အခန်း (၅၆)
Vol. 4 Ch. 56
" မစ်စ်ချူ ၊ မင်းငါ့ကို နှစ်သိမ့်ပေးတဲ့အတွက် ငါမင်းကို ကျေးဇူးတင်ပါတယ် ။ အခုတော့ ငါ အဆင်ပြေသွားပြီ " ဟု လင်ပေ့ဖန်က ရိုးရိုးသားသား ပြောလိုက်သည်။
" အကယ်၍ ရှင်ကြည့်တဲ့ ရှုထောင့်ကို ပြောင်းကြည့်နိုင်ရင် အရာရာတိုင်းက အဆင်ပြေသွားလိမ့်မယ်။ ကျွန်မတို့ရဲ့ဘဝမှာ ဖြစ်ချင်တာဆယ်ခုလောက်ရှိရင် ရှစ်ခု ၊ဒါမှမဟုတ် ကိုးခုလောက်က ကျွန်မတို့ ဆန္ဒအတိုင်း မဖြစ်လာနိုင်ဘူးလေ။ပြီးတော့ ကျွန်မတို့ရဲ့ ဘဝတစ်သက်တာမှာ လူဆိုးအနည်းငယ်နဲ့ မတွေ့ဆုံဖူးတဲ့လူဆိုတာ ဘယ်သူရှိလို့လဲ ? ။ လူအားလုံးက တစ်ကြိမ် မဟုတ် တစ်ကြိမ်တော့ တွေ့ဆုံဖူးကြတယ်" ဟု ချူရိုရွယ်က အပြုံးဖြင့်ပြောလိုက်သည်။ သူမ၏ စိတ်ထဲမှာတော့ ပြီးမြောက်အောင်မြင်သွားသလို ခံစားချက်ကို ခံစားနေရသည် ။
" ဥက္ကဌချူ ၊ ကျွန်တော် မင်းကို တစ်ခုလောက် မေးလို့ရနိုင်မလား ? " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဘာကိစ္စလဲဆိုတာ ၊ကျွန်မကို ပြောကြည့်လေ။ အရမ်း ခက်ခဲလွန်းတဲ့ ကိစ္စမဟုတ်သ၍တော့ ကျွန်မ ရှင့်ကို ကတိပေးနိုင်တယ်။ " ဟု ချူရိုရွယ်က ပြန်ပြောလိုက်သည်။
လင်ပေ့ဖန်သည် အနည်းငယ်တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
" ဒါက ဒီလိုပါ၊ ကျွန်တော်တို့ ဒီကိစ္စတွေ ဘယ်တော့မှ မဖြစ်ခဲ့ဖူးသလို ဟန်ဆောင်နိုင်မလား? "
" ရှင် ဘာကိုဆိုလိုချင်တာလဲ? " ဟု ချူရိုရွယ်က စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။
" သူ မင်းစီကို ဘယ်တော့မှလည်း မလာခဲ့ဖူးဘူး၊ အဲ့ဒီကုန်းမြေအကြောင်းကိုလည်း မင်းကို ဘယ်တော့မှ မပြောခဲ့ဖူးဘူးလို့ ငါတို့ဘာမှမဖြစ်ခဲ့သလိုဘဲ ဟန်ဆောင်ပြီးေနကြရအောင်၊၊ ငါတို့ အဲ့လို လုပ်နိုင်မလား? " ဟု လင်ပေ့ဖန်က မျှော်လင့်ချက်
အရိပ်အမွက်ပါသော အသံဖြင့် မေးမြန်းခဲ့သည်။
" ရှင် ဘာကိုပြောချင်တာလဲ ?။ရှင့်အပေါ် သူလုပ်ခဲ့တဲ့ အရာရာတိုင်းကို ခွင့်လွှတ်ဖို့အတွက်စီစဉ်နေတာလား?။ပြီးတော့ ရှင်တို့နှစ်ယောက်ရဲ့ အရင်ဆက်ဆံရေးကို ပြန်ထိန်းသိမ်းချင်တာလား?။" ဟု ချူရိုရွယ်က ဒေါသတကြီးပြောလိုက်သည်။
" ဟုတ်တယ်။ ဥက္ကဌချူ မင်းနားလည်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ် " ဟု လင်ပေ့ဖန်က လေးလေးနက်နက်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူရိုရွယ်၏ စိတ်ခံစားချက်များ တုန်လှုပ်သွားခဲ့ပြီး " ရှင်က ဘာကြောင့် သူ့လို အကြင်နာမဲ့ပြီး သစ္စာမရှိတဲ့လူကို ရှင့်ဘေးနားမှာ ဆက်ထားချင်ရတာလဲ ? "ဟု ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်သည် ဝမ်းနည်းပူဆွေးမှုဖြင့် သက်ပြင်းချ၍ " မတတ်နိုင်ဘူးလေ ၊သူက ငါရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ငါ့ရဲ့အစ်ကိုလည်းဖြစ်တာကို။ "ဟု ပြန်ပြောလိုက်သည်။
ချူရိုရွယ်သည် လင်ပေ့ဖန်၏ အကူအညီမဲ့နေမှုကို နားလည်သဘောပေါက်ခဲ့သည်။
လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို သူ လေးလေးနက်နက်ဂရုစိုက်ရတဲ့ အရင်းနှီးဆုံးအစ်ကိုတစ်ယောက်အဖြစ် အမှန်တကယ်မှတ်ယူပုံရသည်။
သူ့ကို ရဲ့ရှင်းချန်က သစ္စာဖေါက်တာကို သူသိတာတောင်မှ သူ ဖော်ထုတ်ဖို့အတွက် ဆန္ဒမရှိခဲ့ပေ။ ထို့အပြင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကိုတောင် မပြိုကွဲမပျက်စီးအောင်လို့ သူ အကောင်းဆုံးကြိုးစားနေသေးသည်။
မမျှော်လင့်ဘဲနဲ့ လင်ပေ့ဖန်လို ပလေးဘွိုင်းတစ် ယောက်က ဖြောင့်မတ်မှု နဲ့ သစ္စာရှိမှုကို တန်ဖိုးထားတဲ့ လူ တစ်ဦးဖြစ်နေခဲ့သည်။
ချူရိုရွယ်၏ လင်ပေ့ဖန်အပေါ် ထင်မြင်ချက်က လုံးဝပြောင်းလဲသွားခဲ့သည်။
ထို့ပြင် ဖြောင့်မတ်မှုနှင့် သစ္စာရှိမှုကို တန်ဖိုးထားတဲ့ယောက်ျားတစ်ယောက်သည် မိန်းကလေးများ၏အမြင်တွင် အမှန်တကယ်ဘဲ သဘောကျစရာကောင်းသည်။
တစ်ချို့လူများနှင့် နှိုင်းယှဉ်လိုက်လျှင် ရဲ့ရှင်းချန်လို ရက်စက်ယုတ်မာပြီး အသည်းနှလုံးမရှိတဲ့လူက စက်ဆုပ်ဖွယ်အကောင်းဆုံးလူဖြစ်သည်။
ချူရိုရွယ်သည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး
" မေ့လိုက်တော့ ၊ ဒီကိစ္စက ကျွန်မနဲ့ဘာမှမဆိုင်ဘူး။ ကာယကံရှင် ဖြစ်တဲ့ ရှင်က တိုက်တွန်းနေမှာတော့ ကျွန်မက လိုက်လျောပေးရမှာပေါ့။ဒါပေမဲ့ ကျွန်မ ရှင့်ကို အကြံတစ်ခုတော့ ပေးချင်သေးတယ်။သူက ရှင့်ရဲ့ယုံကြည်မှုနဲ့ မထိုက်တန်ဘူး။အကယ်၍ သူက ရှင့်ကို တစ်ကြိမ်သစ္စာဖောက်ဖူးရင် ၊နှစ်ကြိမ် ၊သုံးကြိမ် ဒါမှမဟုတ် အကြိမ်ပေါင်းများစွာ သူက ရှင့်ကို ပြန်ပြီးတော့ သစ္စာဖောက်နိုင်တယ်။ဒါ့အပြင် သူက ရှင့်ကို သူ့ညီတစ်ယောက်လို အမှန်တကယ် မမြင်ဘူး။ "ဟု ပြောလိုက်သည်။
" ဥက္ကဌချူ ၊မင်းရဲ့ နားလည်ပေးမှုအတွက် ငါမင်းကိုကျေးဇူးတင်ပါတယ်။ သူက ငါ့ကို သူ့ညီတစ်ယောက်လို့ ထင်ထင်မထင်ထင်၊ ငါကေတာ့ သူ့ကို ငါ့အစ်ကိုလို အမြဲတမ်းသဘောထားမယ်။"ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဥက္ကဌချူ ၊အဲ့ဒီကုန်းမြေရဲ့ ဈေးနှုန်းကို ပြန်ဆွေးနွေးဖို့အတွက် မင်းငါ့ကို ဖုန်းခေါ်ခဲ့တာလား? ။ ငါ အခု စိတ်အခြေအနေ သိပ်မကောင်းဘူး။ ဒါကြောင့် အဲ့ဒီကုန်းမြေရဲ့အကြောင်းကို နောက်ထပ်ရက်အနည်းငယ်လောက်မှ ငါတို့ပြန်ဆွေးနွေးနိုင်မလား?"ဟု လင်ပေ့ဖန်က မေးမြန်းခဲ့သည်။
" သေချာတာပေါ့ ၊ပြဿနာမရှိဘူး။ဒါနဲ့စကားမစပ် ကျွန်မရှင့်ကို မေးဖို့အတွက် မေ့သွားတဲ့အရာတစ်ခုရှိတယ်။ ရဲ့ရှင်းချန်က တကယ်ဘဲ ရင်းနှီးမြှုပ်နှံမှုမှာ ထူးချွန်တဲ့သူလား?။ ကျွန်မ သူ့ရဲ့စွမ်းရည်တွေကို ကြည့်ရှုခဲ့ဖူးတယ်။ ပြီးတော့ သူ့ရဲ့စွမ်းရည်တွေက ကျွန်မကြားဖူးတဲ့ ကောလဟာလတွေနဲ့ လုံးဝကို ကွဲပြားခြားနားနေပုံရတယ်။ "ဟု ချူရိုရွယ်သည် သူမ၏ သံသယများကို အတည်ပြုရန်အတွက် လင်ပေ့ဖန်ကို ပါးနပ်စွာဖြင့် စုံစမ်းမေးမြန်းခဲ့သည်။
လင်ပေ့ဖန်သည် သက်ပြင်းချလိုက်ပြီး " ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီလေ။ ဒါကြောင့် ဒီအကြောင်းတွေကို ကျေးဇူးပြုပြီး ကျွန်တော့ကို ထပ်မမေးပါနဲ့တော့။ " ဟု ပြောလိုက်သည်။
ထိုစာကြောင်းကို ချူရိုရွယ်က အတည်ပြုချက်အဖြစ်မှတ်ယူခဲ့သည်။
ဖုန်းချပြီးနောက်တွင် ချူရိုရွယ်သည် ရဲ့ရှင်းချန်၏ နာမည်ကို ကြက်ခြေခတ်ပုံစံဖြင့် စာရွက်တစ်ရွက်ပေါ်၌ ချရေးခဲ့သည်။
တစ်ခြားတစ်ဖက်မှာတော့ လင်ပေ့ဖန်သည် ဖုန်းပြောပြီးနောက်တွင် သူ့၏စိတ်ခံစားချက်က လုံးဝမထိခိုက်ခဲ့ပေ။
ရဲ့ရှင်းချန်က မနေနိုင်ဘဲနဲ့ ချူရိုရွယ်ကို သွားတွေ့လိမ့်မည်ဆိုတာကို သူကြိုပြီးသိနေခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ဒီပူးပေါင်းဆောင်ရွက်မှုသာ အောင်မြင်သွားပါက သူ့၏အချစ်လေးကို လင်ပေ့ဖန်က မသွားလိမ့်မည်ဖြစ်သည်။ ထို့ပြင် ထိုအရာက သူ့ရှုံးနိမ့်ရခြင်း၏ စမှတ်လည်း ဖြစ်တာကြောင့်ဖြစ်သည်။
ထို့ကြောင့် ရဲ့ရှင်းချန်သည် သူတို့နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးရန်အတွက် သူစွမ်းနိုင်သမျှ အရာအားလုံးကို အသုံးပြုလိမ့်မည်မှာ အသေအချာဘဲဖြစ်သည်။ လိုအပ်ပါက သူသည် ထိုကုန်းမြေ၏ တန်ဖိုး အမှန်ကိုတောင်မှ ဖော်ထုတ်လိမ့်မည်ဖြစ်သည်။
ရဲ့ရှင်းချန်၏ ဖော်ထုတ်မှုကြောင့် သူ့ပိုက်ဆံအနည်းငယ်ကို ဆုံးရှုံးနိုင်စေသော်လည်း ၎င်းက သူ့လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာဘဲ ရှိနေခဲ့သည်။
သူသည် ဘယ်ဘက်အိတ်ကပ်မှ ပိုက်ဆံကို ညာဘက်အိတ်ကပ်သို့ ပြောင်းလိုက်သကဲ့သို့ သူ့၏ဇနီးကို အခွင့်အရေးယူရုံမျှသာဖြစ်သည်။(ပြောချင်တာက ချူရိုရွယ်ရဲ့ ပိုက်ဆံကလည်း သူ့ပိုက်ဆံဆိုတဲ့သဘော)
ထို့ပြင် သူဘယ်လိုပဲ ဆောင်ရွက်ပါစေ ၊၎င်းငွေများအားလုံးက သူ့၏ကိုယ်ပိုင်ငွေများ ဖြစ်နေသေးသည်။
ဒါပေမဲ့လည်း ရဲ့ရှင်းချန်ကတော့ ကြီးကြီးမားမားဆုံးရှုံးမှုကို ခံစားရလိမ့်မည်ဖြစ်သည် ။
" ရိုရွယ်က အရမ်းမာနကြီးတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်။ပြီးတော့ သူမအမုန်းဆုံးအရာကတော့ သစ္စာဖေါက်တာပဲ။ဒါ့အပြင် သူမမျက်လုံးထဲမှာ ဖုန်မှုန့်လေးတစ်ခုရှိတာတောင် သူမ သည်းမခံနိုင်ဘူး။ အကယ်၍ မင်းက တစ်ခြားလူကို သစ္စာဖောက်ပြီးတော့ သူမစီကိုသတင်းလာပေးရင်တောင် သူမက မင်းကို စက်ဆုပ်ရွံ့ရှာသွားလိမ့်မယ်။ "ဟု လင်ပေ့ဖန်က ရယ်မောပြီး ပြောလိုက်သည်။ ( သူ့ကိုယ်ကို သူပြောတာ)
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရုတ်တရက် ရဲ့ရှင်းချန်ကို သတိရသွားပြီး သူဘယ်လိုနေနေလဲဆိုတာကို မြင်ချင်သွားခဲ့သည်။
သူသည် သူ့၏ ရုံးခန်းထဲကနေ အပြင်သို့ စိမ်ပြေနပြေ လမ်းလျှောက်ထွက်လာခဲ့ပြီး ထိုအချိန်တွင် ရောင်းဝယ်ရေးအခန်း၏အပြင်ဘက်၌ လူများက လေသံတိုးတိုးဖြင့် စကားပြောနေတာကို သူ တွေ့လိုက်ရသည်။
" မင်းတို့အားလုံး ဘာတွေဖြစ်နေကြတာလဲ? " ဟု
လင်ပေ့ဖန်က လမ်းလျှောက်လာပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
ထိုလူတွေထဲက တစ်ယောက်က လင်ပေ့ဖန်ကို ပြန် ပြောခဲ့သည်။
" မစ်စတာလင် ၊ မစ်စတာရဲ့က ဘာဖြစ်နေတာလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း အတိအကျမသိဘူး။ ဒါပေမဲ့ သူပြန်လာတဲ့အချိန်မှာ ရွှေ ၊ရေနံစိမ်းနှင့်တစ်ခြားလုပ်ငန်းတွေကို ရူးသွပ်စွာနဲ့ အရောင်းအဝယ်လုပ်ပြီးတော့ ယွမ်သန်း၄၀၀ကျော်ကို သူရှာနိုင်ခဲ့တယ်။ "
ထိုစကားကို ကြားလိုက်ရသောအခါတွင် လင်ပေ့ဖန်သည် ဝမ်းသာသွားခဲ့ပြီး " သူ ယွမ်သန်း၄၀၀ကျော်ကို ရှာနိုင်ခဲ့တယ်ပေါ့။ အစ်ကိုရဲ့က ဒီနေ့တော်တော် ဇွဲကောင်းနေတာဘဲဟ။ အပန်းဖြေပြီးတော့ ပြန်လာတာက သူ့စိတ်ကို တကယ်ဘဲ ပြောင်းလဲစေတယ်ထင်တယ်။ ဒါက ကောင်းတဲ့အရာဘဲ မဟုတ်ဘူးလား? ။ဘာကြောင့် လူတိုင်းကို ကြည့်ရတာ အရမ်းစိုးရိမ်နေရတာလဲ?" ဟု ပြောလိုက်သည်။
" ကျွန်တော်တို့လည်း သူပိုက်ဆံ အများကြီးရှာနိုင်တာကို ပျော်တာပေါ့။ ဒါပေမဲ့ မစ်စတာရဲ့ရဲ့ ပုံစံက အရမ်းကို မပျော်ရွှင်တဲ့ပုံပေါက်နေတယ်။နောက်တော့ သူ့ရဲ့ စိတ်အခြေအနေက ပိုဆိုးလာခဲ့တယ်။နောက်ဆုံးမှာသူ ကျွန်တော်တို့အကုန်လုံးကို ရောင်းဝယ်ရေးအခန်းထဲကနေ နှင်ထုတ်ပြီးတော့ အခန်းထဲမှာ သူတစ်ယောက်ထဲနေနေတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးက သူ့အေကြာင်းကို စိုးရိမ်နေကြတာ။"
" ငါသိပြီ ။အခန်းထဲကို သွားပြီးတော့ သူအဆင်ပြေလားဆိုတာကို ငါ သွားစစ်ကြည့်လိုက်ဦးမယ် " ဟု
လင်ပေ့ဖန်က သက်ပြင်းချ၍ ပြောလိုက်သည်။
ထို့နောက် သူသည် ရောင်းဝယ်ရေးအခန်းထဲသို့ လမ်းလျှောက်ပြီး ဝင်သွားခဲ့သည်။