အခန်း (၂၄)
Vol. 2 Ch. 24
" အစ်ကိုရဲ့ အကြံပေးတဲ့ လုပ်ငန်းအားလုံးက ကောင်းတယ်။ ဒါပေမဲ့ ပိုက်ဆံရတာက အရမ်းနှေးလွန်းတယ်။ "ဟုလင်ပေ့ဖန်က ပြောလိုက်သည်။
" အမြန်ဆုံးပိုက်ဆံပြန်ရနိုင်တဲ့ လုပ်ငန်းကတောင် အနည်းဆုံး အချိန်တစ်နှစ်လောက် ရင်းနှီးမြှုပ်နှံရတယ်။ဒါကို ငါမစောင့်နိုင်ဘူး။ ငါမျှော်လင့်တာက အချိန်တိုလေးအတွင်းမှာ ပိုက်ဆံအများကြီး
ရှာနိုင်ပြီးတော့ အောင်မြင်မှုကိုလိုချင်တာဘဲ။ "
လျိုယုမေ့သည် သူမ၏မျက်လုံးကို လှိမ့်လိုက်ပြီး
" အကယ်၍ ဒါက ပိုက်ဆံရတာ နှေးတယ်လို့ ရှင် ထင်နေရင် ထီပဲ သွားထိုးသင့်တယ်။ "ဟု ပြောလိုက်သည်။
သူမပြောတာက ဟာသတစ်ခုအနေနဲ့သာ ဖြစ်ပေမဲ့လည်း လင်ပေ့ဖန်ကတော့ လေးလေးနက်နက် ပြန်ဖြေခဲ့သည်။
" မင်း ထီထိုးရင်တောင် ထီကနေ ပိုက်ဆံအများကြီးမရနိုင်ဘူး။ အကယ်၍ မင်းထီပေါက်ခဲ့ရင် အများဆုံး ပိုက်ဆံ၅သန်းပဲ ရလိမ့်မယ်။ဒါ့အပြင် မင်း ထီမပေါက်ခဲ့ရင်တော့ မင်းပိုက်ဆံအကုန်လုံးကို ပြန်ပြီး ဆုံးရှုံးရလိမ့်မယ်။ဒါ့ကြောင့် ဒါက ရင်းနှီးမြှုပ်နှံဖို့ မထိုက်တန်ဘူး။"
ဤကမ္ဘာပေါ်ရှိ ထီစည်းမျဉ်းများက ဒီလိုပဲဖြစ်သည်။တစ်လဆီအတွက် ထီဆုကြေးများကလည်း ငါးသန်းသာဖြစ်သည်။
ထို့အပြင် လူအများကြီးက ထီပေါက်ခဲ့ရင်လည်း စုစုပေါင်းဆုကြေးကတော့ ငါးသန်းပဲဖြစ်သည်။
" မင်းတို့နှစ်ယောက်ဆီမှာ တစ်ခြား ပေးစရာအကြံဉာဏ်ကောင်းတွေများ ရှိသေးလား? " ဟု လင်ပေ့ဖန်က သူတို့နှစ်ယောက်ကို မေးမြန်းလိုက်သည်။
" ကျောက်လောင်းမယ်ဆိုရင်ရော ဘယ်လိုလဲ? " ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။
" ကျောက်လောင်းတာလား? "
ဇာတ်လိုက်ရဲ့ရှင်းချန်က အားနည်းစွာဖြင့် ပြောပြခဲ့သည်။
" တကယ်တော့ ကျောက်လောင်းတာက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းစဉ်အတွင်းမှာ ကျန်ရှိခဲ့တဲ့ကျောက်တွေကိုဝယ်ပြီးတော့ အောင်တဲ့ ကျောက်စိမ်းကို ပြန်ရောင်းရတာပဲ။ဒါ့အပြင် ကျောက်တွေရဲ့ မျက်နှာပြင်ပေါ်မှာ ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အပေါ်ယံအလွှာပါရှိတယ်။ ဒါ့ကြောင့်ကိုယ်ရွေးချယ်လိုက်တဲ့ ကျောက်တုံး၏အရည်အသွေးကို ကောင်းစွာမမြင်နိုင်ဘူး။ကျောက်တုံးကို ဖြတ်တောက်ပြီးမှသာ ကျောက်အောင် မအောင်ကို သိရှိနိုင်မယ်။ဒါ့ကြောင့်ပဲ ကျောက်တုံးပေါ်က လောင်းကစားလို့ ခေါ်ကြတာ။ လူတော်တော်များက သူတို့ရဲ့ကံကို စမ်းသပ်ဖို့အတွက် ကျောက်အလောင်းအစား လာလုပ်ကြတယ်လို့ ကျွန်တော် ကြားမိတယ်။"
လင်ပေ့ဖန်၏ မျက်လုံးများက လက်သွားခဲ့ပြီး
" ဒါက အကြံကောင်းဘဲ။လာ ငါနဲ့အတူ ကျောက်သွားလောင်းကြရအောင်။" ဟု ပြောခဲ့သည်။
ထို့နောက် နာရီဝက်အကြာတွင် သူတို့သည် ကျောက်လောင်းကစားရုံ၏ ဝင်ပေါက်၌ ရပ်နေကြသည်။
လျိုယုမေ့သည် သူမ၏ ခေါင်းကို လှည့်ပြီး လင်ပေ့ဖန်ကို ကြည့်၍ "တကယ်ကြီးလား? ရှင်တကယ်ပဲ ကျောက်လောင်းဖို့အတွက် ဒီကိုလာတာလား?" ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် ယုံကြည်မှုရှိရှိဖြင့် " ဟုတ်တာပေါ့။ ဒါမှမဟုတ်ရင် ဘာလို့ ငါတို့က ဒီကို လာမှာလဲ? " ဟု ပြန်ပြောလိုက်သည်။
" ဒါပေမဲ့ ဒီကျောက်လောင်းတာက စွန့်စားမှုတော်တော်ကြီးတယ်နော်။ ကျောက်တစ်ခါဖြတ်တိုင်း အောင်မြင်မလား၊ ကျရှုံးမလားဆိုတာကို မသိရဘူး။ရှင်ကျောက်အောင်ရင်တော့ ပိုက်ဆံအများကြီးကို ရသွားလိမ့်မယ်။ဒါပေမဲ့ ကျောက်မအောင်ရင်တော့ ရှင်ခွက်ဆွဲပြီး တောင်းစားရလိမ့်မယ်။ပြီးတော့ ရှင့်မှာ ကျောက်လောင်းတာနဲ့ ပတ်သတ်ပြီး ဘာအတွေ့အကြုံမှ မရှိဘူးလေ။ဒါ့ကြောင့် ကျွန်မကတော့ ရှင်လောင်းမှာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။" ဟု လျိုယုမေ့က အေးစက်စွာဖြင့် ပြောလိုက်သည်။
လင်ပေ့ဖန်က ပြုံးလိုက်ပြီး " ဘယ်ရင်းနှီးမြှုပ်နှံမှုကရော မစွန့်စားရတာရှိလို့လဲ?" ဟု ပြန်ပြောလိုက်သည်။
လျိုယုမေ့က အေးစက်စွာဖြင့် ဆက်လက်ပြီး
" ကျွန်မကို ရှင့်မိဘတွေက ယုံကြည်လို့ အလုပ်ခန့်ထားတာ။ပြီးတော့ သူတို့က ရှင်သုံးစွဲတဲ့ငွေတိုင်းကို ကျွန်မကို ကြီးကြပ်ခိုင်းထားတယ်။ ဒါကြောင့် ကျွန်မက အရေးကြီးတဲ့အချိန်တွေမှာ ရှင်သုံးစွဲမယ့် ငွေပမဏကို ကန့်သတ်လို့ရတယ်။ကျွန်မရှင်းရှင်းလင်းလင်းပြောထားမယ်။ကျောက်လောင်းတဲ့အခါမှာ ရှင် အများဆုံး ငွေငါးသန်းပဲ သုံးလို့ရမယ်။ အကယ်၍ ရှင်လောင်းလို့ရှုံးတဲ့အခါကျရင် ကျွန်မနောက်ကနေ လိမ်လိမ်မာမာနဲ့ ပြန်လိုက်ခဲ့ရမယ်။" ဟု ပြောခဲ့သည်။
" ငါးသန်းပဲလား? ဒါက လောင်းဖို့အတွက် အရမ်းကိုနည်းလွန်းတယ်။ငါတို့ဆွေးနွေးကြည့်ရအောင် ၊ဆယ်သန်းထားမယ်ဆိုရင် ဘယ်လိုလဲ? " ဟု လင်ပေ့ဖန်က လျိုယုမေ့ကို ပြောလိုက်သည်။
" အိပ်မက်ပဲ ဆက်မက်နေလိုက်….အကယ်၍ ရှင်လောင်းထားတာ အကုန်ရှုံးလို့ရှိရင် ကျွန်မနဲ့အတူတူပြန်လိုက်ခဲ့ရမယ်။" ဟု လျိုယုမေ့က ပြောလိုက်သည်။
ထို့နောက် သူတို့သုံးယောက်သည် ကျောက်လောင်းကစားရုံထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ခဏကြာ စစ်ဆေးမေးမြန်းပြီးနောက် ကျောက်လောင်းရာတွင်အတွေ့ကြုံရှိသော ဆရာကြီးဝမ်ကိုငှားလိုက်၍ သူတို့ကို ကျောက်တုံးကူရွေးပေးရန် ပြောကြားခဲ့သည်။
ဇာတ်လိုက်ရဲ့ရှင်းချန်သည် တိတ်ဆိတ်စွာဖြင့် နောက်ကနေလိုက်လာခဲ့သည်။ထို့ပြင် သူ့၏မျက်နှာက တည်နေပေမဲ့လည်း သူ့၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။
သူသိရသလောက်တော့ သူ့၏အတိတ်ဘဝတွင် နတ်ဆိုးလင်ပေ့ဖန်သည် တစ်ခါမှ ကျောက်အလောင်းအစားမလုပ်ခဲ့ဖူးပေ။ထို့ပြင် လင်ပေ့ဖန်သည် ကျောက်လောင်းရာတွင်လည်း ဘာအတွေ့အကြုံမှ မရှိပေ။
ယခုအခါတွင် ကျောက်တုံးရွေးချယ်ရာ၌ ဆရာကြီးဝမ်ကို ဌားထားတာကလည်း သူတစ်ခါမှမလောင်းခဲ့မှန်း ထင်ရှားနေခဲ့သည်။
အကယ်၍ သူ့မှာ ကျောက်လောင်းတဲ့ စွမ်းရည်နဲ့ အတွေ့အကြုံရှိရင်တောင် အသုံးချလို့မရဘဲ ဖြစ်နေလိမ့်မည်ဖြစ်သည်။ ဘာကြောင့်လဲဆိုေတာ့ ကျောက်တုံးအလောင်းကစားသည် ကံပေါ်တွင်သာ အများဆုံး မူတည်နေသောကြောင့်ဖြစ်သည်။
မင်းက ကံမကောင်းရင်တော့ မင်းရဲ့ အတွေ့အကြုံကလည်း မကူညီနိုင်ဘူး….
တစ်နည်းအားဖြင့် ကျောက်တုံးလောင်းတဲ့နေရာမှာ အတွေ့အကြုံရှိသော ဆရာကြီးများသည် ကျောက် လောင်းတာက ကံတရားပေါ်တွင် မမူတည်နေလျှင် သူတို့သည် ချမ်းသာနေကြပြီဖြစ်သည်။
လင်ပေ့ဖန် ရှုံးနိမ့်မည့်အကြောင်းကို တွေးမိတာက သူ့ကို အလွန်ပျော်ရွှင်စေပြီး (ငါလည်းအိပ်ချင်ပြီ၊နင်လည်းအိပ်တော့လေ) ဆိုတဲ့ သီချင်းကိုတောင်မှ သီဆိုချင်လာခဲ့သည်။
ဒါကမှ စိတ်ဝင်စားစရာပဲ….
ဇာတ်လိုက်ရဲ့ရှင်းချန်သည် သူ့၏လက်သီးတွေကို ကျစ်ကျစ်ဆုပ်လိုက်သည်။
နေဦးပေါ့ လင်ပေ့ဖန်ရာ၊ မင်းရှုံးတဲ့အခါမှ မင်းကို တံတွေးနဲ့ထွေးပစ်မယ်...
ထိုအချိန်၌ ဆရာကြီးဝမ်သည် လင်ပေ့ဖန်အတွက် ကျောက်တုံးအမျိုးမျိုးကို ကူညီပြီး ရွေးချယ်လာခဲ့သည်။
" ဒီကျောက်တုံးအားလုံးက ငါ့ရဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး ရွေးချယ်ထားခဲ့တာဘဲ။ပြီးတော့ ဒီကျောက်တုံးအားလုံးက ကျောက်စိမ်းပါနိုင်တဲ့ အလားအလား တော်တော်မြင့်တယ်။ဘယ်ဟာကို ရွေးချယ်မလဲဆိုတာတော့ မင်းသဘောပါဘဲ။ ငါဒီအတိုင်းအတာလောက်ပဲ မင်းကို ကူညီနိုင်တယ်။" ဟု ဆရာကြီးဝမ်က လင်ပေ့ဖန်ကို ပြောလိုက်သည်။
" အိုကေ၊ ကျေးဇူးတင်ပါတယ် ဆရာကြီးဝမ်" ဟု ပြော၍ လင်ပေ့ဖန်သည် သူ့ရဲ့ အလုပ်ကြိုးစားမှုအတွက် ပိုက်ဆံအချို့ကို ပေးလိုက်သည်။
ထို့နောက် လင်ပေ့ဖန်သည် ဆရာကြီးဝမ် ရွေးချယ်ပေးထားတဲ့ ကျောက်တုံးတွေကို ကြည့်လိုက်ပြီး စိတ်ထဲကနေ ဆုတောင်းလိုက်သည်။
[ ငါဆုတစ်ခုတောင်းမယ်စနစ် :: ငါရွေးချယ်လိုက်တဲ့ကျောက်တုံးတိုင်းရဲ့ဈေးနှုန်းထက် ငါ အဆ၁၀၀လောက်ပြန်ရပါစေ စနစ်]
[ ဒင်!! ပိုင်ရှင်၏ ဆုတောင်းက ဒီကမ္ဘာကြီး၏ စည်းမျဉ်းပေါ်မှာမရှိတာကြောင့် ဖြည့်ဆည်းပေးလို့မရနိုင်ပါ။ ]
[ စနစ်ရေ… အဆ၉၀ဆိုရင်ရော ရလား? ]
[ ဒင်!! ပိုင်ရှင်၏ ဆုတောင်းက ဒီကမ္ဘာကြီး၏ စည်းမျဉ်းပေါ်မှာမရှိတာကြောင့် ဖြည့်ဆည်းပေးလို့မရပါ။ ]
[ စနစ်ရေ…အဆ ၂၀ ပဲ ထားလိုက်ကွာ]
[ ဒင်!! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်ဆည်းပေးလိုက်ပါသည်။]
လင်ပေ့ဖန်၏ မျက်နှာပေါ်တွင် ဆန်းကြယ်သော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
ထို့နောက်သူသည် ဈေးအကြီးဆုံးဖြစ်တဲ့ ကျောက်တုံးအကြီးကြီးကို ညွှန်ပြလိုက်ပြီး " သူဌေး…. ကျွန်တော်ဒီကျောက်တုံးအကြီးကြီးကို လိုချင်တယ်။" ဟု ပြောလိုက်သည်။
သူဌေးက လင်ပေ့ဖန်ကို ပြန်ပြောခဲ့သည်။
" ဒီကျောက်တုံးရဲ့ ဈေးနှုန်းက စုစုပေါင်း၄သန်းရှိတယ်နော်။မင်းဝယ်မယ်ဆိုတာ သေချာရဲ့လား? "
လျိုယုမေ့က မနေနိုင်တော့ဘဲ လင်ပေ့ဖန်ကို အကြံပေးလိုက်သည်။
" မစ်စတာလင် …ကျေးဇူးပြုပြီး ပြန်စဉ်းကြည့်ပါဦး။ ကျောက်တုံးသေးသေးလေးတစ်တုံးကို ရှင် အရင်ဆုံးရွေးချယ်သင့်တယ်လို့ ကျွန်မထင်တယ်။"
" ထပ်ပြီး စဉ်းစားစရာမလိုတော့ဘူး" ဟု လင်ပေ့ဖန်က အခိုင်အမာပြောကြားခဲ့သည်။
" ငါဒီကျောက်တုံးကို ပဲလိုချင်တယ်။" ဟု ထပ်မံပြီး ပြောလိုက်သည်။
ကျောက်အလောင်းကစားရုံ သူဌေးသည် အလွန်ပင်ဝမ်းသာသွားခဲ့ပြီး " အိုကေ, ငွေပေးချေပြီးရင်တော့ ဒီကျောက်တုံးက မင်းအပိုင်ဖြစ်သွားလိမ့်မယ်။ပြီးတော့ မင်းဒီကျောက်တုံးကို ဒီနေရာမှာပဲ ဖြတ်ချင်လား?ဒါက အခမဲ့ဝန်ဆောင်မှုပဲ။" ဟု ပြောလိုက်သည်။
" ဒီမှာပဲ ဖြတ်မယ်။ သူဌေး.…ကျေးဇူးပြုပြီးတော့ မင်းကို ဒုက္ခပေးရဦးမယ်။ " ဟု လင်ပေ့ဖန်က သူဌေးကို ပြောလိုက်သည်။
ငွေပေးချေပြီးတဲ့အခါတွင် သူဌေးလည်း ပျော်ရွှင်သွခဲ့ပြီး လင်ပေ့ဖန်လည်း ပျော်ရွှင်သွားခဲ့သည်။
ထို့ပြင် သူတို့၏နောက်တွင် လိုက်ပါလာသော ဇာတ်လိုက်ရဲ့ရှင်းချန်သည်လည်းပဲ ပျော်ရွှင်သွားခဲ့သည်။
ဖြတ်လိုက်တော့… ဒါက မင်းကို မ မွဲပြာကျစေပါဘူး…
သူ့၏စိတ်ထဲတွင်တော့ အမှန်တကယ်ကို စိတ်လှုပ်ရှားနေခဲ့သည်။ထို့ပြင် သူ့၏ ခန္ဓာကိုယ်ကပါ အနည်းငယ် တုန်ခါနေသည်။
သူ မစောင့်နိုင်တော့ဘဲ လင်ပေ့ဖန် ကျရှုံးမှာကို အရမ်းမြင်ချင်နေခဲ့သည်။