည် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့၏။
ထိုအချိန်မှ စ၍၊ သူ၏ကိုယ်တွင်းအင်္ဂါများမှာ သန်မာလာပြီး၊ စစ်မြေပြင်တွင် မောပန်းနွမ်းနယ်ခြင်းမရှိဘဲ၊ အစွမ်းထက်သော ရန်သူရာပေါင်းများစွာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခဲ့၏။
နောက်ထပ် သုံးလ ကြာမြင့်သွားပြန်သည်။
ခြင်ဆီသန့်စင်ခြင်း ပြည့်စုံခြင်းအဆင့်။
ခြင်ဆီအရည်မှာ ပြဒါးကဲ့သို့ ထူထဲလာပြီး၊ ခွန်အားမှာ အထွတ်အထိပ်သို့ ရောက်ကာ၊ ယုန်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့၏။
နောက်ထပ် သုံးလ ကြာမြင့်သွားပြန်သည်။
သွေးသန့်စင်ခြင်း ပြည့်စုံခြင်းအဆင့်။
ယခုအခါ အတွင်းပိုင်းချီနှင့် သွေးတို့မှာ တစ်သားတည်းဖြစ်သွားပြီး၊ သူ့ရုပ်ခန္ဓာမှာ ချောမွေ့ကာ အဟန့်အတားမရှိ၊ လုံးဝ လိုက်ဖက်ညီထွေဖြစ်နေလေပြီ။
နောက်ဆုံးနှစ်လအတွင်း…
လွန်ခဲ့သော ခုနစ်ရက်ကပင်…
နင်ချီသည် ခန္ဓာကိုယ်သန့်စင်ခြင်း၏ နောက်ဆုံးအတားအဆီးဖြစ်သော ဝိညာဉ်သန့်စင်ခြင်းကို ကျော်လွှားပြီး ဖြစ်လေသည်။
ဒါက အခက်ခဲဆုံးအဆင့် ဖြစ်ပါ၏။
ခန္ဓာကျင့်စဉ်သိုင်းကွက်မှ ‘ချီ’ ကို အသုံးပြု၍ ဦးခေါင်းကို ရိုးရှင်းစွာ သန့်စင်ပြီး မိမိ၏ကိုယ်ပိုင် ‘ဝိညာဉ်’ ကို လှုံ့ဆော်ရန် လိုအပ်သည်။
သို့သော် နင်ချီအတွက်မူ၊ ထိုအရာက မခက်ခဲခဲ့ပေ။
သူ၏နားလည်နိုင်စွမ်းမှာ ထူးကဲပြီး၊ ခန္ဓာကျင့်စဉ်သိုင်းကွက်၏ နတ်ဘုရားစိတ်ဆန္ဒကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက ဝိညာဉ်သန့်စင်ခြင်းအဆင့်အတွက် အထောက်အကူပြုခဲ့သည်။ သူ ကျွမ်းကျင်သော နတ်ဘုရားစိတ်ဆန္ဒအမျိုးမျိုးမှာ အခြားသူများထက် များစွာသာလွန်သောကြောင့်၊ ကုန်ဆုံးခဲ့သော အချိန်မှာ အမှန်တကယ်တွင် ယခင်အဆင့်များထက်ပင် နည်းပါး ခဲ့လေသည်။
“အခု ငါ ဝိညာဉ်သန့်စင်ခြင်းကို ပြည့်စုံသွားပြီဆိုတော့၊ ငါ့စိတ်တွေ ကြည်လင်ပြီး၊ အတွေးအခေါ်တွေ ထက်မြက်လာတယ်။ သာမန်သိုင်းသမားတစ်ယောက် ဒီအဆင့်ကို ရောက်ရင်တောင်၊ အလိုအလျောက် ဉာဏ်ပညာတွေ တိုးပွားလာမှာပဲ။”
“ဒါပေမယ့် ငါ့အတွက်တော့၊ ဒီလောက်နဲ့ မပြီးသေးဘူး။”
“‘ဝိညာဉ်’ က ကြီးကြပ်ကွပ်ကဲပြီး၊ အတွင်းနဲ့အပြင်နယ်ပယ်တွေ ပေါင်းစည်းသွားတာနဲ့၊ အခု ငါ့ရဲ့ရုပ်ခန္ဓာက အပြစ်အနာအဆာကင်းပြီး ပြည့်စုံတဲ့အခြေအနေကို ရောက်သွားပြီ။ နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် အသက်ရှည်နိုင်ပြီး၊ သက်စောင့်စွမ်းအား တိုးတက်လာတာနဲ့အမျှ ငါ့ရဲ့ နားလည်နိုင်စွမ်းကလည်း နောက်ထပ် ပြန်ပြီး တိုးတက်လာခဲ့တာပါလား။”
နင်ချီ၏ မျက်လုံးများထဲတွင် ပီတိများဖြင့် ပြည့်နှက်နေ၏။
သူသည် ထာဝရ အသက်ရှည်ခြင်းလမ်းစဉ် (ဝါ)အင်မော်တယ် လမ်းစဉ်ကို ရှာဖွေသူ ဖြစ်သည်။
နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် နေထိုင်ရခြင်းသည် အနည်းငယ် တိုးတက်မှုမျှသာဖြစ်သော်လည်း သူ့ကို ပျော်ရွှင်စေပါ၏။
၎င်းက တစ်လှမ်းချင်းစီ၊ မဟာလမ်းစဉ်ကြီးပေါ်တွင် ခြေချနေခြင်း ဖြစ်လေသည်။
ထို့အပြင်…
အထွတ်အထိပ် နားလည်နိုင်စွမ်းသည် သူ၏သက်စောင့်အနှစ်သာရ အဆင့်မြှင့်တင်မှုနှင့်အတူ အဆက်မပြတ် တိုးတက်နေမည်ဖြစ်ပြီး၊ အမြဲတမ်း အားအကောင်းဆုံးအခြေအနေတွင် ရှိနေမည် ဖြစ်သည်။
ဤသည်မှာ နင်ချီ၏အခြေခံအုတ်မြစ် ဖြစ်သည်။
အနာဂတ်တွင်၊ သူသာ သူ၏သက်စောင့်အနှစ်သာရကို ကောင်းကင်၊ မြေကြီးနှင့် တန်းတူဖြစ်အောင် မြှင့်တင်နိုင်ခဲ့ပါက၊ အတွေးတစ်ချက်တည်းဖြင့် တာအိုပေါင်းများစွာကို နားလည်သဘောပေါက်ခြင်းသည် အလွယ်ကလေး ဖြစ်တော့မည်။
ဟုတ်ပါသည်။
ဤသည်မှာ အသက်ရှည်မှု တိုးချဲ့ခြင်းအကြောင်းမျှသာ မဟုတ်ပေ။
နင်ချီ၏ တိုက်ခိုက်ရေး
စွမ်းအားသည်လည်း ထပ်တူထပ်မျှ ထူးခြားလှ၏။
အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်ဖြင့် ပြိုင်ဘက်ကင်းသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ခဲ့ပြီးနောက်…
ယခုအခါ သူ၏ရုပ်ခန္ဓာကိုယ်မှာ ပြည့်စုံသွားခဲ့ပြီ ဖြစ်ပါ၏။
လက်တစ်ချက် လှုပ်ရမ်းလိုက်ရုံဖြင့် ပေါင်တစ်သိန်းအားကို ပိုင်ဆိုင်
ထားလေသည်။
ထို့အပြင်၊ နင်ချီသည် သတ်ဖြတ်ခြင်းသိုင်းနည်းစနစ်ကိုလည်း အနည်းငယ် သုတေသနပြုလုပ်ထားရာ၊ သာမန်လူများအတွက် နှိုင်းယှဉ်ရန် ခက်ခဲပြီး၊ ပါရမီရှင်များကို ရှက်ရွံ့သွားစေရန် အကြီးအကျယ် လုံလောက်ပေလိမ့်မည်။
အထူးသဖြင့် အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်ကို ဖြည့်စွက်ရန် သူဖန်တီးခဲ့သော အသင်္ချေဖြစ်ရပ်ဆန်းကြယ်
လက်သီးကွက်မှာ ပို၍ပင် အစွမ်းထက်လှ လေသည်။
နင်ချီသည် အခြားသူများနှင့် လက်ရည်ယှဉ်ပြိုင်လေ့မရှိသလောက်ပင်။
သို့သော် သူ ယုံကြည်သည်မှာ၊ အတွင်းစွမ်းအားနယ်ပယ်တွင်ပင်၊ အချို့မှာ သူ၏ပြိုင်ဘက် မဖြစ်နိုင်လောက်ပေ။
ဤသည်မှာ ငါးနှစ်ပင်မပြည့်သေးသော ကလေးငယ်တစ်ဦးသာ ဖြစ်သည်ကို တွေးကြည့်ရန် ခက်ခဲလှပါသည်။
လူသားပုံသဏ္ဌာန်ရှိသော ကြမ်းကြုတ် သားရဲကြီး တစ်ကောင်နှင့်ပင် တူနေ၏။
“ဒါပေမဲ့… အတွင်းစွမ်းအားနယ်ပယ်ကိုတော့ အထင်မသေးသင့်ဘူး။ အတွင်းအားက အရမ်းအစွမ်းထက်တဲ့ စွမ်းအားတစ်ခုပဲ။ ချီစွမ်းအင်လိုမျိုး အပြင်ကို ထိုးထွက်မတိုက်ခိုက်နိုင်ပေမဲ့၊ လူ့ခန္ဓာကိုယ်ကို ကြီးမားစွာ မြှင့်တင်ပေးနိုင်တယ်။ ခွန်အားကို ကိုးဆ ဆင့်ပြီး၊ တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီး ကြောက်ဖို့ ကောင်းလာတယ်။”
နင်ချီသည် ဘဝင်မြင့်ခြင်းလည်း မရှိ၊ ကျေနပ်ရောင့်ရဲခြင်းလည်း မရှိပေ။
သူသည် ယခုအခါ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိထားသော်လည်း…
လောကတွင် သူ အနှိုင်းမဲ့ ခွန်အားရှင် ဖြစ်ရန်မှာ အလွန်လိုအပ်သေးသည်။
“အခု ငါ့ရဲ့ရုပ်ခန္ဓာကိုယ်က ပြည့်စုံသွားပြီ။ နောက်တစ်ဆင့်ကတော့ ‘ဝိညာဉ်’ ကို အသုံးပြုပြီး ခန္ဓာကိုယ်ကို လှုံ့ဆော်၊ အတွင်းအားကို ထုတ်လုပ်ပြီး အတွင်းစွမ်းအားနယ်ပယ်ထဲကို ခြေချဖို့ပဲ။”
သာမန်လူများအတွက်၊ ဤအဆင့်သည်လည်း ကျော်ဖြတ်ရန် မလွယ်ကူလှ။ အချို့မှာ ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေကာ၊ အသက်ကြီး၍ အားနည်းလာကြသည်။ သူတို့၏ခန္ဓာကိုယ်များ ဆွေးမြေ့သွားကာ၊ နယ်ပယ်ကို မချိုးဖြတ်နိုင်ဘဲ သူတို့၏သက်တမ်းကို
မတိုးချဲ့နိုင် ဖြစ်ကြရသည်။
သို့သော် နင်ချီအတွက်မူ…
၎င်းသည် ဖြစ်ရိုးဖြစ်စဉ် တစ်ခုမျှသာ။
သူ၏အခြေခံအုတ်မြစ်မှာ အလွန်ခိုင်မာလှရာ သူ ဖော်ထုတ်မည့် အတွင်းအားသည်လည်း သေချာပေါက် အားကောင်းလိမ့်မည်မှာ ကြိုတင်မြင်နိုင်ပေသည်။
“နှစ်လပါပဲ၊ နှစ်လဆိုရင် လုံလောက်တယ်။”
နင်ချီက တိတ်တဆိတ် တွက်ချက်လိုက်သည်။
သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အချို့ ယှက်သန်းလာ၏။
ထိုအခါကျလျှင် သူ့အသက် ငါးနှစ်မျှသာ ရှိဦးမည်။ အတွင်းစွမ်းအားနယ်ပယ်သို့ ခြေချနိုင်ကာ၊ နှစ်နှစ်ရာ နေထိုင်နိုင်ပြီး၊ သက်စောင့်စွမ်းအားတွင် နောက်တစ်ကြိမ် ခုန်ပျံကျော်လွှား မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
“ဒီကာလအတွင်းမှာ၊ ငါ အတွင်းစွမ်းအား နယ်ပယ်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို စဉ်းစားပြီး ကြိုတင်
ပြင်ဆင်ထားလို့ ရတယ်။”
“ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ၊ ဖြေရှင်းဖို့လိုသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။”
နင်ချီက သူ့ဘေးမှ မျောက်ဖြူလေးကို ခေါ်လိုက်သည်။
“ထျန်းချန်… ငါတို့ သွားဖို့အချိန်ကျပြီ။”
ထိုအခါ မီးခိုးရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး လူသားတစ်ဦးနှင့် ခွဲခြားမရနိုင်သလောက်ဖြစ်နေသော မျောက်ဖြူလေးသည် သူ၏ မျောက်ဘုရင်ခန္ဓာကျင့်စဉ်လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး အလျင်အမြန်ပင် နင်ချီ့ နောက်မှ လိုက်ပါလာတော့သည်။
ယနေ့ပင်…။
နတ်ဘုရားဓားသခင် အဘိုးကြီးနှင့် တာအိုဆရာလုံရှန်းတို့၏ ဆယ်နှစ်တာ သဘောတူညီချက်နေ့ ဖြစ်လေသည်။