အခန်း (၂၁)
Vol. 2 Ch. 21
ထို့နောက် သူတို့သုံးယောက်သည် ကားကိုမောင်းလာ၍ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဆီသို့ ထွက်လာခဲ့ကြသည်။
ထို့ပြင် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီသည် လင်ဂရုရဲ့အဆောက်အဦးအတွင်းပိုင်း၌ မတည်ရှိပေ။ အခြားစီးပွားရေးဇုံ တစ်ခုထဲ၌သာ တည်ရှိသည်။
သူတို့၏ ရုံးခန်းအတွက်လည်း တိုက်ခန်းတစ်ခန်းကို ဌားထားခဲ့သည်။ သူတို့ အဓိကလုပ်တဲ့လုပ်ငန်းကတော့ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းက လင်ဂရုရဲ့ အခြားစီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ၎င်းလုပ်ငန်းကို လင်ဂရုရဲ့ စမ်းသပ်နေဆဲ လုပ်ငန်းတစ်ခုလို့လည်း ပြောလို့ရသေးသည်။သူတို့သည် ထိုလုပ်ငန်းကနေလည်း အမြတ်အစွန်းရဖို့အတွက် မျှော်လင့်နေကြသည်။
ထိုကုမ္ပဏီကို လွန်ခဲ့သည့်၂နှစ်မတိုင်ခင်ကမှ တည်ထောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီတွင် ဝန်ထမ်းတစ်ရာအောက်သာရှိသည်။ကုမ္ပဏီ၏ စုစုပေါင်းပိုင်ဆိုင်မှုကလည်း ယွမ်၁၀ဘီလီယံလောက်သာရှိသည်။
ထို့ပြင် ကုမ္ပဏီ၏ ပျမ်းမျှစွမ်းဆောင်ရည်ကလည်း ညံ့တဲ့အတွက် ဘာမှထူထူးခြားခြား အောင်မြင်မှုမရရှိထားခဲ့ပေ။
ထိုအချိန်တွင် လင်ပေ့ဖန်၏ ခြေလှမ်းများသည် ကုမ္ပဏီအဆောက်အဦးအရှေ့၌ ရပ်သွားခဲ့ပြီး ရင်းနှီးနေသော မြင်ကွင်းကို ကြည့်၍ သူ့ဘာသာသူ တွေးတောလိုက်သည်။
ငါပြန်လာပြီ……
သူ့၏အတိတ်ဘဝတွင် ဒီနေရာသည် သူ့ရဲ့ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းအတွက် အလုပ်စတင်လုပ်ခဲ့သည့် စမှတ်ဖြစ်သည်။
ထို့ပြင် ဒီနေရာ၌ အလုပ်စတင်လုပ်၍ နှစ်အနည်းငယ်အကြာတွင် သူသည် ဒေါ်လာထရီလီယံ လောက်တန်ကြေးရှိသော စီးပွားရေးအင်ပါယာတစ်ခုကို တည်ဆောက်ခဲ့ပြီး တစ်ကမ္ဘာလုံးကိုထိတ်လန့်စေခဲ့သည်။
ထို့နောက် သူသည် ၎င်းလုပ်ငန်းကြောင့်ပဲ ဇာတ်လိုက်များနှင့်ဗီလိန်များကို ထိရောက်စွာ ပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ သူသည် သူ့၏အတိတ်ဘဝကထက် ပိုပြီးလျင်မြန်စွာနဲ့ တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ခဲ့သည်။သူ့ရဲ့ အရင်ဘဝက ထက်တောင်မှ ပိုပြီးသန်မာလာလိမ့်မည် ဖြစ်သည်။
လင်ပေ့ဖန်၏ အနောက်တွင် လိုက်ပါလာသော ဇာတ်လိုက် ရဲ့ရှင်းချန်သည် အဆောက်အဦးကို ကြည့်၍ သူ့၏စိတ်ထဲတွင် ပြောလိုက်သည်။
ဒီနေရာက နတ်ဆိုးဘုရင် လင်ပေ့ဖန်ရဲ့ တိုးတက်လာတဲ့ နေရာဘဲ .....
ဒီကောင်က သူ့ရဲ့ စီးပွားရေးအင်ပါယာကို တိတ်တိတ်ကလေးတည်ဆောက်ပြီးတော့ နှစ်အနည်းငယ်အတွင်းမှာ တစ်ကမ္ဘာလုံးကိုတောင် ထိတ်လန့်စေခဲ့တယ်......
အဲ့ဒီအချိန် လူတိုင်းက နားလည်သဘောပေါက်သွားချိန်မှာတော့ သူက ကြီးမားတဲ့ တည်ရှိမှုကြီး ဖြစ်နေခဲ့ပြီ....
သူ့ရဲ့ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများသည် စက်ရုံအမျိုးမျိုးသို့ ဖြန့်ကျက်ထားပြီး ကဏ္ဍတိုင်းတွင်လည်း ဩဇာလွှမ်းမိုးထားခဲ့တယ်.....
ထို့ကြောင့် တစ်ခြားလူက ရဲ့ရှင်းချန်၏ စီးပွားရေးလုပ်ငန်းနှင့် သူ့ဆီကအရာရာတိုင်းကို ဘာမှ အားစိုက်စရာမလိုဘဲနဲ့ ဖြိုခွဲဖျက်ဆီးနိုင်ခဲ့သည်။သူ့ကိုလည်း သူ့၏နိုင်ငံကနေမောင်းထုတ်ပြီး ခွေးလိုထွက်ပြေးစေခဲ့သည်။
ရဲ့ရှင်းချန်သည် သူ့၏လက်သီးများကို တိတ်တဆိတ် ဆုပ်ထားလိုက်ပြီး " ဒီအချိန်မှာတော့ ငါမင်းကို နောက်တစ်ကြိမ်အောင်မြင်အောင် လုပ်ခွင့်ပေးမှာမဟုတ်ဘူး။ငါမင်းရဲ့ အတောင်ပံတွေကို သေချာပေါက် ကျိုးအောင်လုပ်မယ်။ ပြီးရင် ငါ့ရဲ့ ခြေထောက်အောက်မှာပဲ မင်းကို ထာဝရခေါင်းမဖော်နိုင်အောင် ထားထားမယ်။"ဟု ကျိန်ဆိုလိုက်သည်။
သူတို့သုံးယောက်သည် ကုမ္ပဏီဝင်ပေါက်ဆီသို့ လမ်းလျှောက်လာခဲ့ကြသည်။
ကုမ္ပဏီဝင်ပေါက်၌ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ မန်နေဂျာနှင့် ဝန်ထမ်းများက သူတို့ကို တန်းစီပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
" ဘော့စ်လင် ကြိုဆိုပါတယ်….ကြိုဆိုပါတယ်"
ထို့နောက် အစည်းအဝေးခန်းမဆီသို့သွား၍ ဝန်ထမ်းများနှင့် မိတ်ဆက်ခဲ့သည်။ ထို့ပြင် အလုပ်ကိစ္စတချို့ကို ဆက်လက်ဆွေးနွေးခဲ့ကြပြီး အရာရာတိုင်းက ချောချောမွေ့မွေ့နဲ့ပဲပြီးဆုံးသွားခဲ့သည်။
အကုန်လုံးလုပ်ပြီးသည့်နောက်တွင် လင်ပေ့ဖန်သည် လင်ဂရုရဲ့ အမွေဆက်ခံသူဖြစ်လာခဲ့သည်။ သူအလုပ်လုပ်ခြင်း၏ အဓိကအကြောင်းအရင်းမှာ အတွေ့အကြုံရရှိစေဖို့သာဖြစ်သည်။လူတိုင်းသည် သူ့ကို မျက်နှာသာပေးကြပြီး သူ့ကို အခက်အခဲဖြစ်အောင်လည်း ဘယ်သူမှမလုပ်ရဲကြပေ။
တစ်နည်းအားဖြင့်ဆိုရင်တော့ သူ့ကို ခက်ခဲအောင်လုပ်သည့် သူသည် အကျိုးဆက်ကို ကိုယ်ကိုတိုင်ပြန်ခံစားရမည်ဖြစ်သည်။
အစည်းအဝေးပြီးသည့်နောက်တွင် လင်ပေ့ဖန်သည် သူ့အတွက် စီစဉ်ပေးထားသော ရုံးခန်းသို့ ပြန်လာခဲ့ပြီး အနာဂတ်မှာ ကုမ္ပဏီကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတဲ့ အကြောင်းကို တွေးတောနေခဲ့သည်။
ယေဘုယျအားဖြင့် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ရန်ပုံငွေစုစုပေါင်းမှာ တစ်ဘီလီယံသာရှိသည် ။ထို့ပြင်ကုမ္ပဏီတွင် ဥက္ကဋ္ဌတစ်ယောက်နဲ့ ဒုဥက္ကဋ္ဌ နှစ်ယောက်ရှိပြီး တစ်ဦးစီသည် မတူညီတဲ့ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများကို တာဝန်ယူရသည်။
ထို့ပြင် တစ်ဦးစီအတွက် အသားတင် ရန်ပုံငွေ သန်း၃၀၀ကို ရရှိကြသည်။ ဒါပေမဲ့လည်း ယခုအခါ၌ ကုမ္ပဏီတွင် ရန်ပုံငွေ သန်း၁၀၀သာ ကျန်ရှိတော့သည်။
လင်ပေ့ဖန် ကုမ္ပဏီနှင့်ပူးပေါင်းပြီးသည့်နောက်တွင် အဲလက်ကျန်ငွေ သန်း၁၀၀ကိုသာ ရရှိခဲ့သည်။
ထို့ပြင် သူ့အတွက်တော့ ရန်ပုံငွေသန်းတစ်ရာဆိုသည့်ပမာဏက သိပ်များပြားပေ။
အကယ်၍ ကုမ္ပဏီတွင် သူသည် အောင်မြင်မှုအချို့ရအောင်စွမ်းဆောင်နိုင်ပါက ရှယ်ယာရှင်များ၏ အသိအမှတ်ပြုမှုကို ခံရပြီး သူရရှိသည့် ရန်ပုံငွေပမဏလည်း ထပ်တိုးလာနိုင်သည်။
ထို့ကြောင့် ၎င်းငွေကို ဘယ်နေရာမှာသုံးရမလဲဆိုတာက သူ့အတွက်တော့ မေးခွန်းတစ်ခုဖြစ်နေခဲ့သည်။
သူပြန်လည်မမွေးဖွားခင်က လင်ပေ့ဖန်သည် စနစ်၏ စွမ်းရည် အားသာမှုမျကို အားကိုးပြီး ကြိုတင်သိမြင်နိုင်သောစွမ်းရည်ဖြင့် တဟုန်ထိုးတိုးတက်လာခဲ့သည်။
ဒါပေမဲ့လည်း သူပြန်လည်မွေးဖွားလာပြီးနောက်တွင် စနစ်အစွမ်းကို တူညီစွာနဲ့ အသုံးပြုလို့မရတော့ပေ။
ထို့ပြင် ဒီဘဝ၌ စနစ်ဆီကနေ ဆုတစ်ခုတောင်းတိုင်းသူ့ရန်သူကို ဆုနှစ်ဆပိုမိုရရှိစေသည်။
ထို့ကြောင့် သူသည် အတိတ်ဘဝက တူညီတဲ့နည်းလမ်းများကို မသုံးနိုင်တော့ပေ။အကယ်၍ သူသာအသုံးပြုပါက ဇာတ်လိုက်များကို ပိုပြီး အကျိုးရှိသွားစေလိမ့်မည်ဖြစ်သည်။
သူပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင်
ရှောင်ချန်း နှင့် ရဲ့ရှင်းချန်တို့ ဇာတ်လိုက်နှစ်ယောက်လုံးသည် သူတို့၏ အရင်ဘဝကပုံစံနှင့်ကွာခြားပုံ ပေါ်နေတာကို သူသတိထားမိခဲ့သည်။
အထူးသဖြင့် စစ်ပွဲနတ်ဘုရားဖြစ်တဲ့ ရဲ့ရှင်းချန်သည် မမျှော်လင့်ပဲနဲ့ သူ့၏ သက်တော်စောင့်တစ်ယောက်ဖြစ်လာခဲ့ပြီး မူရင်းဇာတ်ကွက်ကနေ အလွန်ထူးဆန်းစွာဖြင့် သွေဖယ်သွားခဲ့သည်။
ထိုအချိန်တွင် လျိုယုမေ့သည် စာရွက်စာတမ်းအထူကြီးကိုကိုင်၍ အခန်းထဲသို့ ဝင်လာခဲ့သည်။
" ရှင့်မှာ အခုလက်ရှိရန်ပုံငွေက သန်းတစ်ရာပဲရှိတယ်။ဒါက တကယ့်ကို နည်းလွန်းတယ်။ဒါ့ကြောင့် ရှင်က ရင်းနှီးမြုပ်နှံရေးလုပ်ငန်းကို အရင်ရင်းနှီးကျွမ်းဝင်သွားအောင်လုပ်သင့်တယ်။ ပြီးမှ ငွေချေးစာချုပ်တွေနှင့် စတော့ဈေးကွက်ကို ယာယီရင်းနှီးမြှုပ်နှံဖို့အတွက် ကျွန်မ ရှင့်ကို အကြံပေးချင်တယ်။"
"ရှင်းရှင်းပြောရရင် ရှင့်ရဲ့ ရန်ပုံငွေပမဏ ထပ်တိုးလာတဲ့အခါမှပဲ ကြီးကြီးမားမားရင်းနှီးမြှုပ်နှံသင့်တယ်။ဒါက ကျွန်မ ဂရုတစိုက်ရွေးချယ်ထားတဲ့ ငွေချေး စာချုပ်တွေနဲ့ စတော့ဈေးကွက်တွေဘဲ။ဒီ ငွေချေးစာချုပ်အားလုံးက အရည်အသွေးမြင့်ပြီးတော့ လုံခြုံရေးစိတ်ချရတယ်။ဒီမှာ ရှင်တစ်ချက် ကြည့်ကြည့်လိုက်ပါဦး။ "
" ကျေးဇူးပဲ....အလှလေး" ဟု ပြော၍ လင်ပေ့ဖန်သည် စာရွက်စာတမ်းတွေကို လက်ခံလိုက်ပြီး ဖွင့်၍ ကြည့်ရှုခဲ့သည်။
သူမရွေးချယ်ပေးလာတဲ့ စာရွက်စာတမ်းအားလုံးက တကယ့်ကို လုံခြုံစိတ်ချရသည်။ထို့ပြင် အရည်အသွေးကောင်းမွန်တာကိုလည်း သူတွေ့ရှိခဲ့သည်။
ငွေအမြတ်အစွန်းက သိပ်မများပေမဲ့လည်း အလွန်လုံခြုံစိတ်ချရသည့်အတွက်ကြောင့် အခုမှစတင်ပြီးရင်းနှီးမြှုပ်နှံမည့် သူများအတွက် ပိုမိုလွယ်ကူစေသည်။
လျိုယုမေ့သည်သည် သူ့ကို အမြင်စောင်းနေသော်လည်း သူမသည် အလုပ်လုပ်ရာတွင်တော့ အလွန်လေးနက်သည်။ ထို့ပြင် သူမအလုပ်ကိုလည်း တာဝန်ယူမှုအပြည့်ရှိသည်။
ဒါပေမဲ့လည်း သူ့အတွက်ကတော့ ဒီငွေရှာသည့်
ပမဏက အတော်လေးကို နှေးကွေးလွန်းသည်။
ထို့ပြင် သူအလုပ်လုပ်ခြင်းက ပိုက်ဆံနည်းနည်းလေးရှာဖို့အတွက်မဟုတ်ပေ။
ဤနေရာကို စမှတ်အဖြစ်အသုံးပြုပြီး သူ့၏ စီးပွားရေးအင်ပါယာကို တည်ဆောက်ရန်ဖြစ်သည်။
ထို့ကြောင့် လင်ပေ့ဖန်သည် သူ့၏ဦးခေါင်းကို လှည့်ပြီး ကြည့်လိုက်ချိန်၌ ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသော ရဲ့ရှင်းချန်ကို တွေ့လိုက်ရ၍ အပြုံးဖြင့်မေးမြန်းလိုက်သည်။
" အစ်ကိုရဲ့ မင်းမှာရော တစ်ခြား အကြံအဉာဏ်ပေးစရာတစ်ခုခုရှိသေးလား?
" ငါလား? "
ရဲ့ရှင်းချန်သည် ရုတ်တရက်သူ့ကို လင်ပေ့ဖန်က မေးမြန်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
" ကျွန်တော်က အခုမှ ရင်းနှီးမြှုပ်နှံပြီး ငွေ စရှာမှာလေ။ ဒါကြောင့်ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံရမလဲဆိုတာကို ကျွန်တော်မစဉ်းစားရသေးဘူး။အစ်ကိုမှာ အကြံဉာဏ်ကောင်းလေးတွေရှိလား? ရှိရင် ကျွန်တော့်ကို ပြောပြပါဦး။" ဟု လင်ပေ့ဖန်က စိတ်အားထက်သန်မှုအပြည့်ဖြင့် စောင့်ဆိုင်းေနခဲ့ပြီး သူ့၏ မျက်လုံးများကလည်း အားပေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လျိုယုမေ့လည်း လှည့်ကြည့်လာခဲ့သည်။
သက်တော်စောင့်တစ်ယောက်၌ ဘာအရည်အချင်းတွေ ရှိမလဲဆိုတာကို သူမလည်း မြင်တွေ့ချင်နေခဲ့သည်။