မွေးရာပါ ဓားသိုင်းအရိုး...
Vol. 2 Ch. 29
~ အနည်းငယ်တော့ မကျေမနပ် ဖြစ်နေမိသည်။
မူလက သူသည် တာအိုဆရာ လုံရှန်းလောက် မတော်ကြောင်း လက်ခံထားပြီးဖြစ်ကာ သူ၏တပည့်များမှတစ်ဆင့် မျက်နှာပြန်အဖတ်ဆယ်ရန် ကြံရွယ်ထားသော်လည်း ယခုလို အောက်စီးမှ အဆုံးသတ်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ နှစ်ဖက်စလုံး အင်အားအပြည့်အဝမသုံးသည့် သာမန်စမ်းသပ်ပွဲတစ်ခုသာ ဖြစ်လင့်ကစား၊ ယခုလို အဆုံးသတ်သွားရသည်က နတ်ဘုရားဓားသခင်အဘိုးကြီးကို စိတ်မသက်မသာ ဖြစ်စေလေည်။
ထိုအခါ တာအိုဆရာ လုံရှန်းက လိုက်လျောသော လေသံဖြင့် ဆို၏။
"နတ်ဘုရားဓား အစ်ကိုကြီးရဲ့ စကားအရဆိုရင် အတွင်းစည်းတပည့်တွေကို ဆက်ပြိုင်ခိုင်းရမလား"
နတ်ဘုရားဓားသခင်အဘိုးကြီးက ခေါင်းခါလိုက်ပြီး ကျွမ်းချန်ကို လက်ညှိုးထိုးပြကာ မျက်နှာတွင် ချစ်ခင်မြတ်နိုးဟန်ဖြင့် ဆိုလေသည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက နောက်ဆုံး လက်ခံ တပည့် တစ်ယောက် ရခဲ့တယ်၊ သူ့နာမည်က ကျွမ်းချန်လို့ ခေါ်တယ်။ အခု သူ ရှစ်နှစ်၊ သိုင်းလေ့ကျင့်တာ နှစ်နှစ်ပဲ ရှိသေးတယ်"
"နောက်ဆယ်နှစ်ကြာရင် အတွင်းစည်းတပည့်အများစုက အသက်သုံးဆယ်ကျော်သွားကြမှာ
ဆိုတော့ သူတို့အလှည့် မဟုတ်တော့ဘူး။ ဒီလို ငယ်ရွယ်တဲ့ ကလေးတွေက နောက်ဆယ်နှစ်ရဲ့ စိန်ခေါ်ပွဲအတွက် အဓိကအင်အား ဖြစ်လာမှာပဲ၊ ဒီတော့ အခုကတည်းက သူတို့ကို အကျွမ်းတဝင်ဖြစ်အောင် လုပ်ခိုင်းလိုက်တာ မကောင်းဘူးလား”
"မင်းကိုလည်း ကျုပ် အသာစီးမယူပါဘူး။ အစစ်အမှန် သိုင်းဂိုဏ်းက အသက်ဆယ်နှစ်အောက် ဘယ်တပည့်မဆို ကျွမ်းချန်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်။ အနိုင်ရတဲ့သူက ဒီနဂါးဇီးကွက်ဓားကို လက်ဆောင်အဖြစ် ရလိမ့်မယ်"
ထိုသို့ ပြောပြီးနောက်…
နတ်ဘုရားဓားသခင်အဘိုးကြီးသည် နောက်ကျောမှ ကျယ်ပြန့်ရှည်လျားသော ဓားကို ဆွဲထုတ်ကာ သိုင်းကွင်းပြင်ပေါ်သို့ တင်လိုက်သည်။
ဓားသွားတွင် အရောင်အဝါမရှိသော်ငြား စွဲမက်ဖွယ်ကောင်းသော ထက်မြက်မှုကို ဆောင်ကြဉ်းထား၏။
၎င်းမှာ ထိပ်တန်းဒဏ္ဍာရီလာဓားတစ်လက် ဖြစ်သည်မှာ သေချာလှပါသည်တကား။
သည်တစ်ကြိမ်တွင် ပြသထားသော ဆုလာဘ်များထဲ၌ ဤဓားသည် အထူးချွန်ဆုံးဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။
နတ်ဘုရားဓားသခင်အဘိုးကြီး
သည်လည်း အားနာနေမိသည်မှာ ထင်ရှားပြီး သူ၏ကိုယ်ပိုင်ဓားကို ဆုအဖြစ် တိုက်ရိုက်
ပေးအပ်လိုက်သော်လည်း၊ တစ်ဖက်တွင်မူ သူ၏ယုံကြည်မှုကို ပြသနေသကဲ့သို့ ရှိလေ၏။
တစ်ခဏအတွင်းမှာပင်…
အစစ်အမှန် သိုင်းဂိုဏ်းမှ တပည့်အများအပြား၏ မျက်လုံးများက အရောင်တောက်လာကြသည်။
သို့သော် သူတို့၏နှလုံးသားများမှာ နောင်တများဖြင့် ပြည့်နှက်နေကြရှာသည်။ သူတို့သာ အသက်ဆယ်နှစ်အောက် ဖြစ်ခဲ့မည်ဆိုလျှင် ဤနာမည်ကျော်ဓားကို ရယူရန် အခွင့်အရေး
ရှိကောင်းရှိနိုင်မည်ပင်။
သို့သော် အချို့က နတ်ဘုရားဓားသခင်အဘိုးကြီး၏ စကားများထဲတွင် ဝှက်ထားသော သတင်းအချက်အလက်ကို သတိပြုမိကြသည်။
"ဒီကလေးက အသက်ရှစ်နှစ်နဲ့ သိုင်းလေ့ကျင့်တာ နှစ်နှစ်ရှိပြီဆိုတော့ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံအမြုတေက အသက်ခြောက်နှစ်မှာ စတင်ဖြစ်ပေါ်ခဲ့တာလား"
ချင်ယွင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏စိတ်ထဲတွင် အတွေးများ လှိုင်းထန်သွားသည်။
သူ၏ ကျင့်ကြံခြင်း
အခြေခံအမြုတေသည် အသက်ခုနစ်နှစ်တွင်မှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ကျွမ်းချန်က သူ့ထက် တစ်နှစ်စောနေလေ၏။
ကျင့်ကြံခြင်း အခြေခံအမြုတေ စောစီးစွာ ဖြစ်ပေါ်ခြင်းသည် အရည်အချင်းနှင့် လုံးဝမသက်ဆိုင်သော်လည်း၊ ချင်ယွင်၏ နှလုံးသားထဲတွင် ဖိစီးသွားရ၏။
ထိုစဉ် နင်ချီသည် ကျွမ်းချန်ကို အနည်းငယ် အံ့ဩစွာဖြင့် လှမ်းကြည့်လိုက်ရာ ရိုးသားဖြူစင်သော အပြုံးတစ်ပွင့်ကို ပြန်လည်ရရှိခဲ့သည်။
အံ့ဩစရာပင်။ ထိုသိပ်မတောက်ပြောင်လှသော ကောင်လေးတွင် သည်လို မြင့်မားသော အရည်အချင်းရှိနေသည်လား။
တာအိုဆရာ လုံရှန်းသည် နတ်ဘုရားဓားသခင်အဘိုးကြီး ဓားထုတ်လိုက်သည်ကို မြင်သောအခါ စိတ်ပျက်လက်ပျက် ပြုံးလိုက်မိသည်။
"နတ်ဘုရားဓား အစ်ကိုကြီး၊ ဘာဖြစ်လို့ ဒီလောက်ထိတောင် လုပ်ရတာလဲဗျာ…"
နတ်ဘုရားဓားသခင်အဘိုးကြီးက သတ္တိအပြည့်ဖြင့် လက်ကိုခါယမ်းကာ ဆို၏။
"ကိစ္စမရှိပါဘူး။ အစစ်အမှန်
သိုင်းဂိုဏ်းမှာ ဒီလိုအရည်အချင်း ရှိတဲ့သူ ရှိတယ်ဆိုရင် ဒီနဂါးဇီးကွက်ဓားကို ယူသွားတာ ကောင်းပါတယ်"
ထိုအခါ ယဲ့ချင်းဟယ်၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
ဤသည်မှာ နာမည်ကျော်ဓားကို အလွယ်တကူ လက်လွှဲပေးလိုက်သလို မဟုတ်ပါလော။။
သူမ၏ မောင်ငယ်လေး မည်မျှကြောက်စရာကောင်းသည်ကို သူမ ကောင်းစွာသိသည်။
လွန်ခဲ့သောတစ်နှစ်က မျောက်ဖြူနှင့် တွေ့ဆုံစဉ်ကပင် ကိုးလေးသည် အရိုးကျင့်ကြံခြင်းအဆင့်သို့ ဝင်ရောက်နေပြီ။
ယခုဆိုလျှင် ကိုယ်တွင်းအင်္ဂါကျင့်ကြံခြင်း သို့မဟုတ် ခြင်ဆီကျင့်ကြံခြင်းအဆင့်သို့ပင် ရောက်ရှိနေနိုင်ပေသည်။
ထိုတုံးအအ ကောင်လေးက ကျင့်ကြံခြင်းနှစ်နှစ်ဖြင့် ဤမျှပင် မိစ္ဆာဆန်နေလိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။
လူတိုင်းတွင် မတူညီသော အတွေးများ ရှိနေကြစဉ်…
နတ်ဘုရားဓားဂိုဏ်းမှ စီနီယာ တပည့် တုံးဟယ်သည် ကျွမ်းချန်အား တစ်စုံတစ်ခု တိုးတိုးလေး မှာကြားလိုက်ရာ ကျွမ်းချန်၏ မျက်လုံးများက အရောင်တောက်လာသည်။
သူက တုံးဟယ်နှင့် ဈေးဆစ်နေဟန်တူပြီး၊ တုံးဟယ်က ခါးသက်သော အပြုံးဖြင့် အရှုံးပေးလိုက်မှ ကျွမ်းချန်သည် သိုင်းကွင်းပြင်အလယ်သို့ မာန်ပါပါ လျှောက်သွားလေ၏။
သူ၏အသံတွင် တုံးအအနိုင်သော လေသံလေး ပါဝင်နေသည်။
"ကျွန်တော်က နတ်ဘုရားဓားဂိုဏ်းက ကျွမ်းချန်ပါ။ ဘယ်သူက ကျွန်တော့်ကို ကြက်ပေါင် ပေး… အဲ… မဟုတ်ဘူး၊ ဘယ်သူက ကျွန်တော့်ကို စိန်ခေါ်မလဲ"
ထိုကောင်လေး နှာခေါင်းရှုံ့လိုက်သည်ကိုမြင်သော်၊ အစစ်အမှန် သိုင်းဂိုဏ်းမှ တိုးညင်းသော ရယ်သံများ ပျံ့နှံ့လာပြီး၊ နတ်ဘုရားဓားဂိုဏ်းမှ လူများက သူတို့၏မျက်နှာများကို ဖုံးအုပ်ထားကြသလို၊ နတ်ဘုရားဓားသခင်အဘိုးကြီးသည်လည်း ဆိတ်ငြိမ်သွားကာ ခေါင်းလွှဲလိုက်တော့သည်။
"ငါ၊ ကျောက်ချန်ဟယ်၊ မင်းကို ရင်ဆိုင်မယ်"
နင်ချီ မတ်တပ်ထရပ်မည့်ဆဲဆဲမှာပင် အစစ်အမှန် သိုင်းဂိုဏ်းမှ အသက်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ဦးစွာ ပြေးထွက်သွားလေပြီ။
ဤကောင်လေးသည် စောစီးစွာ ဖွံ့ဖြိုးသူဖြစ်ပြီး ကျွမ်းချန်ထက် အနည်းဆုံး ခေါင်းနှစ်လုံးခန့် ပိုမြင့်သည်။
သက်တူရွယ်တူ တပည့်များကြားတွင် ထူးချွန်သူ တစ်ဦး ဖြစ်ပြီး အသက်ရှစ်နှစ်ကတည်းက သိုင်းပညာ လေ့ကျင့်ခဲ့ကာ ယခုအခါ လေ့ကျင့်မှု နှစ်နှစ် ရှိပြီ ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမှ သွေးသားကျင့်ကြံခြင်း အဆင့်သို့ ကျော်ဖြတ်နိုင်ခဲ့ပြီး၊ အတွင်းစည်း
တပည့်ရင်းနီးပါး အရည်အချင်း ရှိသူ ဖြစ်၏။
"မင်း ငါ့ပြိုင်ဘက် မဟုတ်ဘူး"
ထိုကောင်လေးက ခေါင်းညိတ်ပြသည်။
ကျောက်ချန်ဟယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"တိုက်ကြည့်ပြီးမှ သိမှာပေါ့"
သူသည် ကျောက်လှံသိုင်းကွက်ကို လေ့ကျင့်ထားပြီး၊ ခုခံကာကွယ်မှုပါသော တိုက်ခိုက်ရေးသိုင်းဖြစ်ရာ၊ ယခု လှံကိုင်၍ တိုက်ခိုက်သည့်အခါ သွေးသားကျင့်ကြံခြင်းအဆင့်သို့ ဝင်ရောက်ထားသည့် ခွန်အားတိုးမြင့်မှုနှင့်အတူ အလွန်ပင် အစွမ်းထက်လှပေသည်။
ကျွမ်းချန်သည် ဓားကိုဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထက်မြက်သူ တစ်ယောက်အလား ပြောင်းလဲသွားလေ၏။
သူ၏မျက်လုံးများက စူးရှနေပြီး၊ နှာရည်များပင် 'အစိမ်းရောင်ဓား' နှစ်ချောင်းအလား ပြောင်းလဲသွားသည်။
သူ၏ ဝဖြိုးသောကိုယ်လုံးက မယုံနိုင်လောက်အောင် သွက်လက်ကာ ခြေတစ်လှမ်းဖြင့်ပင် လေပြေညင်းက မိုးမခပင်ကို ပွတ်သပ်သွားသလို ကျောက်ချန်ဟယ်၏ လှံချက်ကို အလွယ်တကူ ဝေ့ဝိုက် ရှောင်တိမ်းသွားလေသည်။
ချင်ယွင်၏ မျက်ဆံများ အနည်းငယ် ကျုံ့သွားသည်။
"အကြောအခြင်ကျင့်ကြံခြင်းအဆင့်လားဒီကောင်လေး နှစ်နှစ်လေ့ကျင့်ရုံနဲ့ အကြောအခြင်ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလား"
ဤကျင့်ကြံနှုန်းက သူ၏ကျင့်ကြံနှုန်းကိုပင် ကျော်လွန်သွားချေပြီ။
တာအိုဆရာ လုံရှန်းသည်လည်း ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။
ထိုစဉ် နတ်ဘုရားဓားသခင်အဘိုးကြီး၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားလေ၏။
ကွင်းအတွင်းတွင် ကျွမ်းချန်က သစ်သားဓားကိုင်စွဲကာ တန်ပြန်တိုက်ခိုက်လိုက်ရာ နဂါးဟိန်းသံနှင့် ကျားဟောက်သံများ ဟိန်းညံလာပြီး တောင်ကြီး တစ်လုံး ဖိချလိုက်သကဲ့သို့ လေးလံလှသည်။
ကျောက်ချန်ဟယ်၏ နဖူးတွင် ချွေးများ စို့နေပြီး သူ၏လှံသည် တည်ငြိမ်ခိုင်မာသည်ဟု ခံစားရသည်။
သို့သော် သူ မတားဆီးနိုင်ခဲ့ပါ။
စွမ်းအားနှင့် သိုင်းပညာ အဆင့်အတန်းသည် တစ်တန်းတည်း မဟုတ်ချေ။
ကျယ်လောင်သော အသံတစ်ချက် ကြားလိုက်ရပြီး၊ ကျောက်ချန်ဟယ်၏ ကိုယ်လုံးသည် နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
အစစ်အမှန် သိုင်းဂိုဏ်းမှ တပည့်များစွာက ဒဏ်ရာရှိမရှိ စစ်ဆေးရန် ပြေးလာကြသော်လည်း၊ ကျောက်ချန်ဟယ်သည် ကိုယ့်ဘာသာကိုယ် ပြန်ထလာသည်ကို တွေ့လိုက်ရသည်။
သူ၏မျက်လုံးများတွင် မယုံနိုင်ခြင်းများ ပြည့်နှက်နေ၏။
ထိုသစ်သားဓားသည် သူ့အရိုးအသားများကို ဆန့်ကျင်တိုက်ခိုက်ရန် တောင်ကြီးတစ်လုံးကဲ့သို့ ဖိချလာသော်လည်း၊ အရေးကြီးသည့်အချိန်တွင် ထိုစွမ်းအားသည် လုံးဝပျောက်ကွယ်သွားပြီး၊ သူသည် ဟန်ချက်ပျက်ကာ လဲကျသွားရုံသာ ဖြစ်ကာ လုံးဝထိခိုက်ဒဏ်ရာ မရခဲ့ချေ။
"တောင်းပန်ပါတယ်၊ မင်း ဒီလောက်အားနည်းမှန်း ငါ မသိလိုက်ဘူး၊ ငါ့ကိုယ်ငါ မထိန်းနိုင် ဖြစ်တော့မလို့ပဲ"
ကျွမ်းချန်၏ စကားကြောင့် သူ အံကြိတ်မိသွားသည်။
သို့သော် တစ်ဖက်လူ၏ မျက်လုံးများတွင် ရိုးသားမှုက အထင်အရှားပင်။
တာအိုဆရာ လုံရှန်းသည် ကျွမ်းချန်ကို စိုက်ကြည့်ကာ အနည်းငယ် မသေချာသလို ဖြစ်နေသည်။
"လေးလံမှုကို ပေါ့ပါးသကဲ့သို့ မြှောက်နိုင်ခြင်းလား။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့ ဓားသိုင်းတရားက ဒီလိုအဆင့်ကို ရောက်နေပြီလား။ ဒီကလေးက မွေးရာပါ ဓားသိုင်းအရိုး ပိုင်ဆိုင်ထားတာများလား"
နတ်ဘုရားဓားသခင်အဘိုးကြီးသည် ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး မထိန်းနိုင်တော့ပေ။
"မင်းလို နွားအိုကြီးကတော့ ဗဟုသုတရှိသားပဲ၊ မဟုတ်ရင် ငါ့ရဲ့ နောက်ဆုံးတပည့်ကို ကစားစရာသက်သက်လို့ ထင်နေမှာလား။ မင်းရဲ့ ရှစ်ယောက်မြောက်တပည့်က အရည်အချင်းရှိတာ မှန်ပါတယ်၊ ဒါပေမဲ့ ချန်အာနဲ့သာ သက်တူရွယ်တူဆိုရင် သူ့ပြိုင်ဘက် ဖြစ်ချင်မှဖြစ်မှာ"
ချင်ယွင်သည် ခေါင်းငုံ့ကာ လက်သီးကို ဆုပ်ထားပြီး ဆိတ်ငြိမ်နေလေသည်။
တာအိုဆရာ လုံရှန်း၏ မျက်လုံးထဲတွင် လေးစားအံ့ဩမှုများဖြင့် ခေါင်းကို အသာညိတ်လိုက်သည်။
"မွေးရာပါ ဓားသိုင်းအရိုးနဲ့ သန့်စင်တဲ့ နှလုံးသားတစ်စုံ… နတ်ဘုရားဓား အစ်ကိုကြီး၊ ခင်ဗျား တပည့်ကောင်းတစ်ယောက် ရခဲ့တာပဲ"
နတ်ဘုရားဓားသခင်အဘိုးကြီးသည် အလွန်ပင် စိတ်ကျေနပ်သွားသည်။
သူသည် တာအိုဆရာ လုံရှန်း၏ မျက်နှာအမူအရာ ပြောင်းလဲမှုကို မြင်လို၍ ခေါင်းလှည့်ကာ ပြုံးလိုက်သော်လည်း၊ အံ့ဩစရာကောင်းစွာပင် တာအိုဆရာ လုံရှန်းသည် လေးစားအံ့ဩမှုများ ပြည့်နှက်နေသော်ငြား သူစိတ်ကူးထားသလို မနာလိုဝန်တိုမှုမျိုး မပြခဲ့ချေ။
တာအိုဆရာ လုံရှန်းသည် တိတ်တဆိတ် ပြုံးလိုက်သည်။
အစောပိုင်းက သူ အနည်းငယ် မနာလိုဖြစ်ကောင်းဖြစ်မိပေမည်။
သို့သော် နင်ချီကို လက်ခံပြီးသည့်နောက်တွင်မူ၊ လောကတွင် မည်သို့သော ပါရမီရှင်တပည့်မျိုး ပေါ်ထွက်လာပါစေ၊ သူ့ကို မနာလိုဖြစ်စေနိုင်မည့်သူ တစ်ယောက်မျှ မရှိတော့ပေ။
လုံရှန်း လှမ်းကြည့်လိုက်သည်။
နင်ချီသည် မတ်တပ်ထရပ်ကာ ကျွမ်းချန်ဆီသို့ ဦးတည်သွားနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။။
တာအိုဆရာ လုံရှန်းသည် အလျင်အမြန် စိတ်ဖြင့် သတိပေးလိုက်သည်။
"ကိုးလေး၊ နည်းနည်းထိန်းဦး"
သူ၏တပည့်က နတ်ဘုရားဓားသခင်အဘိုးကြီး၏ ရတနာ တပည့်လေးကို မတော်တဆ ထိခိုက်မိသွားမည်ကို သူ စိုးရိမ်နေမိသည်။
အစစ်အမှန် သိုင်းတောင်ထိပ်တွင် သူတစ်ဦးတည်းသာ နင်ချီ၏ အဆင့်အတန်းကို အကောင်းဆုံး နားလည်သူ ဖြစ်ကောင်းဖြစ်ပေမည်။
နင်ချီသည် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
သူသည် တက်သွားရန် အသင့်ဖြစ်နေသော တပည့်တစ်ဦးကို တားလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
"ကျွန်တော် လုပ်လိုက်မယ်"
ထိုကောင်လေးသည် အကြောအခြင်ကျင့်ကြံခြင်းအဆင့်သို့
ဝင်ရောက်ထားပြီး အဆင့်မြင့်ဓားသိုင်းပညာကို ပိုင်ဆိုင်ထားသည်ကို နင်ချီ ရှင်းလင်းစွာမြင်သည်။
အစစ်အမှန် သိုင်းဂိုဏ်းမှ အသက်ဆယ်နှစ်အောက် တပည့်အားလုံးတွင် ထိုကောင်လေးကို ယှဉ်နိုင်မည့်သူ တစ်ယောက်မျှ မရှိပေ။
သူမှ လွဲ၍ပေါ့။
နင်ချီသည် ပုန်းရှောင်နေပြီး မထွက်လာရန် ရည်ရွယ်မထားပေ။ အစစ်အမှန် သိုင်းဂိုဏ်း၏ အတွင်းစည်းတပည့်ရင်းတစ်ဦးအနေဖြင့် ထိုကောင်လေး၏ ရမ်းကားမှုကို ကြည့်နေရန် မဖြစ်နိုင်ချေ။
ဤသည်မှာ သာမန်အစွမ်းအစ အနည်းငယ်ပြသခြင်းသာဖြစ်ပြီး ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။
တပည့်များ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားပြီးမှ နောက်ဆုံးတွင် ကယ်တင်ရှင်ကြီးအဖြစ် ထွက်လာသည့် ပျော်စရာကစားပွဲမျိုးကို သူ မစောင့်ဆိုင်းလိုချေ။
အမြန်ဆုံး ဖြေရှင်းပြီး ‘တာအို ရှာဖွေခြင်း ကျောင်းတော်’သို့ စာပြန်ဖတ်ရန် ပြန်သွားချင်နေပြီ ဖြစ်သည်။
တစ်ဖက်၌ လူတိုင်းက အံ့အားသင့်သွားကြသည်။
စင်စစ်တွင် နင်ချီသည် သိပ်မထင်မရှား နေထိုင်သူဖြစ်သောကြောင့် အစစ်အမှန် သိုင်းဂိုဏ်း တပည့်အများစု၏ မျက်လုံးထဲတွင် နင်ချီ၌ လျှို့ဝှက်ဆန်းကြယ်မှု အနည်းငယ်ရှိနေသည်။
ထပ်မံစဉ်းစားချိန် မရလိုက်ခင်မှာပင်…
နင်ချီသည် ကျွမ်းချန်၏ ရှေ့သို့ ရောက်နှင့်နေပြီ ဖြစ်သည်။
"ဝတုတ်လေး၊ မင်း အရင်စလိုက်"
ကျွမ်းချန်သည် နင်ချီ၏ ခေါ်ဝေါ်ပုံကို စိတ်ထဲမထားဘဲ လေးနက်စွာ ဆိုလိုက်သည်။
"နင်ချီ၊ ငါ မင်းကို မတိုက်ချင်ဘူး။ နောက်ဆုတ်လိုက်ပါ"
သူသည် မူလက 'နင်ချီ၊ မင်းက သိပ်မတောက်ပြောင်ဘူး၊ မင်းကို အနိုင်ယူရမှာ အားနာတယ်' ဟု ပြောရန် ရည်ရွယ်သော်လည်း၊ ထိုသို့ပြောလျှင် ရိုင်းရာကျမည်ဟု ထင်သောကြောင့် အခြားနည်းလမ်းဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် နင်ချီသည် ကျွမ်းချန်၏ မျက်လုံးထဲမှ အကြည့်များဖြင့် သူ၏အတွေးများကို ခွဲခြားသိမြင်နိုင်လေသည်။
နင်ချီသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
သူသည် တည်ငြိမ်စွာ လေကိုမှုတ်ထုတ်လိုက်ပြီး ဤတုံးအအ ကောင်လေးကို သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်လိုက်လေ၏။