← Chapters

အဖွဲ့များဖြန့်ကျက်ခြင်း

Vol. 18 Ch. 257

အဖွဲ့များဖြန့်ကျက်ခြင်း

Vol. 18 Ch. 257

“လင်းရှန်”

ကီကီ၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားသည်။ သူမ မျက်လုံးများ ဒေါသဖြင့် တောက်လောင်လာပြီး ပတ်ဝန်းကျင်တွင် လူများသာမရှိပါက ထိုနေရာတွင်ပင် အပြေးသွားကာ သူ့ကို လည်ပင်းညှစ်မိပေမည်။

လင်းရှန်က သူ့ခြေထောက်အောက်ရှိ ယန္တရားကို လက်ညှိုးထိုးပြသည်။

“ငါ ပြုပြင်ပြီးတာနဲ့ မင်း အရင်ဆုံး မောင်းကြည့်လို့ရပြီ”

ထိုစကားကို ကြားလိုက်ရသဖြင့် ဒေါသထွက်နေသည့် ကီကီ၏ မျက်လုံးများ ချက်ချင်း ဝင်းပသွားသည်။ သူမသည် သူ့ကို ဒေါသနှင့် မျှော်လင့်ချက်များ ရောထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ပြန်ပြောသည်။

“ရှင် ပြောပြီးပြီးနော်...စကားပြန်မရုတ်သိမ်းရဘူး”

“လင်းရှန်...အခုဘာလုပ်ဖို့ စီစဉ်ထားလဲ”

ချန်ဆီရွှမ်က ရေထဲမှ ထူးဆန်းသော အလောင်းကို သတိဖြင့် ကြည့်ရင်း မေးသည်။

လင်းရှန်၏ မျက်နှာထား တင်းမာသွားသည်။ “အစကတော့ အဖွဲ့တစ်ဖွဲ့လုံးကို လွှတ်ပြီး ရှာဖွေဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ ဒီအခြေအနေက ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေတယ်။ အတူတူရှိနေတာ ပိုကောင်းမယ်။ ငါ ဒီယန္တရားကို အရင် ပြုပြင်ပြီးရင် အတူတူ ထွက်သွားကြမယ်”

“အာ” ကီကီ အနည်းငယ် စိတ်ပျက်သွားသည်။

“သုတေသနစခန်းကြီးက အကြီးကြီးပဲ။ တကယ်ပဲ ပတ်မကြည့်တော့ဘူးလား။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အများကြီးရှိနေရင် ဘယ်လိုလုပ်မလဲ”

လင်းရှန်က ရေထဲတွင် ပေါ်နေသော ထူးဆန်းသည့် လူခေါင်းကို လက်ညှိုးထိုးပြသည်။ “အာရုံချောက်ချားအောင် လုပ်နိုင်တဲ့ မွန်းစတားတွေက ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ ဒါ့အပြင် လေဝင်လေထွက်ပြွန်တွေထဲက တွားသွားနေတဲ့ အကောင်တွေကိုလည်း ကြုံတွေ့ခဲ့ရပြီးပြီ။ စမ်းသပ်စခန်းဘက်က ကာကွယ်ထားတဲ့ နံရံတွေ ပျက်စီးသွားတဲ့အတွက် သတ္တဝါတွေ အများကြီး ဝင်နေပြီးလောက်မယ်ဆိုတာ ငါ လောင်းရဲတယ်။ ဒီအခြေအနေမှာ ကံစမ်းတာမျိုး မလုပ်သင့်ဘူး”

Horror ရုပ်ရှင်တွေထဲမှာဆိုရင် လူတွေက တစ်ခုခုမှားနေမှန်း သိနေပေမဲ့ ခွဲထွက်ဖို့ အမြဲတမ်း တောင်းဆိုတတ်ကြတယ်...ဒါက မိုက်မဲတဲ့ ဆုံးဖြတ်ချက်ပဲ။

ယခုအချိန်တွင် အနန္တ ရထားသည် ပစ္စည်းရှားပါးမှုကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရခြင်း မဟုတ်ပေ။ သူ စကင်ဖတ်နေသော ကြီးမားသည့်ယန္တရားသာ မရှိပါက လင်းရှန်သည် ဆုတ်ခွာရန် အမိန့်ပေးပြီး ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့်—ဆေးဘက်ဆိုင်ရာအသက်ကယ်ကုသစက်ကို ရယူရန် မစ်ရှင်သည် ပြီးမြောက်ခဲ့ပြီးဖြစ်ရာ သူ မျှော်မှန်းထားသည်ထက် ပိုရခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယခုအချိန်သည် ညဘက် ဖြစ်နေသည့်အတွက် အနန္တ ရထားသည် အခြားသော အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်။ ဤနေရာတွင် ကြာကြာနေခြင်းသည် မကောင်းပေ။

“ဒီလိုဆိုရင်ရော” ကီကီက အကြံပြုသည်။

“ကျွန်မတို့မှာ လူအများကြီး ရှိနေတာဆိုတော့ ဒီအလွှာမှာပဲ နေပြီး ရှာဖွေကြမယ်လေ။ အဲဒီလိုဆိုရင် ရှင် အလုပ်လုပ်နေတုန်း ကျွန်မတို့က ရှင့်ကို အကာအကွယ်ပေးနိုင်တုန်းပဲ.... ရှင် ပြီးတာနဲ့ အကုန်လုံး အတူတူ ထွက်သွားကြမယ်”

ဤမျှ ကြီးမားသော သုတေသနစခန်းကို ဘာမှရှာဖွေခြင်းမပြုဘဲ ထားခဲ့ရခြင်းသည် အလဟသဖြစ်နေသကဲ့သို့ ခံစားရသည်။

သို့သော် သူမသည် လင်းရှန်၏ အတွေးကိုလည်း နားလည်သဖြင့် အပေးအယူလုပ်သည့်အနေဖြင့် အကြံပြုခဲ့သည်။

လင်းရှန် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ဒါပေမဲ့ ငါတို့က မြေအောက်အနက်ကြီးမှာ ရှိနေသေးတာနဲ့ ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် အရေးပေါ် အခြေအနေအတွက် စီစဉ်ထားဖို့ လိုတယ်”

သူသည် ကီကီဘက်သို့ လှည့်လိုက်သည်။

“ဒီဝပ်ရှော့ရဲ့ ဓာတ်လှေကားထွက်ပေါက်က ဘယ်မှာလဲ”

ကီကီက သူမ၏ မိုဘိုင်း ကွန်ပျူတာ terminal ကို အမြန်စစ်ဆေးသည်။

“ထွက်ပေါက် Fဇုန်မှာပဲ...ဒါပေမဲ့ အဲဒါက စမ်းသပ်စခန်း နံပါတ် ၃ မှာ ရှိတယ်—ချင်းရွှေမြို့ စမ်းသပ်စခန်းလို့လည်း ခေါ်တယ်၊ ငါတို့ အစောပိုင်းက ဝင်ခဲ့တဲ့နေရာလေ။ အဲဒါက သတ်မှတ်ထားတဲ့ ယန္တရားစက်အကြီးစားတွေရဲ့ ထွက်ပေါက်ပဲ”

လင်းရှန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“သဘောပေါက်ပြီ”

ထို့နောက် သူသည် တာလို့ကို ကြည့်လိုက်သည်။

“တာလို့ မင်းက အဖွဲ့တစ်ဖွဲ့ကို ခေါ်သွားပြီး ငါတို့ ဆုတ်ခွာဖို့အတွက် ဓာတ်လှေကား ဝင်ပေါက်ကို လုံခြုံအောင် လုပ်ထား”

“ရှုချင်း၊ လုချန်…မင်းတို့ နှစ်ယောက်က ဗဟိုခန်းမကို စစ်ဆေးလိုက်….ဒီကန်ရေက မသင်္ကာစရာကောင်းတယ်—ဖြစ်နိုင်တာက ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ညစ်ညမ်းနေပြီး ငါတို့ရဲ့ ဆက်သွယ်ရေးကို အနှောင့်အယှက် ပေးနေတယ်။ မင်းတို့က လျင်မြန်တာကြောင့် လက်ဆင့်ကမ်း အချက်ပြနေရာအဖြစ် ဆောင်ရွက်ရင်း ပစ္စည်းတွေ စုဆောင်းပါ”

“ကီကီ…မင်းရဲ့ အလုပ်က ဒါရိုက်တာတင်းကို ကာကွယ်ပြီး သူ့ကို အဓိကသုတေသနနေရာတွေဆီ ခေါ်သွားဖို့ပဲ။ တန်ဖိုးရှိတဲ့ ဒေတာတွေကို ရှာကြ…အထူးသဖြင့် စွမ်းရည် ဒါမှမဟုတ် ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ။ ဒီဖောင်ဒေးရှင်းက ဖီးနစ်ထက် ပိုပြီးနက်ရှိုင်းတဲ့ သုတေသနတွေ လုပ်ခဲ့ပုံရတယ်…သူတို့ရဲ့ တွေ့ရှိချက်တွေက ငါတို့ကို အကူအညီ ဖြစ်နိုင်တယ်”

“ချန်ဆီရွှမ်…မင်းနဲ့ မြောင်လုက ဒီမှာနေပြီး ငါ အလုပ်လုပ်နေတုန်း အကာကွယ်ပေး…ငါ မိနစ် ၄၀ ကနေ ၆၀ အတွင်း ပြုပြင်မှု ပြီးမယ်လို့ မျှော်လင့်တယ်”

“ရတယ်”

ချန်ဆီရွှမ် ခေါင်းညိတ်လိုက်သည်။

လင်းရှန်က ထပ်ပြောသည်၊၊ “အားလုံးပဲ… လူခွဲပြီး တစ်ယောက်တည်း ရှာဖွေတာမျိုး မလုပ်ရဘူး—အခန်းတစ်ခန်းကို အနည်းဆုံး သုံးယောက်ဝင်ကြ…မီးတွေ ဖွင့်ထားကြ—ဓာတ်အားပေးစနစ်က ဘယ်အချိန်မဆို ပျက်သွားနိုင်တယ်။ ဒီစခန်းမှာ ထူးဆန်းတဲ့သတ္တဝါတွေ၊ ထိတ်လန့်ဖွယ်လူသားသတ္တဝါတွေနဲ့ မသိရသေးတဲ့ စမ်းသပ်ခံတွေ ပါဝင်နေတယ်။ တကယ်လို့ ခြိမ်းခြောက်မှု တစ်စုံတစ်ရာ တွေ့ရင် ချက်ချင်း ချေမှုန်းပါ။ မလုပ်နိုင်ရင် ဗဟိုဓာတ်လှေကားကို ဆုတ်ခွာပြီး အကူအညီအတွက် လူပြန်စုကြ”

“နားလည်ပါပြီ” လူတိုင်း တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။

လုရှင်းချန်၊ လို့ရှားရှား နှင့် အဖွဲ့ဝင်အနည်းငယ်တို့ အနန္တရထားပေါ်တွင် ကျန်ရစ်ခဲ့သည့်မှအပ…တိုက်ခိုက်ရေးအတွက် အဖွဲ့ဝင် ၂၄ ဦးသည် လက်ရှိတွင် သုတေသနစခန်းတွင် ရှိနေသည်။

လင်းရှန်၏ အဖွဲ့ခွဲဝေမှုများအရ အဖွဲ့တိုင်းတွင် K23 လျှပ်စစ်ဂတ်တလင်သေနတ်တစ်လက်ဖြင့် လက်နက်တပ်ဆင်ထားကာ အနည်းဆုံး ပစ်အားပြင်းလက်နက်တစ်ခုကို ပါဝင်စေခဲ့သည်၊၊

ထို့အပြင်၊ အဖွဲ့ဝင် တစ်ဦးစီတိုင်းတွင် စစ်တပ်သုံးဓာတ်မီးများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ လောင်ချာများ၊ ဓာတ်ငွေ့မျက်နှာဖုံးများနှင့် ဖြတ်တောက်ရေး ကိရိယာများကို တပ်ဆင်ထားသည်။

“ကောင်းပြီ…သတိနဲ့သွားကြ—”

လင်းရှန်၏ တိကျသော ဗျူဟာကို ကြားလိုက်ရသဖြင့် အဖွဲ့၏ စိတ်ဓာတ်များမြင့်တက်သွားသည်။ သူတို့သည် ၎င်းတို့၏ တာဝန်များကို ချက်ချင်း စတင် လုပ်ဆောင်ကြသည်။

၎င်းတို့၏ တိုးတက်လာသော ခန္ဓာကိုယ်များနှင့် အဆင့်မြင့်လက်နက်များကြောင့် အနန္တရထားအဖွဲ့သားများသည် အားကောင်းသော စွမ်းအားတစ်ခု ဖြစ်လာခဲ့သည်။ အနီးအနားတွင် အရန်အင်အား ရှိသည်ကို သိရှိထားသည့်အတွက် လူတိုင်း ရှေ့သို့အာရုံစိုက်ကာ ထွက်ခွာသွားကြသည်။

ကွပ်ကဲရေးစခန်း – ဝပ်ရှော့အလုပ်ရုံ

“ချန်ဆီရွှမ်—"

“ကျွန်မ သိတယ်”

လင်းရှန် စကားမဆုံးမီ ချန်ဆီရွှမ်က ဖြတ်ပြောလိုက်သည်။

“ရှင့်ရဲ့ အလုပ်ကိုပဲ အာရုံစိုက်ပါ။ ဒီကိစ္စတွေကို ကျွန်မ ကိုင်တွယ်မယ်”

လင်းရှန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ…ဂရုစိုက်ပါ”

ချန်ဆီရွှမ် ညင်သာစွာ သက်ပြင်းချပြီး မြောင်လုနှင့် အခြားသူများဘက်သို့ လှည့်လိုက်သည်။

“ငါတို့ ဒီနေရာမှာပဲ နေပြီး စောင့်ကြည့်မယ်။ ရေတက်နေတာဆိုတော့ ရေထဲက ဘယ်အရာကိုမဆို သတိထား ကြည့်နေကြ”

“နားလည်ပါပြီ”

လင်းရှန်က မြင့်တက်လာသော ရေမျက်နှာပြင်ကို စောင့်ကြည့်သည်။ ကိုးလွှာ၏ အရွယ်အစားအရ လုံးဝ ရေလွှမ်းမိုးဖို့ အချိန်ယူရမည် ဖြစ်သော်လည်း ရေသည် ယန္တရား၏ မောင်းနှင်ခန်းအထိ ရောက်နေပြီဖြစ်သည်။

[စကင်ဖတ်မှုတိုးတက်မှု: ၆၀%]

တစ်ချိန်တည်းမှာပင် တာလို့သည် သူ၏ အဖွဲ့ကို ခေါ်ဆောင်ကာ ဗဟိုဝင်းဘက်သို့ ဦးတည်သွားခဲ့သည်။ စခန်း၏ မြေအောက်အဆောက်အအုံသည် ပျားအုံနှင့်တူပြီး အလယ်ဗဟို ဆင်းသွားသည့် လမ်းကြောင်းတစ်ခုနှင့် အဆင့်တစ်ဆင့်စီတွင် ဆဋ္ဌဂံပုံစံ သုတေသနဇုန် ၆ခု ပါဝင်သည်။

“စမ်းသပ်မှု—ဆက်သွယ်ရေး စစ်ဆေးခြင်း”

ရှုချင်း သူမ၏ နားကြပ်ကို ဖိလိုက်သည်။

“ရှုချင်း၊ လက်ခံရရှိပြီ။ ဒါပေမဲ့ ငါ အချက်ပြမှု အနှောင့်အယှက်ကို သတိထားမိတယ်။”

“မင်းတို့ နှစ်ယောက်က ဒီမှာနေ”

ရှုချင်းက လမ်းတစ်လျှောက်တွင် လက်ဆင့်ကမ်း အော်ပရေတာများကို နေရာချထားသည်။

“နှစ်ယောက်တစ်တွဲလုပ်၊ သုံးမိနစ်ခြား တစ်ခါ စစ်ဆေးပြီး…ဆက်သွယ်မှုကို မပြတ်တောက်စေနဲ့”

တာလို့က သူမ၏ တာဝန်ခွဲဝေမှုကို စောင့်ကြည့်ရင်း မေးလိုက်သည်။

“မင်း စစ်တပ်မှာ ရှိခဲ့ဖူးတာလား”

“စတားဖလိ့ အုပ်စု ၇၁၊ တင်းကျိုး အမှတ်စဥ် ၅၅၂ ကင်းထောက် မြင်းတပ်…ဆာဂျင်”

ရှုချင်း သူ့ကို ကြည့်လိုက်သည်။

“အငြိမ်းစားယူလိုက်ပြီ။ နင်ရော”

“Westwind တပ်မဟာ…တိုက်ခိုက်ရေးအင်ဂျင်နီယာ”

ရှုချင်း၏ မျက်လုံးများ ပြူးသွားသည်။

“ဗိုလ်ချုပ်ဝေရဲ့ ယူနစ်လား”

All Chapters