အခန်း (၃၂)
Vol. 3 Ch. 32
ဒုတိယဇာတ်လိုက် ရဲ့ရှင်းချန်သည် လင်ပေ့ဖန်၏ လှည့်စားမှုကြောင့် ကြောက်မက်ဖွယ် ကောင်းတဲ့ ရန်သူတစ်ယောက်နှင့် ရန်ငြိုးဖွဲ့မိခဲ့တာကို သူသည် လုံးဝမသိရှိခဲ့ပေ။
ထို့ပြင် သူသည် ယခုအချိန်၌ အိမ်မှာရှိနေပြီး သူ့ရဲ့ စိတ်ဒဏ်ရာကို ကုသဖို့အတွက် ကြိုးစားနေခဲ့သည်။
*နတ်ဆိုးဘုရင် လင်ပေ့ဖန်က လွယ်လွယ်နဲ့ရှုံးနှိမ့်မှာမဟုတ်ဘူး။ငါရဲ့အတိတ်ဘဝက အရမ်းအစွမ်းထက်တဲ့သူတွေကိုတောင်မှ သူက လက်တစ်ဖက်ထဲနှင့် ဘာမှအားစိုက်စရာမလိုဘဲ ကိုင်တွယ်ခဲ့တာ။ ဒါက သူဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို ပြနေတာဘဲ။အခုငါရှုံးနှိမ့်ခဲ့တာက ရှုံးနှိမ့်မှု သေးသေးလေးဘဲ။ဒါကဘာမှ မဟုတ်ပါဘူး။ငါ သူ့ဘေးနားမှာ အလုပ်လုပ်နေစဉ်အတွင်းမှာ လင်ပေ့ဖန်ကို သတ်ဖို့အတွက် ငါ့မှာ အခွင့်အရေးအများကြီးရှိတယ် ။**ဟု တွေးလိုက်သည်။
ခဏကြာတွေးတောပြီးနောက် သူ့၏စိတ်အခြေအနေသည် အရင်ကထက် ပိုပြီးတော့ကောင်းလာခဲ့သည်။
နောက်တစ်နေ့မနက်တွင် သူသည် တက်ကြွသည့်ကြက်ဖကြီးလို စိတ်အခြေအနေဖြင့် လင်ပေ့ဖန်စီသို့ အစီအရင်ခံဖို့အတွက် ရောက်ရှိလာခဲ့သည် ။
လင်ပေ့ဖန်သည် သူ့ကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်ပြီး " အစ်ကိုရဲ့ ,မင်းပုံစံကို ကြည့်ရတာ ၊မနေ့က နေ့ဝက်လောက် အနားယူလိုက်ရတဲ့အတွက် ပိုပြီးတော့ ကောင်းလာပုံဘဲ။ " ဟု ပြောခဲ့သည်။
" ဘော့စ်လင်, မင်းကို စိုးရိမ်စေမိတဲ့အတွက် တောင်းပန်ပါတယ်။" ဟု ရဲ့ရှင်းချန်က နောင်တရစွာဖြင့်ပြောခဲ့သည်။
" မနေ့က ပြန်ပြီးတဲ့နောက်မှာ ငါလေးလေးနက်နက်တွေးပြီး သိလိုက်ရတာတစ်ခုကတော့ ဘော့စ်လင်ကို အလုပ်ချိန်တစ်ဝက်တစ်ပျက်မှာ တစ်ယောက်ထဲထားခဲ့တာက အလွန်မှားတယ်ဆိုတာဘဲ။" ဟု ပြောလိုက်ပြန်သည်။
လင်ပေ့ဖန်သည် သူ့၏လက်ကိုဝှေ့ယမ်းလိုက်ပြီး
" ဒါက ဘာမှအရေးမကြီးပါဘူး။ပြီးေတာ့ ဒါတွေအားလုံး ဖြစ်ရတာကလည်း မင်းငါ့အစားကူညီပြီး အရက်သောက်ပေးတာကြောင့်ဘဲလေ။မနေ့ကလည်း မင်းငါ့အတွက် ပိုက်ဆံအများကြီးကို ရှာပေးခဲ့တယ်လေ။မင်းကိုယ်ကိုမင်း အပြစ်တင်နေစရာမလိုပါဘူး။ပြီးတော့ ငါကတောင်မင်းကို ကျေးဇူးတင်ရမှာ။" ဟု ပြောခဲ့သည်။
" ကျေးဇူးတင်ပါတယ်၊ ဘော့စ်လင်။" ဟု ရဲ့ရှင်းချန်သည် လင်ပေ့ဖန်အတွက် အသက်ကိုတောင်ပေးဆပ်မလို ပုံစံဖြင့် ဝမ်းသာစွာနဲ့ ပြောလိုက်သည်။
လင်ပေ့ဖန်သည် မတ်တပ်ရပ်လိုက်ပြီး ပြုံး၍
" အခုမင်းရဲ့စိတ်အခြေအနေ ပြန်ကောင်းလာပြီဆိုတော့ ငါ့နဲ့အတူတူလိုက်ခဲ့ဦး။ဟိုမှာ မင်းအတွက် အံ့ဩစရာကောင်းတဲ့ အရာတစ်ခုက စောင့်ကြိုနေတယ်။" ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် ပဟေဠိဖြစ်သွားခဲ့ပြီး "ဘာအံ့ဩစရာလဲ? " ဟု မေးလိုက်သည်။
လင်ပေ့ဖန်သည် ဆန်းကြယ်စွာဖြင့်ပြုံးလိုက်ပြီး
" မင်းဟိုကို ရောက်တဲ့အချိန်ကျရင် သိလိမ့်မယ်။" ဟု ပြောလိုက်သည်။
ထို့နောက် ရဲ့ရှင်းချန်သည် လင်ပေ့ဖန် သွားရာနောက်ကို လိုက်လာခဲ့ပြီး သူတို့သည် အစည်းခန်းမရှေ့သို့ ရောက်ရှိလာခဲ့သည်။
လင်ပေ့ဖန်သည် ဝင်ပေါက်၌ ရပ်လိုက်ပြီး ရဲ့ရှင်းချန်ကို ဝင်ဖို့အတွက် လက်ဖြင့်ဟန်ပြလိုက်သည်။
ရဲ့ရှင်းချန်သည် မြင့်မားသော ပင်ကိုယ် စွမ်းရည်များနှင့် ရဲ့ရင့်သော လင်ပေ့ဖန်မှလွဲ၍ ဒီကမ္ဘာပေါ်၌ ဘယ်သူကမှ သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်းကို သိနေခဲ့သည်။
ထို့ပြင် အခုချိန်၌ သူတို့နှစ်ေယာက်သည် သူငယ်ချင်းများဖြစ်ကြသည်။ထို့ကြောင့် လင်ပေ့ဖန်က သူ့ကို ရန်ပြုလိမ့်မည်မဟုတ်ပေ။
ထို့နောက် ရဲ့ရှင်းချန်သည် တံခါးကို တွန်းဖွင့်၍ ဝင်သွားခဲ့သည်။
ထိုအချိန်တွင် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်လာ၍ နေရာတိုင်းကို မီးရှူးမီးပန်းများဖြင့် ဖြန့်ကြဲထားပြီး သူ့ကိုလည်း ပွဲတော်တစ်ခုလို အငွေ့အသက်ဖြင့် ဝန်းရံထားခဲ့သည်။
အစည်းအဝေးခန်းမရဲ့ အတွင်း၌ လူအများကြီးရှိနေခဲ့ပြီး အာလုံးက တပြိုင်နက် " အံ့ဩသွားလား " ဟု ပြောလိုက်သည်။
ထို့ပြင် အစည်းအဝေးခန်းမထဲ၌ ဝိုင်နီနှစ်ပုလင်း နှင့် မုန့်အချို့လည်း ရှိနေခဲ့သည်။
ရဲ့ရှင်းချန်သည် အံ့အားသင့်သွားခဲ့ပြီး " ဘော့စ်လင် ၊ဒါက…… " ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် အပြုံးတစ်ခုဖြင့် လမ်းလျှောက်၍ ဝင်လာခဲ့ပြီး " အစ်ကိုရဲ့ , မနေ့က မင်းရှာပေးခဲ့တဲ့ ငွေအများကြီးက ကုမ္ပဏီအတွက် ပံ့ပိုးကူညီမှု ကြီးကြီးမားမားဖြစ်ခဲ့တယ်။ဒါ့ကြောင့် ဒီအခမ်းအနားပွဲတော်ကို မင်းအတွက် အထူးစီစဉ်ထားခဲ့တာဘဲ။ " ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန်က အမြန်ပြန်ပြောခဲ့သည်။
" ဘော့စ်လင် ,ငါဘာမှ အများကြီးမလုပ်ခဲ့ပါဘူး။ "
လင်ပေ့ဖန်သည် သဘောမကျသလို ဖြစ်ဟန်ဆောင်ပြီး " အစ်ကိုရဲ့ ၊အဲ့လောက်ကြီး ကိုယ့်ကိုကို မနှိမ့်ချချင်စမ်းပါနဲ့။မင်းရဲ့အကြံဉာဏ်နဲ့အကူအညီမပါရင် ငါတို့ ဘယ်လိုလုပ်ပြီး ဒီပိုက်ဆံကို ရှာနိုင်မှာလဲ။ငါက ဘယ်သူ့ကို ဆုပေးရမလဲ၊ ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုတာကိုတောဘ မျှမျှတတ ဆုံးဖြတ်တတ်ပါတယ်။ပြီးတော့ မင်းက ကုမ္ပဏီအတွက် ပံ့ပိုးကူညီခဲ့တာကြောင့် မင်းကို ဆုပေးဖို့အတွက် ထိုက်တန်ပါတယ်။ " ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် သူ့၏လက်ဖြင့် လက်ခုပ်တီးလိုက်ချိန်တွင် လျိုယုမေ့က အနီရောင်ခါးစလွယ်တစ်ခုကိုယူလာခဲ့ပြီး ထိုအနီရောင်ခါးစလွယ်ပေါ်တွင်လည်း အနီရောင်ပန်းပွင့်ကြီးတစ်ပွင့်ရှိနေခဲ့သည်။ထို့ပြင် ခါးစလွယ်ပေါ်တွင် အနည်းငယ်တောက်ပပြီး ကြီးမားတဲ့စာလုံးဖြင့် 'ထူးချွန်တဲ့အလုပ်သမား ' ဟု ရေးထားခဲ့သည်။
" အစ်ကိုရဲ့၊ဒီအတိုင်းပဲ ငြိမ်ငြိမ်လေးနေ။ငါမင်းကို ဒီခါးစလွယ်လေး ဆွတ်ပေးပါရစေ။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်သည် အနီရောင်ခါးစလွယ်ကို ရဲ့ရှင်းချန်ပေါ်၌ လေးလေးနက်နက် ဆွတ်ပေးလိုက်သည်။
" ပြီးတော့ ၊ဒါကမင်းအတွက်ဘဲ။" ဟု
ပြောပြီးနောက် လင်ပေ့ဖန်သည် သူ့လက်ထဲက ရွှေရောင်ကဒ်ကို ရဲ့ရှင်းချန်ကို ပေးလိုက်သည်။
ထို့ရွှေရောင်ကဒ်သည် အရမ်းကြီးပြီး ကဒ်၏ဘေးပတ်ပတ်လည်ကလည်း ရွှေရောင်များဖြင့် လှပလွန်း နေသည် ။ထို့ပြင် မျက်လုံးကို ပိုပြီးဖမ်းစားစေသည့်အရာကတော့ ကဒ်ပြားပေါ်က နူးညံ့လွန်းတဲ့အစ်မရဲ့ အကြွေစေ့ တစ်သန်းဆိုသည့် စကားလုံးဘဲဖြစ်သည်။
( နူးညံလွန်းတဲ့အစ်မရဲ့ အကြွေစေ့ဆိုတာက virtual game တွေမှာသုံးတဲ့အကြွေစေ့တွေကို ပြောတာပါဗျ။ပြီးတော့ တရုတ်ဘန်းစကားတစ်ခုလည်းဖြစ်ပါတယ်ဗျ။လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို ရက်ရက်ရောရောပေးတာကို ဟာသအနေနဲ့သုံးတာပါဗျ။)
" ဘော့စ်လင် , ဒါက?" ဟု ရဲ့ရှင်းချန်က မေးလိုက်သည်။
လင်ပေ့ဖန်သည် ပြုံးလိုက်ပြီး " ဒါက မင်းရဲ့ ဆုကြေးဘဲ။မင်းက ကုမ္ပဏီအတွက် ငွေအများကြီးရှာပြီး ပံ့ပိုးကူညီခဲ့တယ်လေ။ဒါ့ကြောင့် မင်းကို ပိုက်ဆံ ၁သန်းဆုချဖို့အတွက် ငါဆုံးဖြတ်လိုက်တာဘဲ။ ဒါကသိပ်မများပေမဲ့၊ ကျေးဇူးပြုပြီး လက်ခံပေးပါ။" ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန် ငြင်းဆန်တော့မည်အချိန်တွင် လင်ပေ့ဖန်က ချက်ချင်းပဲ ပြောလိုက်သည်။
" မငြင်းပါနဲ့။ဒါက မင်းနဲ့ထိုက်တန်တယ်။ "
သူတို့၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော ဝန်ထမ်းများသည် ရဲ့ရှင်းချန်ကို တော်တော်လေးမနာလိုဖြစ်နေကြသည်။
" ဘောနပ်စ် တစ်သန်းက ငါ၃နှစ်လောက် အလုပ်လုပ်မှ ရတဲ့ ငါ့ရဲ့ လစာနဲ့တူညီနေတယ်။"
" ငါ့အတွက်တော့ ၄နှစ်လုပ်ရလိမ့်မယ်။"
" ဒီသက်တော်စောင့်က တော်တော်ကံကောင်းတာပဲ။"
" သူကံကောင်းလို့ မဟုတ်ဘူး၊ အဓိကအချက်ကတော့ သူ သူဌေးကောင်းစီမှာ အလုပ်လုပ်လို့ဘဲ။ "
" ဒီလို သူဌေးမျိုးစီမှာ အလုပ်လုပ်ရတာက ထိုက်တန်တယ်။ "
ထိုအချိန်တွင် လင်ပေ့ဖန်က ဟန်ပါပါဖြင့် သူ့ရဲ့လက်ကိုဝှေ့ယမ်းလိုက်ပြီး " ငါတို့ငှာနက ပိုက်ဆံအများကြီးရှာနိုင်ခဲ့တယ်။ဒါကြောင့် ငါ့ငှာနမှာရှိတဲ့ ဝန်ထမ်းအားလုံးရဲ့ ဒီလအတွက် လစာကို နှစ်ဆ တိုးပေးမယ်လို့ ငါလေးနက်စွာ ကြေညာလိုက်တယ်။" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အခန်းတစ်ခုလုံးရှိလူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
" ငါတို့လည်း ဘောနပ်စ် ရတာလား ? ။ဒါကသိပ်ကောင်းတယ် "
" ငါတို့ လစာရဲ့ နှစ်ဆကို ဘော့နပ်စ်ပေးတာပေါ့။ ဒါဆိုငါတို့က ပိုက်ဆံတော်တော်များများရမှာပေါ့။"
" ဘေ့ာစ်လင်က တော်တော်ရက်ရောတာဘဲ။"
" ငါတို့မှန်ကန်တဲ့ ခေါင်းဆောင်ကောင်းနောက်ကို လိုက်ခဲ့တာဘဲ။ "
နောက်ဆုံးတွင် လူတိုင်း၏ပါးစပ်က စာကြောင်းတစ်ကြောင်းသာထွက်လာခဲ့သည်။
" ကျေးဇူးတင်ပါတယ်၊ ဘော့စ်လင်။"
ထို့နောက် အခန်းထဲတွင် မိုးခြိမ်းသံလို လက်ခုပ်တီးသံများ ပေါက်ကွဲထွက်လာခဲ့သည်။
" Clap, clap "
လင်ပေ့ဖန်က နောက်တစ်ကြိမ် ထပ်ပြောခဲ့သည်။
" အစ်ကိုရဲ့က ကြီးမားတဲ့ပံ့ပိုးကူညီမှု ပေးခဲ့တာကြောင့် သူ့ရဲ့လစာကို ငါ ၃ဆတိုးပေးလိုက်တယ်။ "
ထို့နောက် အခန်းထဲတွင် ဆူညံသံများ နောက်တစ်ကြိမ်ပေါက်ကွဲထွက်လာခဲ့ပြန်သည်။
" ဒါဆိုရင် သူက ဆုကြေးငွေ တစ်သန်းရတဲ့အပြင်ကို နောက်ထပ် ဘော့နပ်စ် ၃ဆလည်း ထပ်ရသွားမှာ မဟုတ်ဘူးလား? "
" ဘော့စ်လင်က သူ့ကို တော်တော်ချစ်တာဘဲ " (🤣၊)
" ဒီလို ကြင်နာတတ်တဲ့ သူဌေးနောက်ကို လိုက်ရတာက တကယ် တန်တယ်။ "
မိုးခြိမ်းသံလို လက်ခုပ်တီးသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။
" Clap, clap "
ထိုအချိန်တွင် လင်ပေ့ဖန်က နောက်တစ်ခေါက် ထပ်ပြောလိုက်ပြန်သည်။
" အခုကစပြီး ၊ မင်းတို့ ငါ့အတွက် အလုပ်လုပ်ပေးနေသ၍တော့ မင်းတို့ကို ငါ မမျှမတ ဆက်ဆံမှာမဟုတ်ဘူး။ ပြီးတော့ ဘယ်သူပဲဖြစ်ဖြစ်၊မင်းတို့အောင်မြင်မှုရနေသ၍တော့ ငါ မင်းတိုကို ရက်ရက်ရောရောနဲ့ဆုချမယ်။ "
နောက်ထပ်စကားတွေ ထပ်ပြောစရာမလိုတော့ပေ။
မိုးခြိမ်းသံလို လက်ခုပ်တီးသံများ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
" Clap, clap "
လူတိုင်းသည် အမှန်တကယ်ကို စိတ်လှုပ်ရှားနေကြပြီး ပျော်ရွှင်နေကြသည်။
ထို့ပြင် လူတိုင်းသည် သူတို့၏ တောက်ပတဲ့ အနာဂတ်ကိုလည်း မြင်နေတယ်လို့ ခံစားနေကြရသည်။
အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး ရဲ့ရှင်းချန်သည်လည်းပဲ အလွန်စိတ်လှုပ်ရှားပြီး တက်ကြွနေခဲ့သည်။
ထို့နောက် သူသည် နေရာအနှံ့ ပြန့်ကျဲနေတဲ့ ပန်းများ ၊အခန်းထဲက လက်ခုပ်သံများ၊ လူအုပ်ကြီး၏ မနာလိုငြူစူနေတဲ့ မျက်လုံးများ၊ သူ့လက်ထဲတွင်ကိုင်ထားသော ဆုကြေးငွေ ၁ သန်းနှင့် သူ့ရင်ဘတ်ပေါ်က အနီရောင် ပန်းပွင့်ကြီးတွေကို ကြည့်ပြီး ရုတ်တရက် စိတ်အားထက်သန်လာ၍ သူ့မှာရှိသည့် အရာအားလုံးကိုပေးချင်တဲ့ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့သည်။
** နေပါဦး **
** ဘာကြောင့်ငါ့မှာ ဒီအတွေးတွေရှိနေရတာလဲ? **
ရဲ့ရှင်းချန်သည် သူ့၏ဦးခေါင်းကို ခပ်ကြမ်းကြမ်း ခါလိုက်ပြီး ဒီအတွေးထဲကနေ လွတ်မြောက်အောင် ကြိုးစားခဲ့သည်။
** ဒီစူပါနတ်ဆိုးက ငါ့ဘဝနှစ်ခုစလုံးရဲ့ ရန်သူဘဲ။ငါ့မှာ သူ့ကို သတ်ဖို့တောင် အချိန်မရှိသေးတာ ။ဘာလို့ ငါ့မှာရှိတဲ့ အရာအားလုံးကို သူ့အတွက် ပေးရမှာလဲ? **
ဇာတ်လိုက် ရဲ့ရှင်းချန်သည် လျို့ဝှက်စွာဖြင့် သူ့ကိုယ်ကိုသူ သတိပေးခဲ့သည်။
** ဒီနတ်ဆိုးက လူတွေရဲ့ နှလုံးသားကို လှည့်စားတဲ့နေရာမှာ ဆရာတစ်ဆူဘဲ။ငါတောင် သူ့ရဲ့ ထောင်ချောက်ထဲကို ရောက်လုနီးပါးဘဲ။ငါ အမြဲတမ်း စိတ်အေးအေးထားပြီးနေရမယ်။ ဒါမှ သူ့စကားတွေကြောင့် ငါ မလှည့်စားခံထိမှာ။**