အခန်း (၅၄)
Vol. 4 Ch. 54
ချူရိုရွယ်၏ သံသယဖြစ်ဖွယ် အကြည့်များအောက်တွင် ရဲ့ရှင်းချန်သည် ရဲဆေးတင်လိုက်ပြီး ပြောလိုက်သည်။
" ဥက္ကဌချူ ၊ ဒီတစ်ခါတော့ မင်း ယုံကြည်စိတ်ချစွာနဲ့ အနားယူနိုင်တယ် ။ အရင်တုန်းက မတော်တဆဖြစ်သွားတာဘဲ။ ဒါကြောင့် ဒီတစ်ကြိမ်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ "
" ဟုတ်လို့လား? " ဟု ချူရိုရွယ်က မေးလိုက်သည်။
ရဲ့ရှင်းချန်က စိတ်အားထက်သန်စွာဖြင့် ကတိပြုလိုက်ပြီး " ဒီတစ်ခါတော့ သေချာတယ်။ ကျွန်တော်အရင်က ၅၀ရာခိုင်နှုန်းဆုံးရှုံးခဲ့ရင်တောင် အဲ့ဒီပိုက်ဆံကို မြန်မြန်ပြန်ရအောင် မင်းအတွက် ပြန်ရှာပေးနိုင်တယ်။ ပြီးတော့ ဒီလောက် ငွေပမာဏနည်းနည်းလေးက ကျွန်တော့်အတွက်တော့ ဘာမှမဟုတ်ဘူး။ " ဟု ပြောလိုက်သည်။
ထိုအချိန်၌ ရွှေဈေးက ရုတ်တရက် တဟုန်ထိုး ထိုးကျသွားခဲ့သည်။
ထို့ပြင် မျက်တောင်တစ်ခပ် ခပ်စရာ အချိန်လေးမှာဘဲ ရွှေဈေးက တစ်ရာခိုင်နှုန်းတောင် ထိုးကျသွားခဲ့ပြီး သူမ၏ အကောင့်ထဲတွင် ၂၀ဆဖြင့် အသုံးပြု ထားတာကြောင့် ၂၀ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခဲ့သည်။
ဆိုလိုချင်တာကတော့ ချူရိုရွယ်သည် နောက်ထပ် ယွမ်ဆယ်သန်းခန့် ထပ်ပြီး ဆုံးရှုံးသွားခဲ့သည်။
ရဲ့ရှင်းချန် : ……
ချူရိုရွယ် : ???
ဒီတစ်ကြိမ်မှာတော့ ရဲ့ရှင်းချန်သည် အမှန်တကယ်ဘဲ ထိတ်လန့်သွားခဲ့သည်။
သူ ရွှေဈေးကွက်မှာ စပြီး အရောင်းအဝယ်လုပ်စဉ်ကတည်းက ဒီလိုထူးဆန်းတဲ့ အခြေအနေမျိုးနှင့် သူတစ်ခါမှာ မတွေ့ကြုံခဲ့ရဖူးပေ။
ထို့ပြင် ဒီတစ်ခေါက်၌ သူဘယ်လိုဘဲ ရင်းနှီးမြှုပ်နှံပါစေ ၊ သူသည် အရှုံးပေါ်၍ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးကိုလည်း သူသာလျှင်ခံစားရသည်။
" ဘာတွေဖြစ်နေတာလဲ ? ။ဘာကြောင့် ရွှေဈေးက ထပ်ကျသွားရတာလဲ ? ။ခုနက သတင်းကောင်းဆိုတာ ရှင်းနေတာဘဲ ။ ဒါကြောင့် ရွှေဈေးကတက်လာရမှာပေါ့။ ဒါဆိုရင် ဘာကြောင့် ဒီလို ထပ်ကျသွားရတာလဲ ? ။ဒါက လုံးဝ သဘာဝနဲ့ ဆန့်ကျင်နေတယ်။ " ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။
ထိုအချိန်ခဏလေးအတွင်းမှာဘဲ ရွှေဈေးက နောက်ထပ် တစ်ရာခိုင်နှုန်းခန့် ထပ်ကျသွားခဲ့ပြန်သည်။
ချူရိုရွယ်၏အကောင့်ထဲ၌ ယွမ်၁၀သန်းသာ ကျန်ရှိတော့သည်။
ရဲ့ရှင်းချန် : ):
ချူရိုရွယ်သည် သူမ၏ ရင်ဘတ်ကို ဖိထား၍ ဒီလောက် ရင်ဖိုစရာကောင်းတာကို သူမ တစ်ခါမှ မခံစားခဲ့ရဖူးပေ။
ထို့ပြင် အခုတစ်ကြိမ် ပိုက်ဆံရှာရတာက သူမအတွက်တော့ ရိုလာကိုစတာ စီးရသလို ဖြစ်နေခဲ့သည်။
အကယ်၍ သူမ သတိမထားမိပါက သူမ၏ ယွမ်သန်း၄၀ ဆုံးရှုံးသွားတာကို မသိရှိဘဲနေလိမ့်မည်ဖြစ်သည်။
ထို့ပြင် ဖြစ်စဉ်တစ်ခုလုံးကလည်း မိနစ်အနည်းငယ်ပဲ ကြာမြင့်ခဲ့သည်။
ဒီတစ်ခေါက် ပိုက်ဆံဆုံးရှုံးတဲ့အမြန်နှုန်းက သူမတို့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုထက်တောင်မှ ပိုပြီးတော့ မြန်နေခဲ့သေးသည်။
ရဲ့ရှင်းချန်က ကြောက်ရွံ့စွာဖြင့် ချူရိုရွယ်ကို ပြောလိုက်သည်။
" ဥက္ကဋ္ဌချူ ၊ ကျွန်တော် ရှင်းပြတာကို နားထောင်ပါဦး။ အခြေအနေက ဒီလိုမဖြစ်သင့်ဘူး။ "
ချူရိုရွယ်က ရဲ့ရှင်းချန်ကို အော်ငေါက်လိုက်သည်။
" အရေးမပါတဲ့စကားတွေ ပြောနေတာ ရပ်ပြီးတော့ လောင်းထားတဲ့ဟာကို ကျွန်မအတွက် အခုပိတ်ပေးပါ။ "
" အို့ ၊ ဟုတ် ဟုတ် " ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။
ထို့နောက် ရဲ့ရှင်းချန်သည် မောက်စ်ကို အမြန်ကိုင်လိုက်ပြီး ပိတ်တဲ့ ခလုတ်ကို နှိပ်ရန် ပြင်လိုက်သည်။
ထိုအချိန်မှာဘဲ ရွှေဈေးက နောက်ထပ် ထပ်ကျသွားခဲ့သည်။
ထို့ကြောင့် ချူရိုရွယ်၏ ရန်ပုံငွေအကောင့်ထဲ၌ ရှိတဲ့ ငွေအားလုံးက ပလုံသွားခဲ့သည်။
ရဲ့ရှင်းချန် :...
ချူရိုရွယ် : …
သူ ထပ်ပိတ်စရာ မလိုအပ်တော့ပေ။ ဈေးကွက်က သူ့အစား ဆုံးဖြတ်ပေးသွားခဲ့သည်။
ရဲ့ရှင်းချန်သည် သူ့၏ဦးခေါင်းကို ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်ချိန်၌ ချူရိုရွယ်၏ လှပတဲ့မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နေတဲ့ အကြည့်နှင့် ဆုံလိုက်ရသည်။
သူသည် ယွမ်သန်း၅၀လုံးကို ဆုံးရှုံးအောင် ခဏလေးအတွင်း၌ လုပ်မိခဲ့ပြီး တစ်ပြားမှလည်း မကျန်ခဲ့ပေ။
ထို့ပြင် မျက်စိတစ်မှိတ်အတွင်းမှာဘဲ သူမကိုယ်တိုင်စုထားတဲ့ ငွေအားလုံးလည်း ဆုံးရှုံးသွားခဲ့သည်။
ချူရိုရွယ်သည် ဒေါသထွက်လွန်းတာကြောင့် ဒီအချိန်၌ သူမသည် တစ်ယောက်ယောက်ကို သတ်ပစ်ချင်နေခဲ့သည်။
ရဲ့ရှင်းချန်သည် နေမထိထိုင်မထိဖြစ်ပြီး " ဥက္ကဌချူ ၊ ကျွန်တော်ရှင်းပြတာကို နားထောင်ဦး။ အို့ မဟုတ်ဘူး။ ကျွန်တော်ပြောတာကို နားထောင်ပါဦး ။ ကျွန်တော် ၊မင်းကို ရှင်းပြပါရစေ ။ " ဟု အယောင်ယောင်အမှားမှားဖြင့် ပြောလိုက်သည်။
"မစ်စတာရဲ့၊ ရှင် ရှင်းပြစရာမလိုဘူး။ ကျွန်မ ရှင့်ရဲ့ စွမ်းရည်တွေကို မြင်ဖူးပြီးသွားပြီ။ ဒါက အမှန်တကယ်ကို အံ့အားသင့်စရာကောင်းတယ်။ အရင်တုန်းက ပိုက်ဆံအမြန်ဆုံး ဆုံးရှုံးတဲ့နည်းကို ကျွန်မတစ်ခါမှ မမြင်ခဲ့ဖူးဘူး။အကယ်၍ အဲ့ဒီ ယွမ်သန်း၅၀ကို ကျွန်မ မီးရှို့ရင်တောင် အနည်းဆုံး တစ်ရက်လောက်တော့ကြာလိမ့်မယ်။ ဒါပေမဲ့ ရှင်ကတော့ လက်ဖက်ရည်တစ်ခွက်သောက်တဲ့ အချိန်အတွင်းမှာဘဲ ကျွန်မရဲ့ ငွေအကုန်လုံးကို ဆုံးရှုံးသွားအောင် စီစဉ်နိုင်ခဲ့တယ်။ ဒါက တကယ့်ကို မယုံနိုင်စရာကောင်းတယ်။ အရမ်းအရမ်းကို မယုံနိုင်စရာကောင်းတယ် "ဟု ချူရိုရွယ်က ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် သူ့၏ဦးခေါင်းကို ငုံ့လိုက်ပြီး " ဥက္ကဌချူ ၊ ကျွန်တော် မင်းရဲ့ ပိုက်ဆံတွေကို ပြန်လျော်ပေးနိုင်တယ်။ " ဟု ပြောလိုက်သည်။
" ပြန်ဆပ်စရာမလိုပါဘူး ၊မစ်စတာရဲ့။ "
ချူရိုရွယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၍ ပြန်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားနေခဲ့သည်။
" မစ်စတာရဲ့ ၊ ကျွန်မစီ ကျန်းနန်မှာရှိတဲ့ ကုန်းမြေရဲ့ အကြောင်းကို သတင်းကောင်းယူလာပေးတဲ့အတွက် ရှင့်ကိုကျေးဇူးတင်ပါတယ်။ ယွမ်သန်း၅၀အတွက်ကတော့ ဒီသတင်းပေးတဲ့အတွက် ရှင့်ကို ကျွန်မပေးတယ်လို့ဘဲ ယူဆနိုင်တယ်။ ဒါကြောင့် အဲ့ဒီပိုက်ဆံကို ရှင်ပြန်ဆပ်စရာ မလိုဘူး။ "
" အခုတော့ ၊ကျွန်မ စိတ်အခြေအနေမကောင်းဘူး။ ကျေးဇူးပြုပြီးတော့ ထွက်သွားပေးပါ။ "ဟု ချူရိုရွယ်က ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် စိုးရိမ်သွားခဲ့ပြီး " ဥက္ကဌချူ ၊ ကျွန်တော်ပြောတာကို နားထောင်ပေးပါဦး။ ဒါက ကျွန်တော်ရဲ့ ပင်ကိုယ်စွမ်းရည် မဟုတ်ဘူး။ပြီးတော့ ဒီအခြေအနေက ဒီလိုမဖြစ်သင့်ဘူး " ဟု ပြောလိုက်သည်။
ထိုအချိန်၌ အတွင်းရေးမှူးမလေးသည် ရဲ့ရှင်းချန်စီသို့ လမ်းလျှောက်လာခဲ့ပြီး " မစ်စတာရဲ့ ၊ ကျေးဇူးပြုပြီးတော့ ကျွန်မတို့ကို ခက်ခဲအောင်မလုပ်ပါနဲ့ " ဟု ပြောလိုက်သည်။
နောက်ဆုံးမှာတော့ ရဲ့ရှင်းချန်ကို လုံခြုံရေးအစောင့်က ယဉ်ကျေးစွာဖြင့် လီချုံးအဖွဲ့ရဲ့ အပြင်ဘက်သို့ခေါ်ထုတ်သွားခဲ့သည်။
ရဲ့ရှင်းချန်သည် သူဘာကြောင့်ရှုံးနိမ့်ရတာလဲဆိုတာကို နားမလည်နိုင်ဘဲဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့်တော့ သူ့ဘာသာသူ အရောင်းအဝယ်လုပ်သည့် အချိန်တိုင်းတွင် ဘာပဲဝယ်ဝယ် ၊ဘာပဲရောင်းရောင်း သူသည် အမြဲ ပိုက်ဆံအမြတ်ရတတ်တတ်သည်။
ဒါပေမဲ့ ဘာကြောင့် ဒီမှာတော့ ဟိုလိုမဟုတ်ဘဲနဲ့ ကွဲပြားနေရတာလဲ ? ။
သူသည် သူ့၏ နတ်ဘုရားမရှေ့၌ သူ့ကိုယ်ကိုသူ အရှက်ရစေခဲ့သည်။
သူနားမလည်နိုင်တာကြောင့် သူသည် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဆီသို့ လျင်မြန်စွာဖြင့် အပြေးအလွှားပြန်သွားခဲ့သည်။
သူပြန်ရောက်ပြီးနောက် သူသည် သူ့၏ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံရေးအကောင့်ကို ဖွင့်လိုက်ပြီး ရွှေဈေးတက်မည့်ဘက်သို့ အကုန်လုံးကို ပုံအော၍ လောင်းလိုက်သည်။
ထို့နောက် အချိန်ခဏလေးအတွင်းမှာဘဲ ရွှေဈေးက တဟုန်ထိုးထောင်တက်လာခဲ့သည်။
" Wow ! မစ်စတာရဲ့က အမှန်တကယ်ကို ထူးခြားပြောင်မြောက်လွန်းတယ် ။ သူနောက်တစ်ကြိမ်ထပ်ပြီးတော့ ချက်ကောင်းကိုပဲ ထိပြန်ပြီ။ "
" ဒါက အလွန်ကောင်းတဲ့ လုပ်ဆောင်ချက်ဘဲ "
" ဒါဆိုရင် ငါတို့က နောက်ထပ် ပိုက်ဆံဘီလီယံအနည်းငယ်ကို ထပ်ရှာနိုင်ခဲ့ပြီပေါ့! "
……
ရဲ့ရှင်းချန်သည် အခုချိန်ထိတိုင်အောင် မယုံကြည့်နိုင်သေးတာကြောင့် သူသည် ချက်ချင်းဘဲ ရွှေဈေးတက်မည့်ဘက်သို့ သူလောင်းထားတာကို ပိတ်လိုက်ပြီးနောက် သူသည် ရွှေဈေးကျမည့်ဘက်သို့ အကုန်လုံးကို ပုံအော၍ လောင်းလိုက်ပြန်သည်။
အချိန်ခဏကြာပြီးနောက် ရွှေဈေးက စတင်ကျလာခဲ့သည်။
" ရွှေဈေးတွေ ပြန်ကျနေပြီ။ မစ်စတာရဲ့က နောက်တစ်ကြိမ် ထပ်ပြီးတော့ ချက်ကောင်းကို ရိုက်မိပြန်ပြီဟ။"
" ဒါက အရမ်းပဲ တိကျလွန်းတယ်။ ပြီးတော့ အရမ်းပဲ မယုံနိုင်စရာကောင်းတယ်။ "
" သူ ငါတို့အတွက် နောက်ထပ် သန်းအနည်းငယ် ထပ်ယူလာပေးပြန်ပြီ။ "
…….
ရဲ့ရှင်းချန်သည် ထိုအရာကို မယုံကြည်နိုင်သောကြောင့် သူအရင်လောင်းခဲ့တဲ့ဟာကို ပြောင်းပြန် ပြန်လောင်းဖို့အတွက် သူဆုံးဖြတ်ချက်ချခဲ့သည်။(ရွှေဈေးတက်မဲ့ဘက် ပြန်လောင်းတာကို ပြောတာပါဗျ)
" Wow ! ရွှေဈေးတွေက ပြန်တက်လာပြန်ပြီ။ မစ်စတာရဲ့က နောက်တစ်ကြိမ်ထပ်ပြီးတော့ ချက်ကောင်းထိသွားပြန်ပြီဟ။ "
" မစ်စတာရဲ့က အရမ်းကို အထင်ကြီးဖို့ကောင်းတယ်။ ပြီးတော့ သူလုပ်ဆောင်တဲ့အရာတိုင်းကလည်း ပိုက်ဆံရှာနိုင်တယ်။ "
" ဘယ်သူက မစ်စတာရဲ့နဲ့ ယှဉ်နိုင်မှာလဲ ? "
.......
" ဘာကြောင့် ဒီနေရာမှာကျတော့ ရပြီးတော့ ဟိုနေရာမှာကျတော့ မရရတာလဲ ?"
ရဲ့ရှင်းချန်၏ ရင်ထဲ၌ ဒေါသများဖြင့် ပြည့်နေခဲ့သည်။ထို့နောက် သူသည် ရွှေဈေးကွက်တွင် ဆက်လက်ပြီး လောင်းခဲ့သည်။
အကြိမ်အနည်းငယ်ကြိုးပမ်းပြီးနောက်တွင် သူသည် အံ့အားသင့်စွာဖြင့် တစ်ကြိမ်မှ မရှုံးနိမ့်ခဲ့ပေ။ထို့ပြင် သူသည် သူလုပ်ခဲ့တဲ့ အရောင်းအဝယ်တိုင်းတွင်လည်း အမြတ်ရခဲ့သည်။
ထို့ကြောင့် ရောင်းဝယ်ရေးအခန်းထဲတွင်လည်း ကျေနပ်အားရနေသောအသံများဖြင့် ပြည့်နှက်နေခဲ့သည်။
" ငါ အလေးစားဆုံးသူက မစ်စတာရဲ့ဘဲ "
" သူ့ရဲ့ လုပ်ဆောင်ချက်တိုင်းက အရမ်းပဲ ကျွမ်းကျင်လွန်းတယ်။ "
"ဒီနေ့ မစ်စတာရဲ့က တော်တော်လေး ကြိုးစားလွန်းတယ်။"
" ငါတို့အတွက် ယွမ်သန်း၁၀၀ကိုလည်း သူ ကူညီပြီးေတာ့ ရှာပေးခဲ့ သေးတယ်။ "
" ငါတို့ နောက်တစ်ကြိမ် ဘော့နပ်စ် နှစ်ဆထပ်ရလိမ့်မယ်။ "
" ဟားဟား ၊အခုချိန်လောက်ဆို ဘော့စ်လင်လည်း အရမ်းပဲ ဝမ်းသာနေလောက်ပြီထင်တယ်။ "
ရဲ့ရှင်းချန် : ဘောဘောပဲပေါ့!!